နှစ်ပေါင်းများစွာ မင်းနဲ့ငါ - ခေတ်လှိုင်း

ခေတ်လှိုင်း

အနုပညာလက်ရာတစ်ခုကို ခံစားတဲ့အခါ ကျနော်တို့ကို ဆိုက်ဆိုက်မြိုက်မြိုက် ဖိတ်ခေါ်ထားတဲ့ အိပ်မက်တစ်ခုထဲကို ဝင်ရောက် စူးစမ်းကြည့်ရသလို အတွေ့အကြုံနဲ့ ခိုင်းနှိုင်းကြည့်နိုင်ပါတယ်။ ဒါပေမယ့် အိပ်မက်ဟာ အိပ်မက်ရှင်ကို ဆွံ့အစေတယ်။ မျက်ကွယ်စေတယ်။ အကြောဆိုင်းစေတယ်။ ကင်းကွာစေတယ်။ အကန့်အသတ်တစ်ခုထဲမှာ ဆောက်တည်ရာမဲ့ လွင့်မျောစေတယ်။ အချိန် သတ်သတ်မှတ်မှတ် မရှိဘူး။ နေရာ တိတိကျကျ မရှိဘူး။ ဘယ်တော့မှလည်း မသေဆုံးဘူး။ ဒါတွေဟာ အိပ်မက်ရဲ့ ဂုဏ်သတ္တိတွေ ဖြစ်ပါတယ်။ အရှိတရားက အိပ်မက်ဆန်တဲ့အခါ နှစ်ပေါင်းများစွာဟာလည်း မိနစ်ပိုင်းပါပဲ။ မိနစ်ပိုင်းဟာလည်း နှစ်ပေါင်းများစွာပါပဲ။ 



တစ်ရက်၊ တစ်ရက် ကိုယ့်ကိုယ်ကိုယ် မေ့မသွားဖို့ ကြိုးစားရတယ်လို့ သူက ပြောလာတယ်။ ကျနော်က လက်ထဲက ဝါး‌အဆွေးကို လက်ဖဝါးစောင်းနဲ့ ဖျောင်းခနဲ ခုတ်ချလိုက်တယ်။ ပြီးတော့ လက်သီးကို ကျစ်နေအောင်ဆုပ်ပြီး လက်မောင်း ကြွက်သားတွေကို ဖျစ်ညှစ် ကြည့်လိုက်တယ်။ ဒီကနေ နည်းနည်းလွန်သွားတဲ့ အခါ ဘာဖြစ်လာမလဲ၊ ငါ အဲဒီကို သွားမယ်၊ ပြီးရင် ပြန်မလာတော့ဘူး။ အဲ့လို သူက ပြောနေပေမယ့် ကျနော် မယုံဘူး။ သူက အမြဲလိုလို အခုလိုမျိုး အဝေးတစ်နေရာကို သွားနေကျ။ လွန်ခဲ့တဲ့နှစ်တွေမှာလည်း သူက ခပ်ဝေးဝေး  တိုင်းပြည်တွေရဲ့ အမှောင်မိုက်ဆုံး အပိုင်းတွေဆီ မထင်မှတ်ဘဲ ရောက်ရှိခဲ့တယ်။ ပင်လယ်ရဲ့ အနက်ဆုံး ချောက်ကြီးပေါ် အမှတ်တမဲ့ ရွက်လွင့်ခဲ့တယ်။ မိန်းမတစ်ယောက်နဲ့ ချစ်ခဲ့တယ်။ ဒါပေမယ့် သူ အိမ်ပြန်ရောက်လာတာ အမြဲပဲ မဟုတ်ဘူးလား။ ဒီတော့ ဒီတစ်ခေါက်လည်း ဒီလိုပဲ နေမယ်လို့ ကျနော်က တွေးတယ်။ ခရီးသွားခါနီး သူ့ကို ဂရုတစိုက်ရှိဖို့တောင် မမှာမိဘူး။ အနောက်ဘက် လေအေးတွေ စတိုက်လာတော့ သူက သွားတော့မယ်လို့ ပြောတယ်။ ပြီးတော့၊ ကမ်းခြေ၊ အဲဒီကနေ အဲဒီ သူပြောတဲ့ တစ်နေရာကို သွားပါရော။ သူထွက်သွားတော့မှ နားလည်လာတာက အရာရာဟာ ငြိမ်သက် တိတ်ဆိတ်စွာ ကျန်ရစ်တယ် ဆိုတဲ့ အဖြစ်ကိုပါပဲ။ ကျနော်ဟာ သူ့ကျောပြင်တစ်ခုလုံး သေးသေးလာရာကနေ နောက်ဆုံး ပျောက်ဆုံးသွားတဲ့အထိ ရပ်ကြည့်ခဲ့တယ်။

တစ်ရက်မှာ ဒီလိုဖြစ်လာမယ်ဆိုတာ မသိခဲ့တဲ့ တစ်ခုသောကာလမှာ သူနဲ့ကျနော် ရွှေရောင်စပါးခင်းတွေကို ဖြတ်သန်းပြီး တောင်တန်းတွေ ဘက်ရောက်ခဲ့တယ်။ အဲဒီဒေသမှာက ငှက်တွေဟာ ရွှေရောင်၊ အနီ၊ အစိမ်းရောင် ရောယှက် ဖောက်ထားတဲ့ အဆင်းရှိတယ်။ သစ်ပင်တော်တော်များများကတော့ အရွက်တွေကနေ အပင်ရိုးတံအထိကို ဝါကျင်နေတဲ့ ဒေသ။ တောင်တန်းဒေသရဲ့ ခပ်နက်နက်ပိုင်းမှာ ကျနော်က အေးအေးလူလူ အိပ်စက်ချင်တယ်။ သူက တောရဲ့ နက်သထက်နက်တဲ့ အပိုင်းကို ဝင်သွားပြီး ထူးခြားတဲ့ သားရဲတွေနဲ့ အပြန်အလှန် သတ်ပုတ် အမဲလိုက်ချင်တယ်။ ကျနော်က သစ်ရွက်တွေကို တစ်ရွက်ချင်း စုဆောင်းတယ်။ သူက ဓားကို တစ်ချက်ချင်း သွေးတယ်။ ငှက်တွေကို မြင်တဲ့အခါ ကျနော်က အရာရာကို မေ့သွားပြီး သူကတော့ လက်ထဲက လေးနဲ့မြားကို ကောင်းကောင်း အသုံးချပါတယ်။ ဒါပေမဲ့၊ ကျနော့် တားမြစ်ချက်နဲ့ သူဟာ အဲဒီခရီးတစ်လျှောက်လုံး ငှက်တစ်ကောင်ကိုမှ မပစ်ခဲ့ဘူး။ နောက်တော့ တောကြီးရဲ့ ဗဟိုချက်မကို လွန်လာပြီး တောင်တန်းတွေဆီကို ရောက်လာတယ်။ တောင်တန်းတွေက မိုးအထိကို မြင့်မားနေတော့ ကျနော်တို့ ဘယ်လို တက်ရမယ် မကြံတတ်တော့ဘဲ တောင်တန်းအောက်ခြေမှာတင် လနဲ့ချီ ကြံ့ကြာနေတယ်။ တစ်ရက်တော့၊ ငှက်တွေနဲ့အတူ တောင်တန်းတွေပေါ်တက်ဖို့ အကြံရသွားတယ်။ ဒါပေမဲ့၊ လေ့ကျင့်သား ပြည့်ဝတဲ့ ငှက်ကြီးနှစ်ကောင် ငှားဖို့ ဒေသခံတွေဆီကို သွားရမယ်။ ဒီခရီးကလည်း မနီးလှဘူး။ နောက်တော့၊ ကျနော်တို့ တောင်တန်းတွေပေါ် ရောက်ခဲ့တယ်။ အဲဒီမှာက ထူးခြား ငြိမ်သက်နေတဲ့ သစ်ပင်တွေနဲ့၊ အောက်ခြေ တစ်ခုလုံး ‌ရေမှော်တွေရစ်ပတ်နေတဲ့ သစ်ပင်တွေနဲ့။ သူက ပြောတယ်။ ကမ္ဘာကို စတင်ဖန်ဆင်းတော့ ဒီတောင်တန်းတွေဟာ ပင်လယ်အောက်မှာ။ အဲဒီလိုပြောတယ်။ သူက ဆက်ပြောတယ်။ ဘုရားသခင် ဆိုတာတော့ အဓိပ္ပါယ် မရှိပေမဲ့ ဒီရေမှော်တွေက အဓိပ္ပါယ်ရှိတယ်။ နောက်တော့ ကျနော်တို့ တောင်တန်းတွေပေါ်မှာ နှစ်နဲ့ချီ နေထိုင်ခဲ့တယ်။ ဒီခရီးကနေ ပြန်ရောက်လာပြီးနောက်တော့ သူ့ကိုယ်ထဲမှာရှိတဲ့ ဓာတ်အစုအပေါင်းဟာ နေမြဲ ဒေသနဲ့ မလုံလောက်နိုင်တော့အောင် ဖြစ်လာတယ်။ သူက တစ်ရက်ထက် တစ်ရက် ပင်လယ်ရေအောက် မိုင်သောင်းချီ ရောက်ရှိတဲ့အထိ သွားချင်တယ်။ အမြင့်ပေ ထောင်သောင်းချီတဲ့ တောင်တန်းတွေရဲ့  ထိပ်အငူမှာ ရပ်ချင်တယ်။ တောရဲ့ အနက်ဆုံးအပိုင်းမှာ နေချင်တယ်။ ဒါပေမဲ့၊ ကျနော်က ကိုယ့်ဝပ်ကျင်းလေးထဲ အေးအေးနေရတာကို ပိုသဘောကျတယ်။ လောကမှာ အရာရာပြီးသွားရင်တောင် ဒီနေရာလေးတော့ မပြီးသေးဘဲ ကွင်းကျန်ရစ်မယ်လို့ ထင်တယ်၊ ယုံတယ်။ သူကတော့ တစ်ရက် တစ်ရက် ခရီးအတွက် ပြင်ဆင်တယ်။ နောက်ဆုံးမတော့ သူရဲ့ပထမဆုံး ခရီးကို ကျနော် မပါဘဲ ထွက်ခွာပါတယ်။

ကျနော်ဟာ နှစ်ပေါင်းတစ်ရာတိတိကို တိတ်ဆိတ်စွာဖြတ်သန်းရပါတယ်။ လက်မောင်းကြွက် သားတွေ လေ့ကျင့်‌တာကို ရပ်လိုက်ပြီ။ မျက်လုံးတွေကို တင်းတင်းမှိတ်ထားလိုက်ပြီ။ သိပ်ကို အေးစက် ကြမ်းရမ်းတဲ့ မြောက်လေတွေ တိုက်လာတဲ့အခါ ကိုယ်ကို ကွေးပြီး အိပ်တတ်ခဲ့ပြီ။ နောက်တော့၊ မီးဖိုတစ်ခု ဘေးမှာ ထိုင်လျက်က မိုင်ပေါင်းသောင်းချီကို မြင်အောင် ကြည့်တတ်ခဲ့ ။ ပထမနှစ်ပိုင်းများမှာ ကျနော်ဟာ သူ့ကို မျှော်လင့်တကြီး မျှော်ခဲ့ပြီး နောက်ပိုင်းနှစ်တွေ ရောက်လာတော့ မျှော်လင့်ချက် အစိုင်အခဲဟာ တဖြည်းဖြည်း ကြေမွ ပျောက်ပျက်ပစ်သွားတော့တယ်။ သူဟာ အခုအချိန် ပင်လယ်ရဲ့ အနက်ဆုံး အပိုင်းမှာ၊ တောင်တန်းတစ်ခုရဲ့ အငူမှာ၊ တောတစ်ခုရဲ့ ဗဟိုမှာ အဲလို တွေးတတ်ခဲ့၊ နောက်တော့ သူ့အကြောင်းများ မတွေးဘဲလည်း နေတတ်ခဲ့။ ဒီလိုနဲ့ မိုးတွေ တစ်နှစ်တာပတ်လုံး မစဲစတမ်း ရွာနေတဲ့ ကာလကြီးမှာ သူ အိမ်ပြန်ရောက်လာတယ်။ ပြီး၊ ကျနော့်ကို အကြာကြီးပဲ ကြည့် တယ်။ နောက်တော့ ရင်ထဲ စတင် နွေးထွေးလာပြီး နှစ်တစ်ရာတိတိ အေးခဲနေတဲ့ အိမ်ဟာ ပြန်လည် နွေးထွေးလာပါတယ်။ သူကပြောတယ်။ ပင်လယ်ရဲ့ အနက်ဆုံး ချောက်ကြီးပေါ်ကို ရောက်မှန်းမသိရောက်သွားတာ၊ နောက်တော့ ညဘက်မှာ တလက်လက် မီးစုန်းတွေရဲ့ လမ်းပြမှုနဲ့ မိုးကုပ်စက်ဝိုင်းကို ကျော်တဲ့အထိ သွားခဲ့တာ။ အဲဒီလို ပြောပြတယ်။ ကျနော့်မှာတော့ အေးစက်စက် နှစ်‌ပေါင်းတစ်ရာကို တစ်ကိုယ်တည်း နေထိုင် ဖြတ်သန်းထားရတော့ ပြောစရာ ထွေထူးမရှိဘဲ သူ့ကို တိတ်တိတ်လေး ငေးနေရတယ်။ ဒီလိုနဲ့ နောင်ပိုင်း၊ နှစ်ပိုင်းတွေမှာလည်း ခရီးတွေ မကြာမကြာ ထွက်ပြီး ပြန်ရောက်လာတယ်။ ပြီး၊ ပုံပြင်အသစ်တွေကို ကျနော့်ကို ပြောပြပါတယ်။

တစ်ရက်မှာ သူက ပြောလာတယ်။ မသိနားမလည်မှုရဲ့ အနက်ဆုံးအခြမ်းကို သွားမယ်။ အဲဒီကနေ ပြန်မလာနိုင်လောက်တော့ဘူး။ မင်းကိုတစ်ပါတည်းသော်လည်း လိုက်ခဲ့စေချင်တယ်။ ကျနော်က ကမ်းခြေ သဲဖြူဖြူထဲ ကျွံဝင်သွားတဲ့အထိ ခြေထောက်ကို ထိုးနစ်ပစ်လိုက်တယ်။ ပြီးတော့၊ ဝေးဝေးကပျံလာတဲ့ တစ်ကောင်တည်းသော ရွှေရောင် ငှက်ကို ကြည့်တယ်။ နောက်တော့၊ သူ တကယ်သွားတော့မယ့်ရက် ရောက်လာတယ်။ ဒါကလည်း နှစ်ပေါင်းများစွာ ပြင်ဆင်အပြီးမှ နောက်ဆုံးရောက်လာခြင်းပါပဲ။ ကျနော်က သူ့ကို မကြည့်ဘူး။ ကျနော်က သူ့ကို မယုံဘူး။ သူ စကားပြောနေတုန်းမှာ ဝါးအဆွေးကို လက်ဖဝါးစောင်းနဲ့ ရိုက်ချိုးနေလိုက်တယ်။ အပင်ကြီးတွေကို ကြည့်နေလိုက်တယ်။ သူက ကမ္ဘာ့ဗဟိုအထိ ရောက်ပြီးတာတောင် မရောက်ရောက်အောင် ပြန်လာမြဲဆိုတော့ ဒီတစ်ခေါက်လည်း ပြန်လာမယ် ထင်နေတယ်။ နောက်တော့ သူ့ရဲ့ ကျောပြင်ဟာ နေရောင်အောက်မှာ လူးလွန့် သေးကွေးလာတယ်။ သဲသောင်ပေါ်က နေရောင်ဟာ ပိုမိုပူလောင် ထိုးနှက်လာတယ်။ နောက်ဆုံး၊ သူဟာ အစက်အပျောက်လေးကနေ ဝေဝါး ပျောက်ဆုံးသွားတယ်။ ကျနော်ဟာ ‌တစ်‌ယောက်တည်း။ ကောင်းကင်ပေါ်က ငှက်များဟာ အနီ၊ ရွှေရောင်၊ အစိမ်း ။ လောကမှာ နောင်နှစ်ပေါင်း များစွာ ၊ ကျနော်ဟာ အဲဒီ နေရာမှာ ရပ်မြဲရပ်နေတယ်။ ။

ဇွန် ၉၊ ၂၀၂၀။
***