သတင်းစာ သမိုင်းတစ်လျှောက် အရှည်လျားဆုံး လူပျောက်ကြော်ငြာဖြတ်ပိုင်း - Zack
စစ်ဟာ အနာဂတ်ရဲ့ ဇီ၀ဓာတ်တွေကို ပြုန်းတီးစေသလို အတိတ်ကိုလည်း မှုန်ဝါး ရောထွေးစေပါတယ်။ မှတ်
ညဏ်ပြခန်းရဲ့ ဖွဲ့စည်းပုံနဲ့ ခွဲကန့်ပိုင်းခြားထားတဲ့ နံရံတွေဟာ တစ်ကွက်မှာ ကားချပ်တွေ ပြွတ်သိပ် ကြပ်ညပ်နေလျက်နဲ့ နောက်တစ်ကွက်ရောက်တဲ့အခါ ကားချပ်တွေ ဟင်းလင်းကင်းမဲ့ နေတတ်တယ်။ အဲဒီအခါ နွမ်းလျ ဆွေးမြေ့နေတဲ့ စိတ်ကူးအာရုံက ဆွဲမိဆွဲရာ ရေးခြစ် ထားတဲ့ ကောက်ကြောင်းတွေ၊ သဏ္ဍန်တွေနဲ့သာ ပစ္စပ္ပုန်ကို ဖြေသိမ့်ပေးရတယ်။ ဒီလို အထီးကျန်မှု ဒဏ်ရာ ဟောင်းလောင်းပေါက်နဲ့ နှလုံးသားတွေ အိုမင်းလာတဲ့အချိန်မှာ သူတို့ပြောတဲ့ ပုံပြင်တွေဟာ လူမမယ်ကလေး သင်္ချိုင်း ရင်ပြင်လို နောက်ခံဆက်တင်တွေနဲ့ ယက်ဖွဲ့ထားတာမျိုး ဖြစ်ကောင်း ဖြစ်နေတတ်ပါလိမ့်မယ်။
ဖိနပ် လာပြင်နေကျ ရထား လက်မှတ်စစ် ညီလေးတစ်ယောက်ရဲ့ အကူအညီနဲ့ ဒီကြော်ငြာကို ထည့်ဖြစ်ပါတယ်။ ကျနော့် အသက်၇၀ ပြည့်တော့မယ်။ ဒီလောက်အထိ စိတ်ဓာတ်ကျစရာကောင်းတဲ့ ရောမမြို့ကို မတွေ့ဖူးသေးဘူး။ ကျနော်က စာရေးတတ်၊ ဖတ်တတ်ခြင်း မရှိတော့ ရောမအင်ပါယာ ကျဆုံးတဲ့ အကြောင်းတွေကို ဂဃနဏ မသိလှပါဘူး။ ဒါပေမယ့် လူကြီးတွေ ပုံပြင်သဖွယ် ပြောပြခဲ့တဲ့ "ရောမမြို့ထဲ ဘယ်နေရာရာ ကြည့်ကြည့် မီးဟုန်းဟုန်း လောင်နေတာပဲဟေ့" ဆိုတဲ့ စကားကိုတော့ ကလေးဘဝတည်းက ခဏခဏ ကြားလာခဲ့ရတယ်။ အဲဒီခေတ်တုန်းက ရောမနဲ့ စစ်ပြီးခေတ် ရောမတို့ ပြိုလဲပုံ အတိုင်းအဆခြင်း တူရဲ့လား ကျနော် မသိဘူး။ ဒါပေမယ့် အခု ရောမမှာ မီးဟုန်းဟုန်းလောင်နေတဲ့ အဆောက်အအုံပျက်တွေအစား အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် သုံးခုစလုံးရဲ့ ဘယ်တစ်ခုမှာမှ နေထိုင်ခဲ့ခြင်း၊ နေထိုင်နေခြင်း၊ နေထိုင်လိုခြင်း မရှိတဲ့ လူသေကောင် မျက်နှာနဲ့ ခန္ဓာကိုယ်အခွံတွေကိုပဲ နေရာအနှံ့ ပြာပန်းခတ် သွားလာနေတာကို မြင်နေရတယ်။ ကျနော်လည်း အဲ့ဒီအထဲက လူတစ်ယောက်ပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မူဆိုလီနီ ရှိတုန်းကတောင် ဘဝရှိသလိုလို ဘာလိုလို ခံစားလိုက်ရသေးတယ်။ အဲ့လိုပြောလို့ ကျနော့်ကို ဖက်ဆစ် လို့တော့ မစွပ်စွဲလိုက်ပါနဲ့။ စကားမပြောတတ်တဲ့ ကျနော့် သမီးလေးနဲ့ မိသားစုပိုင် မွေးမြူရေးခြံလုပ်ငန်းကို အဖနိုင်ငံတော်အတွက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆုံးရှုံးလိုက်ရပြီးပါပြီ။ စိုက်ခင်းတွေကို ရေပေးဖို့ တူးထားတဲ့ ရေတွင်းကို မှီပြီး ပုံပုံလေး ခွေနေရှာတဲ့ သမီးရဲ့ အဝတ်မဲ့ ခန္ဓာကိုယ် မြင်ကွင်းဟာ ကျနော့်ကို ရက်သတ္တပတ်ပေါင်းများစွာ အိပ်ရာထဲ လဲနေဖို့ လုံလောက်စေခဲ့တယ်။ ဘုရားသခင် အရက်မူးပြီး ပီယာနို တီးနေသလိုမျိုး သမီးမရှိတော့တဲ့ နောက်ပိုင်းမှာ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခု ဖြစ်တယ်။ သံစဥ်တွေ တစ်ခုပြီးတစ်ခု ပြောင်းတယ်။ မဟာမိတ်တပ်တွေ ဝင်လာတယ်။ ဒေသတွင်း လက်နက်ကိုင် တော်လှန်ရေး အားကောင်းလာတယ်။ ဝင်ရိုးတန်း နိုင်ငံတွေ ချည့်နဲ့လာတယ်။ ရုပ်ပျက်နေတဲ့ မူဆိုလီနီအလောင်းကို ခေါင်မိုးအပျက်တစ်ခုရဲ့ သံတန်းတွေကနေ ဇောက်ထိုး ဆွဲချထားတဲ့ နေ့ရက်အထိရောက်တယ်။ စစ်ကြီးပြီးသွားတယ်။ Bella Ciao သီချင်းသံကို ကျေးလက်ဒေသတွေမှာ ကွက်ကြားကွက်ကြား ကြားလာရတယ်။ မူဆိုလီနီ သေဆုံးကြောင်း သတင်းကို ကြားတဲ့ နေ့တုန်းက အရက်မူးအောင် သောက်ပြီး ရေတွင်းဘေးမှာ ကျနော် တစ်ညလုံး သွားငိုခဲ့သေးတယ်။ နောက်နေ့ မနက်မှာပဲ ရှိစုမဲ့စု လက်ရင်း လုပ်ငန်းလေးတွေကို ရောင်းချပြီး ရောမမှာ အခြေချဖို့ ဆုံးဖြတ်လိုက်တယ်။ သမီးလေး သွေးမြေကျခဲ့တဲ့ နေရာဒေသမှာ ဆက်နေဖို့ ကျနော့်မှာ အင်အားမရှိပါဘူး။
ဒီလိုနဲ့ ကလော်ဒီယာက ကျနော့်ဘဝထဲကို ဘုရားကျောင်းထဲမှာ ထွန်းထားတဲ့ ဝပ်အားမြင့် မီးလုံးတွေလို လင်းထိန်ပြီး ဝင်ရောက်လာတယ်။ နောက်ပိုင်းမက်တဲ့ အိပ်မက်တွေထဲမှာ သမီးလေးအစား ကလော်ဒီယာ့ကို ပိုမက်လာတယ်။ မကြာခဏလည်း ကျနော့်တိုက်ခန်း အစုတ်ကလေးဆီ သူ့ကို ကော်ဖီသောက် ဖိတ်ဖြစ်တယ်။ ကျနော် စာမဖတ်တတ်မှန်း သိလို့ စာအုပ်တွေ ယူယူလာပြီး သူ ကျနော့်ကို ဖတ်ပြတယ်။ နောက်ပြီး စာဖတ်ပြနေတဲ့ အချိန် ကျနော့်ဘက်ကို လှမ်းလှမ်းကြည့်တတ်တဲ့ ကလော်ဒီယာရဲ့ မျက်လုံးအကြည့်တွေ။ ကျနော့်အမတွေက သမီးလေးကို အန်ဒါဆင်ပုံပြင်တွေဖတ်ပြတိုင်း သမီးလေး ကျနော့်ဘက်ကို တစ်ချက်တစ်ချက် လှမ်းကြည့်ခဲ့တဲ့ အ ကြည့်မျိုးနဲ့ ကလော်ဒီယာ ကျနော့်ကို ကြည့်တတ်တယ်။ ဒီလို အကြည့်တွေကို ကျနော် ခံနိုင်ရည်မရှိဘူး။ စစ်တပ်တစ်တပ်လုံး ရွာထဲဝင်လာတဲ့အချိန် ရွာမှာ ကိုယ်တစ်ယောက်တည်းပဲ ရှိတော့တယ်ဆိုတာသိလိုက်ရတဲ့ အထီးကျန်မှုမျိုးကို သူတို့မျက်လုံးတွေကြောင့် ကျနော်ခံစားခဲ့ရတယ်။ အဲဒီ စနေမှာပဲ ကျနော်တို့ ရောမတစ်ခွင် လျှောက်လည်ကြရင်း ရုပ်ရှင်ရိုက်ကွင်းတစ်ခုဆီကီု ရောက်ခဲ့တယ်။ အမေရိကန်က လာရိုက်ကြတာတဲ့။ မင်းသမီးက ချောလိုက်တာလေ။ ကလော်ဒီယာက မင်းသမီးရဲ့ ဖိနပ်ကို သိပ်သဘောကျတယ်။ သူ့အတွက် တစ်ရံ လုပ်ပေးမယ်လို့ ကျနော် ကတိပေးလိုက်တယ်။ သူ့ ကျနော်ကို မင်းသမီးနာမည် ပြောခဲ့သေးတယ်။ ကျနော့်ရဲ့ ပင်ကိုယ်မှတ်ဉာဏ်က မကောင်းလို့ မမှတ်မိတော့ပါဘူး။ အဲ့ဒီ စနေက ကျနော့်အတွက် အပျော်ဆုံး နေ့တွေထဲက တစ်နေ့ပဲ။ သူ့ဖိနပ် အတိုင်းလေးကို ကျနော်ယူထားလိုက်တယ်။ ကျနော့်အိမ်ကနေ သူပြန်ခါနီး " ဓာတ်ရထားကြီး နောက်ဘဝကို ယုံလား" လို့ ထူးထူးဆန်းဆန်း မေးခွန်းမျိုး မေးခဲ့သေးတယ်။
အဲဒီ့စနေက သူနဲ့ကျနော်နဲ့ နောက်ဆုံး တွေ့ခဲ့တဲ့နေ့ပဲ။ ကျနော့် ဘဝထဲမှာ သူမရှိတော့တာ တစ်နှစ်ကျော်သွားပြီ ။ အိမ်က ထွက်ပြေးလာပြီး ရောမက လူအိုရုံတစ်ခုမှာ သူနာပြု လုပ်တယ်ဆိုတဲ့ အကြောင်းကလွဲလို့ သူ့နေရပ်နဲ့ ပတ်သတ်လို့ ဘာမှမသိခဲ့ရဘူး။ ကျနော် ညံ့တာပါလေ။ တကယ်ဆို တစ်ခုခု မေးထားခဲ့ဖို့ ကောင်းတာပေါ့။ ကလော်ဒီယာရေ..ကလေးလေးရေ..ဓာတ်ရထားကြီး ကလေးလေးကို မျှော်နေတယ်ကွယ်။ ကလေးအတွက် ဖိနပ်လည်း ချုပ်ပြီးပြီ။ ဖိနပ်အရောင်ကို အဖြူရောင်အစား ကြက်သွေးရောင်လေး ပြောင်းထားတယ်။ ဘိုးဘိုးတို့ ရိုက်ကွင်းကို သွားကြည့်ခဲ့ကြတဲ့ ကလေးကြိုက်တဲ့ မင်းသမီးရဲ့ကားလည်း ရောမမှာ ရုံတင်တာ ဝက်ဝက်ကွဲ အောင်မြင်တာပဲ။ ရုပ်ရှင်နာမည်က Roman Holiday တဲ့လေ။ ရုပ်ရှင်ဘယ်လောက်ကောင်းကောင်း ဘိုးဘိုးက ရုပ်ရှင်မကြည့်တတ်လို့ မကြည့်ဖြစ်ခဲ့ပါဘူး။ ကလေးနဲ့ ဆိုရင်တော့ ကြည့်ရင် ကြည့်ဖြစ်မှာပေါ့လေ။ ကလေးကို တွေ့ရင် အကြောင်းကြားဖို့ ဆိုင်က ဖောက်သည်တွေကိုလည်း ပြောထားတယ်။ အထက်တန်း ကျောင်းသားဆိုးတစ်ယောက်က "အဘပြောတဲ့ ပုံစံနဲ့ဆင်တဲ့ စော်လေးတစ်ပွေကို ကျနော်တို့တောင် ခေါ်ဝိုက်လိုက်သေးတယ်၊ စျေးကြီးသလောက် အပေးကလည်း ဘာကောင်းသလဲ မမေးနဲ့၊ ခေါ်ချင်ပြော၊ ကျနော်ချိတ်ပေးမယ်" ပြောလို့ သေခါနီး အရွယ်ရောက်မှ ထိုးရကြိတ်ရမလို ဖြစ်သေးတယ်။ စစ်ပြီးခေတ်မှာ လူလားမြောက်လာတဲ့ ချာတိတ်တွေက သိပ်မိုက်ရိုင်းတာပဲ။ ကောင်လေးကိုလည်း နောက်မလာဖို့ အော်ဟစ်မောင်းထုတ်လိုက်တယ်။ ဒီကြော်ငြာကို ဖတ်မိရင် ကလေး အဆင်ပြေကြောင်း ဓာတ်ရထားကြီးဆီကို စာရေးပေးပါ။ ဖုန်းဆက်ပါ။ လူချင်းတွေ့ချင်တယ်ဆိုရင် ကွင်ရင်နယ် ပန်းခြံက ရေပန်းဘေးမှာပဲ ညနေတိုင်း ရှိနေပါတယ်။ သတင်းစာဖတ်သူအပေါင်းလည်း မျက်နှာသွယ်သွယ်၊ မျက်ခုံးကောင်းကောင်း၊ လည်ပင်းမှာ မှည့်ပါတဲ့ အသက် ၂၃နှစ်အရွယ် အမျိုးသမီးငယ်တစ်ယောက် ရောမမြို့ရဲ့ လမ်းတွေအပေါ်မှာ ဖြူဖက်ဖြူရော် မျက်နှာနဲ့ အိပ်မက်မက်နေသလို လျှောက်သွားနေတာတွေ့ရင် ဘယ်နေရာမှာ တွေ့ခဲ့ကြောင်း ကျနော့်ကို ဆက်သွယ်ပေးစေချင်ပါတယ်။ မှတ်မိလွယ်တဲ့ ရုပ်မျိုးပါပဲ။ ကျနော့်ကို ဆက်သွယ်လို့ရမယ့် အနီးဆုံး ဖုန်းနံပါတ်ကို ထည့်ပေးထားပါတယ်။
အန်တိုနီယို လော်ရန်ဇိုဖိနပ်ချုပ်/ပြင်သည်။
***