ဇူးမြတ်ထွန်း(z-dayi) ရဲ့ကဗျာ သုံးပုဒ်
အမေ့ မေတ္တာကပ်(ပ်)ဆူးတောင့်ထဲ ငါ့မျက်ရည်အမှုန့်များ ထိုးသိပ်မြိုချရင်း အူဝဲအူဝဲ
မြက်ပင်ရှည် တချို့ ရောပါနေတဲ့ အလေ့ကျ ပန်းပင်တွေ ဆွဲနှုတ်ပြီး ပေးလိုက်တော့ အမွှေး ထူပိန်းပိန်းလက်နဲ့ ထိလိုက်တာနဲ့ ဝတ်ဆံနံ့ သိပ်မွှေးတဲ့ အလေ့ကျ လိုလီပေါ့တွေ ဖြစ်သွားတယ်။ ရေဒီယိုမှာလွှင့်နေတဲ့ ဗုဒ္ဓဝင် ပုံပြင်တွေကို ချပ်ဝတ်တန်ဆာလို မော်ကြွားပြီး ခေတ်ဟောင်းကလေးတွေ ပြန်ရောက်လာတုန်းက ငါ မရှိတော့ဘူး။ မရှိတော့ဘူးဆိုပေမယ့် ပလတ်စတစ် အစွန်းနှစ်ဖက်ကို လိမ်ကျစ်ပြီး ထုပ်ပိုးထားတဲ့ လိမ္မော်နံ့ လိုင်ချီးနံ့သကြားလုံးတွေကို ဆုပ်ကိုင်ရင်း ခြေဆောင့်ငိုလို့ ကောင်းတုန်း။ မျက်ရည်မခြောက်ခင် ငါ့အထဲမှာ ပွင့်ထွက်နေတဲ့ အက်တမ်အားလုံး မင်းလျှာပေါ်မှာ ရိတ်သိမ်းခံလိုက်ရတယ်။ ငါ့ရှေ့မှာ လူစိမ်းနှစ်ယောက် ရန်ဖြစ်တော့ ခံစားချက်က နို့စို့အရွယ်။ ကာထားတဲ့ အခွံမာကို ရိုက်ခွဲပြီး ထွက်ပြေးသွားတဲ့နေ့ဟာ ငါတို့အိမ်မှာ ငါတို့အိမ်မှာလို့ စကားထစ်နေတဲ့ ကြောင်တစ်ကောင်နဲ့ ဆုံတဲ့နေ့ပဲ။ ကြယ်တွေစုပြီး ရုပ်လုံးကြွနေတဲ့ ငါးဟာ အစိမ်းလား ချက်ပြီးသားလား မသိပေမယ့် ကောင်းကင်ကို ငါတို့ ပက်လက် ခွစီး။ ဘိုဟေးမီးယန်းရာပဆိုဒီနဲ့ ဖားကောက်ခဲ့တွေ အော်ဆိုရင်း လေလွင့်ငတ်ပြတ်။ ခရီးဆောင်သေတ္တာထဲဝင်လိုက်တာနဲ့ တခြားတစ်နေရာကို ရောက်သွားနိုင်တဲ့ မှော်ဆန်မှုမျိုးရရင်ကလေးတွေ အားလုံးကိုဖောက်ခွဲပစ်ပြီး ငါ့ကိုယ်ငါ ရှာဖွေမယ်။ ပြန်တွေ့ရင် လူမိုက်ဆိုလျှင်ရှောင်သွေလွှဲလို့ မမှီဝဲနဲ့ ကင်းအောင်နေလို့ ရွတ်ဆိုမယ်။ ခုတော့ကံကြမ္မာကို ပွတ်သပ်ရင်း လျှက်စုပ်ရင်း ကြောင်တစ်ကောင်နဲ့ မွှေးရှတဲ့ လိုလီပေါ့တွေ။ ထရော်လီထဲ ထည့်သယ်ပြီး အပို့ခံလိုက်ရတဲ့ မီးနေသည်ခန်းထဲမှာတော့ အလေ့ကျ အူဝဲတစ်ခု မြည်နေတယ်။
***
အရောင်မစုံလည်း အိမ်ထောင်ရှင်မလေး ဒီအကွေးအခုံးလေးက အိမ်ထောင်ရှင်မလေး ငါ့သက်တန့်ပဲ အိမ်ထောင်ရှင်မလေး
လည်နေရာက ဖျတ်ခနဲ ဘရိတ်ဖမ်းလိုက်ချိန် စက်ဘီးခွေထဲက တဖျတ်ဖျတ် စပုတ်တံတွေရဲ့ အငြိမ်။
စိတ်မှာအဆွေးဓာတ်တွေ အုံခဲထူပြွတ်ရင်း အိပ်ပျော်ရာက နိုးလာတယ်။ ပြတင်းတံခါးရာအတိုင်း ခဲသားရောင်လေးထောင့်တုံးတစ်ခု ငါ့မျက်စိရှေ့မှာ ပေါလောပေါ်နေတယ်။ နည်းနည်းကြာသွားရင် ကြယ်တွေ စို့စိစို့စိနဲ့ ညကောင်းကင် ဖြစ်သွားမယ်။သုံးလွှာအခန်းကျဉ်းထဲကို အမြင့်ပျံလေတွေ ပုတ်ခတ်လိုက် ရှောင်ဖယ်လိုက် ခြေချင်းလိမ်လို့။ အနေအထားက စိတ်နဲ့ကိုယ် ဆွဲခွာခံလိုက်ရပြီးပြီးချင်း ဒါမှမဟုတ် စိတ်နဲ့ကိုယ် အရှိန်ပြင်းပြင်း တိုက်မိလိုက် ပြီးပြီးချင်း အချိန်မှာ တိတ်ဆိတ်နေသလို။ မျက်လုံးရွေ့ကြည့်တော့ စီးကရက်ဗူးဖင်မှာ ငွေရှင်းကောင်တာက ဝန်ထမ်းမလေး ကပ်ပေးလိုက်တဲ့ တိတ်အပြာရောင်က အထင်းသား။ ဘေးမှာ အင်နာဗွန်စီဆေးပုလင်းအဖုံးထဲ ခြွေထည့်ထားတဲ့ နှစ်ချို့ပြာခဲတွေ။ အရင်ဖလိုးအတိုင်း အောက်မေ့စိတ်တွေ ထိုးကျသွားတယ်လို့ ဆိုရမယ်။ မင်းနှုတ်ခမ်းက တစ်ဆင့် မင်း တံတွေးချိုချို။ မင်း ခံတွင်းငွေ့နဲ့ ငါ့ခံတွင်းအရသာယှက်ဖောက် ကူးလူး။ ရိုက်ခတ် နှောင်တွယ်ခွင့်ကို ဆယ်ကျော်သက်စည်းမျဉ်းနဲ့ အပိတ်ပင်ခံရတယ်လို့ မပြောလိုတော့ဘူး။
ကလေးဆန်တဲ့ ဖိုဘီးယားက ငါ့အရိုးထဲ လောင်နေတယ် မင်းထင်မယ်။
ငါ့အိုင်းလယ်ဗယ်မှာ အဝါရောင် မင်္ဂလာအခမ်းအနားရဲ့ မောင့်ကျက်သရေ ခေါင်းပေါင်းတွေ အဆပေါင်းများစွာအိုင်ထွန်းနေတယ်။ အရင်ဖလိုးအတိုင်းဆို ယုံကြည်မှုမရှိဘူး မင်းပြောခဲ့တာ ငါယုံကြည်မယ်။ ဘယ်လောက်ပြင်းအားနဲ့နှုတ်ခမ်းဟာ မင်းရဲ့လိင်သဘာဝကို စုပ်မြို ခေါ်ဆောင်သွားမယ်။ သားအိမ်ထဲ ပန်းထည့်ခံလိုက်ရတဲ့ အငြိအချွဲတွေရဲ့သိက္ခာမှာ အပ်ပေါက်ရာလောက် စိတ်မလုံခြုံမှု မခံစားရဘူးလို့ မင်းခံစားမယ်။ ဆောင်းရဲ့ စောက်သုံးမကျဆုံးရေခဲသားလို ပူလောင် ကျွတ်ရွနေတဲ့ နှင်းစက်တွေ ခုမှ ငါ့အရေပြားပေါ် ကြွေကျနေသလိုပဲ။ ချည်ရင်ဖုံးနဲ့ဆံပင်တိုတိုကို စုချည်ထားတဲ့ သားရေပင်က ငါ့သက်တန့်ပဲ။ ခေါင်းကိုက်လို့ နားထင်ကို လက်မနဲ့ လက်ညိုးဖိထောက်နေတဲ့ မိန်းမပျိုက ငါ့သက်တန့်ပဲ။ ရှိမှုတွေဟာ စက္ကန့်ပိုင်းအတွင်း လိပ်ပြာအဖြစ် ပျံထွက်သွားတော့မယ့် ပိုးတုံးလုံး ကောင်တစ်ကောင်ဖြစ်ပြီး သိမှုတွေဟာ တခြားလိင်မှုလိင်ခင်းကို ဆွဲဆန့်ခက်ခဲနေတဲ့ ချည်ခင်ချည်ထွေးလို တဆတ်ဆတ် ခုန်လှုပ်နေတဲ့ နှလုံးသားအစအနတွေပဲ ဖြစ်တယ်။
***