ပင်လယ်ဘေးက မရတ် - မိုးသက်ဟန်

မိုးသက်ဟန်

(ခေတ်ပြိုင် ထိုင်းစာရေးဆရာ Prabda Yoon ၏ Marut by the Sea ကို ဘာသာပြန်ဆိုသည်။) 

Prabda Yoon ဟာ ၀တ္ထုရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ ဇာတ်ညွန်းရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ စသဖြင့် နှံ့စပ်စွယ်စုံတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ ပို့စ်မော်ဒန်စွက်တဲ့ ဇာတ်ပြောဟန်နဲ့ ရေးသားတတ်တဲ့သူအဖြစ် ထိုင်းစာပေနယ်ပယ်ထဲမှာ ကျော်ကြားပါတယ်။ သူ့ရဲ့ အနုပညာလက်ရာတွေဟာ လူ့အဖွဲ့အစည်းတွေထဲက လူမှုရေး၊ ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှု တို့ရဲ့ ကျောက်ထွင်းတွေကို အနုပညာစိတ်ကူးရဲ့ အလင်းအမှောင်ပေးပြီး ပုံပြောင်း ရုပ်ကြွစေသလို ထိုင်း မြို့ပြလူနေမှုပုံစံနဲ့ ဘ၀ရဲ့ ကျိုးပျက်လွယ်မှုသဘောတွေကို ပြက်ရယ်ပြုသံနဲ့ ကိုင်တွယ်တတ်ပါတယ်။



သိပ်နောက်မကျသေးခင်၊ ကျနော်‌‌‌ပြောပါရစေ၊ ချစ်စွာသော စာဖတ်သူမိတ်ဆွေများခင်ဗျာ။ ကျနော့်နာမည်က မရတ် မဟုတ်ပါဘူး၊ ကျနော် ပင်လယ်ဘေးမှာ ထိုင်နေတာလည်း လုံးလုံး မဟုတ်ရပါဘူးဗျာ။ စာရှုသူ မိတ်ဆွေများက ကျနော့်ကို ၀န်ခံစေချင်တယ် ဆိုရင်ဖြင့် ကျနော့်ရဲ့ နာမည်ရင်း၊ ကျနော့် ပတ်၀န်းကျင် အခင်းအကျင်းကို လုံးလုံး မသိဘူးဆိုတာ အမှန်အတိုင်း ‌ပြောရမှာပါပဲ။ ကျနော်ဟာ ဘူတာရုံတစ်ခုရဲ့ ရှေ့မှာ ရပ်တန့်ကောင်းရပ်နေလိမ့်မယ်။ ကျနော်ဟာ လူသူမယဉ်ပါးသေးတဲ့ တောကြီးမျက်မည်းထဲ လှည့်လည် သွားလာနေသူလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျနော်ဟာ ဟိုးဟိုးအ‌ဝေးက ဂလက်ဇီ ရှိရာဆီ သွားနေတဲ့ အာကာသယာဉ်ထဲမှာ အိပ်ပျော်နေတဲ့ လူတစ်ယောက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး ‌‌ပြောရရင်တော့ကာ အတုမဲ့ အတုလန်ပဲ။ ကျနော် တောင်းပန်ပါတယ်။ ကျနော်ဟာ လူတစ်‌ယောက် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ သင်ဟာဘိုဂီ(စက်မဲ့ ဘီးတပ်ယာဉ်) တစ်စီးရဲ့ ၀န်ခံချက်ကို ဖတ်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဘယ်သူများသိနိုင်မလဲလေ။

အဲ့ဒီဘဲလေ။ သူ့ကိုယ်သူ အရာရာ သိမြင် နှံ့စပ်တယ်လို့ထင်ရဲ့။ သူ့ကိုယ်သူ ဘုရားသခင်လိုလို လူတွေကို မင်း ဘာဖြစ်ရမယ် ဆိုပြီး နေရာတကာမှာ ဆရာကြီးကလည်း လုပ်လေရဲ့။ အရာရာကို ဆိုးသထက် ဆိုးအောင်သာ စွမ်းဆောင်ရင်း သူ့စိတ်ထဲမှာတော့ သူ့ကိုယ်သူ တော်လှချည်ရဲ့၊ ဘယ်သူ ပြိုင်လို့လှပါတော့နိုင်လို့ပဲ ထင်တစ်လုံးဖြစ်နေတာ။သူဟာ ဒီလောက ဇမ္ဘူတစ်ခွင်လုံး သူသာလျှင် အတော်ဆုံးသော အတွေးအခေါ်ဆရာလို့လည်း တိတ်တခိုး ထင်လေရဲ့ ။ ဗုဒ္ဓရဲ့ သစ္စာလေးပါး မြတ်တရားကိုလည်း သူရနေပြီထင်လေရဲ့။ သူဟာ နားလည်ရခက်လွန်းသော သံသရာ စက်ဝိုင်းကို သိမြင်နိုင်အောင် ဉာဏ်အလင်းပွင့်နေပြီလို့လည်း ထင်ကောင်းထင်ရဲ့။ ရွှံ့ညွန်တွေကနေ သူ ပုံသွန်းလောင်းထားတဲ့ ကျွဲတွေ၊ နွားတွေကို အသက်၊ ဝိညာဉ် ပေးသွင်းနိုင်သူလို့လည်း သူ့ကိုယ်သူ ထင်လေရဲ့။ ထို့အတူ နတ္ထိတွင်းမှ ပုံဇာတက များစွာကို ဖန်တီးနိုင်သူလို့လည်း ထင်လေရဲ့။ ဟုတ်ပြီလေ၊ ကြည့်ကြသေးတာပေါ့။ သူဟာ အနုပညာအတု ဖန်တီးသူ အကျော်‌ဒေးယျ ပါရဂူတစ်ပါး ဖြစ်လေရဲ့။ သူ့ရဲ့ အဓိပ္ပါယ်မဲ့မှုတွေနဲ့ သင့်ရဲ့ အဖိုးတန်အချိန်တွေကို မဖြုန်းမိပါစေနဲ့လေ။ သူဟာ သင့်ကို အံ့အားသင့်အောင် လုပ်နိုင်အောင်၊ ပြောနိုင်တယ်ဆိုတာကို အာမခံလိုက်ပါရစေ။ သင့်ရဲ့ နှလုံးသွေး‌‌‌‌‌‌ကြောများထဲ စွဲထင်သွားမယ့် အက္ခရာများကိုလည်း သူက ရေးနိုင်စွမ်းရှိပါလေရဲ့။ သူ့ရဲ့ သာမန်နဲ့ မတူတဲ့ အမြင်တွေ သူ့မှာရှိတာ သင်မြင်တွေ့ရပါလိမ့်မယ်။ သူ့မှာ အရေးတကြီး ပြောစရာတွေ ရှိတယ် ဆိုပြီး သင့်ကို ဦးဆောင် သွားဦးမှာပါ။ သို့ပေမယ့်လည်း ယခုစာကို ရေးနေသော မိမိကို အပြည့်အ၀ ယုံကြည်ပါ။ သူ့ဆီကနေ သင်၊ သင်ယူရရှိသမျှဟာ တကယ်တမ်းတော့ သင့်ကိုယ်တွင်းမှာ ရှိပြီးသမျှသော အရာများသာဖြစ်ပါတယ်။ ပြောရရင် သူက အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်နေတာပါပဲ။ အဲဒါပါပဲ။ သူ့လိုလူမျိုးက လောကခပ်သိမ်းမှာ အန္တရာယ် အရှိဆုံးပါပဲ။ သင့်ရဲ့ လူသားဆန်မှုကို သင်၀ယ်ယူအောင် သူက သင့်ကို မက်လုံးပေးလိမ့်မယ်။ သင်က လိုက်နာလေလေ၊ သူက သင့် ဦး‌နှောက်ဆဲလ်တွေထဲမှာ နေရာယူလေလေပါပဲ။ နောက်တဖြည်းဖြည်းနဲ့ သင်ကိုယ်တိုင်တောင် မသိဘဲ တစ်နေ့မှာ သင်လုပ်ဆောင်သမျှ အရာရာ အားလုံးကို ရုပ်သေးကြိုးဆွဲဆရာ တစ်ယောက်လို ခြယ်လှယ်သွားမှာအမှန်ပါပဲ။

ကျနော် အခုလို ရေးနေတာကို ဖတ်နေရတဲ့ သင်ဟာ အလွန်ကံကောင်းတာပဲဆိုတာကို မှတ်ယူထားပါ။ ကျနော် ပြောပြပါရစေ။ ကြားသိတဲ့ အခါမှာလည်း ကျနော့်ကိုတော့ မသနားကြပါနဲ့။ ဘာ့ကြောင့်ဆိုတော့ အ‌နှေးနဲ့ အမြန်ဖြစ်မို့ပါပဲ။

ယခုဇာတ်လမ်းနဲ့ ပတ်သက်ပြီး သင် အချိန်အတော်ကြာ ရှေ့ဆက်နိုင်ပါသေးတယ်။ အခုကစပြီး အချိန်မရွေး ကျနော်ဟာ ပါးလျသော လေထုထဲ တိုး၀င်ပျောက်ကွယ်သွားနိုင်ပါတယ်။ ပြီးတော့ ကျနော်တို့ နောက်ဘယ်သောအခါမှ ထပ်မဆုံတော့တာလည်း ဖြစ်နိုင်တယ်။ ထို့အတွက်ကြောင့် သင့်ရဲ့ အချိန်အများစုကို ကျနော်နဲ့အတူရှိဖို့ ကြိုးစားသင့်ပါတယ်။ သင့် အကျိုးအမြတ်အတွက် ကျနော့်ဘက်မှ ပြောနေရခြင်း ဖြစ်ပါတယ်။

ပရက်ဘဒါယွန်း၊ ယခုစာစုအောက်တွင် ဖော်ပြပါရှိမယ့် သနားစဖွယ် အမည်၊ ကျနော် ယခုဖော်ပြမယ့် တစ်စက်မှ ယုံကြည်စရာ မကောင်းသော ခေါင်းစဉ်။ အဲဒါ သူပဲပေါ့။ ကျနော် ပြောနေတာ သူပါပဲ။ ကျနော့် နာမည် မရတ်ရယ်လို့ ဆုံးဖြတ်သတ်မှတ်ခဲ့တာ သူပါပဲ။ ကျနော့်ကို ပင်လယ်ဘေးမှာ ထိုင်နေဖို့ အမိန့်ချချင်တာလည်း သူပါပဲ။ ဒီခေါင်းစဉ်က ဂေါ်တယ်လို့ သူဘာသာသူလည်း ထင်နေသေးရဲ့။ "ပင်လယ်ဘေးက မရတ်" တဲ့။ တော်ပါတော့၊ ကျနော် ရယ်ရလွန်းလို့ နောက်ပြန်လန်ကျတော့မယ်။ ဘာနဲ့မှ နှိုင်းယှဉ်စရာမရှိတဲ့ ဒီခေါင်းစဉ်ကို မစ္စတာ ပရက်ဘဒါ သူ့ဦးနှောက်ထဲ ဘယ်လိုများ အိပ်မက်မက်ပြီး ထည့်ခဲ့လည်းဆိုတာကို သင်သိနိုင်ပါသလား။ တကယ့်ကို အကြီးကြီးမှ အကြီးကြီးပါပဲ။ ခေါင်းစဉ်ရပြီးနောက် ဘာဇာတ်လမ်း‌ ပြောရမလဲ ဆိုတာကို သူမသိသေးပါဘူး။ အဲဒီအကြောင်းကို အခု သင်သိပါပြီ။ သင် ဘယ်လို သဘောရပါသလဲ။ သင့် အတွေးအမြင်က ကျနော့်အတွေးအမြင်နဲ့ ကွာလှမှာ မဟုတ်ပါဘူး။ အမှန်ပါပဲ၊ ဒီဘဲက ရိုက်စားကောင်ပါ။

 
Illustration: Lun Ye

ကောင်းပါပြီလေ၊ အပျော်ပေါ့၊ စမ်းသပ်မှု တစ်ခုပေါ့။ ပရက်ဘဒါယွန်း ဆိုတဲ့ ဒီဘဲကို ဦး‌နှောက်မုန်တိုင်း ဆင်နိုင်အောင် ကူညီလိုက်ရအောင်။ ဘာ့အတွက်ကြောင့်ပဲ ဖြစ်ဖြစ် ကျနော့် နာမည် မရတ်လို့ပဲ ထားလိုက်ပါတော့။ ကျနော်က ပင်လယ်ဘေးမှာ ထိုင်နေရမယ်။ ကျနော်ဟာ ပင်လယ်ရေကို ထိုင်ကြည့်နေတုန်း ကျနော့် စိတ်ခံစားမှုက ဘယ်လိုရှိနေမလဲ။ ကျနော်ဟာ အထီးကျန်ခံစားမှုကို ခံစားကောင်းခံစားနေရလိမ့်မယ်။ အထီးကျန်တာဖြစ်စေ၊ ၀မ်းနည်းတာဖြစ်စေ ဒါဟာ အလွယ်ကူဆုံး ခံစားချက်ပါပဲ။ လူတွေဟာ ပင်လယ်ကို ငေးကြည့်ရင်း သူတို့ရဲ့ မပျော်ရွှင်မှုတွေကို ပပျောက်စေတတ်ကြတာပဲ မဟုတ်လား။ ရေတွေက အများကြီးပဲ။ ပြီးတော့ ကန်ချမရအောင် ငန်လွန်းတယ်။ ပင်လယ်ငေးသူရဲ့ နှလုံးသားထဲက ကုသရန် ခက်ခဲလှတဲ့ ငန်ကျိမှုတွေ ပေါက်ကွဲနေတာနဲ့အတူ ရင်ထဲက ၀မ်းနည်း ပူဆွေးမှု ပမာဏနဲ့ ပင်လယ်ရေ ပမာဏဟာ အပြန်အလှန် ဆက်နွယ်လို့ နေတယ်။ ဇာတ်လမ်းတစ်ပုဒ်အတွက် အဲဒါတွေက ဘယ်လို ပက်သက်မှု ရှိလို့လဲ။ စိတ်ကို ပုံသွင်းရလွယ်တဲ့ လူတစ်‌ယောက်၊နှစ်‌ယောက်လောက်အတွက်တော့ စိတ်လှုပ်ရှားမှုကို ဖြစ်စေမှာပေါ့။ အဲဒီလူတွေအတွက်တော့ စာဖတ်နေရင်းနဲ့ ပရက်ဘဒါယွန်းရဲ့ သားကောင် ဖြစ်ပြီသာမှတ်။ ပြီးတော့ စိတ်ခံစားမှု သားကောင်တွေ ဖြစ်လာတော့မှာ။ လွယ်သလားတော့ မမေးနဲ့။

ဒါမှမဟုတ် ကျနော်တို့တွေက ပရက်ဘဒါယွန်းကို ဂုဏ်ပြုချီးကျူးချင်သပ ဆိုရင်လည်း၊ သူဟာ လွယ်ကူရိုးရှင်း တဲ့ အရာတွေကို အိပ်မက်မက်တဲ့ လူစားမဟုတ်ဘူးလို့ ဆိုကြတာပေါ့။ ဒီဇာတ်လမ်းဟာ ပိုရှုပ်ထွေးပြီး အနုပညာပြောင်‌မြောက်၊ ဘာသာစကားအရ ခံ့ညားမှုတွေနဲ့ ပြည့်၀နေတယ်လို့ ဆိုကြပါစို့ရဲ့။ (သို့ကလို ဆိုကြပါစို့လေ) မရတ်ဆိုတာ ဘယ်သူလဲလို့ ကျနော်တို့ မသိဘူးပေါ့လေ။ သူဟာ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တောင်မှ မဟုတ်ဘူး။ ဒီဇာတ်လမ်းရဲ့ ပင်မဇာတ်ကောင်ဟာ ကလေးတစ်ယောက် ဖြစ်တယ်လို့ ဆိုကြရအောင်။(ပရက်ဘဒါယွန်းက ကလေးချစ်တတ်တယ်လေ) ဆိုကြပါစို့၊ ကောင်လေးနာမည်က ချီးထုပ်လို့။ (သူက ပုံမှန်မဟုတ်တဲ့ နာမည်တွေကို သိပ်သဘောကျတတ်တယ်၊သင့်ရဲ့ အာရုံစိုက်မှုကို ရရှိစေမယ့် ဘယ်အရာမဆိုပေါ့) နာမည်အရဆိုရင်တော့ ကောင်လေးဟာ တကယ့်ကို တေလေဂျပိုးတစ်ကောင် ဖြစ်ရမယ်။ ကောင်လေးက မိဘတွေရဲ့ စကားကိုလည်း နားမထောင်ဘူး။ အမေက အလိုလိုက်လွန်းလို့ အမေဖြစ်သူကို သူက ဆောင့်ကန်တယ်။ အဖေဖြစ်သူက သူ့ကို ကယုကယင် ပြုခဲ့လေတော့ အဖေဟာ စောက်ခွက်စုတ်အောင် အရိုက်ခံရတယ်။ ဒီချီးထုပ်လေးဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျေးဇူးမသိတတ်ဆုံး ဆုကို ဆွတ်ခူး ရရှိထားတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သည်းမခံနိုင်တော့တဲ့အဆုံး မိဘတွေဟာ မကောင်းဆိုးရွားကောင်လေးကို အိတ်တစ်အိတ်ထဲမှာထည့်၊ကားနောက်ခန်းမှာ တင်လာခဲ့တယ်။ လူသူ အရောက်အပေါက်မရှိတဲ့ ပင်လယ်၀မှာ သူတို့ မျက်လုံးတွေနဲ့ မတွေ၊ နားတွေနဲ့ မကြားရတဲ့ နေရာရောက်အောင် ရေမျှောချပစ်လိုက်တယ်။ ပြုဖွယ်ကိစ္စတွေ အထ‌မြောက်လို့ သူတို့ ကားရှိရာဆီ ပြန်လာပြီး မောင်းတော့မယ်အလုပ်မှာ ရုတ်တရတ် လူတစ်ယောက်ဟာ သူတို့ကားဘေးမှာ လမ်းလျှောက်နေလေရဲ့။ အဲဒီလူဟာ မရတ်က လွဲလို့ ဘယ်သူများ ဖြစ်ရမှာလဲ။ မရတ်ဟာ သဲသောင်ပြင်ပေါ်မှာ ဖုတ်ခနဲ ပစ်ထိုင်ချလိုက်တယ်။ မရတ်ဟာ မိုးကုပ်စက်ဝိုင်းကို ငေးကြည့်လို့နေတယ်။ ကျ‌နော်တို့ လိုအပ်နေတာဆိုလို့ မရတ်ကို ပင်လယ်ဘေးမှာ ထိုင်ခိုင်းထားဖို့ပဲ မဟုတ်လား။

ကျနော်ပြောတာကို ယုံပါ။ ပရက်ဘဒါရဲ့ ၀တ္ထုတွေဟာ ဒီထက် ပိုကောင်းစရာ အကြောင်းမရှိပါဘူး။ ကျနော် ကိုယ်တိုင်တောင် တစ်နေ့ကို ဆယ်ပုဒ်၊ အပုဒ်နှစ်ဆယ် ရေးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် အရင်သတ်သေဖို့တော့ လိုတာပေါ့၊ လွယ်လွယ်လေးပါပဲ။ ကျနော် ပြောပြတဲ့ ဥပမာတွေက သူ့ရဲ့ အထူးပြု ကျွမ်းကျင်မှုတွေပါပဲ။ တစ်နည်းပြောရရင် သူရေးတဲ့ အသိရခက်ခက် ၀တ္ထုတွေက နားလည်ရခက်လေလေ၊ ပိုကောင်းလေလေပါပဲ။ ဒီ၀တ္ထုတွေရဲ့ အဓိပ္ပါယ်တွေက ဘာတွေများလဲလို့ ခင်ဗျားက သူ့ကို သွားမေးကြည့်ရင် သူဟာ စဉ်းစဉ်းလဲလဲနဲ့ တက်မတတ်၊ ချက်မတတ် ဟားတိုက်ရယ်ပါလိမ့်မယ်။ ခင်ဗျားရဲ့ မေးခွန်းကို ပြန်မဖြေခင် သူဟာ တဟားဟား ခွီနေပါလိမ့်မယ်။ "ခင်ဗျားကိုယ်တိုင် အဲဒီ ၀တ္ထုတွေကို သွားမေးကြည့်ပါလား" ဒါမှမဟုတ် "အဓိပ္ပါယ်ဟုတ်လား။ ခင်ဗျား ဘ၀ရဲ့ အဓိပ္ပာယ်က ဘာလဲ။ ကျနော့် ၀တ္ထုရဲ့ အဓိပ္ပာယ်ကလဲ အဲဒါပဲ" ဒါမှမဟုတ် "ကျနော် သိနေမှတော့ ဘာဖြစ်လို့ ရေးနေဦးမှာလဲ" ဒါမှမဟုတ် "မသိခြင်းက အသန့်စင်ဆုံး အသိပညာပဲ" လို့ ပြန်ဖြေပါလိမ့်မယ်။ သူ့အဖြေကို နားထောင်နေရင်းကို သူ့ကို မျက်လုံးတွေ ကျွတ်ထွက်သွားတဲ့ အထိ လည်ပင်းညှစ်သတ်ချင်စိတ် ပေါက်လာပါလိမ့်မယ်။ ဒီလိုလူစားမျိုးဟာ သေဖို့ပဲ ထိုက်တန်ပါတယ်။အဲဒီထက် မပိုပါဘူး။

စာရေးဆရာလို့ ဆိုတဲ့သူတွေ၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် စာရေးဆရာလို့ သတ်မှတ်တဲ့ သူတွေမှာ ဘယ်လို ပြသနာတွေရှိလဲဆိုတာ ခင်ဗျား သိပါသလား။ သူတို့မှာ ပြသနာတွေ သိပ်ရှိသပေါ့။ သူတို့တွေဟာ ကလေးဘ၀ထဲက လူ့ အဖွဲ့အစည်းနဲ့ သဟဇာတ မဖြစ်နိုင်တဲ့ ပြသနာတွေ ရှိနေခဲ့ကြတာပါ။ အရာအားလုံးဟာ ကြောက်လန့်စရာလို့ သူတို့က ထင်ကြတယ်။ ဆိုးပ။ သူတို့တွေဟာ ဘယ်ကိစ္စမဆို ‌‌‌‌ဝေဖန်ချက်ထုတ်ပြီးသားပဲ။ သန့်စင်ကြည်လင်တဲ့ ရေကနေ အစွန်းရောက် အဖွဲ့တွေကြားက ဘာသာရေးစစ်ပွဲတွေအထိ သူတို့က ‌ဝေဖန်ပြီးသား။ လူတွေက သူတို့ကို ငကြောင်တွေလို့ ထင်မှာ စိုးတာကြောင့် သူတို့ဟာ ဘာမဆို အကုန်သိပြီးသား ပုံစံမျိုးပြုမူကြတယ်။ သူတို့ကို စောက်ရူးလို့ တံဆိပ်ကပ်တာကို သူတို့ မခံနိုင်ကြဘူး။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ စောက်ရူးတွေကို အူထဲ အသဲထဲကနေ မုန်းတီးကြလို့ပါပဲ။ ကမ္ဘာ့ယဉ်ကျေးမှု ပျက်စီးယိုယွင်းလာပြီလို့ သူတွေဟာ နေ့ရော၊ညပါ ညဉ်းတွားတတ်ကြတယ်။ သို့ပေမယ့်လည်း ဘယ်လိုလူမျိုးတွေက ပျက်စီးယိုယွင်းလာပြီလို့ တွေးကြတာလဲ။ ပရက်ဘဒါလို လူစားမျိုးတွေက ထိပ်ဆုံးကပေါ့။ သူတို့တွေဟာ သူတို့ကိုယ်သူတို့ သုံးစားရအောင် မလုပ်ရုံမျှမက၊ ဘာကိုမှလည်း မဖန်တီး၊ မတီထွင်နိုင်ဘဲ အဆိုးမြင်မှုတွေသာ ရှိနေကြတယ်။ ဆန်ကုန်မြေလေး သက်သက်မျှသာပါပဲ။ တစ်နေ့ကျရင် သူတို့တွေကြောင့် ကျနော်တို့ အားလုံး ပင်လယ်ထဲမှာ နစ်ကြရပါလိမ့်မယ်။

ပရက်ဘဒါဟာ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားပါပဲ။ သူဟာ တီရှပ်နဲ့ ရိုးရိုးရှင်းရှင်း ဘောင်းဘီ ၀တ်လို့၊ ခေါင်းကို တတ်နိုင်သမျှငုံ့ပြီး လမ်းတွေထက်မှာ လျှောက်သွားလို့နေတယ်။သူ့လိုလူစားတွေဟာ တစ်ခါတလေကျရင် ‌ဒေသခံလူမျိုးစု တစ်စု၊ဒါမှမဟုတ် တခြားလူမျိုးစုတစ်စုစုရဲ့ ရိုးရာအ၀တ်အစားကို ဆင်မြန်းပြီး သူတို့ကိုယ်သူတို့ ရိုးရာ အစဥ်အလာထိန်းသိမ်းစောင့်ရှောက်သူလိုလို၊ဘာလိုလို လုပ်တတ်ကြသေးတယ်။ ဒါပေမယ့် သေသေချာချာ စဥ်းစားကြည့်မယ်ဆိုရင် သူတို့လို လူတွေနဲ့ ဓလေ့ထုံးတမ်းအစဥ်အလာဆိုတာ ဘာဆိုဘာမှ မဆိုင်ကြောင်း မေးခွန်းထုတ်ချင်စရာပါ။ တကယ့်ကို လူပြိန်းကြိုက်နောက်လိုက်တာပါပဲ။သူတို့လို မွဲပြာပုဆိုး အနုပညာသမားလူမျိုးစုအတွက် တစ်ခုတည်းသော ဓလေ့ထုံးတမ်းအစဥ်အလာက ပေါ်ပင်လုပ်ဖို့ပါပဲ။ သူတို့လူစုရဲ့ ထိပ်တန်းခေါင်းဆောင်တွေဟာ ညနေကနေ မိုးလင်းတဲ့ အထိ အရက်ဆိုင်တကာ လှည့်သွား၊ လူငယ်မျိုးဆက်တွေကို ချီးမွမ်းခန်းဖွင့်တာပဲရှိပါတယ်။ သူတို့တွေရဲ့ သွားဖုံးတွေကနေ သွားတွေ ဆွဲနှုတ်၊ အဲဒီသွားတွေကို မှန်ခန်းထဲမှာ ထားပြီး ပညာပေးပစ္စည်း အနေနဲ့ ပြသသင့်ပါတယ်။ အဲဒါမှသာ လူ့ယဉ်ကျေးမှု ကျဆုံးနေကြောင်း လူတွေက အမှန်တကယ် သိရှိကြမှာ ဖြစ်ပါတယ်။

ခင်ဗျားရဲ့ နှလုံးသားထောင့်တစ်နေရာမှာ အမြဲတမ်း တခုတ်တရ နေရာပေးထားတဲ့ ခင်ဗျားကို ဘ၀င်ခိုက်စေတဲ့ စာအုပ်တစ်အုပ်(သို့မဟုတ် စာအုပ်များ) တော့ ရှိကောင်းရှိပါလိမ့်မယ်။ အဲဒီစာအုပ်က ခင်ဗျားကို ရှိုက်ကြီးတငင်ငိုကြွေးစေတဲ့ စာအုပ် ဖြစ်ရင်လည်းဖြစ်မယ်။ ခင်ဗျားကို ဝါးလုံးကွဲ အုန်းခနဲ ရယ်စေတဲ့ စာအုပ်လည်း ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ်လည်း ခင်ဗျားရဲ့ဘ၀ကို ဆက်လက် ရှင်သန်ချင်နေအောင် မျှော်လင့်ချက်တွေ ပေးတဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ စာရှုသူ မိတ်ဆွေများ ခင်ဗျာ၊ ကျနော့်ကို ယုံပါ။ ခင်ဗျားရဲ့ နှလုံးသားထဲမှာ တခုတ်တရ ထားထားတဲ့ အဲဒီစာအုပ်ကို ဆွဲထုတ်လိုက်ပါ၊ ပြီးရင် မီးရှို့ပစ်လိုက်ပါ။ စာရွက်ရာဂဏန်းအနည်းငယ်၊ မင်အနည်းငယ်၊ အက္ခရာ ထောင်ဂဏန်း အနည်းငယ်က သင့်ဘ၀ကို ကန့်သတ်နေတာမျိုး မလုပ်ပါစေနဲ့။ အခုလောက်ဆိုရင် ကျနော် အိတ်သွန်ဖာမှောက် ရှင်းပြနေတာကို မိတ်ဆွေ နားလည်သင့်လောက်ပါပြီ။ ခင်ဗျား အနှစ်သက်ဆုံး စာအုပ်ကို ရေးတဲ့ လူဟာ သူလိုကိုယ်လို လူတစ်ယောက်ထက် ဘာမှ မပိုပါဘူး။ သူ ဘာလုပ်ခဲ့လဲဆိုတာကိုတောင် သူ နားမလည်နိုင်ပါဘူး။ ကျနော် အခုလို ပေါ်ထွက်လာပြီး ဒီကနေ့မှာ မိတ်ဆွေနဲ့ ဆက်သွယ်မှုလုပ်နိုင်ဖို့ အခွင့်အရေး ဘယ်လို ရခဲ့လဲဆိုတာကို သင်သိပါသလား။ ရှင်းရှင်းလေးပါပဲ။ မရတ် ပင်လယ်ဘေးမှာ ဘာ့ကြောင့်ထိုင်နေတာလဲ ဆိုတာနဲ့ ပက်သက်ပြီး ကောင်းမွန်လျောက်ပက်တဲ့ အကြောင်းပြချက်ကို ပရက်ဘဒါ မရသေးလို့ပါ။

ကျနော်ဟာ သူ့ရဲ့ ဉာဏ်ပညာထဲက တစ်စိတ်တပိုင်းပဲလို့ မိတ်ဆွေအနေနဲ့ ထင်မိကောင်း ထင်မိပါလိမ့်မယ်။ အဲဒီလို မထင်လိုက်ပါနဲ့။ မိတ်ဆွေ အနေနဲ့ ပရက်ဘဒါမှာ တီထွင် ဖန်တီးနိုင်မှု ရှိတယ်လို့ ထင်ပြီး လေးစားကောင်း လေးစားမိပါလိမ့်မယ်။ သူဟာ လေးနက်ပြီး ထူးဆန်းတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ရှုပ်ထွေးပြီး၊ အလွှာလွှာ အဆင့်ဆင့်ဖြစ်တဲ့ ၀တ္ထုတွေကို ရေးတယ်ပေါ့။ ရိုးရိုးသားသား‌ပြောရရင် ကျနော်ဟာ သူဖန်တီးထားတဲ့ ဇာတ်ကောင်တစ်ကောင် မဟုတ်ပါဘူး။ သူဟာ ဟောဒီစာမျက်နှာထက်မှာ ကျနော့်ကို အရူးလုပ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး။ ပြီးတော့သူ့ရဲ့ ခပ်ဆန်းဆန်း ခေါင်းစဉ်အောက်မှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို သူ သိသိချင်းမှာပဲ၊ ကျနော်ဟာ ဟောဒီ စာအစုအ‌ဝေးထဲကနေ ချက်ချင်း ပျောက်ကွယ်သွားပါလိမ့်မယ်။ သူဟာ ကျနော့်ကို အခုလို လတ်လျားလတ်လျား သ‌ဝေထိုးနေတာကို ခွင့်ပြုစရာ အကြောင်းမရှိပါဘူး။

ကျနော့်ကို ကြောက်နေတယ်လို့ မထင်လိုက်ပါနဲ့။ တတ်နိုင်သမျှအမြန်ဆုံး သူ ကျနော့်ကို ရှင်းထုတ်လိုက်တာကို ကျနော် လိုချင်နေတာပါ။အဲဒါမှ ကျနော်ဟာ ဟောဒီ အဓိပ္ပါယ်မရှိတဲ့ အခြေအနေကနေ နောက်ဆုံးတော့ လွတ်မြောက်နိုင်မှာမို့ပါ။ လောကကြီးကို အရူးလုပ်နေတဲ့ ဟောဒီ စိတ်ကူးယဉ်မှုကြီးထဲမှာ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါ၀င်နေရတာကို ကျနော် သည်းမခံနိုင်ပါဘူး။ ကျနော့်ကို သူ မြန်မြန်ရှင်းထုတ်လေ၊ ပိုကောင်းလေပါပဲ။ ဟေ့လူ၊ ပရက်ဘဒါယွန်း၊ လာစမ်းပါ၊ ကျုပ်ဒီမှာဗျ။ ကောင်စုတ်ကြီး၊ ကျုပ်ပြောနေတာကို မကြားဘူးလား၊စောက်ရူးကြီးရဲ့။

သူဟာ ဦး‌နှောက်ဗလာကျင်းပြီး တစ်နေရာရာမှာ ထိုင်နေတယ်လို့ ကျနော် ထင်ပါတယ်။ သနားစရာကောင်းတယ်လို့ ခင်ဗျား မထင်ဘူးလား။ သူဟာ စာရေးဆရာဖြစ်ချင်တယ်လို့ ထင်နေတယ်၊ စာရေးသားနေခြင်းကနေ စိတ်ကူးဉာဏ်ကွန့်မြူးမှု နယ်ပယ်ထဲက စိတ်ကူးစိတ်သန်းတွေကို အသက်၀င်လှုပ်ရှားစေမယ်ပေါ့။ စိတ်ကူးဉာဏ်ကွန့်မြူးမှု မ‌ပြောနဲ့၊ သူ့ စအိုလမ်းကြောင်းထဲက မစင်တွေကိုတောင် သူ နေရာမရွှေ့နိုင်သလောက်ပါပဲ။

ကျနော်တို့မှာ အချိန်အနည်းငယ်ရှိနေတုန်း ပရက်ဘဒါရဲ့ ဘ၀ တိုးတက်အောင် ကူညီကြရအောင်လား။ သူဟာ ပိုမို သန့်စင်သော နှလုံးသားတစ်စုံနဲ့ သူလက်ရှိ လုပ်ဆောင်နေတာကို ဆက်လုပ်ဆောင်နိုင်ပါသလား။ လူတွေကို လှည့်ဖျားနေတာကို ရပ်တန့်အောင် သူ ဘာများ လုပ်နိုင်ပါသလဲ။

ကျနော့် အထင် သူ ပထမဆုံး လုပ်နိုင်တာက သူဟာ သောက်ပိန်း တစ်ကောင်ဖြစ်တယ်ဆိုတာ သူ့ကိုယ်သူနဲ့ လူ့ အဖွဲ့အစည်းကို ၀င်ခံလိုက်ဖို့ပါပဲ။ ဟုတ်ပါတယ်၊သူ့ရဲ့ ဉာဏ်ရည်အဆင့်အတန်းက ဘဲတစ်ကောင်ရဲ့ ဉာဏ်ရည်အဆင့်အတန်းထက် မပိုပါဘူး။ (ဘဲတွေဟာ ငှက်တွေလောက် ဉာဏ်ရည်ရှိပြီး သင့်တင့်လျောက်ပတ်တဲ့ စိတ်ကူးစိတ်သန်းတွေ ရှိတာကြောင့် မဆိုးလှတဲ့ ဉာဏ်ရည်ပါပဲ) သူ့မှာ ကံမကောင်း အကြောင်းမလှတဲ့ ပရိသတ်တချို့ ရှိတယ်လို့ သူ့အနေနဲ့ တစ်စက်မှ ထင်မြင်ခွင့် မရှိပါဘူး။ မဟုတ်သေးဘူး၊ သူ့ကို အိမ်မှာ ဘာမှမလုပ်ဘဲ ထိုင်နေတာကို ကျနော် မလိုချင်ဘူး။ သူဟာ သူ့အချိန် အများစုကို အများပြည်သူသုံး လမ်းမတွေထက်မှာ တံမြက်စည်းလှည်းနေတာ၊ မိုးမျှော် အ‌ဝေးပြေးလမ်းမတွေအောက်က သစ်ပင်တွေကို ရေလောင်းနေတာ၊ ဒါမှမဟုတ် တဖိတ်ဖိတ် တောက်ပတဲ့အထိ မြို့ထဲက ပြတင်းပေါက်တွေကို သုတ်နေတာမျိုးကို လုပ်နေသင့်တယ်။ အဲဒီကနေမှ တဆင့် ဘယ်လမ်းကြောင်းကမဆို ဘာပစ္စည်းဖြစ်ဖြစ် ထမ်းပိုး ရွှေ့‌ပြောင်းတဲ့ တာ၀န်ကို ထမ်းဆောင်ရသင့်ပါတယ်။

ပရက်ဘဒါ ပိန်းတယ်ဆိုတာကို ကျနော် ဘယ်လို သိလဲ။ ကျနော် ကောင်းကောင်းသိတာပေါ့။ သူ့ဦးနှောက် စတင် ဖွံ့ဖြိုးတဲ့ အချိန်ထဲကနေ ကျနော် သူ့ကို သိနေခဲ့တာပါ။ သူဟာ စာပေကို ဘယ်လောက် ချစ်ခင်မြတ်နိုးလဲ ဆိုတဲ့ အကြောင်းကို ပရက်ဘဒါက သူ့စကားနားထောင်မယ့် လူတိုင်းကို ပြောပြရတာကို သဘောကျတဲ့အကြောင်း သင်သိပါသလား။ ဒါပေမယ့် သူတကယ် ပြီးအောင် ဖတ်ခဲ့တဲ့ စာအုပ် အရေအတွက် ဘယ်နှအုပ်ရှိလဲဆိုတာကို သိတဲ့ လူတစ်ယောက်ယောက်များ ရှိကြပါသလား။ ပြီးဆုံးအောင် ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက် ကိန်းဂဏန်း နှစ်လုံးထက် မပိုပါဘူး။ သူတကယ်မှတ်မိတဲ့ စာအုပ်အရေအတွက်က ပိုလို့တောင် နည်းပါသေးတယ်။ အထင်ကရ စာပေလက်ရာတွေ တစ်ပုံတခေါင်းကြီးကို သူသိသလို ခရားရေလွှတ် တတွတ်တွတ်တော့ ပြောတတ်ပါတယ်။ ကမ္ဘာ့ သြဇာကြီးမားတဲ့ စာအုပ်တွေနဲ့ ပက်သက်တဲ့ အသိပညာကို သူ့ကို ခင်ဗျားက စာမေးပွဲ စစ်နေတဲ့အလား သူက အသည်းအသန်ကို ပြောတတ်ပါတယ်။ ထိပ်ဆုံး မေးခွန်း နှစ်ခု၊ သုံးခုလောက်ကိုပဲ သူဖြေနိုင်ပါတယ်။ ကျန်တဲ့ မေးခွန်းတွေကိုတော့ သူ ဖြီးဖြန်းတော့တာပါပဲ။ သူကလေးဘ၀ကတည်းက သူ့ဘ၀မှာ ဖြီးဖြန်းနေထိုင်လာခဲ့သလိုပေါ့။ ဖတ်ရခက်တဲ့ စာအုပ်တွေကို ရေးသားခဲ့တဲ့ စာရေးဆရာတွေရဲ့ နာမည်တွေကို အထူးပြုပြီးတော့ သူဟာ စာရေးဆရာနာမည်တွေကို ရွတ်ပြတတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ခက်တဲ့ စာအုပ်တွေဆိုရင် ဖတ်ဖူးတဲ့ လူက နည်းနည်းပဲ ရှိတတ်တာကြောင့်ပါ။ သူ မသိတဲ့ အကြောင်းကို အဲဒီလိုနည်းလမ်းနဲ့ သူက ကာကွယ်တတ်ပါတယ်။ ဒါဟာ ၀မ်းနည်းစရာကောင်းတဲ့ အချက်ပါပဲ။ ဒါကို သူ့အနေနဲ့ လက်ရာဖန်တီးမှုတွေ ပိုမလုပ်နိုင်ခင် လက်ခံ၊ ရင်ဆိုင်သင့်တဲ့ အချက်ပါပဲ။

ကျနော်ဟာ ဒီကောင်လေးအပေါ် အမျက်အသိုတော်တော်ထားနေတာပဲလို့ ခင်ဗျားအနေနဲ့ ထင်ကောင်း ထင်မိပါလိမ့်မယ်။ ကျနော်ဟာ လေထဲက ဖုန်မှုန့် ဖြစ်တယ်ဆိုတာလောက် သူ့အပေါ် စိတ်၀င်စားမှု မရှိတော့ပါဘူး။ ဒါပေမယ့်လည်း ကျနော် ဘာတွေကို သိထားသလဲ ဆိုတာကို ထုတ်ဖော် ပြသဖို့ အခွင့်အရေး ရတိုင်း အချိန်ကာလကို ပါးပါးနပ်နပ် အသုံးပြုရမှာဖြစ်ပါတယ်။ မည်သို့ဆိုစေပါ၊ ပရက်ဘဒါဟာ ကျနော့်ထက် သြဇာ ပိုရှိပါတယ်။ သူက အပြင်မှာ၊ ကျနော်က ဟောဒီအထဲမှာ။ အဆုံးသတ်မတော့ ကျနော်ဟာ သူ့ကို မယှဉ်ပြိုင်နိုင်ပါဘူး။ ကျနော့်မှာရှိတဲ့ သြဇာကို အသုံးပြုရမယ့် အခွင့်အလမ်းရရင်တောင် ကျနော့်မှာ ရှိသမျှအကုန်ကို အသုံးပြုလိုက်ရမှာ ဖြစ်တယ်။ ကျနော့်ကို တမျိုးမထင်ပါနဲ့။ တစ်နေရာရောက်ရင် ခင်ဗျားကိုယ်တိုင် ကျနော့်ကို ကျေးဇူးတင်ချင်လာပါလိမ့်မယ်။ ကျနော် အနည်းနဲ့အများ ခင်ဗျားတို့ကို မျက်စေ့ဖွင့်ပေးပါ့မယ်။

ပရက်ဘဒါဟာ အခု ပုံစံအတိုင်းသာ ဆက်သွားနေရင် သူ့ အနာဂတ် ဘယ်လိုဖြစ်မလဲဆိုတာကို ကျနော် စဉ်းစားတောင် မစဉ်းစားချင်ပါဘူး။ အို စာရှုသူအပေါင်းတို့၊ သူ့ကို ကူညီလိုက်ကြပါစို့။ သူ့ရဲ့ တလွဲယုံကြည်မှုတွေထဲမှာ သူ့ကို သာယာယစ်မူးခွင့် မပြုလိုက်ကြပါနဲ့။ သူ့ကိုယ်သူ လွတ်လပ်တယ်လို့ သူထင်နေတဲ့အကြောင်း ကျနော် ပြောပါရစေ။ အနည်းဆုံးတော့ အတွေးတွေထဲမှာပေါ့။ သူက အဲဒီလို ‌ပြောတာပါပဲ။ ခင်ဗျားတို့ အကျိုးအတွက် ကျနော် ပြောပါရစေ။ ရုပ်ပိုင်းအရရော၊ စိတ်ပိုင်းအရပါ လွတ်လပ်မှု ဆိုတာ တကယ်တော့ မရှိပါဘူး။ (ဒါကို ခင်ဗျားတို့တွေ အလေးအနက်ထားစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ထဲမှာ ပရက်ဘဒါလို တွေးကြတဲ့ လူတွေ အများကြီ းပါနေလို့ပါပဲ) ရုပ်ပိုင်းအရဆိုရင် လူတိုင်းဟာ လေထု၊ နေမင်း၊ ရေနဲ့ အစားအသောက်တို့ရဲ့ ကျေးကျွန်တွေချည်းပါပဲ။ စိတ်ပိုင်းအရဆိုရင်တော့ အများစုဟာ ဘာသာစကား၊ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ စတာတွေရဲ့ ကျေးကျွန်တွေပါ။ ဆိုတော့ကာ ခင်ဗျားဟာ လွတ်လပ်စွာတွေးခေါ်သူလို့ ပြောပြီး ကျနော့်ကို ရယ်အောင် မလုပ်ကြပါနဲ့။

နောက်ဆက်တွဲ။

ခင်ဗျားဟာ ဒါကိုပဲ မြင်နိုင်တယ်။ ခင်ဗျားရဲ့ စိတ်ကလည်း နောက်ကနေ လိုက်သွားတာထက် ဘာမှမတတ်နိုင်ဘူး။ 'နောက်ဆက်တွဲ'ဆိုတဲ့ စကားလုံးကို လူတိုင်းသိကြပါတယ်။ တစ်‌ယောက်ယောက်က 'နောက်ဆက်တွဲ' ဆိုတဲ့ စကားလုံးကို ပြောလိုက်တာနဲ့ အဲဒီလူ ဘာကို ပြောနေလဲဆိုတာကို ခင်ဗျား သိပါတယ်။ ဒါပေမယ့် ခင်ဗျားဘ၀အသက်တာမှာ နောက်ဆက်တွဲတစ်ခုကို ဘယ်နှကြိမ်များ မြင်တွေ့ဖူးပါသလဲ။ တချို့သော သူတွေကတော့ တစ်ကြိမ်မှ မမြင်ဖူး မတွေ့ဖူးတာလည်း ရှိကောင်းရှိနိုင်ပါတယ်။ မည်သို့ဆိုစေ သင်ဟာ နောက်ဆက်တွဲ ဘာလဲဆိုတာ သိမ်းသွင်းဖြားယောင်းခံထားရတာပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာသာစကားကို ကျွန်ခံခြင်းပါပဲ။ စကားလုံးရဲ့ နောက်ကွယ်မှာ ဘာရှိလဲ ဆိုတာကို သင်ကိုယ်တိုင် ကိုယ်တွေ့ တစ်ကြိမ်မှ မတွေ့ကြုံဖူးပေမယ့် ဘာသာစကားက သင့်ခေါင်းထဲမှာ ပုံရိပ်တစ်ခုကို ဖြစ်ပေါ်စေတယ်။ ခေါင်း၊ ဒါမှမဟုတ် နှလုံးသားဆိုတာတွေ ကျနော့်ကို မပြောခွင့်ပြုပါ။ ဒီလိုမှမဟုတ်ရင် အရမ်းကြီးကို လေးနက်သွားပါလိမ့်မယ်။ ကျနော်တို့တွေ ပရက်ဘဒါ့ အကြိုက်ဆုံး နယ်ပယ်ထဲကို မရဲတရဲ ရောက်သွားပါလိမ့်မယ်။

ကျနော့်ရဲ့ ခွန်အားတွေကို ကျနော် ဖြုန်းတီးနေတယ်ဆိုတာ ကျနော် သိနေပါတယ်။ ခင်ဗျားတို့ ပိုင်ဆိုင်တဲ့ အပြင်လောကကြီးဟာ နဂိုအတိုင်း ပုံမှန် လည်ပတ်နေဦးမှာပါ။ ကျနော်က ဘာတွေကိုများ ပြုပြင်ပေးနိုင်မှာလဲ။ ပရက်ဘဒါကလည်း သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ရူးသွပ်နေဦးမှာပါပဲ။ ဒါပေမယ့် သူ အရင်ကထက်ပိုပြီးတော့ မအောင်မြင်ပါစေနဲ့လို့ ကျနော် ဆုတောင်းနေပါတယ်။ကျေးဇူးပြုပြီး သူ့ရဲ့ အရောင်အသွေး အစစ်အမှန်ကို သိတဲ့ လူအ‌‌ရေအတွက် များသထက် များလာပါစေ။ သူ့ရဲ့စာတွေကနေ လူတိုင်း ရုန်းထွက်နိုင်ပါစေ။ အဲဒီတော့မှ သူဟာ တကယ်အသုံး၀င်တာတစ်ခုခုကို လုပ်ဆောင်သွားနိုင်ကောင်းနိုင်ပါလိမ့်မယ်။ မလုပ်နိုင်ဘူးလို့ ဘယ်သူ အတပ်ပြောနိုင်မလဲ။ အစပြုမှု အနေနဲ့ သူဟာ လမ်းတွေထက်မှာ တံမြက်စည်းလှည်းသင့်တယ် ဆိုတာကို ကျနော် ထပ်‌ပြောပါရစေ။

ပရက်ဘဒါရဲ့ ဆိုးရွားလှတဲ့ စိတ်ကူးဉာဏ်ကွန့်မြူးမှုဟာ နီးကပ်လာပြီလို့ ကျနော် ခံစားမိနေတယ်။ ကျနော့် ပတ်၀န်းကျင်တစ်ခွင်လုံးဟာ အရောင်အသွေး ပိုစုံလို့လာတယ်။ ပုံပန်းသဏ္ဏာန်၊ ရုပ်လုံး ပိုပေါ်လာတယ်။ ကျနော့်ရဲ့ အရေးအကြောင်း လက္ခဏာတွေ ထင်လာတာကို ကျနော် မြင်နေရတယ်။ အိုကေ၊ လာခဲ့တော့ စောက်ရူးကောင်။ မင်းဟာ တခြားလူတွေကိုပဲ အရူးလုပ်လို့ရမယ်၊ ငါ့ကိုတော့ အရူးလုပ်လို့မရဘူး။ ငါဒီမှာ။ ငါ့ကို မင်းဘာလုပ်ချင်လဲ၊ လာလုပ်စမ်း။ ငါ့ကို လာရင်ဆိုင်စမ်း၊ ငါ့ကိုယ်ရည်ကိုယ်သွေးအပေါ် မင်းကြိုက်သလို ပြင်ဆင်စမ်း။ ငါနဲ့ ပက်သက်တဲ့ ဇာတ်လမ်းကျောရိုးကို မင်း ကြိုက်သလို ရေးလိုက်စမ်း။ ငါ အမြဲတမ်းအဆင်သင့်ပဲ။ မင်းကို လှောင်ပြောင်ဖို့ ငါ့ အချိန်စေ့သွားပြီထင်တယ်။ စိတ်ကျေနပ်မှု တစ်စုံတရာ‌တော့ ရလိုက်တယ်။ အို၊ ဒီမှာပါပဲ။ လေးထောင့် ပုံစံကွက်ကြီး။ သေတ္တာအဖြူတစ်လုံး။ ဒါဟာ အခန်းတစ်ခန်းလို့ ငါ့ကို မ‌ပြောစမ်းနဲ့။ ငါသာ ထီလက်မှတ်တစ်စောင်လောက် ၀ယ်ခဲ့ရင် ငါ ထီဆုကြီး ပေါက်နေလောက်ပြီ။ တကယ်လည်း အခန်းတစ်ခန်းပါပဲ။ ဘယ်လိုမျိုး အခန်းလဲ။ အရောင် လွင့်ပြယ်နေပြီ ဖြစ်တဲ့ ခရမ်းရောင်လိုက်ကာတွေ။ ဖွင့်ထားတဲ့ ပြတင်းပေါက်တစ်ခု။ စားပွဲတစ်လုံး၊ ထိုင်ခုံတစ်ခုံ၊ အိပ်ယာတစ်ခု၊ ခေါင်းအုံးတွေ၊ အိပ်ယာခင်းတွေ၊စောင်တစ်ထည်၊ မီးလုံးတစ်လုံး၊ တံခါးပေါက်တစ်ခု၊ ဖုန်းတစ်လုံး၊ မှန်တစ်ချပ်၊ တီဗီတစ်လုံး။ ဟေ့လူ။ ဘာလို့ ခေတ်မရှိတော့တဲ့ တီဗီ ဖြစ်နေရတာလဲ။ အ၀တ်ဗီရိုတစ်လုံး၊ ရေခဲသေတ္တာတစ်လုံး။ နံရံပေါ်မှာ ပန်းချီကားတစ်ချပ်တောင် ရှိလိုက်သေးတယ်။ မင်းက အနုပညာတွေကို ဘယ်လောက်တောင် မြှင့်တင်နေဦးမှာလဲ။ ဒါဟာ ဟိုတယ်အခန်းတစ်ခန်းလို့တော့ ငါ့ကို လာမပြောနဲ့။ ဟောဟိုမှာ၊ ထိုင်ခုံမှာ ချိတ်ထားတဲ့ သဘက်တစ်ထည်။ အိုး၊ လေသာဆောင်တစ်ခုပါ ပါလိုက်သေးတယ်။ သိပ်အနုပ်စုတ်ကုပ်စုပ်တော့မဟုတ်ဘူး။ ဟော၊ ကျနော့် ခန္ဓာကိုယ်မှာ အသွေး၊ အသားတွေ ရှိလာခဲ့ပြီ၊ ချစ်စွာသော စာရှုသူအပေါင်းတို့။ တစ်စက္ကန့်အတွင်းမှာပဲ ကျနော့် မျက်နှာရုပ်လုံးပေါ်လာတယ်။ တစ်စက္ကန့်အတွင်းမှာပဲ ကျနော်တို့ သိလာမယ်........။

ကျနော့်နာမည် မရတ်ပါ။ ကျနော့် ရှေ့မှာရှိတဲ့ ပြတင်းပေါက်ကနေ တဆင့် ကျနော် မြင်နေရတာက အဆုံးမရှိအောင် ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးပါပဲ။

မဲနယ်ရောင် ရေပြင်ကြီးက ကျနော့် မျက်နှာကို မျက်တောင်မခတ်စတမ်း ငေးကြည့်နေလေရဲ့။

***