ကလေးဧည့်သည် - မောင်ဒေး

 မောင်ဒေး



မောင်နှမ နှစ်ယောက် မြေကပ်ပင်တွေ အသွယ်သွယ် ပေါက်ရောက်နေတဲ့ သောင်ရင်းကို ဖြတ်ပြီး ကမ်းခြေဘက်  ဆင်းသွားတာကို အိမ်ပြတင်းပေါက်ကနေ မစမ်းရေ ငေးကြည့်တယ်။ အကြီးကောင်က အငယ်မရဲ့ လက်ကို ကိုင်ထားတယ်။ ဒါပေမယ့် ကမ်းခြေရဲ့ သဲပြင်နုနုပေါ်ကို ရောက်တာနဲ့ အငယ်မဟာ အကြီးကောင်ရဲ့လက်ကနေ ရုန်းထွက်ပြီး အော်ဟစ် ပြေးလွှားတော့တယ်။ အကြီးကောင်က လိုက်ဖမ်းတယ်၊ မောင်နှမ နှစ်ယောက်ရဲ့ ရယ်သံ၊ အော်ဟစ်သံတွေဟာ ကမ်းခြေဘက်က တိုက်ခတ်တဲ့ လေနဲ့အတူ မစမ်းရေဆီ ပျံ့လွင့်လာတယ်။ ကလေးနှစ်ယောက်တော့ ဆော့ကြ၊ ပျော်ကြလေပြီလို့ စိတ်ထဲမှာ ရေရွတ်ရင်း မစမ်းရေလည်း မီးဖိုပေါ် တင်ထားခဲ့တဲ့ ရေကြက်အိုး ရှိရာ နောက်ဖေးဘက်ဆီကို ဝင်လာခဲ့တယ်။ ရေကြက် ပြုတ်ထားတဲ့ အခြေအနေကို ကြည့်လိုက်တော့ အနေတော် ဖြစ်နေပြီ။ ဒါနဲ့ ရေကြက်အိုးကို ချ၊ ပြီးတော့ သံဇလုံ တစ်ခုထဲမှာ သီးသန့်ဖယ်ထားတဲ့ ရေကြက်နှစ်ကောင်ကို ယူလိုက်တယ်။ မီးသွေးမီးဖိုထဲမှာ ရှိနေသေးတဲ့ အပူရှိန်နဲ့ပဲ အဲဒီ ရေကြက်နှစ်ကောင်ကို သူကင်မယ်။ အကြီးကောင်နဲ့ အငယ်မ ဆော့ကစားပြီးလို့ ပြန်ရောက်လာရင် အဲဒီ ရေကြက်ကင်တွေကို အငမ်းမရ စားကြလိမ့်မယ်။ ရေကြက်ပြုတ်ကိုတော့ ဓါးနဲ့ အနေတော် အမြှောင်းလေးတွေ ဖြစ်အောင်လှီးပြီး သုပ်မယ်၊ ညစာအတွက်၊ ကိုရဲခေါင် ကြိုက်တဲ့အတိုင်း ရေကြက်ကို မှင်မထုတ်ပဲ ဒီအတိုင်း ပြုတ်ထားတယ်။ မီးဖိုနားက ကုလားအော်လေး ငါးတောင့်ကို ခူးပြီး အကွင်းလေးတွေ လှီး၊ ပြီးတော့ ကြက်သွန်နီနဲ့ နံနံပင်ကို နိုင်နိုင်ထည့်၊ အပေါ်ကနေ ရှောက်ရည် စမ်းပြီး သုပ်မယ်လို့ မစမ်းရေ တွေးထားတယ်။ 

ကမ်းခြေပေါ်မှာတော့ ကလေးနှစ်ယောက်က ရှေ့ကပြေး၊ ခွေးတစ်ကောင်က အနောက်ကလိုက်နဲ့၊ အော်ဟစ်မြူးထူးနေတယ်။ မစမ်းရေတို့ရဲ့ ပျဉ်ခင်း၊ ဓနိမိုး၊ ပျဉ်တစ်ဝက် ဝါးတစ်ဝက်ကာ အိမ်ကလေး တည်ရှိရာ ကမ်းခြေဟာ နှစ်မိုင်ခွဲလောက် ရှည်လျားတယ်၊ အဲဒီနှစ်မိုင်ခွဲရဲ့ တစ်ဖက်အဆုံးမှာ ကျောက်ဆောင် ထူပြောတယ်။ ကျောက်ဆောင်တွေရဲ့ အနောက်ဖက်မှာ ရွာသားတွေ ပိုင်တဲ့ အုန်းတောတချို့နဲ့ ရွာသင်္ချိုင်း ရှိတယ်။ မစမ်းရေတို့ရဲ့အိမ်က အဲဒီအုန်းတောတွေနဲ့နီးတယ်။ သင်္ချိုင်းရဲ့ အနောက်ဖက်မှာတော့ လယ်မြေ တချို့၊ အဲဒီနောက် ရွာလမ်းအစပ်ကို ရောက်တယ်၊ ပြီးတော့ ရွာဘုန်းကြီးကျောင်းရှိရာ တောင်ကုန်း။ နှစ်မိုင်ခွဲ ကမ်းခြေရဲ့ နောက်တစ်ဖက်အစွန်းမှာလည်း ကျောက်ဆောင် ပေါတယ်၊ လှိုင်းထန်တယ်။ အဲဒီနေရာမှာ ကျောက်ဆောင်တွေက နံရံတစ်ခုလို ပင်လယ်ထဲ ထိုးထွက်နေပြီး အဲဒီရဲ့အလွန်မှာ နောက်ထပ် ကမ်းခြေပြန့်တစ်ခုနဲ့ ရွာတစ်ရွာ။ ဌာနေခံတွေကတော့ ကမ်းခြေကို ချိုင် လို့ခေါ်ကြတယ်။ ရွာသားအများစုဟာ ပြည်ကြီးငါး -- ဌာနေအခေါ် ရေကြက် -- နဲ့ ငါးစစ္စလီတို့ကို ဖမ်းပြီး အသက်မွေးတယ်။ တခြား ငါးပုဇွန်၊ ဂုံးခရု၊ ရေမျောက်တို့ကို ဖမ်းသူ ထိုးသူတွေလည်းရှိတယ်။ ချိုင်ဘက် ဆင်းလိုက်တာနဲ့ ဟင်းချက်စရာရတဲ့ ရွာပါ။ ကိုရဲခေါင်လည်း ပင်လယ်ထဲ လိုက်ပြီး ရေကြက်နဲ့ ငါးစစ္စလီ ပိုက်ဆွဲတယ်။ သူ့အစ်ကိုကြီး ကိုထွန်းမြင့်ပိုင်တဲ့ စက်လှေနဲ့ လိုက်တာဖြစ်ပြီး၊ နေ့စားခ ရသလို အိမ်အတွက် ဟင်းစားလည်းရတယ်။ ဒီရက်ပိုင်းမှာတော့ လပြည့်နေ့တွေ ဖြစ်တာကြောင့် ရေကြက် မရဘူး၊ ရွာရဲ့ရေလုပ်သားတွေ ပင်လယ်ထဲ မထွက်ကြတဲ့ ရက်တွေပေါ့။ ဒါပေမယ့် အနားရတာတော့ မဟုတ်ဘူး။ တခြား အလုပ်တွေ လုပ်ကြတယ်။ ကိုရဲခေါင်က လက်သမားဆရာ ကိုညွန့်ဝင်းနဲ့ လိုက်ပြီး လက်သမားအလုပ် လိုက်လုပ်တယ်။

ကမ်းခြေပေါ်မှာ ပြေးနေတဲ့ ကလေးနှစ်ယောက်ဟာ တစ်နေရာ ရောက်တော့ ရုတ်တရက် ရပ်လိုက်တယ်။ နှာမည်းလည်း ပြေးတာကို ရပ်ပြီး အငယ်မရဲ့ ခြေထောက်ကို လာပွတ်သပ်တယ်။ နှာမည်းဟာ ဒီကမ်းခြေပေါ်မှာမှီတင်း နေထိုင်တဲ့ ခွေးတွေအနက်က တစ်ကောင် ဖြစ်တယ်။ နှာမည်းကို ဘယ်သူမှမပိုင်ဘူး၊ ဘယ်သူမှလည်း အစာကျွေးဖို့ မလိုဘူး။ သူ့ဟာသူ ကမ်းခြေပေါ်မှာ နေပြီး ကမ်းခြေပေါ်မှာပဲ အစာ ရှာစားတယ်။ ဒီနေရာက ကမ်းခြေ ခွေးအားလုံး ဒီအတိုင်းပဲ။ နှာမည်းကတော့ ကလေးနှစ်ယောက်နဲ့ ရင်းနှီးတယ်၊ ကလေးနှစ်ယောက်ချိုင် ဆင်းတိုင်း နှာမည်းနဲ့ ဆော့ကစားလေ့ ရှိတယ်။ အကြီးကောင်နဲ့ အငယ်မတို့ဟာ သဲပြင်ပေါ်မှာ ရှိနေတဲ့ ငါးတစ်ကောင်ကို စူးစမ်းကြည့်ရှု နေကြတယ်။ အငယ်မက ခါးကိုင်း ကြည့်ရတာ အားမရလို့ ဆောင့်ကြောင့် ထိုင်လိုက်တယ်၊ သူ့ရဲ့ နှာခေါင်းဝက နှာရည်ကို လက်ဖမိုးနဲ့ သုတ်တယ်။ နှာမည်းကတော့ သဲပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး ပင်လယ်ပြင်ဖက်ကို ကြည့်နေတယ်။ သဲပြင်ပေါ်က ငါးဟာ အရောင် တဖျပ်ဖျပ် တောက်ပနေတယ်၊ ဒါပေမယ့် နည်းနည်းကလေးမှ မလှုပ်တော့ဘူး၊ အကြီးကောင်က ငါးရဲ့ကိုယ်ကို လက်နဲ့ လှုပ်ကြည့်တယ်၊ လက်နဲ့လှုပ်နေတုန်းပဲ ငါးက လှုပ်တယ်။ သေနေပြီ လို့ အကြီးကောင် မှတ်ချက်ပြုတယ်။ ငါးက တစ်နှစ်အရွယ် ကလေးတစ်ယောက်လောက် ကြီးတယ်၊ ကိုယ်က ခပ်ပြားပြား ဖြစ်ပြီး၊ တစ်ကိုယ်လုံးမှာ သက်တံရောင်စုံတွေ တဖျပ်ဖျပ် လင်းနေတယ်။ ဒီငါးမျိုးကို ကလေးနှစ်ယောက် တစ်ခါမှ မမြင်ဖူးဘူး။ ငါးရဲ့ ထူးခြားမှုက သူတို့ကို ဖမ်းစားထားတယ် ဆိုပေမယ့် ဒီငါးကို ဘာလုပ်ပစ်ရမယ် ဆိုတာကိုလည်း သူတို့ မသိဘူး။ အငယ်မက စိတ်ကူးတစ်ခု ရတယ်။ သဲတွေကို ကော်တူးပြီး ငါးအပေါ်ကို ဖြူးတယ်။ အကြီးကောင်ကလည်း အငယ်မ လုပ်သလို လိုက်လုပ်တယ်။ ကလေးနှစ်ယောက် သဲတွေနဲ့ အလုပ်ရှုပ်နေလိုက်ကြတာ ငါးတစ်ကောင်လုံးကို သဲဖုံးသွားတဲ့ အထိပဲ၊ အငယ်မက သဲပုံထိပ်ဖက်ကို ကလေးခေါင်းပုံ ဖြစ်အောင် လုံးချောနေတယ်၊ ပြီးတော့ ခရုခွံချွန်ချွန် တစ်ခုနဲ့ မျက်လုံးပုံတွေ ရေးတယ်၊ နှာခေါင်းပုံ ရေးတယ်၊ ပါးစပ်ပုံ ရေးတယ်။ အကြီးကောင်က နောက်ထပ် သဲတွေကိုတူးယူပြီး သဲပုံမှာ ခြေထောက်တွေ လက်တွေကို တပ်တယ်။ ငါးကို ထည့်မြှုပ်ထားတဲ့ သဲပုံဟာ ကလေးသဏ္ဌာန်သဲပုံတစ်ခု အဖြစ် ရုပ်လုံး ပေါ်လာတယ်။

မစမ်းရေက မီးဖိုပေါ်က ရေကြက်နှစ်ကောင်ကို ဟိုဖက်လှန် ဒီဖက်လှန်နဲ့ စားလို့ အနေတော် ဖြစ်အောင် ကင်နေ တယ်။ ရေကြက်ကင်ရဲ့ အနံ့ဟာ မွှေးတက်လာပြီမို့ ခဏနေရင် ချလို့ရပြီ။ အဲဒီအခိုက်မှာပဲ မီးဖိုဖက်ဆီကို လေပြင်းတဝှေ့ ဝင်လာတယ်။ သဲမှုန်တွေ ပါလာတယ်။ ဆည်းဆာချိန် ကောင်းကင်ဟာလည်း ရုတ်ချည်းမှောင်ကျသွားပြီး လေတိုက်သံ တဝေါဝေါသာ ထွက်နေတော့တယ်။ မစမ်းရေက ကမ်းခြေဖက်လှည့်တဲ့ပြတင်းပေါက်ဆီသွားပြီး သောင်ဖက်ကို လှမ်းကြည့်တယ်။ ကမ်းခြေတစ်ခုလုံးမှာ သဲလုံးကြီးတွေ လွင့်နေတယ်၊ ခပ်လှမ်းလှမ်းက အုန်းတောတွေ ယိမ်းခါနေတယ်။ သူ့ရဲ့ ကလေးတွေကို မစမ်းရေ မြင်ရတယ် ဆိုပေမယ့် သဲမှုန်တွေနဲ့မို့ မြင်ကွင်းက မရှင်းလင်းဘူး။ ကလေးနှစ်ယောက်က လေတဝေါဝေါ ထဲမှာ ရယ်မော ပြေးလွှားနေတယ်။ သူတို့ရဲ့ အနောက်မှာ ခွေးတစ်ကောင်၊ ပြီးတော့ နောက်ထပ် ကလေးသဏ္ဌာန် တစ်ခုကို မစမ်းရေ မြင်ရတယ်။ ဘယ်သူ့ ကလေးပါလိမ့်လို့ မစမ်းရေ ရေရွတ်ပြီး ကလေးတွေကို အိမ်ဆီပြန်လာဖို့ လှမ်းအော်လိုက်တယ်။ အကြီးကောင်က မစမ်းရေဖက်ကို တစ်ချက် လှည့်ကြည့်ပြီး ဆက်ပြေးနေတယ်၊ ဒီတော့ တခြား ကလေးနှစ်ယောက်နဲ့ခွေးတို့ဟာလည်း ဆက်ပြီး ပြေးလွှားနေတယ်။ မစမ်းရေက ဟဲ့ အကြီးကောင်၊ နင် ရိုက်ခံထိချင်ဖို့လား၊ ဟဲ့အငယ်မ၊ ပြန်လာခဲ့ချေလို့ ခပ်မာမာ လှမ်းအော်တော့မှပဲ အကြီးကောင်က ပြေးတာကိုရပ်တယ်။

ကလေးနှစ်ယောက် အိမ်ရဲ့ တံစက်မြိတ်အောက် ရောက်လာတော့ သူတို့ရဲ့ အနောက်မှာ ကလေးငယ်လေး တစ် ယောက် ကပ်ပါလာတယ်။ တစ်ကိုယ်လုံး သဲတွေ ပေပွနေပြီး စွတ်စွတ်စိုနေတယ်။ ဒီကလေးကို မစမ်းရေ မမြင်ဖူးဘူး၊ ဒီရွာက ကလေး မဟုတ်တန်ဘူး၊ မောင်နှမ နှစ်ယောက်ကို မေးမြန်းကြည့်တော့ အကြီးကောင်က အဲဒါငါး လူရုပ်လေ၊ ငါးကြီးက သားတော့ တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောတယ်။ ဒီအချိန်မှာပဲ အငယ်မက ဘာတွေပြောနေတာလဲ၊ အဲဒါ ငါ့ရဲ့ မောင်လေး၊ ငါ လုပ်ထားတာ၊ ငါနဲ့ ကစားဖို့လို့ ပြန်အော်တယ်။ မောင်နှမ နှစ်ယောက်ရဲ့ စကားတွေကို မစမ်းရေ နားမလည်ဘူး၊ နားလည်စရာလည်း မလိုဘူးလေ၊ ဒီကလေးတွေ စိတ်ရူးပေါက်ပြီး ပြောနေတာတွေကို နားထောင်လို့ကတော့ ကိုယ်ပါ ရူးသွားမယ်လို့ မစမ်းရေ တစ်ယောက်တည်းရေရွတ်တယ်။ မစမ်းရေ ခန့်မှန်းရသလောက် ဒီကလေးဟာ ရွာကိုလာတဲ့ ဧည့်သည်နဲ့ ပါလာတာ ဖြစ်လိမ့်မယ်။ သူ့မိဘတွေလည်း အခုလောက်ဆို လေတဝေါဝေါထဲမှာ သူတို့ရဲ့သားကို ထွက်ရှာနေလောက်ရောပေါ့လို့ မစမ်းရေ တွေးတယ်။ ဒါနဲ့ မစမ်းရေလည်း အခြေအနေကို အကဲခတ်ဖို့အတွက် အိမ်ပေါ်က ဆင်းပြီး ကမ်းခြေအစပ်နားဆီ သွားတယ်။ ကလေးနှစ်ယောက်ကို ရေချိုးဖို့ အော်ပြောခဲ့တယ်၊ ဟိုကလေးကိုပါ ရေချိုးပေးလိုက်လို့ ထပ်အော်ခဲ့တယ်။ သို့ပေမယ့်လည်း မစမ်းရေ ထင်သလိုတော့ ဖြစ်မလာခဲ့ပါဘူး။ တအောင့်သာ ကြာသွားတယ်၊ သောင်ပေါ်မှာ ဂနာမငြိမ် လျှောက်ပြေးနေတဲ့ ခွေးတွေက လွဲပြီး တခြား ဘယ်သူမှမရှိ။ ကိုရဲခေါင် ပြန်လာမှ ရွာထဲ သွားမေးခိုင်းရမယ်လို့ တေးမှတ်ထားလိုက်ပြီး အိမ်ပေါ်ကို ပြန်တက်ခဲ့တယ်။ အကြီးကောင်နဲ့အငယ်မက ရေချိုး အဝတ်လဲပြီး မျက်နှာမှာလည်း သနပ်ခါးတွေကို ပဲကြီးအိုးမှောက် လိမ်းကျံထားတယ်။ မစမ်းရေကို တွေ့တော့ အငယ်မက အိမ်ရှေ့ကပြင်ဆီကို လက်ညှိုးထိုးပြတယ်။ ဧည့်သည်ကလေးဟာ ကပြင်ပေါ်မှာ ဆောင့်ကြောင့် ထိုင်နေတယ်၊ သူ့ရဲ့ ကိုယ်ပေါ်မှာတော့ သဲတွေက ပေကျံနေတုန်းပဲ၊ ပြီးတော့ရေတွေကလည်း သူ့ကိုယ်ပေါ်ကနေ တတောက်တောက်ကျနေတယ်။ သူ့ကို ရေလောင်းပေးတယ်၊ သဲတွေက မပြောင်သွားဘူးလို့ အကြီးကောင်ကပြောတယ်။ ဒီကလေးနှစ်ယောက်တော့ ခိုင်းတာကို မလုပ်ပဲ ငါ့ကို မလိမ့်တပတ် လုပ်နေတယ်၊ ဒီအတိုင်း ထားလိုက်ရင် အအေးပတ်ပြီး သေလိမ့်မယ်ဟဲ့လို့ ငေါက်ငမ်း ပြောဆိုရင်း မစမ်းရေကိုယ်တိုင်ပဲ ကပြင်ပေါ်က ကလေးကို ပွေ့ချီ၊ ပြီးတော့ စဉ့်အိုးအနား ခေါ်သွားပြီး ရေလောင်းပေးတယ်။ ဒီအချိန်မှာတော့ လေပြင်းလည်း ငြိမ်သက်လို့ လမင်းကလည်း ရွှန်းပစွာ ထွက်ပေါ်နေတယ်။ လရောင်အောက်မှာ ကလေးကို ရေချိုးပေးနေတဲ့ မစမ်းရေ တစ်ယောက် စိတ်တွေ ရှုပ်ထွေး ယောက်ယက်ခတ်လာတယ်။ ကလေးရဲ့ကိုယ်ပေါ်ကို ရေဘယ်လောက်ပဲ လောင်းလောင်း သဲတွေက မစင်နိုင်၊ မကုန်နိုင်အောင်ပဲ။ စဉ့်အိုးပတ်လည်မှာလည်း ကလေးကိုယ်ပေါ်ကကျတဲ့ သဲတွေနဲ့ စိုစိလို့ နေတယ်။ နောက်ဆုံးမှာတော့ စဉ့်အိုးထဲက ရေသာ ကုန်သွားတယ်၊ ကလေးရဲ့ ကိုယ်ပေါ်မှာ သဲကမစင်သေး။ သဲဟာ ကလေးရဲ့ ဒုတိယအရေပြား သဖွယ် ရှိနေတယ်။ မစမ်းရေလည်း လက်လျှော့လိုက်ပြီး ကလေးကို ကပြင်ပေါ်မှာ ပြန်တင်ထားလိုက်တယ်။ ကလေးရဲ့အောက်မှာ ဂုန်နီအိတ်ကို ခင်းပေးလိုက်တယ်။ ကလေးဆီကနေ တစက်စက်ကျနေတဲ့ ရေဟာ အိမ်အောက်က သဲမြေပေါ်  စီးသွားပြီး အိမ်တိုင်ခြေတွေမှာ သွားစုတယ်။

မစမ်းရေက ကိုရဲခေါင် ပြန်အလာကို ထိုင်စောင့်နေတုန်းမှာ အကြီးကောင်နဲ့ အငယ်မတို့က ရေကြက်ကင်တွေစားကြတယ်။ အငယ်မက ရေကြက်ကင် တစ်ဖဲ့ကို ရေကပြင်ပေါ်က ဧည့်သည်ကလေးထံ သွားပေးတယ်။ ကလေးက လှမ်းမယူပဲ ဒီအတိုင်း ငုတ်တုတ်ထိုင်ပြီး ဘေးပတ်ဝန်းကျင်ကို စူးစမ်း ကြည့်ရှုနေတယ်။ အငယ်မက ရေကြက်ကို ကလေးရဲ့အရှေ့မှာ ချထားလိုက်တယ်။ ကိုရဲခေါင် ပြန်ရောက်လာချိန်မှာ လမင်းက အတော်ကို သာထွန်းနေပြီ ဖြစ်တယ်။ သူတို့ရဲ့အိမ်အမိုးက လရောင်အောက် ဖွေးဖြူနေသလို၊ ဘေးပတ်ဝန်းကျင်က အုန်းပင်အုန်းခက်တို့ရဲ့ အနားအဖျားတွေဟာလည်း ငွေရောင် လက်ထလို့ နေတယ်။ မစမ်းရေက အိမ်တံစက်မြိတ်အောက် ရောက်လာတဲ့ ကိုရဲခေါင်ကို ကပြင်ဖက် လက်ညှိုးထိုးပြပြီး နင့်သားသမီးတွေ ခေါ်လာတာလေ၊ ဘယ်ကမှန်းလဲ မသိ၊ ဘယ်သူ့ ကလေးမှန်းလည်းမသိလို့ ပြောတယ်။ ကိုရဲခေါင်က ဟေ၊ ဘယ့်နှယ့်ဖြစ်တာတုန်းလို့ရေရွတ်ပြီး အိမ်ပေါ်ကို မတက်သေးပဲ ကလေးကို ငေးကြည့်နေတယ်။ ကိုရဲခေါင် အရက်နည်းနည်းမူးလာတယ်ဆိုတာကို မစမ်းရေ ချက်ချင်းသိလိုက်တယ်။ ကိုရဲခေါင်ဆီကနေ ချွေးနံ့နဲ့ အရက်နံ့ ရောပြီး ထွက်နေတာကိုး။ ဒီအခိုက်မှာပဲ အကြီးကောင်က အဲဒါလူ မဟုတ်ဘူး၊ ငါး၊ ငါးကနေ ထွက်လာတာ၊ အဲဒီငါးကို သားအရင်က မမြင်ဖူးဘူးလို့ အိမ်အပေါ်ဆင့်ကနေ လှမ်းပြော တယ်။ အငယ်မက ဟုတ်ပါဘူး၊ အဲဒါသမီးရဲ့ မောင်လေး၊ သမီးက သူနဲ့ဆော့မှာလို့ ဝင်ပြောတယ်။ မစမ်းရေက ကလေးနှစ်ယောက်ဘက်ကို လှည့်ပြီး၊ အရူးက မွေးထားသလားအောက်မေ့ရတယ်၊ ဒီဟာလေးတွေလို့ ငေါက်လိုက်ပါတယ်။ ပြီးတဲ့အခါကျတော့ ကိုရဲခေါင်ဘက်ကို ပြန်လှည့်ပြီး နင့်ဦးလေးလူကြီးကို သွားခေါ်ချေ၊ ဒီကလေးကိစ္စကို လာရှင်းလို့၊ ဒါက သူရှင်းပေးမှ ရမှာ၊ ရွာထဲမှာကလေးပျောက်သလားဆိုတာလဲ နည်းနည်းပါးပါး မေးမြန်းခဲ့လို့ ခိုင်းတယ်။ ကိုရဲခေါင်က အေး လို့ တစ်ခွန်းသာ ပြန်ပြောပြီး လှည့်ထွက်သွားတယ်။ အိတ် ထားခဲ့လေလို့ မစမ်းရေက လှမ်းအော်တော့ သူ လွယ်ထားတဲ့ အိတ်ကို မစမ်းရေဆီ ပြန်လာပေးတယ်။ မစမ်းရေက အိတ်ကို ဟကြည့်လိုက်တော့ ပုလင်းပြားတစ်လုံးကို တွေ့ရတယ်။ ပြီးတော့ ဦးထုပ်တစ်လုံးရယ်၊ ဆေးပေါ့လိပ် တစ်ထုပ်ရယ်၊ ပေကြိုးဘူး တစ်ခုရယ် တွေ့ရတယ်၊ ပိုက်ဆံလိပ်ကလေးက အရက်ပုလင်းအောက်မှာ ပိနေတယ်။ ပိုက်ဆံလိပ်ကလေးနဲ့ အရက်ပုလင်းကို မစမ်းရေ ထုတ်ယူထားလိုက်တယ်။ အိတ်ကို နံရံက သံချိတ်မှာ ထချိတ်လိုက်တယ်။ ပြီးနောက် မီးဖိုထဲကို ဝင်သွားပြီး အသင့်ပြင်ထားတဲ့ ငရုတ်သီး၊ ကြက်သွန်စတာတွေကို လှီးဖြတ်၊ ရေကြက်ကိုလည်း လိုချင်တဲ့ အမြှောင်းကလေးတွေ ဖြစ်အောင် လှီး၊ အပေါ်ကနေ ရှောက်ရည်စမ်းပြီး နယ်ဖတ်လိုက်တယ်။ နောက်ဆုံးကျမှ နံနံပင်တွေကို အပင်လိုက်၊ အထွေးလိုက် အပေါ်ကနေ တင်လိုက်တယ်။ 

တအောင့်နေတော့ ကိုရဲခေါင်ရယ်၊ ရွာအုပ်ချုပ်ရေးမှူးရယ်၊ ကိုကျောက်ခဲရယ် ရောက်လာတယ်။ ကိုရဲခေါင်က လူကြီးရဲ့အိမ်ကို ရောက်သွားတော့ လူကြီးအိမ်မှာ ကိုကျောက်ခဲက ရောက်နေတယ်။ အဲဒါနဲ့ ဖြစ်ကြောင်းကုန်စင် ပြောကြပြီး ဒီကို လိုက်လာခဲ့ကြတာ ဖြစ်တယ်။ လူကြီးက ကိုရဲခေါင်ရဲ့ ဦးလေးဆိုပေမယ့် နည်းနည်းတော့ ဝေးတယ်။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ သူ့အဖေနဲ့မှ ညီအစ်ကို နှစ်ဝမ်းကွဲ တော်တာဆိုတော့ အဝေးသားပေါ့။ ဒါပေမယ့် တစ်ရွာတည်း နေကြတာဆိုတော့ အမျိုးတော်စပ်တယ်ဆိုတဲ့ အသိနဲ့ သဘောတရားက အမြဲ ရှင်သန်နေတယ်။ ရွာကို ဧည့်သည်တွေ လာတဲ့အခါ တစ်ရွာလုံး အမျိုးတွေချည်းပါပဲလို့ ဂုဏ်ယူ ပြောဆို မိတ်ဆက်တတ်တဲ့ အကျင့်ကလေးတောင် တချို့ ရွာသားတွေမှာ ရှိတတ်ကြတယ်။ ဓာတ်မီး တဝင်းဝင်းနဲ့ သူတို့ရောက်လာကြပြီး ကလေးကို ကြည့်ကြတယ်။ ဒီကလေးက ငါလည်း မမြင်ဖူးဘူးဟ၊ လတ်တလောက ရွာမှာဧည့်သည်လည်း ရှိတာမဟုတ်၊ အရှေ့ဘက်က လာလည်တဲ့ မတင်ဝင်းရဲ့တူမ မိသားစုကလည်း မနေ့ကပဲ ပြန်သွားကြပြီလို့ လူကြီးကပြောတယ်။ ဒါဖြင့်ရင် ရဲစခန်းကိုတော့ အကြောင်းကြားမှ ဖြစ်မယ်ထင်တယ်လို့ ကိုကျောက်ခဲက ဝင်ပြောတယ်။ လူကြီးက အေး၊ သူရို့ကို ဖုန်းဆက်ရမယ်လို့ ပြောပြီး သူ့ရဲ့ လက်ကိုင်ဖုန်းလေးနဲ့ဖုန်းခေါ်ပါတယ်။ ရဲစခန်းက ချောင်းဟိုဖက်က သိမ်တော်ကြီး ရွာမှာ တည်ရှိတယ်။ သိမ်တော်ကြီးကအုပ်စုရွာကြီးဖြစ်ပြီး ၎င်းရဲ့အုပ်စုထဲမှာ မစမ်းရေတို့ ရွာအပါအဝင် ရွာ (၈) ရွာရှိတယ်။ လူကြီး ဖုန်းပြောနေချိန်မှာ ကိုကျောက်ခဲနဲ့ ကိုရဲခေါင်က ကပြင်ပေါ်က ကလေးကို စူးစမ်း ကြည့်ရှုကြတယ်။ ကလေးက တစ်ခုခု တုန့်ပြန်လာအောင် လုပ်ကြည့်ကြပေမယ့် ကလေးက ဘာမှမတုန့်ပြန်ပဲ သူတို့နှစ်ယောက်ကို ပြန်ငေးကြည့်နေတယ်။ ကိုကျောက်ခဲဟာ ကလေးကိုတစ်လှည့်၊ ကလေးရဲ့အောက်မှာ စိုရွှဲနေတဲ့ ဂုန်နီခင်းကို တစ်လှည့် ကြည့်ပြီး ဘယ်လိုဟာတုန်းလို့ ညည်းတွားတယ်။ ကလေးက ဆွံ့အနေတာများလားလို့ ကိုရဲခေါင်က ရေရွတ်တယ်။ ဒီအခိုက် လူကြီးက ဖုန်းကို သူ့အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီး၊ ဒီညတော့ ကလေးကို မင်းတို့ပဲ ခေါ်ထားချေတော့၊ မနက်ဖြန်ကျ စခန်းက ရဲတွေ လာလိမ့်မယ်၊ ဒီညတော့ နဘူးသာချိုင်မှာ ဓါးထိုးမှု ဖြစ်လို့တဲ့ အဲဒီကို အကုန်ရောက်နေကြတယ်လို့ ပြောတယ်။ အဲဒီနောက် ကလေးကို ကြည့်ပြီး ဟဲ့စမ်းရေ၊ ကလေးကို ရေလေးဘာလေးသုတ်ပေးမှပေါ့ကွယ်လို့ ပြောတယ်။ ဒီအခါ မစမ်းရေက နောက်ဖေးဘက်ကို ဝင်သွားပြီး ဂုန်နီစ နှစ်ခုကို ကိုင်ကာ ပြန်ထွက်လာတယ်။ ညာဘက်လက်နဲ့ ကိုင်ထားတဲ့ဂုန်နီစက ရေတွေ ရွှဲနစ်လို့ နေတယ်။ ဒီမှာ ကြည့်ဦး၊ ဦးလေးရေ၊ ဦးလေးတို့ မလာခင်မှာ တစ်ခု လဲပေးထားပြီးသား၊ အခု နောက်တစ်ခု လဲပေးရတော့မယ်၊ ဒီလိုသာတစ်ညလုံးလုပ်နေရရင် အိမ်မှာ ရှိသမျှ ဂုန်နီစတွေ၊ အဝတ်စတွေတော့ ကုန်ပြီပေါ့လို့ ညည်းညူ ပြောဆိုတယ်။ ဘယ်လိုပဲ လုပ်လုပ်မရပါဘူး၊ သူ့ဆီက ရေတွေ ကျနေဦးမှာပဲလို့ အကြီးကောင်က ဝင်ပြောတယ်။

Illustration: Theè Oo Thazin

အုပ်ချုပ်ရေးမှူးနဲ့ ကိုကျောက်ခဲတို့ ပြန်သွားကြပြီးနောက် မစမ်းရေတို့ ညစာစားကြတယ်။ ဧည့်သည် ကလေးကိုလည်း ကျွေးဖို့ ကိုရဲခေါင်က ပြောတော့ အငယ်မက ကလေးရဲ့ အရှေ့မှာ သူချထားခဲ့တဲ့ ရေကြက်ကင်ကိုလက်ညှိုးထိုးပြပြီး သူမစားဘူးလို့ ပြောတယ်။ ကိုရဲခေါင်က ပန်းကန်ပြားတစ်ချပ်နဲ့ ဖန်ခွက်တစ်ခွက်ကို ယူပြီး ပန်းကန်ထဲကို ရေကြက်သုပ်နည်းနည်းနဲ့ ထမင်းနည်းနည်းထည့်၊ ဖန်ခွက်ထဲကို ရေ အပြည့် ထည့်ကာ ကလေးရဲ့အရှေ့မှာ သွားချထားလိုက်တယ်။ သူ စားချင်တဲ့အခါ စားလိမ့်မယ်လို့ ရေရွတ်တယ်။ ညစာစားပြီးတဲ့နောက် သူတို့မိသားစု အိမ်ကြမ်းပြင်မှာ ဝိုင်းထိုင်ပြီး ရေနွေးကြမ်း သောက်ကြတယ်၊ မစမ်းရေက သူဝယ်ထားတဲ့ အိတုံမုန့်ကို အနေတော် အတုံးလေးတွေ ဖြစ်အောင် ကတ်ကြေးနဲ့ ညှပ်ပြီး ပန်းကန်ပြားတစ်ခုထဲ ထည့်ပေးတယ်။ အကြီးကောင်နဲ့ အငယ်မက အိတုံမုန့်တွေကို နှိုက်ယူ စားကြတော့တယ်။ မစမ်းရေက အိမ်ရှေ့ ခပ်လှမ်းလှမ်းဆီက ငါးအကင်စင်တွေပေါ် ကျရောက်နေတဲ့ လရောင်ဖွေးဖွေးကို ကြည့်ရင်း ဒီည လသာချက်တော်လို့ မှတ်ချက်ပြုတယ်။ ကိုရဲခေါင်က ကိုင်ထားတဲ့ ရေနွေးကြမ်းပန်းကန်ကို ချ၊ ထိုင်ရာကနေ ငေါက်ကနဲထပြီး လွယ်အိတ်ဆီကို သွားတယ်၊ လွယ်အိတ်ထဲကို လက်နဲ့ နှိုက်ပြီး စမ်းတယ်၊ ပြီးတော့ အခြေအနေမှန်ကို နားလည်သွားပြီး မစမ်းရေ အနားကို ပြန်လာထိုင်တယ်။ အငယ်မက ကိုရဲခေါင်ရဲ့ ပေါင်ပေါ်မှာ ခေါင်းတင်ပြီး လှဲတယ်။ မစမ်းရေက ကိုရဲခေါင်ကို လှမ်းကြည့်နေတယ်။ နင် ဘာရှာနေတာလဲ ဆိုတာ ငါသိတယ်နော်၊ တစ်နေ့ တစ်နေ့ သောက်လို့ မဝနိုင်ဘူးလို့ ငေါက်တယ်။ ကိုရဲခေါင်က အေးပါ၊ ဒီည မသောက်တော့ပါဘူးလို့ ရယ်ကျဲကျဲနဲ့ ပြောရင်း သူ့အရှေ့က ရေနွေးခွက်ကို ကောက်ကိုင် လိုက်ပါတယ်။ သောက်စရာလား၊ နင်သောက်လာခဲ့ပြီးသား မဟုတ်လားလို့ မစမ်းရေက ထပ်ပြီး အငေါ်တူးတော့ ကိုရဲခေါင်က မိပုတို့ကတော့ လုပ်ပြီလို့ စနောက်တယ်။ မစမ်းရေက ခပ်ပုပုခပ်ပြတ်ပြတ်ကလေးမို့ ကိုရဲခေါင်က မိပုလို့ နောက်ခေါ်လေ့ရှိပါတယ်။ ညအချိန်က တရွေ့ရွေ့ ကုန်ဆုံးလာသလို လမင်းရဲ့ အလင်းရောင်ကလည်း ပိုလို့သာ ထိန်ဝင်းလာတယ်။ အငယ်မက ကိုရဲခေါင်ရဲ့ ပေါင်ပေါ် ခေါင်းတင်ပြီး အိပ်ပျော်နေပြီ။ အကြီးကောင်ကလည်း မစမ်းရေရဲ့ အနားမှာ လဲလျောင်းကာ ကပြင်ပေါ်က ဧည့်သည်ကလေးကို အိပ်ချင်မူးတူး မျက်လုံးအစုံနဲ့ ငေးကြည့်နေတယ်။ အိပ်ရာဝင်ခါနီးတော့ မစမ်းရေက ဧည့်သည်ကလေးရဲ့ကိုယ်ပေါ်ကို စောင်ကြမ်းလေးတစ်ထည် ရုံလွှားပေးတယ်။ စိုလည်းစိုပစေတော့လို့ သူနှုတ်ခမ်းကနေ ရေရွတ်တယ်။

၀၀၀

နောက်နေ့မနက်မှာ မစမ်းရေတို့ မိသားစုတတွေ ထမင်းကြော်နဲ့ ငါးခြောက်ကို ဝိုင်းစားကြတော့ ဧည့်သည်ကလေးကို အရင်နေ့ကအတိုင်း တွေ့ရတယ်၊ ရွှဲစိုနေဆဲ ဖြစ်တဲ့ သူ့ရဲ့ခန္ဓာကိုယ်ဟာ အိမ်ရှေ့ ကပြင်ပေါ်မှာ ငုတ်တုတ်ကလေး ရှိနေတယ်၊ မစမ်းရေ ရုံလွှားပေးခဲ့တဲ့ စောင်ကြမ်းလေးက သူ့ရဲ့ဘေးမှာ ပုံလျက်သား၊ ဧည့်သည်ကလေး ကိုယ်တိုင် ဘေးမှာ ပုံထားခဲ့ဟန် တူတယ်။ စောင်တစ်ထည်လုံး ကတော့ ရေတွေ ရွှဲနစ်နေတယ်။ အဲဒီနေ့က ဘုန်းကြီးကျောင်းမှာ အလှူတစ်ခု အတွက် ချက်ပြုတ် လုပ်ကိုင်စရာတွေ ရှိတာမို့ မစမ်းရေ သွားကူလုပ်ရမယ်။ ကိုရဲခေါင်က ထမင်းကြော် စားပြီးတာနဲ့တစ်ပြိုင်နက် သူ့ရဲ့ အိတ်ကိုယူပြီး အိမ်ဆောက်နေတဲ့ဆီ ထွက်သွားတော့တယ်။ ဟဲ့ အကြီးကောင်နဲ့ အငယ်မ၊ အမေ ဒီနေ့ဘုန်းကြီးကျောင်းမှာ တစ်နေ့လုံး ရှိမယ်၊ ထမင်းစားချိန်ကျ ကျောင်းဘက်ကို လာခဲ့ကြ၊ ဟိုမှာ ထမင်းစားကြမယ်လို့ ပြောပြီး အိမ်ပေါ်ကနေ ဆင်းလိုက်တယ်။ ဒီအခါ သူတို့ရဲ့ အိမ်အောက်မှာ မနေ့ကထက်တောင် များပြားတဲ့ ရေတွေ အိုင်ထွန်းနေတာကို တွေ့လိုက်ရတယ်။ ရေတွေက အိမ်တိုင်တွေ ရှိတဲ့ နေရာမှာ အများဆုံး သွားစုနေတယ်။ အမေရေ၊ ဘုန်းကြီးကျောင်းလာရင် သူ့ကိုကော ခေါ်လာခဲ့ရမလားလို့ အကြီးကောင်က လှမ်းမေးတယ်။ မစမ်းရေလည်း ကပြင်ပေါ်က ကလေးကိုတစ်လှည့် အိမ်အောက်က ရေတွေကို တစ်လှည့် ကြည့်ပြီး၊ ခေါ်မလာနဲ့၊ ခေါ်လာလည်း သူ ထမင်းစားမှာမဟုတ်ဘူး၊ ကျောင်းမှာကလည်း လူစုံနေမှာ ဆိုတော့ ခေါ်မလာတာပဲ ကောင်းတယ်၊ ရွာလူကြီးနဲ့ ရဲတွေတော့ ဒီနေ့ လာကြမယ် ထင်တယ်၊ တကယ်လို့ သူရို့ ရောက်လာရင် နင်တို့အဖေကို ဦးကျော်အောင်တို့ အိမ်မှာ သွားခေါ်၊ သူရို့ အဲဒီမှာ အိမ်ဆောက်နေကြတယ်၊ ပြီးတော့ မနေ့ကလို လေပြင်းကျလာရင် အိမ်ထဲ ဝင်နေကြနော်လို့ပြောပြီး ထွက်သွားတော့တယ်။ မစမ်းရေ ထွက်သွားပြီးနောက် အကြီးကောင်နဲ့ အငယ်မလည်း ဘောလုံးကို ယူပြီး ကမ်းခြေဘက်ကို ဆင်းဆော့ဖို့ ပြင်တယ်။ အငယ်မက ကပြင်ပေါ်က ကလေးကို လက်ပေးလိုက်တော့ ကောင်လေးက အငယ်မရဲ့လက်ကို လှမ်းကိုင်တယ်။ အဲဒီနောက် သူတို့ သုံးယောက်သား ကမ်းခြေကိုဆင်းလို့ပြေးလွှားဆော့ကစားကြပါတယ်။

အဲဒီနေ့က နေ့လည် ထမင်းစားချိန် ကျော်သည်အထိ ရဲတွေ ရောက်မလာခဲ့တာမို့ မစမ်းရေလည်း ကလေးတွေကို ဘုန်းကြီးကျောင်းမှာ ထမင်းကျွေးပြီးတဲ့နောက် လူကြီးအိမ်ဘက်ကို ထွက်လာခဲ့တယ်။ ကလေးနှစ်ယောက်ကတော့ အိမ်ကို သူတို့ဘာသာ ပြန်သွားကြတယ်။ ရွာလူကြီးရဲ့ အပြောအရတော့ ဒီနေ့ ညနေစောင်းချိန် ရောက်မှပဲ ရဲတွေ ရောက်လာနိုင်မယ်တဲ့။ ဒီကိစ္စကို အမြန်ဆုံးသာ ရှင်းပေးစမ်းပါ၊ ဦးလေးရေ၊ နို့မို့ ကျွန်မလည်း ဘာမှမလုပ်တတ်ဘူးလို့ မစမ်းရေက လူကြီးရဲ့ အိမ်အဝကနေ အော်ပြီး ဘုန်းကြီးကျောင်းကို ပြန်သွားခဲ့တယ်။  ဘုန်းကြီးကျောင်းအလှူမှာ တစ်နေကုန် လုပ်ကိုင်ပေးရမှာ ဆိုတော့ မစမ်းရေအနေနဲ့ အိမ်အတွက်ကလည်းစိတ်ကောင်းကောင်းမဖြောင့်နိုင်၊ ကလေးရဲ့ ထူးခြားတဲ့ ပုံစံကြောင့်လည်း နားမလည်နိုင် ဖြစ်ရသလို စိတ်လည်းရှုပ်နေမိတယ်။ မစမ်းရေ တစ်ခု သတိပြုမိတယ်၊ ဒီနေ့ တစ်နေ့လုံး စိတ်နဲ့ လူနဲ့ မကပ်ဘူး ဆိုတာလို ဖြစ်နေတယ်။ သူ့ရဲ့စိတ်ဟာ လေးလေးလံလံကြီး ဖြစ်ပြီး အတွေးကလည်းပေါင်းစုံ ဝင်နေတော့တယ်။ ငါ့စိတ်တွေဘယ်လိုဖြစ်မှန်းမသိဘူး ဟယ်၊ ဝမ်းနည်းသလိုလို၊ ငိုချင်သလိုလိုကြီးလို့ မစမ်းရေက ငှက်ကြီးတောင်ညွန့်တွေကိုချိုးရင်း သူ့ဘေးက မစိုးလေးကို ပြောမိတဲ့အထိပဲ။ နင် ကိုယ်ဝန်ရနေတာတော့ မဟုတ်ပါဘူးနော်လို့ မစိုးလေးက မေးတော့ ကြံကြံဖန်ဖန် ဟယ်၊ ဘယ်ကသာလို့ မစမ်းရေက ပြန်ဖြေတယ်။

ညနေအချိန်ကိုရောက်လာတယ်။ မစမ်းရေ အိမ်ပြန်ရောက်တော့ ချိုင်ဘက်ကို တန်းပြီးသွားခဲ့တယ်၊ ကလေးတွေ ချိုင်မှာပဲ ရှိနေကြမယ် ဆိုတာကို သူ သိနှင့်နေပြီးသား။ သဲပြင်ပေါ်မှာ အကြီးကောင်နဲ့ အငယ်မကို နှာမည်းနဲ့အတူ တွေ့ရတယ်။ ဟဲ့၊ ဟိုကလေးရောလို့ မစမ်းရေက မေးလိုက်တော့ အငယ်မက ပင်လယ်ဘက်ကို လက်ညှိုးထိုးပြတယ်။ မစမ်းရေ ရင်ထဲ ထိတ်ကနဲ ဖြစ်သွားတယ်၊ ပြီးတော့ စိုးရိမ်စိတ်တွေ တလိပ်လိပ် တက်လာပြီး အသားတွေ ထူပူလာတယ်။ ရေနစ်သေပြီလား မသိဘူး၊ ဒုက္ခပါပဲလို့ အော်မြည်ရင်း ရေစပ်ဆီ ပြေးသွားတယ်။ ရေထဲမှာ ဘယ်သူမှ ရှိမနေပါ။ ခြေသလုံး တစ်ဝက်လောက် ရေမြုပ်တဲ့ နေရာဆီရောက်တော့ မစမ်းရေရဲ့အရှေ့တည့်တည့်ကနေ ခေါင်းတစ်လုံး ပေါ်လာတယ်၊ ပြီးတော့ ဖြေးဖြေးချင်းဆိုသလို ဧည့်သည်ကလေးပေါ်လာတယ်။ မစမ်းရေက ဟဲ့၊ ပြန်လာခဲ့တော့လို့ အော်ပြီး လက်ကမ်းပေးတယ်။ ကလေးက မစမ်းရေ အနားလျှောက်လာပြီး မစမ်းရေရဲ့ လက်ကို လှမ်းဆွဲပါတယ်။

ညနေ ၆ နာရီလောက်မှာ မစမ်းရေတို့ သားအမိတွေ အိမ်ပေါ် ထိုင်နေတုန်း -- ဧည့်သည်ကလေးကတော့ အိမ်ရှေ့ ကပြင်ပေါ်မှာပဲ မစမ်းရေ အသစ်လဲပေးထားတဲ့ အခင်းပေါ် ထိုင်နေတယ် -- ကိုရဲခေါင်ရယ်၊ အုပ်ချုပ်ရေးမှူးရယ်၊ ကိုကျောက်ခဲရယ်၊ ရဲနှစ်ယောက်ရယ် ရောက်လာကြတယ်။ ငါကလည်း အိမ်ပြန်အလာ သူရို့ကို လမ်းမှာတွေ့တာနဲ့ တစ်ပါတည်း ခေါ်လာခဲ့တာဟေ့လို့ ကိုရဲခေါင်က အော်ပြီး လာတယ်။ ငါတို့ကလည်း နင်တို့ဘက်ပဲ လာတာပါကွယ်လို့ လူကြီးက ပြောတယ်။ အိမ်ရှေ့ကို ရောက်တော့ ကိုရဲခေါင်က ဟဲ့၊ ရေတွေ မနည်းပါလားလို့ သူ့ရဲ့ ခြေကျင်းဝတ် မြုပ်တဲ့အထိ ရှိနေတဲ့ ရေတွေကို ငုံ့ကြည့်ရင်း ပြောတယ်။ လူကြီးက နင်တို့မြေကြီးကရေစိမ့် ထွက်တယ်နဲ့ တူတယ်လို့ မှတ်ချက်ပြုတယ်။ ဒီအခါ မစမ်းရေက ဦးလေးရေ၊ အရင်က တစ်သက်လုံး ရေမထွက်ပါဘူးတော်၊ အဲဒါ မြေကြီးက ထွက်တဲ့ရေ မဟုတ်ဘူး၊ ဟိုကလေးဆီက ထွက်တာလို့ပြောပြီး ဓါတ်ဘူးထဲက ရေနွေးအဖြူကို ရေနွေးအိုးထဲ လောင်းထည့်၊ ပြီးတဲ့နောက် လက်ဖက်ခြောက်များများ ထည့်ခတ်လိုက်တယ်။ ဟဲ့ မိစမ်းရေ၊ နင်လည်း နင့် ကလေးတွေလိုပဲ ပေါက်တတ်ကရတွေ ပြောဖို့လား၊ မြေကြီးဆိုတာကတော့ ဒီလိုပဲ စိမ့်ရေစမ်းရေကြောမိလို့ ရေ စိမ့်ထွက်တာမျိုး ရှိတတ်ပါတယ်ကွယ်လို့ ပြန်ပြောရင်း အိမ်ပေါ်ကို တက်လာတယ်။ အဲဒါတော့မသိဘူး ဦးလေးရေ၊ အခုအိမ်တိုင်တွေက မြေကြီးထဲ နည်းနည်း နိမ့်ဝင်နေပြီလို့ မစမ်းရေက ပြန်ပြောလိုက်တယ်။

ရဲနှစ်ယောက်က အိမ်ရှေ့မှာ တင်ပြင်လွှဲထိုင်ပြီး ကိုရဲခေါင် ငှဲ့ပေးတဲ့ ရေနွေးခွက်တွေကို လှမ်းယူကြတယ်။ လူကြီးက ရေနွေးပူပူကို တစ်ကျိုက် မော့သောက်ပြီး ခွက်ကို ကြမ်းပြင်ပေါ် ချထားလိုက်တယ်၊ ဒီက တာဝန်ရှိသူတွေကပဲ ရှင်းပြလိမ့်မယ်လို့ သူပြောတယ်။ ကျွန်တော်တို့ စုံစမ်းရသလောက်တော့ ကလေးပျောက်တွေ ဘာတွေ တိုင်တန်းထားတာ မရှိဘူး။ ကျွန်တော်တို့လည်း မတွေးတတ် ဖြစ်နေတယ်။ တမင် လာပစ်သွားတာ များလားပေါ့။ မြို့နယ်စခန်းကိုတော့ အကြောင်းကြားထားတယ်၊ ဘာဆက်လုပ်ရမလဲပေါ့လို့ ရဲတစ်ယောက်က ပြောတယ်။ မြို့နယ်ကရော ဘာများ ပြောသေးလဲဗျ၊ သူရို့ဆီမှာကော လူပျောက်တိုင်ထားတာများ မရှိဘူးလားလို့  ကိုကျောက်ခဲက ဆေးပေါ့လိပ်ဖင်ကို ကြမ်းပြင်မှာ တတောက်တောက် ရိုက်ရင်း ပြောတယ်။ သူတို့လည်း ဘာမှမသိရသေးဘူး ပြောတယ်ဗျ၊ အခုမှ စုံစမ်းရမှာတဲ့၊ တချို့ကျတော့လည်း စခန်း မလာပဲ ကိုယ့်ဟာကိုယ် ရှာတာမျိုး လုပ်ချင်လုပ်ကြလိမ့်မယ်၊ အဲသလိုဆိုရင် ပိုခက်သွားနိုင်တာပေါ့၊ ဒါပေမယ့် အခုတော့ သတင်းကို စဖြန့်နေပြီဆိုတော့ မကြာခင် အဖြစ်မှန် ပေါ်လာပါလိမ့်မယ်လို့ စောစောက ရဲကပဲ ပြန်ပြောတယ်။ ဒီအခိုက် လူကြီးက ဝင်ပြောတယ်၊ အေး၊ အဲဒါ ဒီတစ်ညတော့ နင်တို့ပဲ ကလေးကို ခေါ်ထားပေးဦး။ မစမ်းရေနဲ့ ကိုရဲခေါင်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်။ အကြီးကောင်က ဧည့်သည့်ကလေးအနားမှာ သူ့ရဲ့ အရုပ်သေနတ်နဲ့ ဆော့နေပြီး အငယ်မကတော့ အိမ်ထောင့် နတ်စင်အောက်မှာ သူ ကနေ့ ကောက်လာတဲ့ ခရုခွံတွေနဲ့ အလုပ်ရှုပ်နေတယ်။ သူ့ရဲ့ ဘေးပတ်ပတ်လည်မှာ ခရုခွံ အပုံကလေးတွေ စီစီရီရီ ရှိနေကြတယ်။ ဘယ်တတ်နိုင်မလဲ ဦးလေးရေ၊ ဒီတစ်ည ဆက်ခေါ်ထားရုံပေါ့၊ အခုလို အခြေအနေမျိုးမှာ ကျွန်မလည်း သူ့ရဲ့ မိဘအရင်းတွေကိုကိုယ်ချင်းစာမိပါတယ်၊ သူရို့ ဘယ်လောက်တောင် စိတ်သောက ရောက်နေရှာမလဲလို့ မစမ်းရေကပြောတယ်။ ဟုတ်ပါတယ်၊ ဒီတစ်ညတော့ ရှိပါစေတော့၊ သူ့ခမျာ ဆွံ့အနေတဲ့ ကလေးများလားတောင် မသိ၊ တစ်ခုခု ချို့ယွင်းနေရှာတာမျိုး ဖြစ်ချင် ဖြစ်နေမှာဗျ၊ ကျွန်တော်တို့နဲ့ ရှိနေချိန်မှာ တစ်ခုခုဖြစ်မှာတော့ စိုးတယ်လို့ ကိုရဲခေါင်က ဝင်ပြောတယ်။ အေးပါ၊ မနက်ဖြန်ကျတော့ သူ့မိဘရင်း တွေ့သည် ဖြစ်စေ၊ မတွေ့သည် ဖြစ်စေ၊ သူ့ကိုတခြားနေရာမှာ ထားဖို့ စီစဉ်ရမှာပေါ့၊ ရဲစခန်းကျတော့လည်း ကလေးနဲ့ မတော်ဘူးလေကွယ်၊ ဒီအတွက်တော့ ပူမနေကြနဲ့လို့ လူကြီးက ဖြေသိမ့်ပြောဆိုပါတယ်။

လူကြီးနဲ့အဖွဲ့ ပြန်သွားကြတော့ မစမ်းရေတို့ မိသားစု ထမင်းစားတယ်။ အကြီးကောင်နဲ့ အငယ်မတို့က ရွာထဲမှာ တီဗီ သွားကြည့်ချင်တယ်လို့ ပူဆာတဲ့အခါ မစမ်းရေက ခွင့်မပြုချင်။ သူ့စိတ်ထဲမှာ မကြည်မလင် ဖြစ်နေရာက စိတ်တိုချင်သလိုလို၊ စိတ်ဆတ်ချင်သလိုလိုပါ ဖြစ်နေတယ်။ ဒါပေမယ့် ကိုရဲခေါင်က ကလေးတွေကို သွားခွင့်ပြုလိုက်တယ်။ ကြည့်ပြီးတာနဲ့ အိမ်ကို တန်းပြန်လာကြဖို့၊ ဓါတ်မီး ယူသွားဖို့ သတိပေးတယ်။ ကလေးတွေထွက်သွားပြီးတဲ့နောက် မစမ်းရေနဲ့ ကိုရဲခေါင်တို့ အိမ်ရှေ့ တံစက်မြိတ်အောက်မှာ ထိုင်ပြီး ရေနွေးကြမ်းသောက်ကြတယ်။ ကိုရဲခေါင်က သူဖွာနေကျ မကျင်ညွန့် ဆေးပေါ့လိပ် တစ်လိပ်ကို မီးတို့ပြီး အားရပါးရ ဖွာရှိုက်တယ်။ မစမ်းရေကတော့ လမင်း ထိန်ထိန်သာနေတဲ့ ကောင်းကင်ကို ငေးကြည့်နေတယ်။ သူတို့နှစ်ယောက်စလုံး စကားမပြောဖြစ်ကြပဲ တိတ်တဆိတ်သာ ထိုင်နေကြတယ်။ ကိုရဲခေါင်က ကပြင်ဘက်ဆီကို လှမ်းကြည့်လိုက်တော့ ကလေးငယ်ဟာ သူထိုင်နေကျ ပုံစံအတိုင်း ငုတ်တုပ်ထိုင်ပြီး ကိုရဲခေါင်တို့ဆီကို လှမ်းငေးကြည့်နေတယ်။ မစမ်းရေဆီကနေ သက်ပြင်းချသံ တစ်ခု လေးပင်စွာ ထွက်ပေါ်လာတယ်။ ဟဲ့၊ ကလေးကိစ္စ စိတ်ပူနေတာလားလို့ ကိုရဲခေါင်က မေးတယ်။ ကလေးကိစ္စကြောင့်လား၊ ဘာလားတော့ မသိဘူး၊ ငါ့စိတ်တွေ ဘောင်ဘင်ခတ်နေတယ်လို့ မစမ်းရေက ပြန်ပြောတယ်။ ကိုရဲခေါင်က ဘာမှမပြောပဲ မစမ်းရေရဲ့ မျက်နှာကိုပဲ ငေးကြည့်နေတယ်။ မစမ်းရေက ဆက်ပြောတယ်၊ ငါ တစ်ခုတွေးမိတယ် သိလား၊ ငါ့ တစ်သက်နဲ့တစ်ကိုယ် ခရီးဝေးဝေး ငါမသွားဖူးဘူး၊ ဒီရွာနဲ့ အနီးတစ်ဝိုက်က လွဲပြီး ဘယ်နေရာမျိုးကိုမှ ငါမရောက်ဖူးဘူး၊ ဒီနေ့တော့ ငါ့ရဲ့စိတ်ထဲမှာ တစ်မျိုးကြီးပဲ၊ ငါ့ရဲ့ စိတ်ဟာ ဒီနေရာမှာ ရှိမနေတော့သလိုပဲ၊ စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ၊ ငါ့ရဲ့စိတ်က ငါမရောက်ဖူးတဲ့အဝေးတစ်နေရာဆီကိုပဲ မှန်းဆ တွေးတောနေမိတယ်၊ ခက်လိုက်တာဟာ၊ ပြီးတော့ ငါလေ ဝမ်းနည်းစိတ်တွေလည်း မနည်း ဖြစ်မိတယ်၊ ဒီလို နင့်နင့်နဲနဲ ပူဆွေးတာမျိုးကို ငါ့ တစ်သက်တစ်ခါမှ မခံစားခဲ့ဖူးသလိုပဲ၊ အမေ ဆုံးတုန်းကလည်း ဝမ်းနည်းတာပဲ၊ ဒါပေမယ့် ဒီလိုမျိုး မဟုတ်ဘူး၊ အခုဟာက ဘယ်လိုကြီးမှန်းကို မသိဘူး။ မစမ်းရေ စကားဆုံးတော့ ကိုရဲခေါင်က ဆေးလိပ်ငွေ့တွေကို ဖူးကနဲ မှုတ်ထုတ်လိုက်တယ်။ အေးပါ မိပုရယ်၊ သီတင်းကျွတ်ကျ အရှေ့ဘက် တက်ပြီး ဇာတ်လေးဘာ လေးကြည့်၊ စျေးလေးဘာလေးဝယ်ကြတာပေါ့လို့ နှစ်သိမ့်တယ်။ ဒီအခိုက်မှာပဲ မစမ်းရေဆီကနေ တရှုံ့ရှုံ့ငိုသံ ထွက်ပေါ်လာတယ်။

ကလေးနှစ်ယောက် ပြန်လာတော့ ည ၁၀ နာရီကျော်ပြီ။ အကြီးကောင်ရဲ့ လက်ထဲက ဓါတ်မီး အလင်းရောင်ကို ခပ်ဝေးဝေးကတည်းက ကိုရဲခေါင် မြင်ရတယ်။ ကလေးနှစ်ယောက် အိမ်ပေါ်ရောက်တော့ သူတို့ရဲ့ အမေကို မေးတယ်။ မစမ်းရေက အိပ်ရာထဲ ရောက်နှင့်နေပြီ။ သမီးတို့အမေ အိပ်နှင့်ပြီ၊ သူ နေသိပ်မကောင်းဘူးလို့ ကိုရဲခေါင်က ပြန်ဖြေတယ်။ ကလေးတွေရဲ့ ခြေထောက်တွေကနေ ရေတွေ တတောက်တောက်ကျနေလို့ ကိုရဲခေါင် ကိုယ်တိုင် ပုဆိုးဟောင်းတစ်ခုကိုယူပြီး ကလေးတွေရဲ့ ခြေထောက်တွေကို သုတ်ပေးတယ်။ အိမ်အောက်မှာ ရေတွေက သားရဲ့ ဒူးလောက်ရှိနေပြီလို့ အကြီးကောင်က ပြောတယ်။ အေးပါသားရယ်၊ မနက်ကျ အဖေတို့ခပ်ထုတ်ကြတာပေါ့၊ မြေဖို့ဖို့ ကိစ္စလည်း လုပ်ရမယ် ထင်တယ်လို့ ကိုရဲခေါင်က သားဖြစ်သူရဲ့ ဒူးခေါင်းတွေကို သုတ်ပေးရင်း ပြောလိုက်တယ်။

နောက်နေ့မနက် ၉ နာရီလောက်မှာ ရွာအုပ်ချုပ်ရေးမှူး သူ့အိမ်မှာ ထိုင်နေတုန်း ကိုကျောက်ခဲရယ်၊ မနေ့က လာတဲ့ ရဲနှစ်ယောက်ရယ် ရောက်ချလာတယ်။ သူရို့ကို လမ်းမှာတွေ့တာနဲ့ ဦးလေးရဲ့အိမ်ကိုသွားချင်တယ်ဆိုလို့ ခေါ်လာခဲ့တာပဲ၊ ကလေးကိစ္စက အဖြေမှန် မပေါ်သေးဘူးတဲ့၊ အဲဒါကလေးကိုတော့ သူရို့ ခေါ်သွားပြီး အရှေ့ဘက်က ကလေး စောင့်ရှောက်ရေး စင်တာတစ်ခုကို ပို့မလို့တဲ့လို့ ကိုကျောက်ခဲက လူကြီးကို ဖောက်သည်ချတယ်။ ရဲတစ်ယောက်က ကိုကျောက်ခဲရယ်၊ ကျနော်တို့ပြောဖို့လည်း ချန်ပါဦးလို့ ပြောပြီး တားယူရတယ်။ ကျန်ရဲတစ်ယောက် ကတော့ ရယ်ကျဲကျဲ လုပ်ပြီး ကြည့်နေတယ်။ မစမ်းရေတို့ရဲ့ အိမ်ကို ရောက်တော့ ရွာအုပ်ချုပ်ရေးမှူးသာမက ပါလာတဲ့ ရဲနှစ်ယောက်စလုံး ပါးစပ် အဟောင်းသား ဖြစ်ကြရတယ်။ အမလေး၊ ဘုရားကယ်တော်မူပါလို့ ကိုကျောက်ခဲက အော်တယ်။ မစမ်းရေတို့ရဲ့ အိမ်ကလေး မရှိတော့ပါ။ အဲဒီအိမ်ရဲ့နေရာမှာ ရေပြင်ကြီးတစ်ခုသာ ရှိနေတယ်။ ရေကန်တစ်ခုအလား မြေပြင်ပေါ်မှာ ရေပြင်ကြီးတစ်ခု။ လူကြီးလည်း ဘာပြောရမှန်းမသိ ဖြစ်ပြီး ဘေးနားက သစ်ငုတ်တို တစ်ခုပေါ်မှာ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်တယ်။ နောက်တော့ ရွာထဲကလူတွေ ရေကန်အနားကို စုရုံး ရောက်လာကြတယ်။ တစ်ယောက်တစ်ပေါက် ထင်ကြေးအမျိုးမျိူးပေးပြီး ပြောကြတယ်၊ တချို့က သဘာဝဘေးအန္တရာယ်ဆိုတာ အင်မတန် ကြောက်ဖို့ကောင်းတယ် ဆိုပြီးမှ ပြောဆိုကြသလို၊ တချို့ကလည်း ဒီကိစ္စဟာ ဧည့်သည်ကလေးနဲ့ ပတ်သက်လိမ့်မယ်လို့ မှန်းဆ ပြောဆိုတယ်။ ဧည့်သည်ကလေးကိစ္စကို မသိသေးသူတွေကလည်း ဘယ်ကလေးကို ပြောတာလဲဆိုပြီးမှ အတင်း လိုက်လံမေးမြန်းနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တကယ့် အဖြစ်မှန်ကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ကြောင်း၊ ဘယ်သူမှနားလည်နိုင်မှာ မဟုတ်ကြောင်း သူတို့ရဲ့စိတ်ထဲမှာ သိနှင့်ပြီးသား ဖြစ်တယ်။ ရဲနှစ်ယောက်က သူတို့ရဲ့ ဖုန်းတွေကိုထုတ်ပြီး အသီးသီး ဖုန်းဆက်နေကြတယ်။ မြို့နယ်ကို လှမ်းအကြောင်းကြားနေတာ ဖြစ်မှာပေါ့လို့ ကိုကျောက်ခဲက လူကြီးဘက် လှည့်ပြီး ပြောတယ်။ လူကြီးက ရွာထဲမှာ ရှိတဲ့ ရေငုပ် ကျွမ်းကျင်သူတွေကို ခေါ်ပြီး ကန်ထဲကို ငုပ်ခိုင်းတယ်။ ရေထဲက ပြန်တက်လာသူတွေက ပြောတယ်၊ သူတို့ ဆင်းကြည့်တာ ရေကန်ရဲ့အောက်ခြေကို မရောက်နိုင်ကြောင်း၊ ရေက ဘယ်လောက်တောင် နက်မယ်ဆိုတာကို မခန့်မှန်းနိုင်ကြောင်း၊ လူသေအလောင်းရှာဖို့ ခက်မယ့် အကြောင်း ပြန်လည် ရှင်းပြတယ်။ နောက်ဆုံးမှာတော့ ရွာသားတွေရဲ့ သဘောအတိုင်း ရေကန်ကို ဒီအတိုင်းထားပြီး အလောင်းပေါ်လာတာကိုသာ စောင့်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။

သို့ပေမယ့် ရက်တွေသာ ကြာညောင်းလာတယ်၊ အလောင်းတွေက ပေါ်မလာခဲ့ပါ။ ရေတပ်က လူတချို့၊ ပညာရှင်ဆိုသူ တချို့နဲ့ ရဲတချို့ ထပ်ရောက်လာပြီး ရေငုပ်ကြတယ်၊ မှတ်တမ်းတွေ ယူကြတယ်၊ သို့ပေမယ့် မစမ်းရေတို့ မိသားစုဝင်တွေရဲ့ ရုပ်အလောင်းကို အရိပ်အယောင်တောင် မမြင်ရပါ။ အချိန်ကြာလာတာနဲ့အမျှ အာဏာပိုင်တွေက ဒီကိစ္စအပေါ် စိတ်ဝင်စားမှု နည်းလာပြီး လူပျောက်တိုင်ချက် ဖွင့်ထားတဲ့ ကိစ္စဟာလည်း ထူးခြားမှု မရှိခဲ့ပါ။ ရွာက လူတွေလည်း ရေကန်ကြီးဘက်ကို အသွားအလာ မလုပ်တော့တာကြောင့် ကန်ဘေးပတ်လည်မှာ ခြုံနွယ်ပိတ်ပေါင်း ထူထပ်စွာ ပေါက်ရောက်လာတယ်။ နှစ်တချို့ ကြာညောင်းပြီး နွေရာသီ တစ်နေ့မှာတော့ အဲ့ဒီရေကန်ဟာ လူတွေရဲ့ စကားဝိုင်းထဲကို ပြန်လည် ရောက်ရှိလာခဲ့တယ်။ ဟင်္သာတကနေ ဒီရွာဘက်ကို ဖျာလာရောင်းတတ်တဲ့ ကိုစိုးအောင်ဆိုသူဟာ သူ့ရဲ့ဆိုင်ကယ်ကို မောင်းပြီး ရွာလယ်က လက်ဖက်ရည်ဆိုင်ကို ရောက်ချလာတယ်။ နေ့ခင်းပိုင်း ဆိုတော့ ဆိုင်မှာ ထိုင်သူ သိပ်မရှိဘူး။ ကြံရည် လာဝယ်တဲ့ ကလေးနှစ်ယောက်နဲ့ ဆိုင်ရှင်လင်မယားတို့သာ ရှိတယ်။ ဆိုင်ရှင် မခင်မာသန်းက ကိုစိုးအောင်ကြီး၊ ဒီဘက်မရောက်တာ ကြာပေါ့၊ ဘယ်နှနှစ်လောက်တောင် ရှိပြီလဲလို့ အော်မေးတယ်။ ဘယ်လောက် ကြာပြီလဲတောင် မသိတော့ပါဘူး၊ ညီမရယ်၊ ငါဖြင့် ဒီကြားထဲ မန္တလေးကို ရောက်လို့ ပဲအရောင်းအဝယ်တောင် လုပ်လိုက်သေးတယ်ဟ၊ အခုဟာက ငါ့အမေကလည်း အသက်ရပြီ၊ ငါကလည်း အခုထိ တစ်ကိုယ်တည်းသမား ဆိုတော့ ဟင်္သာတကိုပဲ ပြန်လာပြီး ဖျာလုပ်ငန်းလေး ပြန်လုပ်နေတာ၊ အမေ့ကိုလည်း အနီးကပ် ကြည့်လို့ရတာပေါ့လေလို့ ကိုစိုးအောင်က ပြန်ပြောတယ်။ မခင်မာသန်းက ကိုစိုးအောင်ကြီး၊ အမောပြေ ကြံရည် သောက်ဦးမလားလို့မေးတော့၊ ကိုစိုးအောင်က မသောက်တော့ပါဘူးဟယ်၊ ချိုင်ဘက်က သောက်ရေကန်ကြီးမှာ ရေအဝ သောက်ခဲ့တယ်၊ ငါ အဲဒီဘက်မှာ ဖျာရောင်းပြီး လာခဲ့တာ၊ ဟဲ့၊ အဲဒီ သောက်ရေကန်က ရေ အတော်ချိုသား၊ အရင်ကတော့ အဲဒီနေရာမှာ ရေကန် မတွေ့ဖူးပါဘူး၊ အေးလေ၊ နှစ်တွေ ကြာတော့ အပြောင်းအလဲတွေ ဖြစ်ကုန်ပြီပေါ့လို့ ပြန်ပြောတယ်။ အဲဒီစကားဝိုင်းက တစ်ဆင့် ရေကန်ကြီးအကြောင်းနဲ့ ရေကန်ကြီးထဲက ရေကို ကိုစိုးအောင် သောက်ခဲ့တယ်ဆိုတဲ့ အကြောင်းဟာ တစ်ရွာလုံး ပျံ့နှံ့သွားတယ်။ နောက်ပိုင်းမှာတော့ ရွာသူရွာသားတွေဟာ ရေကန်ကြီး ပတ်လည်ကို ရှင်းလင်းရေးတွေ လုပ်၊ ကန်ဘောင်တွေ ဘာတွေ ခတ်ပြီး ကန်ထဲက ရေကို သောက်ရေအဖြစ် ယူငင် သုံးစွဲလာကြပါတယ်။ ရေကန်ကြီးရဲ့ သမိုင်းကြောင်းကို တွေးပြီး ကန်အနား မကပ်ဝံ့သူတချို့ကလွဲလို့ တစ်ရွာလုံးနီးပါး ရေလာခပ်ကြတယ်။ ယခင်ကတည်းက သောက်ရေ ရှားပါးတာမို့ ဒီရေကန်ဟာ ရွာသူရွာသားတွေ အတွက် အသုံးတည့်တယ်။ ကန်ထဲကရေဟာ အင်မတန် ချိုမြပါတယ်။ သို့ပေမယ့် ကန်ထဲပြုတ်ကျခဲ့မိလို့ ရေနစ်ခဲ့ရင်တော့ ဘယ်လောက် နက်လို့နက်မှန်း မသိတဲ့ ရေထဲ ကျရောက် ပျောက်ဆုံးနိုင်တယ်။