ထူးမခြားနား - မိုးဆတ်

မိုးဆတ်

၂၀၂၀ ရောက်လာပြီး ကိုဗစ်ကြောင့် အိမ်ထဲမှာ ပိတ်မိနေတဲ့လတွေမှာ ဘိုလာညိုရဲ့ ဝတ္ထုတချို့ကို ဘာသာပြန်ဖြစ်တယ်။ (အရင်ခြောက်နှစ် ခြောက်ပုဒ်နှုန်းနဲ့ စာရင် ဒီတခါတော့ တစ်နှစ်နီးပါး အတွင်းမှာ ခြောက်ပုဒ်လောက် ပြန်ဖြစ်ခဲ့တာ မဆိုးဘူး ပြောရမယ်) အခု တဘောင်မှာ ဖော်ပြလိုက်တဲ့ ဝတ္ထုတိုဟာ အဲဒီ ဘိုလာညို ဝတ္ထုတိုတွေထဲက တပုဒ်ပဲ။ (ဘာသာပြန်သူ မှတ်ချက်)



ဘီက အိပ်ခ်စ်နဲ့ ချစ်နေကြတာ။ တကယ်လည်း မပျော်မရွှင်ပဲနဲ့ပေါ့။ ဘီရဲ့ဘဝမှာ အိပ်ခ်စ်အတွက်ဆို ဘာမဆိုလုပ်ပေးမယ် ဆိုတဲ့ အချိန်တစ်ချိန် ရှိခဲ့ဖူးတယ်။ ချစ်နေပြီလို့ လူတွေထင်ရင် ဖြစ်တတ်တဲ့ အတိုင်းပေါ့။ အိပ်ခ်စ်က သူ့ကို ဖြတ်သွားတယ်။ ဖြတ်တာတောင် ဖုန်းလေးတစ်ချက်ပဲ ဆက်ပြီး ဖြတ်သွားတာ။ ဖြစ်ဖြစ်ချင်းတော့ ထုံးစံအတိုင်း ဘီ အသဲကွဲတာပေါ့။ နောက်တော့လည်း တဖြည်းဖြည်းနဲ့ သက်သာသွားတယ်။ အဲဒါလည်း လူတွေ ဖြစ်တတ်တဲ့ အတိုင်းပါပဲ။ အပေါစားရုပ်ရှင်‌တွေမှာ ပြောကြသလိုပေါ့။ ဘာတဲ့။ ဘဝဆိုတာ ဆက်ပြီးသွားနေရမယ် ဆိုလား။

တညတော့ ဘာမှလည်း လုပ်စရာမရှိတာနဲ့ အိပ်ခ်စ်ဆီ ဘီ ဖုန်းခေါ်တယ်။ လေးငါးခါ ခေါ်လိုက်တော့ အိပ်ခ်စ်က ကိုင်တယ်။ တကယ်တော့ သူတို့တွေ သိပ်ပြီး မငယ်ကြတော့ဘူး။ စပိန်နိုင်ငံရဲ့ တစ်ဖက်တစ်ချက်စီကို ဖြတ်ပြီး စီးနေတဲ့ သူတို့ အသံတွေ ကတော့ နုပျိုနေတုံးပဲ။ အဲလိုနဲ့ သူတို့ ပြန်ချိတ်မိတယ်။ ရက်နည်းနည်း ကြာတော့ ပြန်ဆုံကြရအောင်တွေ ဘာတွေ ဖြစ်လာတယ်။ နှစ်ယောက်လုံးက ကွဲကွာခဲ့တဲ့ အချိန်ကို ကျော်ဖြတ်ခဲ့ပြီးပြီ။ ကြားထဲမှာ နာမကျန်းဖြစ်တာတွေ၊ စိတ်သောက ဖြစ်ရတာတွေလည်း ကြုံပြီးသွားပြီ။ ဘီက ရထားပေါ်တက်ပြီး  အိပ်ခ်စ်နေတဲ့ မြို့ဆီ ထွက်ခဲ့တဲ့ အချိန်ထိ ပြန်ချစ်မိသွားပြီ ဆိုတဲ့ အဆင့်တော့ မရောက်သေးဘူး။ အိပ်ခ်စ်ရဲ့ အခန်းမှာပဲ ပထမတစ်နေ့ခင်းလုံး ကုန်သွားတယ်။ သူတို့ဘဝတွေအကြောင်း သူတို့ ပြောကြတယ် (တကယ်တော့ အိပ်ခ်စ်ကချည်းပဲ ပြောတာ။ ဘီက နားထောင်တယ်။ စကားထောက်ပေးတယ်။ အဲဒီလောက်ပဲ)။ အဲဒီညမှ အိပ်ခ်စ်က ဘီကို အိပ်ယာထဲ လာအိပ်ဖို့ ခေါ်တယ်။ ဘီက အိပ်ခ်စ်နဲ့ အိပ်ချင်လှတယ်မဟုတ်ဘူး။ ဒါပေမယ့် လက်တော့ ခံလိုက်တယ်။ မနက်ဘက် သူနိုးလာတော့ ဘီ ပြန်ချစ်မိသွားပြီ။ ဒါပေမယ့် အိပ်ခ်စ်ကို ပြန်ချစ်မိတာလား ဒါမှမဟုတ် ချစ်နေတယ် ဆိုတာကြီးကို ပြန်ချစ်နေတာလား တစ်ခုခုတော့ တစ်ခုခုပဲ။ သူတို့နှစ်ယောက်ရဲ့  ဆက်ဆံရေးက ခက်ခဲပြီး ပြင်းထန်တယ်ဆိုတာမျိုး။ အိပ်ခ်စ်က နေ့တိုင်း ဘယ်နေ့ သတ်သေမိမလဲဆိုတဲ့ လူမျိုး။ စိတ်ကုဆရာဝန်နဲ့လည်း ပြနေရတယ် (ဆေးတွေ သောက်ရတာလည်း အများကြီးပဲ။ အဲဒီဆေးတွေက  အကျိုးထူးပုံလည်း မပေါ်ပါဘူး)။ ဘာအကြောင်းမှ မရှိပဲလည်း ထငိုချင်ငိုတာ။ အဲဒါကြောင့် ဘီက အိပ်ခ်စ်ကို ဂရုစိုက်ရှာပါတယ်။ သူ ဂရုစိုက်တယ် ဆိုတာကလည်း ချစ်ခြင်းမေတ္တာအပြည့်နဲ့ သေချာလုပ်ပေးတာမျိုး။ ဒါပေမယ့် တလွဲတွေပေါ့လေ။ သူလုပ်နေတာတွေက တကယ်ချစ်နေတယ်ဆိုတဲ့ လူတစ်ယောက်ဆို ဘယ်လို ဂရုစိုက်မလဲ ဆိုတာမျိုး အတင်းလိုက်ပြီး လုပ်သလို ဖြစ်နေမှန်း ဘီ သိလာတယ်။ သူမ စိတ်ဓာတ်ကျတာ သက်သာလို သက်သာငြား နည်းလမ်းတွေရှာပြီး သူ ပြတယ်။ ဒါပေမယ့် အဲဒါတွေက သူမကို လမ်းဆုံး ရောက်အောင် ပို့သလို ဖြစ်နေတယ်။ ဒါမှမဟုတ် သူမက လမ်းဆုံးလို့ ထင်တဲ့ အနေအထားမျိုးတွေရောက်အောင်ပေါ့။ တခါတလေတော့ သူ့ဟာသူ တစ်ယောက်ထဲ ဖြစ်နေရင်ဖြစ်ဖြစ်၊ အိပ်ခ်စ် အိပ်နေတာကို ထိုင်ကြည့်နေရင်း ဖြစ်ဖြစ် လမ်းဆုံးဆိုတာ ဒါပဲလို့ ဘီ တွေးနေမိတယ်။ ကုစားတဲ့ အနေနဲ့ သူ့ရဲ့ အရင်တုံးက ချစ်သူတွေအကြောင်း ဘီ ပြန်တွေးကြည့်တယ်။ အိပ်ခ်စ် မရှိလည်း သူနေနိုင်တယ် ဆိုတာမျိုး သူ့ကိုယ်သူ စိတ်တင်းကြည့်တယ်။ တစ်ညသားတော့ အိပ်ခ်စ်က ဘီ့ကို ထွက်သွားလို့ပြောတယ်။ ဘီလည်း ရထားပေါ်တက်ပြီး အဲဒီမြို့က ထွက်လာခဲ့တယ်။ အိပ်ခ်စ်က သူ့ကို ဘူတာရုံ လိုက်ပို့သေးတယ်။ သူတို့ လမ်းခွဲခန်းက အသာအယာပဲ။ ဒါပေမယ့် မျှော်လင့်စရာ မဲ့တဲ့ ခွဲပုံမျိုး။ ဘီက အိပ်စင်ပါတဲ့ လက်မှတ်တောင် ဝယ်လိုက်သေးတယ်။ ဒါပေမယ့် ညဉ့်နက်တဲ့အထိ သူ အိပ်မပျော်ဘူး။ နောက်ဆုံးတော့ သူ အိပ်ပျော်သွားတယ်။ သဲကန္တာရထဲ လျှောက်သွားနေတဲ့ နှင်းလူ တစ်ယောက်အကြောင်း အိပ်မက် မက်တယ်။ နှင်းလူက နယ်စပ်မျဉ်းတစ်ခု အတိုင်း လျှောက်သွားနေတယ်။ ဒုက္ခသုက္ခနဲ့ တွေ့တော့မယ့် ပုံမျိုးပဲ။ ဒါပေမယ့် သူက အဲဒါတွေကို ပါးနပ်မှု စိတ်အားထက်သန်မှုနဲ့ ကျော်ဖြတ်တယ်။ ကန္တာရတစ်ခုလုံး ကြယ်လေးတွေရဲ့ အလင်းရောင်နဲ့ စွတ်စိုနေတဲ့ ညဘက်တွေမှာ သူ့ခရီး သူဆက်တယ်။ ဘီ နိုးလာတော့ (ရထားက ဘာစီလိုနားက စန့်ဘူတာကို ရောက်နေပြီ) အိပ်မက်ရဲ့ အဓိပ္ပါယ် (တကယ်လို့ ရှိတယ်ဆိုရင်ပေါ့လေ)ကို သူနားလည်တယ်လို့ သူထင်တယ်။ သူအိမ်သူ ပြန်လာတဲ့လမ်းမှာ နည်းနည်းတော့ နေရတာ သက်သာရာရတယ်။ အဲဒီည အိပ်ခ်စ်ဆီကို ဖုန်းဆက်ပြီး သူ့အိပ်မက်အကြောင်း ဘီ ပြောပြတယ်။ အိပ်ခ်စ်က ဘာမှတော့ မပြောဘူး။ နောက်တစ်ညလည်း အိပ်ခ်စ်ဆီ ဖုန်းဆက်တယ်။ နောက်ည နောက်ညတွေရော။ အိပ်ခ်စ်ဘက်ကတော့ အေးစက်သထက် အေးစက်လာတယ်။ ဖုန်းတစ်ကောလ်ချင်းတိုင်း ဘီက အိပ်ခ်စ်ရဲ့ အတိတ်ထဲကို တဆင့်ပြီးတဆင့် လွင့်ပါသွားသလို ဖြစ်နေတယ်။ သူမဘဝထဲကနေ ငါ ပျောက်သွားတော့မှာပဲလို့ ဘီက တွေးမိတယ်။ သူမက ငါ့ကို တဖြည်းဖြည်း ရှင်းထုတ်နေတာပဲ။ သူမဘာလုပ်နေလည်းဆိုတာရော ဘာဖြစ်လို့ အဲဒီလိုလုပ်နေတာလည်း ဆိုတာရော သိသိကြီးနဲ့ လုပ်နေတာ။ တစ်ညတော့ ဘီက အိပ်ခ်စ်ဆီကို ဖုန်းဆက်ပြီး ဒီညရထားနဲ့ ငါလာခဲ့မယ်။ နက်ဖြန်မနက်ဆို နင့်အခန်းရှေ့ငါရောက်နေပြီလို့ ခြောက်လိုက်တယ်။ နောက်စရာလားလို့ အိပ်ခ်စ်က ပြန်ပြောတယ်။ ငါ လာမှ ဖြစ်မယ်။ ဘီက ပြောတယ်။ ဒီလို ဖုန်းချည်းခေါ်နေရတာ မခံနိုင်တော့ဘူး။ နင်နဲ့ စကားပြောနေရတဲ့ အချိန်မှာ နင့်မျက်နှာလေးကို ကြည့်နေချင်တာပေါ့။ ငါ တံခါးဖွင့်ပေးမယ် မထင်နဲ့လို့ အိပ်ခ်စ်က ပြောပြီး ဖုန်းချသွားတယ်။ ဘီကတော့ နားမလည်နိုင်အောင် ဖြစ်နေတယ်။ လူတစ်ယောက်ရဲ့ ခံစားချက်နဲ့ လိုအင်တွေဟာ တစ်ဖက်စွန်းကနေ နောက်တစ်ဖက်စွန်းကို ဘယ်လိုပြောင်းလဲနေတာလဲလို့ သူ တော်တော်ကြာကြာ ထိုင်တွေးနေမိတယ်။ နောက်တော့ သူ အရက်ပဲ သောက်မိသလား ဒါမှမဟုတ် စာအုပ်တစ်အုပ်ထဲ စိတ်ကို နှစ်ထားမိသလားပဲ။ အဲလိုနဲ့ ရက်တစ်ချို့ ကုန်လွန်သွားပြန်တယ်။

ခြောက်လလောက် ကြာသွားပြီးတဲ့ တစ်ညတော့ ဘီက အိပ်ခ်စ်ကို ဖုန်းခေါ်တယ်။ အိပ်ခ်စ်က သူ့အသံကို ချက်ခြင်း မှတ်မိတယ်။ အော်..နင်ကိုးလို့ သူမက ပြောတယ်။ သူမရဲ့ လေသံက နွေးထွေးမှု ကင်းလွန်းလို့ သူ စိမ့်ခနဲတောင် ဖြစ်သွားတယ်။ ဒါပေမယ့် ဘီ တစ်ခုခုတော့ ပြောချင်နေတယ်လို့ အိပ်ခ်စ် ခံစားရတယ်။ သူမ ပုံစံက မနေ့ကပဲ ငါတို့စကားပြောနေခဲ့ကြတဲ့ အတိုင်း ဘာမှ မဖြစ်သလိုပဲ။ နင် နေကောင်းလား။ ဘီက မေးတယ်။ ဘာထူးသေးလဲ။ အင်း..အဲ..ဟင့်အင်းတွေလောက်ပဲ ဖြေပြီး အိပ်ခ်စ်က ဖုန်းချသွားတယ်။ မကြည်မလင်နဲ့ ဘီက နောက်တခါ ထပ်ခေါ်တယ်။ သူမ ဖုန်းကိုင်ပြန်တော့လည်း သူဘာမှ မပြောဖြစ်ပြန်ဘူး။ တစ်ဘက်က အိပ်ခ်စ်ရဲ့ အသံကို ကြားရတယ်။ ဘယ်သူလဲ။ ဘီက တိတ်နေတယ်။ သူမက ပြောတယ်။ ပြောပါ။ ငါ နားထောင်နေတယ်။ ဖုန်းကိုလည်း မချပစ်လိုက်ဘူး။ ရုတ်တရက် ဘီ ငိုချလိုက်တယ်။ သူဆက်တယ်ဆိုတာ အိပ်ခ်စ်သိမှာပဲလို့လည်း တွေးနေတယ်။ နောက်တော့ သူ ဖုန်းချလိုက်တယ်။

ဒီဇာတ်လမ်းက ဒီနေရာထိတော့ ထူးမခြားနားပဲ။ ဇာတ်တော့နည်းနည်းနာချင်နာမယ်။ ဒါပေမယ့် ထူးမခြားနားက ထူးမခြားနားပဲ။ အိပ်ခ်စ်ဆီကို ဘယ်တော့မှ ဖုန်းထပ်ဆက်လို့ မဖြစ်တော့ဖူးဆိုတာ ဘီ့အတွက်တော့ သေချာသွားတယ်။ အဲလိုနဲ့ တစ်နေ့ကျတော့ တံခါးခေါက်သံကြားတယ်။ ဖွင့်ကြည့်လိုက်တော့ အေနဲ့ ဇက်။ သူတို့က ရဲတွေ။ သူတို့က ဘီ့ကို မေးစရာ ရှိတယ်တဲ့။ ဘီကလဲ ဘာကြောင့်လဲဆိုတာ သိချင်တာပေါ့။ အေက ပြောဖို့ ဆိုင်းနေတယ်။ ဒါပေမယ့် ဇက်က ထုတ်ပြောလိုက်တယ်။ ဒါတောင် ဟိုလှည့်ဒီပတ် လုပ်နေသေးတာ။ သုံးရက်ရှိသွားပြီတဲ့။ ။ တစ်ယောက်ယောက်က အိပ်ခ်စ်ကို သတ်သွားတာ။ ကြားကြားချင်းတော့ ဘီ တော်တော် ဝမ်းနည်းသွားတယ်။ ဒါပေမယ့် သံသယ တရားခံ စာရင်းမှာ သူလည်း ပါနေတယ်ဆိုတာ သူ ရိပ်မိသွားတယ်။ ရှင်သန်လိုတဲ့ ဗီဇစိတ်က သူ့ကို နည်းနည်း တည်ငြိမ်သွားစေတယ်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်း သူဘယ်သွားသလဲ ဘယ်မှာရှိသလဲဆိုတာ အဓိကထားပြီး ရဲတွေက မေးတယ်။ အဲဒီရက်တွေမှာ သူဘာလုပ်နေခဲ့လဲ ဘယ်သူနဲ့တွေ့နေခဲ့လဲ ဘီက မမှတ်မိဘူး။ သူ ဘာစီလိုနာကနေ တဖဝါးမှမခွာခဲ့တာတော့ သူသိတယ်။ တကယ်တော့ သူ့အိမ်နား တဝိုက်ကနေ ထပ်ပြောရင် သူ့အခန်းထဲကနေတောင် သူ ဘယ်မှ သွားတာမဟုတ်ဘူး။ ဒါပေမယ့် သူ အဲဒါကို သက်သေမပြနိုင်ဘူး ဖြစ်နေတယ်။ ရဲတွေက သူ့ကို ခေါ်သွားတော့တယ်။ အဲဒီည ဘီကို ရဲစခန်းမှာ ခေါ်ထားလိုက်တယ်။ မေးနေမြန်းနေကြတုံး ဘီ တွေးမိတာတစ်ခုက သူ့ကို အိပ်ခ်စ်နေတဲ့ မြို့ဆီများ သူ့ကို ခေါ်သွားကြမလားဆိုတာပဲ။ အဲဒီလို ခေါ်သွားရင်လည်း အကောင်းသားလို့ သူတွေးမိတယ်။ ဒါပေမယ့် အဲဒီလို မဖြစ်လာဘူး။ သူ့ လက်ဗွေရာကို ယူကြတယ်။ သွေးစစ်ဖို့ သဘောတူလားလို့ သူ့ကို မေးတယ်။ သူက ခေါင်းညိတ်လိုက်တယ်။ နောက်တစ်နေ့မနက်ကျ သူ့ကို ပြန်လွှတ်လိုက်ကြတယ်။ တကယ်တော့ ဘီ့ကို ဖမ်းတယ်လို့တောင် ပြောလို့မရဘူး။ ရဲတွေက သူတို့သိချင်တာတွေ ခေါ်မေးတဲ့ သဘောလောက်ပဲ။ အိမ်ရောက်ပြီး အိပ်ယာပေါ်လှဲချလိုက်တာနဲ့ ဘီ အိပ်ပျော်သွားတယ်။ သဲကန္တာတစ်ခုကို သူအိပ်မက်တယ်။ အိပ်ခ်စ်ရဲ့ မျက်နှာကိုရောပေါ့။ နှစ်ခုလုံးက အိပ်မက်တစ်ခုထဲမှာပဲဆိုတာ မနိုးခင်လေးတင် သူသတိထားမိတယ်။

အဲဒီညမှာ အိတ်တစ်လုံးထဲ သူ့အဝတ်အစားတွေ ထည့်တယ်။ ဘူတာကို သွားပြီး အိပ်ခ်စ်နေတဲ့ မြို့ဆီ ထွက်လာခဲ့တယ်။ ညလုံးပေါက်ကြာတဲ့ ခရီးစဉ်က တကယ်တော့ စပိန် ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်ပဲ။ အိပ်လည်း မပျော်တာနဲ့ သူ လုပ်မယ်ဆိုရင် လုပ်လို့ရခဲ့ရက်သားနဲ့ မလုပ်ဖြစ်ခဲ့တဲ့ဟာတွေ အကြောင်း တွေးနေမိတယ်။ အိပ်ခ်စ်ကို ပေးမယ်ဆိုရင် ပေးခဲ့လို့ ရပြီး မပေးဖြစ်ခဲ့တဲ့ အရာတွေရောပေါ့။ သေတဲ့လူက ငါဆိုရင် အိပ်ခ်စ်ကတော့ စပိန် ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်ထိ လာမှာ မဟုတ်ဘူးလို့လညး သူတွေးမိသေးတယ်။ အဲဒီ ရထားပေါ်က အိပ်မပျော်တဲ့ ညမှာပဲ အိပ်ခ်စ်ရဲ့ တကယ့် တန်ဖိုးကိုလည်း သူ ပထမဆုံး အကြိမ် မြင်မိတယ်။ အိပ်ခ်စ်အပေါ် အချစ်စိတ်လည်း ပေါ်မိတယ်။ နောက်ဆုံးအကြိမ် အနေနဲ့ သူ့ကိုယ်သူလည်း စိတ်မပါ့တပါနဲ့ စက်ဆုပ်မိတယ်။ ဟိုကို သူရောက်သွားတော့ မနက် အစောကြီး ရှိသေးတယ်။ အိပ်ခ်စ် အစ်ကိုရဲ့ တိုက်ခန်းဆီ သူတန်းသွားတယ်။ အိပ်ခ်စ်ရဲ့ အစ်ကိုကတော့ အံသြရုံမက စိတ်လည်း ရှုပ်သွားတယ်။ ဒါပေမယ့် သူ့ကိုတော့ အိမ်ထဲခေါ်ပြီး ကော်ဖီတိုက်တယ်။ ဒီဘဲက အဝတ်အစားတောင် သေချာမဝတ်ရသေးဘူး။ မျက်နှာလည်း မသုတ်ရသေးဘူး။ ဒီဘဲ ရေချိုးထားတာမဟုတ်ဘူး မျက်နှာပဲ သစ်ထားတာဆိုတာတော့ ဘီ သတိထားမိတယ်။ ဘီက ကော်ဖီကို ယူသောက်ရင်း အိပ်ခ်စ် အသတ်ခံရတဲ့အကြောင်း သူလည်း မကြာခင်ကမှ သိတယ်ဆိုတာ ပြောလိုက်တယ်။ သူ့ကို ရဲတွေက မေးလား မြန်းလား လုပ်သေးတယ်ဆိုတဲ့အကြောင်းရောပေါ့။ ဘယ်လိုဖြစ်တာလဲလို့ ဆက်ပြီး မေးလိုက်တယ်။ ဖြစ်တာကတော့ တော်တော့်ကို ဆိုးတယ်လို့ အိပ်ခ်စ်ရဲ့ အစ်ကိုက မီးဖိုခန်းထဲမှာ ကော်ဖီထပ်ဖျော်ရင်း ပြောတယ်။ မင်းကို သူတို့ ဘာလို့ ဆွဲထည့်မှန်းတော့ ငါလည်း မသိဘူးလို့ ဆက်ပြောတယ်။ ရဲက ငါ့ကို လူသတ်သမား ထင်လို့ နေမှာပေါ့။ ဘီက ပြန်ပြောတယ်။ အိပ်ခ်စ်ရဲ့ အစ်ကိုက ရယ်တယ်။ မင်းကလည်း တော်တော် ကံမကောင်းတဲ့ ကောင်ပဲ။ အဲလို ပြောစရာလား။ ငါက မသေပဲ ကျန်ခဲ့တာလေလို့ ဘီက ပြန်ပြောတယ်။ ဒါပေမယ့် သူ့ကို တရားခံ လို့ ဟိုဘဲက မထင်တာကိုပဲ ဘီက ကျေးဇူးတင်နေတယ်။ နောက်တော့ အိပ်ခ်စ်ရဲ့အစ်ကိုက ဘီ့ကို သူ့အခန်းမှာထားခဲ့ပြီး အလုပ်သွားတယ်။ ဘီလည်း အိပ်ပျော်သွားတယ်။ မဆန်းဘူးလို့ ပြောရမယ်။ အိပ်ခ်စ်ကို သူ အိပ်မက် ထပ်မက်ပြန်တာပေါ့။

သူနိုးလာတော့ အိပ်ခ်စ်ကို ဘယ်သူသတ်သလဲ သူသိပြီလို့ ထင်မိတယ်။ အဲဒီလူရဲ့ မျက်နှာကို မြင်လိုက်ရလို့ပဲ။ အဲဒီညမှာ အိပ်ခ်စ်ရဲ့အစ်ကိုနဲ့ သူ အပြင်ထွက်ကြတယ်။ သူတို့ ဘားတွေ တစ်ခုပြီး တစ်ခု လျှောက်သွားတယ်။ ပြောကြတဲ့ စကားတွေကလည်း ဟိုရောက်လိုက် ဒီရောက်လိုက်ပေါ့။ မူးအောင်လို့ တတ်နိုင်သမျှ သူတို့ ကြိုးစားကြတာပဲ။ ဒါပေမယ့် မအောင်မြင်ဘူး။ လူရှင်းနေတဲ့ လမ်းတွေကို ဖြတ်ပြီး အခန်းကို ပြန်လာရင်း ဘီက ပြောတယ်။ တခါသား အိပ်ခ်စ်ဆီကို သူ ဖုန်းခေါ်ပြီး ဘာမှ မပြောဖြစ်တဲ့အကြောင်း။ မင်းက ဘာဖြစ်လို့ အဲဒီလို လုပ်တာလဲလို့ အိပ်ခ်စ်ရဲ့အစ်ကိုက ပြောတယ်။ အဲဒီတခါတည်းပါဗျာ။ ဘီက ပြန်ပြောတယ်။ ဒါပေမယ့် အဲဒီလို ဆက်ပြီး ဘာမှမပြောပဲ နေလိုက်မိမှ အိပ်ခ်စ်ဆီကို အဲဒီလိုမျိုး ဆက်ဆက်နေတဲ့သူ ရှိမယ်ဆိုတာ ငါ သိလိုက်တယ်။ အိပ်ခ်စ်ကတော့ အဲဒီ ဖုန်းကောလ်တွေ မှန်သမျှ ငါ့ဆီကလို့ ထင်နေမှာပဲလို့ ဘီက ပြောတယ်။ လူသတ်သမားက အဲဒီလို ဖုန်းတွေ ခေါ်ခေါ်နေတဲ့လူပဲလို့ မင်းကထင်နေတာလား။ ဟုတ်တယ်လို့ ဘီက ပြန်ပြောတယ်။ အိပ်ခ်စ်ရဲ့ အစ်ကိုက မျက်မှောင်ကြုတ်နေတယ်။ အိပ်ခ်စ်ရဲ့ အရင်က တစ်ယောက်ယောက်ပဲဖြစ်မယ်။ မင်းလည်းသိသားပဲ။ အရင်ကလူတွေဆိုတာကလည်း နည်းတော့မနည်းဘူး။ ဘီက ဘာမှတော့ ပြန်မပြောဘူး။ (သူပြောတာတွေ အိပ်ခ်စ်ရဲ့ အစ်ကို ဘာမှ နားမလည်ပါလားဆိုတဲ့ပုံနဲ့ နေနေတယ်)။ အခန်းပြန်ရောက်တဲ့အထိ သူတို့ ဘာမှ ထပ်မပြောဖြစ်တော့ဘူး။

ဓာတ်လှေကားထဲမှာ ဘီက အန်ချင်သလိုဖြစ်လာတယ်။ ငါ အန်ချင်နေပြီလို့ သူက ပြောတယ်။ ထိန်းထားဦး ဟေ့ကောင်လို့ အိပ်ခ်စ်ရဲ့ အစ်ကိုက ပြောတယ်။ လျှောက်လမ်းကို သူတို့ မြန်မြန်ဖြတ်တယ်။ အခန်းတံခါးကို အိပ်ခ်စ်ရဲ့ အစ်ကိုက ဖွင့်ပေးတယ်။ ဘီက အထဲ ကမန်းကတန်းဝင်သွားပြီး ရေချိုးခန်းကို ရှာတယ်။ ဒါပေမယ့် အဲဒီထဲရောက်တော့ သူ ပျို့သလို ဖြစ်နေတာက ငြိမ်သွားပြီ။ သူ ချွေးတွေပြန်ပြီး ဗိုက်လည်းနာနေတယ်။ ဒါပေမယ့် အန်လို့တော့မရဘူး။ အဖုံးလှန်ထားတဲ့ ကမုတ်က သွားမပါတဲ့ ပါးစပ်တစ်ခုက သူ့ကို ရယ်ပြတဲ့ပုံနဲ့ တူနေတယ်။ မျက်နှာသစ်လိုက်ပြီး သူ့ကိုယ်သူ မှန်ထဲမှာ ပြန်ကြည့်တယ်။ သူ့မျက်နှာက ဖွေးဆွတ်နေတယ်။ စာဖတ်ဖို့ကြိုးစားရင်း အိပ်ခ်စ်ရဲ့အစ်ကို ဟောက်တာကို နားထောင်ရင်း ညရဲ့ကျန်တဲ့အပိုင်းတွေကို သူဖြတ်သန်းရတယ်။ နောက်တစ်နေ့ကျတော့ ဟိုဘဲကို နှုတ်ဆက်ပြီး ဘီ ဘာစီလိုနာကို ပြန်ခဲ့တယ်။ အဲဒီမြို့ကို ငါဘယ်တော့မှ မသွားတော့ဘူး ..ဘာဖြစ်လို့လဲဆိုတော့ အိပ်ခ်စ်မှ အဲဒီမှာ မရှိတော့တာဆိုပြီး ဘီတွေးမိတယ်။
တစ်ပတ်လောက်နေတော့ အိပ်ခ်စ်ရဲ့ အစ်ကိုက ဖုန်းဆက်တယ်။ လူသတ်သမားကို ရဲတွေ မိပြီတဲ့။ အဲဒီကောင်က သူမဆီကို ဘာမှမပြောပဲ ဖုန်းတွေခေါ်ခေါ်နေခဲ့တာလို့ သူက ထပ်ပြောတယ်။ ဘီက ဘာမှ ပြန်မပြောဘူး။ အိပ်ခ်စ်ရဲ့ အရင်လူတွေထဲက တစ်ယောက်ပဲလို့ အိပ်ခ်စ်ရဲ့ အစ်ကိုက ဆက်ပြောတယ်။ အဲဒီလိုသိလိုက်ရတာ ကောင်းတာပေါ့။ ဘီက ပြောတယ်။ ဖုန်းခေါ်ပေးတဲ့ အတွက် ကျေးဇူးပဲလို့လည်း ပြောလိုက်တယ်။ နောက်တော့ အိပ်ခ်စ်ရဲ့ အစ်ကိုလည်း ဖုန်းချသွားတယ်။ ပြီးတော့ ဘီလည်း တစ်ယောက်ထဲ ကျန်နေခဲ့တော့တယ်။

Roberto Bolano ရဲ့ Phone Calls ကိုဘာသာပြန်တယ်။