ပါးစပ်ထဲ ငှက်များအပြည့် - နေမျိုးဆက်လူ

နေမျိုးဆက်လူ

Samantha Schweblin ရဲ့ Mouthful of Birds ကို နေမျိုးဆက်လူက ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ Samantha Schweblin ဟာ အာဂျင်တီးနား၊ ဘွေနို့အေရီမြို့ ဇာတိ ဖြစ်တယ်။ ၂၀၁၀ ခုနှစ် Granta ကရွေးချယ်တဲ့ အသက် ၃၅ နှစ်အောက် အကောင်းဆုံး စပိန်ဘာသာနဲ့ ရေးသားသူ ၂၂ ဦးထဲမှာ ပါဝင်ခဲ့တယ်။ ၂၀၁၇ ခုနှစ်မှာ Bogotá39 ကရွေးချယ်တဲ့ အသက် ၄၀ အောက် အကောင်းဆုံး လက်တင်အမေရိကန် စာရေးဆရာ အဖြစ်လည်း ရွေးချယ်ခံရတယ်။ သူမရဲ့ ပထမဆုံး ဝတ္ထုရှည် Fever Dream က ၂၀၁၇ ခုနှစ်မှာ Man Booker နိုင်ငံတကာဆု စကာတင်စာရင်းမှာ ပါဝင်ခဲ့တယ်။  Fever Dream ဝတ္ထုကို Netflix က ၂၀၂၁ ခုနှစ်မှာ ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့ပါသေးတယ်။ ၂၀၁၉ ခုနှစ်မှာ Mouthful of Birds: Stories ဝတ္ထုတို စုစည်းမှုကို ထုတ်ဝေခဲ့တယ်။



ကျွန်တော် တီဗွီကို ပိတ်ပြီး ပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တယ်။ ဆေလ်ဗီယာရဲ့ ကားက ကျွန်တော့် အိမ်ရှေ့မှာ ပါကင်ထိုးနေတယ်၊ အချက်ပြမီးက လင်းနေတယ်။ ကျွန်တော် အဲဒီမှာ ရပ်နေပြီး တံခါးဖွင့်မပေးပဲ နေလို့ရတဲ့ အကြောင်းအရင်း တစ်ခုတစ်လေများ ရှိမလားလို့ စဉ်းစား တွေးတောနေတုန်းမှာပဲ ဘဲလ်က မြည်လာတယ်၊ သူမက ကျွန်တော် အိမ်မှာ ရှိနေတာကို သိတယ်။ ကျွန်တော် တံခါးဆီ သွားပြီး၊ တံခါးဖွင့်ပေးလိုက်တယ်။

“ဆေလ်ဗီယာ”

“ဟယ်လို” လို့ သူမ ပြောပြီး၊ ကျွန်တော် နောက်တစ်ခွန်း စကားပြောမလို့ လုပ်တုန်းပဲ ရှိသေးတယ်၊ သူမက အထဲကို ဝင်သွားတယ်။ “ကျွန်မတို့ စကားပြောမှ ဖြစ်တော့မယ်။”

သူမက ကျွန်တော့်ကို ဆိုဖာဆီ လက်ညိုးညွန်ပြတယ်၊ ဒီတော့ ကျွန်တော့်မှာ လိုက်နာရတယ်၊ ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်လေ အတိတ်က တံခါးလာခေါက်တတ်ပြီး၊ အဲဒီ ကုန်လွန်ခဲ့တဲ့ လေးနှစ် ဆိုတဲ့ အချိန်ကာလ အတွင်းမှာ ဘာမှမဖြစ်ခဲ့သလိုမျိုး အတိတ်က ကျွန်တော့်ကို ဆက်ဆံတဲ့ အချိန်မှာပေါ့၊ အဲဒါကြောင့် ကျွန်တော်က အခုထိကို ဉာဏ်တုံး ဖြစ်နေတုန်း။

“ရှင်တော့ အဲဒါကို သဘောကျမှာ မဟုတ်ဘူး။ အဲဒါက .. အဲဒါက ပြောရတော့ ခက်တယ်” သူမ နာရီကို သူမ ကြည့်တယ်။ “ဆာရာ့ကိစ္စ လို့ပဲ ပြောရမှာပေါ့”

“အမြဲတမ်း ဆာရာကိစ္စပဲ ပြောနေရတာပဲလေ” လို့ ကျွန်တော်က ပြောလိုက်တယ်။

“ကျွန်မ ဦးနှောက်ပျက်ပြီး အပို ချဲ့ကားပြောနေတယ်လို့ ရှင် ပြောလိမ့်မယ်။ ဒါပေမယ့် ဒီနေ့တော့ အဲဒါ ငြင်းနေဖို့ အချိန် မရှိဘူး။ ရှင် အခု ကျွန်မနဲ့ အိမ်ကို လိုက်ခဲ့၊ ပြီးရင် အဲဒီဟာကို ရှင့်ရဲ့ မျက်လုံးနဲ့ ရှင်ကိုယ်တိုင် တပ်အပ်မြင်မှ ဖြစ်မယ်။”

“ဘာတွေ ဖြစ်နေတာလဲ”

“နောက်ပြီး၊ ရှင်လာမယ်လို့ ကျွန်မ ဆာရာကို ပြောပြီးပြီ၊ ဒီတော့ သူက ရှင့်ကို စောင့်နေပြီ။”

ကျွန်တော်တို့ ခဏတော့ တိတ်ဆိတ်သွားတယ်။ နောက်တဆင့် ဘာများဖြစ်မလဲလို့ ကျွန်တော် တွေးနေမိတယ်၊ သူမက မျက်မှောင်ကြုတ်ပြီး မတ်တပ် ရပ်လိုက်တယ်၊ ပြီးတော့ တံခါးဆီ လျှောက်သွားတယ်။ ကျွန်တော်လည်း ကျွန်တော့်ကုဒ်အကျႌ ယူပြီး သူမနောက်ကနေ လိုက်ထွက်ခဲ့လိုက်တယ်။

***

အပြင်ပန်းကနေ ကြည့်ရင်တော့ အိမ်က မပြောင်းမလဲ အရင်က ပုံစံအတိုင်းပါပဲ၊ အိမ်မြက်ခင်းကို လောလောလတ်လတ်ကမှ ရိတ်ထားတယ်၊ ဆေလ်ဗီယာရဲ့ အရောင်မျိုးစုံ ပန်းတွေက ဒုတိယထပ် ဝရန်တာကနေ တွဲလောင်းကျနေတယ်။ ဘာစကားတစ်လုံးမှ မပြောကြပဲ ကျွန်တော်တို့ နှစ်ယောက်လုံး ကားပေါ်ကနေ ဆင်းလိုက်ပြီး အိမ်ထဲကို ဝင်တယ်။ ဆာရာက ဆိုဖာပေါ်မှာ ထိုင်နေတယ်။ ဒီနှစ်အတွက် ကျောင်းတက်ရတာ ပြီးဆုံးသွားပြီ ဆိုပေမယ့်လည်း၊ သူမက ကျောင်းဝတ်စုံကိုပဲ ဝတ်ထားတယ်။ သူမ ဝတ်ထားတဲ့ ပုံစံက၊ မဂ္ဂဇင်းတွေထဲက အပြာကားရိုက်တဲ့ ကျောင်သူလေးတွေ ပုံစံနဲ့ ခပ်ဆင်ဆင်။ သူမက မတ်မတ်ထိုင်နေတယ်၊ ခြေထောက်နှစ်ချောင်းကို စုထားပြီး၊ လက်ကိုလည်း ဒူးခေါင်းပေါ်မှာ တင်ထားတယ်၊ နောက်ပြီး သူ့အမေ ယောဂ လေ့ကျင့်ခန်း လုပ်သလိုမျိုး သူမက ပြတင်းပေါက်က၊ ဒါမှမဟုတ် ခြံဝန်းထဲက တစ်နေရာရာကို အာရုံ စူးစိုက်ပြီး ကြည့်နေတယ်။ သူမက အမြဲတမ်းဆိုသလို နုနုနယ်နယ်နဲ့ ပိန်ပိန်ပါးပါး၊ ဒါပေမယ့် အခုကျတော့ သူမ ပုံစံက ကျန်းမာဝဖြိုးပုံ ပေါက်နေတယ်။ သူမ ခြေတွေ၊ လက်တွေက ပိုပြီး သန်မာလာသလိုပဲ၊ သူမ လတွေ ဆက်တိုက် Gym ကစားထားသလိုမျိုး။ သူမရဲ့ ဆံပင်က တောက်ပနေပြီး၊ သူမရဲ့ ပါးပြင်လေးတွေက မဆိုစလောက်လေး သွေးရောင် လွှမ်းနေတယ်၊ ရှက်နေသလိုမျိုး၊ ဒါပေမယ့် တကယ် လွှမ်းနေတာ။ ကျွန်တော် ဝင်လာတာကို သူမက တွေ့တော့၊ သူမက ပြုံးလိုက်ပြီး ပြောတယ်၊

“ဟိုင်း၊ အဖေ”

ကျွန်တော့် သမီးလေးက တကယ့်ကို ချစ်စရာကောင်းတဲ့ သမီးလေး ဆိုပေမယ့်၊ စကားလုံး နှစ်လုံးက ကျွန်တော့်ကို ဒီကလေးမလေးဆီမှာ တစ်ခုခုတော့ ပျောက်နေတယ်ဆိုတာကို သဘောပေါက်စေဖို့ ဖြစ်လာတယ်၊ နောက်ပြီး ဒီကိစ္စကို သူ့အမေနဲ့ တစ်ခုခုတော့ လုပ်မှ ရတော့မယ်ဆိုတာလည်း ကျွန်တော် သေချာနေခဲ့တယ်။ တစ်ခါတစ်လေတော့၊ ကလေးမလေးကို ကျွန်တော်နဲ့အတူ လိုက်နေဖို့ ခေါ်သွားသင့်တယ်လို့ ကျွန်တော် စဉ်းစားမိတယ်၊ ဒါပေမယ့် အများအားဖြင့် တစ်ခြားတစ်ခုကိုပဲ ကျွန်တော်က အမြဲတမ်း စဉ်းစားနေမိတယ်။ တီဗွီကနေ သိပ်မလှမ်မကမ်းက ပြတင်းပေါက်ရဲ့ ဘေးမှာ လှောင်အိမ်လေး တစ်ခု ရှိနေတယ်။ ငှက်လှောင်အိမ်၊ တစ်ပေခွဲလောက်တော့ မြင့်မယ်၊ မျက်နှာကြက်ကနေ တွဲလောင်းကျနေတယ်၊ အထဲမှာတော့ ဘာမှမရှိ။

“ဒါ ဘာအတွက်လဲ”

“လှောင်အိမ်လေ” လို့ ဆာရာက ပြောတယ်၊ ပြီး ပြုံးတယ်။

ဆေလ်ဗီယာက ကျွန်တော့်ဆီ အနားကပ်လာပြီး သူမနောက်ကနေ မီးဖိုချောင်ထဲ လိုက်ခဲ့ဖို့ အရိပ်အယောင် ပြတယ်။ ကျွန်တော်တို့ ပြတင်းပေါက်နားမှာ ရပ်လိုက်ကြပြီး၊ ဆာရာ တစ်ယောက် နားမထောင်နေတာ သေချာလားဆိုတာ သူမက သေချာအောင် လှမ်းကြည့်တယ်။ ကလေးမလေးက ဆိုဖာပေါ်မှာ ခါးမတ်မတ် ထိုင်နေဆဲ၊ ကျွန်တော်တို့တွေ အိမ်ပြန် မရောက်လာခဲ့တဲ့အတိုင်း လမ်းပေါ်ကို မျက်နှာမူပြီး ကြည့်နေတယ်။ ဆေလ်ဗီယာက ကျွန်တော့်ကို လေသံ တိုးတိုးလေးနဲ့ ပြောတယ်။

“ဒီမှာ၊ ရှင် ဒီကိစ္စကို စိတ်အေးအေးထားပြီး ကိုင်တွယ်မှ ရမယ်”

“ဆေလ်ဗီယာ၊ ပြောစမ်းပါဟ၊ ကျွန်တော့်ကို ဝေ့လည်ကြောင်ပတ်တွေ လုပ်မနေနဲ့တော့။ ဘာတွေ ဖြစ်နေတာလဲ”

“ကျွန်မ မနေ့တည်းက သူ့ကို ဘာမှ မကျွေးရသေးဘူး။”

“နင် ကျွန်တော့်ကို နောက်နေတာလား”

“ဒါဆိုလည်း ရှင့် မျက်လုံးတွေနဲ့သာ ရှင်ကိုယ်တိုင် ကြည့်လှည့်။”

“ဟမ် .. နင် ရူးများ သွားပြီလား”

ဧည့်ခန်းကို ပြန်သွားကြမယ်လို့ သူမက ကျွန်တော့်ကို ပြောတယ်၊ ပြီးတော့ ဆိုဖာမှာ ထိုင်ဖို့ ကျွန်တော့်ကို ညွှန်ပြတယ်။ ဆာရာနဲ့ မျက်နှာချင်းဆိုင်မှာ ကျွန်တော် ဝင်ထိုင်လိုက်တယ်။ ဆေလ်ဗီယာက အိမ်ထဲကနေ ထွက်သွားတယ်၊ ပြတင်းပေါက်ကနေ ကျော်ပြီး သူမကို ကျွန်တော်တို့ မြင်နေရတယ်၊ သူမက ကားဂိုဒေါင်ထဲ ဝင်သွားတယ်။

“သမီး အမေ ဘာတွေ ဖြစ်နေတာလဲ”

ဆာရာ ပခုံးတွန့်ပြတယ်။ သူမရဲ့ မည်းနက် ဖြောင့်စင်းနေတဲ့ ဆံပင်တွေကို ကျောဘက်မှာ မြင်းအမြှီး ပုံသဏ္ဍာန် စုစည်းထားတယ်၊ မျက်လုံးထိတောင် ဖုံးတော့မလို ဖြစ်နေတဲ့ သူမရဲ့ နဖူးပေါ် ဝဲကျနေတဲ့ ဆံရစ်က ထူထူထဲထဲ။

ဆေလ်ဗီယာ ရှူးဖိနပ်ဗူးနဲ့အတူ ပြန်ရောက်လာတယ်။ သူမက အဲဒါကို သေသေချာချာ ကိုင်ထားတယ်၊ လက်နှစ်ဖက်နဲ့၊ အထဲမှာ ထိလွယ်ကွဲလွယ် တစ်ခုခု ပါသလိုမျိုး။ သူမ ငှက်လှောင်အိမ်ဆီသွားပြီး ဖွင့်လိုက်တယ်၊ ရှူးဖိနပ်ဗူးထဲကနေ စာကလေး၊ ဂေါက်သီး အရွယ်အစားလောက်ပဲရှိမယ်၊ ပေါက်စန သေးသေးလေး တစ်ကောင်ကို ယူထုတ် လိုက်ပြီး လှောင်အိမ်ထဲ ထည့်လိုက်တယ်။ ပြီးတော့ လှောင်အိမ်ကို ပိတ်လိုက်တယ်။ သူမက ရှူးဖိနပ်ဗူးကို ကြမ်းပြင်ပေါ် ချလိုက်ပြီး၊ ခြေထောက်နဲ့ ထောင့်ကပ်လိုက်တယ်၊ အဲဒီနေရာ၊ စားပွဲအောက်မှာ အဲဒီလို ဆင်တူ ဗူးတွေ ကိုးဗူး၊ ဆယ်ဗူးလောက်ရှိတယ်။ ပြီးတာနဲ့ ဆာရာ မတ်တပ် ထရပ်တယ်၊ သူမရဲ့ ဆံပင်လေးက တောက်ပပြီး ယိမ်းထိုးနေတယ်၊ အသက် ကျွန်တော်ငါးနှစ်လောက် ငယ်သွားတဲ့ ကလေးမလေးလိုမျိုး ခုန်ဆွ ခုန်ဆွနဲ့ လှောင်အိမ်ဆီ လျှောက်သွားတယ်။ သူမ ကျွန်တော်တို့ကို ကျောပေးထားတယ်၊ ခြေဖျားထောက်ပြီး ရပ်တယ်၊ လှောင်အိမ်ကို ဖွင့်လိုက်ပြီး ငှက်ကလေးကို ထုတ်ယူလိုက်တယ်။ သူမ ဘာလုပ်နေသလဲ ကျွန်တော် မမြင်ရဘူး။ ငှက်က အော်ဟစ်တယ်၊ ထွက်ပြေးဖို့လည်း ကြိုးစားသေးတော့၊ သူမ အားတော့ ခဏ စိုက်လိုက်ရသေးတယ်။ ဆေလ်ဗီယာက သူ့ပါးစပ်ကို လက်နဲ့ အုပ်ထားတယ်။ ဆာရာက ကျွန်တော်တို့ဘက် ပြန်လှည့်လာတော့၊ ငှက်က အဲဒီမှာ လုံးဝ မရှိတော့ဘူး။ သူမ ပါးစပ်၊ နှာခေါင်း၊ မေးစေ့နဲ့ လက်နှစ်ဖက်စလုံးတွေမှာပါ သွေးတွေနဲ့ ပေကျံနေတယ်။ သူမဟုတ်တဲ့အတိုင်းပဲ သူမ ပြုံးတယ်။ သူမရဲ့ ပါးစပ်ပြဲကြီးက ဖွင့်ဟလာတယ်၊ သူမရဲ့  နီရဲနေတဲ့ သွားတွေက ကျွန်တော့်ကို ထခုန်မိမတက် ဖြစ်သွားစေတယ်။ ကျွန်တော် ရေချိုးခန်းဆီ အပြေးသွားတယ်၊ တံခါးကို လော့ခ် ချတယ်၊ ပြီးတာနဲ့ အိမ်သာထဲမှာ အန်တယ်။ ဆေလ်ဗီယာ ကျွန်တော့်နောက်ကို လိုက်လာပြီး ကျွန်တော့်ကို တံခါးအပြင်ကနေ ပြောဆို အပြစ်တင်လိမ့်မယ်လို့ ကျွန်တော် ထင်လိုက်မိသေးတယ်၊ ဒါပေမယ့် သူမ အဲလို လုပ်မလာခဲ့ဘူး။ ကျွန်တော် ပါးစပ်နဲ့ မျက်နှာကို ရေဆေးလိုက်ပြီး မှန်ရှေ့မှာ ရပ်တယ်၊ နားစွင့်နေတယ်။ သူတို့တွေ လေးပင်တဲ့ အရာတစ်ခုခုကို လှေကားကနေ သယ်ချနေတာကို ကျွန်တော် ကြားရတယ်။ အိမ်ရှေ့တံခါးက ပိတ်သွားလိုက် ဖွင့်သွားလိုက်။ စင်ပေါ် တင်ထားတဲ့ ဓာတ်ပုံကို သူမ ယူသွားလို့ ရနိုင်မလားလို့ ဆာရာက မေးတယ်။ ဆေလ်ဗီယာက ရတယ်လို့ ပြောတယ်၊ သူမ အသံက စိမ်းကားနေမှုကို ဖော်ပြနှင့်နေပြီ။ ကျွန်တော်လည်း အသံမပြုမိအောင် ကြိုးစားရင်း ရေချိုးခန်းထဲကနေ ထွက်လာပြီး၊ အိမ်ထဲက လျှောက်လမ်းကို ချောင်းကြည့်တယ်။ အိမ်ရှေ့တံခါးက ပွင့်နေတယ်၊ ဆေလ်ဗီယာက ငှက်လှောင်အိမ်ကို ကျွန်တော့်ကားနောက်ခန်းထဲကို သယ်ထည့်နေတယ်။ ကျွန်တော် အပြင်ထွက်ဖို့ ခြေလှမ်း အနည်းငယ် ပြင်လိုက်တယ်၊ ပြီးရင် ပြောစရာ ရှိတာလေး ပြောမယ်ပေါ့၊ ဒါပေမယ့် ဆာရာက မီးဖိုချောင်ထဲကနေ ထွက်လာပြီး လမ်းပေါ် ထွက်သွားတယ်၊ ဒီတော့ သူမ မမြင်အောင် ရုတ်တရက်ပဲ ကျွန်တော် ရပ်လိုက်ရတယ်။ သူမတို့နှစ်ယောက် ဖက်ကြတယ်။ ဆေလ်ဗီယာက သူမကို နမ်းတယ်၊ ပြီး ကားနောက်ခုံမှာ နေရာချလိုက်တယ်။ သူမ အထဲကို ပြန်ဝင်လာပြီး အိမ်တံခါးပိတ်သွားတဲ့အထိ ကျွန်တော် စောင့်နေလိုက်တယ်။

“ဘာတွေ လုပ်နေတာလဲ”

“ရှင် သူ့ကို ခေါ်သွားရမှာလေ”

သူမ စားပွဲဆီ သွားပြီး လွတ်နေတဲ့ ဗူးတွေကို ခေါက်သိမ်းတယ်။

“ကျွန်တော် လခွမ်း၊ နင့်သမီးက ငှက်တွေကို စားနေတာလေ.. ဆေလ်ဗီယာ။”

“ကျွန်မ ဒါကို ဆက်ပြီး မခံစားနိုင်တော့ဘူး”

“သမီးက ငှက်တွေကို စားနေတာဟ။ နင် သူ့ကို ဆရာဝန် သွားမပြဘူးလား။ ငှက်အရိုးတွေကိုရော သမီးက ဘယ်လိုလုပ်လဲ”

ဆေလ်ဗီယာ ကျွန်တော့်ကို ကြည့်နေတယ်၊ ကြောင်တက်တက်နဲ့။

“အရိုးတွေကိုလည်း မျိုချလိုက်တယ်လို့ ထင်ရတာပဲ။ ကျွန်မ မပြောတတ်ဘူး တကယ်လို့ ငှက်တွေက …” လို့ သူမ ပြောတယ်၊ အဲဒီလို ဆေလ်ဗီယာ ဆက်ပြီး ကျွန်တော့်ကို ကြည့်နေဆဲ။

“ကျွန်တော် သူ့ကို မခေါ်သွားနိုင်ဘူး။”

“သူနဲ့ ကျွန်မ တစ်ရက် ထပ်ပြီးနေရမယ် ဆိုတာနဲ့ ကျွန်မကိုယ် ကျွန်မ သတ်သေမိလိမ့်မယ်။ ကျွန်မ သူ့ကိုလည်း သတ်မယ်၊ ပြီးမှ ကျွန်မကိုယ် ကျွန်မ သတ်မိလိမ့်မယ်။”

“သမီးက ငှက်တွေကို စားနေတာဟ”

ဆေလ်ဗီယာ သန့်စင်ခန်းထဲဝင်သွားပြီး တံခါးကို လော့ခ်ချလိုက်တော့တယ်။ ကျွန်တော်က ပြတင်းပေါက်ကနေ တဆင့် အပြင်ကို ကြည့်နေမိတယ်။ ကားပေါ်ကနေ ဆာရာက ပျော်ပျော်ရွှင်ရွှင်နဲ့ ကျွန်တော့်ကို လက်ဝှေ့ယမ်းပြတယ်။ ကိုယ့်စိတ် ကိုယ်ငြိမ်သွားအောင် ထိန်းလိုက်တယ်။ အိမ်တံခါးဆီ ရောက်ဖို့ အတွက် တုန်ရီနေတဲ့ ခြေလှမ်း အနည်းငယ်ကိုတောင် ကျွန်တော့်မှာ ကြိုးစားပြီး လှမ်းနေရတယ်၊ အဲဒီ အချိန်တွင်းမှာကိုပဲ ကျွန်တော့်မှာ၊ တချိန်တုန်းက သာမာန် လူတစ်ယောက်၊ သူဝယ်မယ့် ပဲက သူစားဖို့ အသင့်တော်ဆုံး ပဲအမျိုးအစားမှ ဖြစ်ပါ့မလား ဆိုတာကို စူပါမားကက်ထဲက စင်တွေရှေ့မှာ ဆယ်မိနစ်လောက် အချိန်ပေး ရပ်ပြီး၊ ရွေးချယ်တတ်တဲ့ ဇီဇာကြောင်ပြီး စနစ်တကျရှိတဲ့ လူတစ်ယောက် အဖြစ်ကို ပြန်သွားပါရစေတော့ ဆိုပြီး ဆုတောင်းနေမိတယ်။ ကျွန်တော် စဉ်းစားကြည့်တယ်၊ ဆိုပါတော့၊ လူတွေကို ပြန်စားတဲ့ လူတွေလည်း ရှိတယ် ဆိုရင်၊ ငှက်အရှင်တွေကို စားတာက ဆိုးတယ်လို့ ပြောလို့ မရနိုင်ဘူး။ နောက်ပြီး၊ သဘာဝနဲ့ ဆက်စပ်ကြည့်မယ် ဆိုရင်လည်း ဒါက ဆေးချနေတာထက် ပိုပြီး ကျန်းမာနေသေးတယ်၊ နောက်ပြီး လူမှုရေး ရှုထောင့်က ကြည့်မယ် ဆိုရင်လည်း၊ အသက် ဆယ့်သုံးနှစ်မှာ ငှက်ကို စားတာက အသက် ဆယ့်သုံးနှစ်မှာ ဗိုက်ကြီးတာကို ဖုံးဖိရတာထက်လည်း လွယ်ကူတယ်။ ကားတံခါး လက်ကိုင်ဆီ ရောက်တဲ့အထိကိုပဲ ကျွန်တော့်ခေါင်းထဲမှာ တောက်လျှောက် တွေးနေမိတယ်။ သမီးက ငှက်တွေ စားတယ်၊ သမီးက ငှက်တွေ စားတယ်၊ သမီးက ငှက်တွေ စားတယ်၊ အမျှင်မပြတ်။

ဆာရာကို အိမ်ဆီ ခေါ်လာလိုက်တယ်။ လမ်းတစ်လျှောက်လုံး သူမ ဘာစကားမှ မပြောဘူး၊ ကျွန်တော်တို့ အိမ်ရောက်တော့လည်း သူ့ပစ္စည်းတွေကို သူ့ဘာသာသူ ချတယ်။ သူ့အမေနဲ့ သူမနဲ့ ကားနောက်ဖုံးထဲကို ထည့်ခဲ့တဲ့ သူမရဲ့ ငှက်လှောင်အိမ်၊ သူမရဲ့ အဝတ်သေတ္တာ၊ နောက်ပြီး၊ ဖိနပ်ဗူး လေးဗူး၊ ဂိုဒေါင်ထဲကနေ ဆေလ်ဗီယာ သွားယူလာတဲ့ ဗူးတွေလိုပေါ့။ သူမကို ကူညီဖို့ ကျွန်တော့်ကိုယ်ကျွန်တော် မဝံ့မရဲ ဖြစ်နေတယ်။ အိမ်ရှေ့ တံခါးကို ဖွင့်ထားလိုက်ပြီး၊ သူမ ဝင်လိုက် သယ်လိုက် လုပ်နေတာတွေ အားလုံး ပြီးသွားတဲ့အထိ စောင့်နေလိုက်တယ်။ အပေါ်ထပ်က အိပ်ခန်းကို အသုံးပြုလို့ ရကြောင်း ကျွန်တော် ပြောပြီး၊ မိနစ် အနည်းငယ် အတွင်း သူမရဲ့ ကိစ္စဝိစ္စတွေပါ နေရာချပြီးသွားတဲ့ အခါမှာတော့၊ အောက်ကို ဆင်းလာခဲ့ဖို့ ခေါ်လိုက်ပြီး၊ ညစာ စားပွဲမှာ ကျွန်တော်နဲ့ သူမနဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြတယ်။ ကျွန်တော် ကော်ဖီနှစ်ခွက် ဖျော်ထားတယ်။ သူမက သူမရဲ့ ခွက်ကို ဘေးကို တွန်းပို့လိုက်ပြီး၊ Brewed ထားတာတွေ ဘာမှ မသောက်ကြောင်း သူမ ပြောတယ်။

“သမီး ငှက်တွေတော့ စားတယ်လေ .. ဆာရာ”

“ဟုတ်တယ်၊ အဖေ”

သူ့နှုတ်ခမ်းကို သူကိုက်လိုက်တယ်၊ ရှက်စနိုး၊ ပြီးတော့ ပြောတယ်၊

“အဖေလည်း စားတာပဲ”

“သမီးက အရှင်တွေ စားတာလေ၊ ဆာရာရဲ့”

“ဟုတ်တယ်၊ အဖေ”

ငါးနှစ်အရွယ်တုန်းက ဆာရာကို ကျွန်တော် မှတ်မိနေသေးတယ်၊ ကျွန်တော်တို့နဲ့ စားပွဲမှာ အတူတူ ထိုင်နေရင်း သူမက သခွားမွှေး အရူးလိုပဲ အငမ်းမရ စားတာ။ ဒီပြဿနာကို ငါတို့ ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်း ရှာရမယ် လို့ ကျွန်တော် တွေးမိခဲ့သေးတယ်။ ဒါပေမယ့်၊ ကျွန်တော့် ရှေ့မှာ ရှိနေတဲ့ ဆာရာက တခါ ပြုံးပြပြန်တော့၊ ခြေထောက်တွေ၊ အမွှေးတွေ ဗရဗွနဲ့ အရာတစ်ခုကို ပါးစပ်ထဲ အပြည့် ထည့်ထားရတာ၊ လှုပ်လှုပ် လှုပ်လှုပ်နဲ့ အရှင်လတ်လတ် အရာတစ်ခုကို မျိုချရတာဟာ ဘယ်လိုများ နေမလဲလို့ ကျွန်တော် တွေးကြည့်နေမိတယ်။ ခုနကလေးတင် ဆေလ်ဗီယာ လုပ်သလိုမျိုးပဲ၊ ကျွန်တော်လည်း ကိုယ့်လက်နဲ့ ကိုယ့်ပါးစပ်ကိုယ် ပြန်အုပ်လိုက်ရပြန်တယ်။ ပြီးတော့၊ လုံးဝ မထိရသေးတဲ့ ကော်ဖီနှစ်ခွက်နဲ့အတူ ဆာရာကို တယောက်တည်း ထားခဲ့ပြီး ကျွန်တော် ထွက်ခဲ့လိုက်တယ်။

သုံးရက် လွန်မြောက်သွားတယ်။ ဆိုဖာပေါ်မှာ ခြေထောက်နှစ်ချောင်းကို ချိတ်၊ သူ့လက်တွေကို ဒူးပေါ်မှာ တင်ပြီး မတ်မတ် ထိုင်ရင်းနဲ့ပဲ ဆာရာဟာ အဲဒီ သုံးရက်လုံး နီးပါးကို ဧည့်ခန်းထဲမှာပဲ ကုန်ဆုံးတယ်။ မနက်ဆို ကျွန်တော်က အလုပ် သွားပြီ၊ ငှက်၊ အသားစိမ်း၊ ကုသမှု၊ မွေးစားခြင်း စတဲ့ စကားလုံးတွေကို မပြီးနိုင် မဆုံးနိုင် ပေါင်းစပ်ပြီး အင်တာနက်ပေါ်မှာ နာရီပေါင်းများစွာ ကျွန်တော် မမှိတ်မသုန် ရှာဖွေတယ်၊ သူမကတော့ ဧည့်ခန်းထဲမှာ ထိုင်ပြီး အပြင်က ခြံဝန်းကို နာရီပေါင်းများစွာ ကြည့်နေလိမ့်မယ် ဆိုတာလည်း စိတ်ထဲကနေ သူသိနေတယ်။ ခုနှစ်နာရီလောက် ကျွန်တော် အိမ်ပြန် ရောက်လာပြီ ဆိုရင်လည်း၊ ကျွန်တော် တနေကုန် စိတ်ထဲမှာ သိနေခဲ့တဲ့အတိုင်းပဲ သူမ ထိုင်နေဆဲ၊ ကျွန်တော့်မှာ ဂုတ်က အမွှေးတွေပါ ထောင်လာတယ်၊ သူမကို လေပါ အလုံ တခါတည်း ပိတ်ထားခဲ့လိုက်ပြီး ထွက်သွားလိုက်ချင်တယ်၊ ကျွန်တော် ငယ်ငယ်က အင်းဆက်ပိုးကောင်တွေကို ဖမ်းပြီး ဖန်ဗူးတွေထဲမှာ လေတွေ ကုန်သွားအောင်ထိ ပိတ်ထားလိုက်သလိုမျိုးပေါ့။ ကျွန်တော် ဘယ်လိုလုပ် လုပ်ဝံ့မလဲ။

ငယ်တုန်းကတော့ ကျွန်တော် ဆပ်ကပ်ပွဲကို တစ်ခါသွားဖူးတယ်၊ အဲဒီမှာ မှုတ်ဆုတ်မွှေးတွေနဲ့ မိန်းမကြီး တစ်ယောက်က ကြွက်အရှင်တွေကို သူ့ပါးစပ်ထဲ ထည့်ပြတာ တွေ့ဖူးတယ်။ ကြွက်ကို သူမရဲ့ ပါးစပ်ထဲမှာ ခဏ ထည့်ထားပြီး ပရိသတ်တွေရှေ့မှာ သူမ လှည့်ပြီး လျှောက်ပြတယ်၊ သူမရဲ့ ပိတ်ထားတဲ့ နှုတ်ခမ်းနှစ်ခုကြားမှာတော့ ကြွက်အမြှီးက လှုပ်ယမ်းနေတာပေါ့၊ ပြီးရင် သူမ ပြုံးတယ်၊ ကြွက်က သူမကို သာယာမှု တကယ် ပေးသလိုမျိုး သူမရဲ့ မျက်လုံးတွေကလည်း အပေါ်ကို လန်သွားတယ်။ ညတိုင်း ဆိုသလို အိပ်မပျော်နိုင် လူးလှိမ့်ရင်း အဲဒီ မိန်းမအကြောင်းကိုပဲ တွေးနေမိတယ်၊ ပြီးတော့ ဆာရာလေးကိုလည်း စိတ်ကျန်းမာရေး ဆေးရုံပို့ဖို့ ဖြစ်တန်ချေတွေကိုလည်း အချိန်ယူ ချင့်ချိန်စဉ်းစားနေမိတယ်။ ကျွန်တော့် အနေနဲ့ကတော့၊ တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ် ဖြစ်ဖြစ် သမီးဆီ သွားတွေ့နိုင်တယ်။ မိသားစုနဲ့ လအနည်းငယ် ခွဲထားတဲ့အနေနဲ့၊ ဆရာဝန်တွေက လူနာကို သီးခြား နေခိုင်းတဲ့ ကိစ္စတွေကိုလည်း ကျွန်တော် စဉ်းစားနေမိတယ်။ ဒါဟာ အားလုံးအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ ဒါပေမယ့် ဆာရာက အဲဒီလို နေရာမျိုးမှာ နေနိုင်ပါ့မလား ဆိုတာကိုတော့ ကျွန်တော် မသေချာဘူး။ နေရင်လည်း နေနိုင်မှာပေါ့။ ဘယ်လို အနေအထားပဲ ဖြစ်ဖြစ်၊ သူ့အမေကတော့ ခွင့်ပြုမှာ မဟုတ်ဘူး။ ခွင့်ပြုရင်လည်း ပြုမှာပေါ့။ ကျွန်တော် မဆုံးဖြတ်တတ်တော့ဘူး။

လေးရက်မြောက်နေ့မှာတော့ ဆေလ်ဗီယာ၊ ကျွန်တော်တို့ဆီ ရောက်လာခဲ့တယ်။ ဖိနပ်ဗူး ငါးဗူးကို သူမ သယ်လာပြီး၊ အိမ်ရှေ့တံခါးဝမှာ ချထားလိုက်တယ်။ ကျွန်တော်တို့ နှစ်ယောက်လုံး အဲဒီအကြောင်း တစ်လုံးတောင် မဟ ကြဘူး။ ဆာရာ ဘယ်မှာလဲလို့ သူမက မေးတယ်၊ ကျွန်တော်က အပေါ်ထပ်က အိပ်ခန်းကို ညွန်ပြလိုက်တယ်။ ခဏကြာတော့၊ သူမ တစ်ယောက်တည်း ပြန်ဆင်းလာတယ်။ သူမကို ကျွန်တော်က ကော်ဖီသောက်ဦးမလားလို့ ဖိတ်ခေါ်လိုက်တယ်။ ဧည့်ခန်းမှာ ကျွန်တော်တို့ သောက်သုံးကြတယ်၊ တိတ်တဆိတ်။ သူမက နွမ်းဖတ်နေခဲ့တယ်၊ ပြီးတော့ မကြာခဏ ဆိုသလို သူ့လက်ကို လှုပ်ပြီး ကော်ဖီခွက် ပန်းကန်ပြားကို တဒေါက်ဒေါက်နဲ့ ခေါက်နေတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံး ခေါင်းထဲမှာ ဘာတွေးနေမလဲ ဆိုတာ တစ်ယောက်ကို တစ်ယောက်ကို သိနေပြီးသား။ “ဒါ နင့် မှားယွင်းမှုပဲ၊ ဒါ နင် လုပ်လို့ ဖြစ်တဲ့ ကိစ္စပဲ” လို့ ကျွန်တော်က ပြောလိုက်မယ်၊ ဒါဆို အဓိပ္ပာယ်မဲ့တာ တစ်ခုခု သူမ ပြန်ပြောလိမ့်မယ်၊ ဒီလိုမျိုးပေါ့၊ “ရှင် ဘယ်တုန်းကမှ သမီးကို ဂရုမစိုက်ခဲ့လို့ ဒီလိုမျိုးတွေ ဖြစ်လာတာ”။ တကယ်တန်း လက်တွေ့မှာတော့၊ ကျွန်တော်တို့ နှစ်ယောက်လုံး ပင်ပန်းနေခဲ့ပြီ။

မပြန်ခင်မှာ “ဒါကိုတော့ ကျွန်မ တာဝန်ယူလိုက်မယ်” လို့ ဆေလ်ဗီယာက သူမ ယူလာတဲ့ ဖိနပ်ဗူးတွေကို ညွန်ပြရင်း ပြောသွားခဲ့တယ်။ ကျွန်တော်က ဘာမှ ပြန်ပြောမနေတော့ဘူး၊ ဒါပေမယ့် ရင်ထဲမှာတော့ အလုံးကြီး တစ်လုံး ကျသွားတယ်။

စူပါမားကတ်ထဲမှာ၊ လူတွေက သူတို့ရဲ့ တွန်းလှည်းထဲကို Cereal ဗူးတွေ၊ အချိုတွေ၊ အသီးအရွက်တွေ၊ နို့ထွက်ပစ္စည်းတွေ ထည့်နေကြတယ်။ ကျွန်တော်ကတော့၊ ကျွန်တော့်ရဲ့ စည်သွပ်ဗူး အစားအသောက်တွေနဲ့ နှစ်ပါးသွားပြီး၊ ငွေရှင်းမယ့်နေရာမှာ အေးအေးလူလူပဲ တန်းစီ စောင့်ဆိုင်းနေတယ်။ ကျွန်တော်ဟာ စူပါမားကပ်ကို တစ်ပတ်မှာ နှစ်ကြိမ်၊ ဒါမှမဟုတ် သုံးကြိမ်လောက် သွားလေ့ရှိတယ်။ တခါတလေ၊ ဘာမှ ဝယ်စရာ မရှိဘူး ဆိုရင်တောင်မှ၊ အိမ်ပြန်တဲ့လမ်းမှာ လမ်းကြုံဝင်ဖြစ်တယ်။ တွန်းလှည်း ယူပြီး၊ စင်တွေကြားထဲမှာ လျှောက်သွားရင်း ငါ မေ့နေတာ ဘာများရှိလဲ ဆိုပြီး စဉ်းစားနေမိတယ်။ ညဆိုရင်တော့၊ ကျွန်တော်တို့ အတူတူ တီဗွီကြည့်ကြတယ်။ ဆာရာက ဆိုဖာရဲ့ သူမဘက်ခြမ်း အစွန်မှာ မတ်မတ်ထိုင်လျက်ပဲ၊ ကျွန်တော်ကတော့ ကျန်တဲ့ အစွန်ဘက်မှာ ထိုင်ရင်း၊ မကြာခဏ ဆိုသလို သူမကို အကဲခတ် ကြည့်နေမိတယ်၊ သူမ တီဗွီကို ကြည့်နေသေးလား၊ ဒါမှမဟုတ် ခြံဝန်းကိုပဲ စိုက်ကြည့်နေတာလား ဆိုတာ သိရအောင်ပေါ့။ ကျွန်တော်တို့ အတွက် ညစာကို ကျွန်တော် ကိုယ်တိုင်ပြင်ဆင်ပြီး၊ ဗန်းနှစ်ဗန်းထဲထည့်ပြီး ဧည့်ခန်းထဲကို ယူလာတယ်။ သူမရဲ့ရှေ့မှာ သူမအတွက် ညစာကို ကျွန်တော် ချပေးလိုက်တယ်၊ ညစာ ကတော့ အဲဒီအတိုင်းပဲ။ ကျွန်တော် စတင်ပြီး စားတာကို သူမကို စောင့်နေပြီး၊ ခဏနေတော့

“အဖေ … ခဏနော်” ဆိုပြီး ပြောတယ်။

ပြီးတော့၊ သူမ အခန်းဆီ သူမ ထထွက်သွားတယ်၊ အခန်းတံခါးကို ဖြေးဖြေးလေး ပိတ်တယ်။ ပထမဆုံး အကြိမ်မှာတော့၊ တီဗွီကို ကျွန်တော် ပိတ်လိုက်ပြီး၊ တိတ်တဆိတ် ကျွန်တော် စောင့်နေတယ်။ ခပ်တိုတို ပြတ်ပြတ် စီကနဲ အသံ ထွက်လာတယ်။ စက္ကန့် အနည်းငယ် ကြာပြီးတော့၊ သန့်စင်ခန်းထဲက ရေပိုက်တွေထဲကနေ ရေသံတွေကို ကြားရတာပဲ။ တစ်ခါတစ်ရံမှာတော့၊ ခဏလေးပဲ ကြာပြီး သူမ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဆင်းလာတယ်၊ သူမရဲ့ဆံပင်ကိုလည်း ကျော့နေအောင် ဖီးလာသေးတယ်။ တစ်ခါတစ်လေကျရင်တော့၊ ရေမိုးချိုးပြီးလို့မှ ညအိပ်ဝတ်စုံနဲ့ သူမ ပြန်ဆင်းလာတတ်တယ်။

သူမက အပြင် မသွားချင်ဘူး။ သူမရဲ့ အပြုအမူတွေကို လေ့လာကြည့်သလောက် ပြောရရင်၊ Agoraphobia လို့ခေါ်တဲ့ နေရာတွေကို ကြောက်တဲ့ရောဂါကိုများ ခံစားနေရသလားလို့ ကျွန်တော် တွေးမိတယ်။ တစ်ခါတစ်လေ ကျွန်တော် ခုံယူပြီး ခြံထဲ ဆင်းဖြစ်တဲ့အခါမျိုးတွေမှာ သူမကို ကျွန်တော် အပြင်ထွက်လာဖို့ စည်းရုံးကြည့်သေးတယ်။ အချည်းနှီးပါပဲ။ ဒါပေမယ့်၊ သူမရဲ့ အသားအရေက ပိုမို စိုပြေတောက်ပလာပြီး၊ တစ်နေ့ထက် တစ်နေ့လည်း ပိုပို လှလာတယ်၊ မသိရင် နေရောင်အောက်မှာ ပုံမှန် လေ့ကျင့်ခန်းတွေ လုပ်ထား သလိုမျိုးပဲ။

မကြာခဏဆိုသလို၊ ကျွန်တော် လုပ်စရာရှိတဲ့ ကိစ္စတွေ လုပ်နေရင်း၊ ငှက်မွှေးကို ကျွန်တော် တွေ့တွေ့ရတယ်။ တံခါးဘေးက ကြမ်းပြင်မှာ ကျနေတာ၊ ကော်ဖီဗူးရဲ့ နံဘေးမှာ၊ ဇွန်း၊ ခရင်းတွေ ကြားမှာ၊ ဒါမှမဟုတ် ဘေစင်ထဲမှာ ရေစိုလျက်သား၊ စသဖြင့် တွေ့ရတယ်။ သူမ မမြင်အောင် ကျွန်တော် ဂရုစိုက်ပြီး အဲဒါကို ကောက်ယူရတယ်၊ ပြီးရင် အိမ်သာထဲ ပစ်ချပြီး ရေဆွဲချလိုက်တယ်။ ပြီးရင် အိမ်သာခွက်ထဲ ရေပြန်ပြည့်လာမယ်၊ ရေတွေကလည်း ငြိမ်သက်သွားပြီး ကြည်လင်လာမယ်၊ အဲဒီအချိန်ထိ ကျွန်တော့်မှာ အဲဒါကို ရပ်ကြည့်နေမိပြီး အတွေးတွေ ပွားနေမိတယ်၊ ငါ စူပါမားကက်ကို ပြန်သွားဖို့ လိုအပ်နေမလား၊ တွန်းလှည်းတွေကို အမှိုက်ပေါင်း သောင်းခြောက်ထောင်နဲ့ ဖြည့်တာကလည်း တကယ် အကျိုးရှိ ထိုက်တန်ရဲ့လား၊ နောက်ပြီး၊ ဆာရာ၊ အဲဒီ ခြံဝန်းထဲကိုများ ထွက်လာခဲ့ရင် သူမ ဘာများ ဖြစ်သွားမလဲ။

တခုသော နေ့လယ်ခင်း၊ ဆေလ်ဗီရာက ကျွန်တော့်ဆီ ဖုန်းဆက်လာပြီး သူမ အင်မတန် နေမကောင်း ဖြစ်နေတဲ့အကြောင်း ပြောတယ်။ ပြီးတော့ သူမ ကျွန်တော်တို့ဆီ မလာနိုင်ဘူးတဲ့။ သူ မလာလည်း ကျွန်တော် တစ်ယောက်တည်း စီစဉ်လို့ ရတယ်မှတ်လားလို့ သူမက မေးတယ်။ သူမ အဖျားရှိနေတာလား၊ အစား ကောင်းကောင်း စားရဲ့လား၊ ဆရာဝန်နဲ့ရော ပြပြီးပြီးလား လို့ ကျွန်တော်က သူမကို ပြန်မေးတယ်၊ ပြီးတော့ သူမ ဖြေစရာ ရှိတာတွေ မနားမနေ ဖြေပြီးသွားတဲ့ အချိန်မှာတော့၊ ဖုန်းချတော့မယ် လို့ ကျွန်တော် သူမကို ပြောလိုက်ပြီး၊ ကျွန်တော် ဖုန်းချလိုက်တယ်။ ဖုန်းက နောက်တစ်ကြိမ် ထပ်မြည်လာတယ်၊ ဒါပေမယ့် ကျွန်တော် မကိုင်တော့ဘူး။

ကျွန်တော်တို့ တီဗွီကြည့်ကြတယ်။ ကျွန်တော် ကိုယ်စားဖို့ဆိုပြီး အစားအသောက်တွေ ယူလာတဲ့ အချိန်မှာ၊ ဆာရာ သူ့အခန်းကို ထထွက် မသွားဘူး။ အပြင်က ခြံဝန်းကိုပဲ သူမ အာရုံစိုက်ထားတယ်၊ ကျွန်တော် စားတာ ပြီးသွားတဲ့ အထိပဲ။ ပြီးတော့မှ သူမ တီဗွီကို ပြန်ကြည့်တယ်။

နောက်တနေ့မှာ၊ အိမ်မပြန်ခင် စူပါမားကက်ကို ကျွန်တော် ဝင်တယ်။ ထုံးစံအတိုင်း၊ ပစ္စည်း အနည်းငယ်ကို တွန်းလှည်းထဲ ထည့်တယ်။ စင်တွေ ကြားမှာ ကျွန်တော် လျှောက်ကြည့်နေမိတာက၊ မသိရင် ကျွန်တော်ဟာ စတိုးဆိုင်ထဲမှာ ကင်းထောက်နေသလို ဖြစ်နေတယ်။ အိမ်မွေးတိရစ္ဆာန် ကဏ္ဍမှာ ကျွန်တော် ရပ်လိုက်တယ်၊ အဲဒီမှာ ခွေးစာ၊ ကြောင်စာ၊ ငှက်စာ၊ ငါးစာ စသဖြင့်။ အဲဒီထဲက တချို့ကို ကျွန်တော် ကိုင်ကြည့်ပြီး အသေးစိတ် စူးစမ်းနေမိတယ်။ ပါဝင် ပစ္စည်းတွေ၊ ကယ်လိုရီ ဘယ်လောက်ပါလဲ ဆိုတာတွေ၊ အမျိုး၊ အရွယ်အစား၊ အသက် လိုက်ပြီး ဘယ်လောက် ကျွေးသင့်သလဲ ဆိုတာတွေကို ကျွန်တော် လိုက်ဖတ်ကြည့်နေမိတယ်။ ပြီးတော့၊ ကျွန်တော် ဥယျာဉ်ခြံမြေ ကဏ္ဍကို သွားပြန်တယ်၊ အဲဒီမှာတော့ ပန်းမပွင့်သေးတဲ့ အပင်တွေ၊ ပန်းအိုးနဲ့ မြေကြီးတွေ တွေ့ရတယ်၊ အဲဒါနဲ့ ကျွန်တော်လည်း အိမ်မွေးတိရစ္ဆာန် ကဏ္ဍဘက်ကို ပြန်သွားပြီး၊ ဘာဆက်လုပ်ရင် ကောင်းမလဲ ဆိုတာကို မတ်တပ်ရပ် စဉ်းစားနေမိတယ်။ တခြား စျေးဝယ်သူတွေကတော့ သူတို့ တွန်းလှည်း အပြည့်ထည့်ပြီး ကျွန်တော့် ဘေးနားကနေ ဖြတ်သွားနေကြတယ်။ လော်စပီကာ ကနေ၊ အမေများနေ့ ဂုဏ်ပြု အထိမ်းအမှတ် အဖြစ် နို့ထွက်ပစ္စည်းတွေကို စျေးလျှော့နေကြောင်း ကြေညာတယ်၊ ပြီးသွားတော့ မိန်းမတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ပြီး၊ အချစ်ဦးကိုပဲ လွမ်းဆွတ်နေတဲ့ လူတစ်ယောက်ကြောင်း ရေးစပ်ထားတဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်လာတယ်၊ စည်သွပ်ဗူးတွေ ရှိတဲ့ စင်တွေဆီ ကျွန်တော့် တွန်းလှည်းကို ပြန်ဦးမတည်ခင်ထိပဲ။

အဲဒီညမှာ ဆာရာက တော်တော်နဲ့ အိပ်မပျော်ဘူး။ ကျွန်တော့် အခန်းက သူမရဲ့ အောက်တည့်တည့်မှာ ဖြစ်ပြီး၊ သူမရဲ့ ခြေသံတွေကို ကျွန်တော် ဂနာမငြိမ်စွာ ကြားနေမိတယ်၊ အိပ်ရာထဲ ဝင်လိုက်၊ အိပ်ရာပေါ်ကနေ ပြန်ဆင်းလိုက်ပေါ့။ အခန်း အခြေအနေက ဘာများ ဖြစ်နေမလဲ ကျွန်တော် စဉ်းစားတယ်၊ သူမ ရောက်လာတည်းက အပေါ်ထပ်ကို ကျွန်တော် မတက်ဖြစ်ဘူး။ အပေါ်ထပ်ကတော့ တကယ့်ကို ရှုပ်ပွ အမှိုက်ပုံတောင် ဖြစ်ကောင်း ဖြစ်နေလောက်ပြီ၊ ရွှံ့တွေ၊ အမွှေးတွေနဲ့ ပြည့်နှက်နေတဲ့ ကျီဝင်း လိုပေါ့။

ဆေလ်ဗီရာ ဖုန်းဆက်ပြီး တတိယမြောက်ညကို ရောက်တော့၊ ကျွန်တော် အိမ်ပြန်တဲ့လမ်းမှာ၊ အိမ်မွေးတိိရစ္ဆာန်ဆိုင်ရဲ့ အမိုးကနေ တွဲလောင်းကျနေတဲ့ ငှက်လှောင်အိမ်တွေကို ကျွန်တော် ဝင်ကြည့်တယ်။ ဆေလ်ဗီယာ့ အိမ်မှာ မြင်ဖူးတဲ့ စာကလေးလို ငှက်နဲ့ တူတာဆိုလို့ ဘယ်ငှက် တစ်ကောင်မှ မတွေ့ရဘူး။ ဒီငှက်တွေ အားလုံးက အရောင်အသွေး အစုံအလင်နဲ့၊ ပြီးတော့ နည်းနည်းလေး ပိုပြီးတော့ ကြီးတယ်။ ကျွန်တော်ကလည်း အဲဒီမှာ ရပ်နေတော့၊ စျေးရောင်းသူက ရောက်လာပြီး ဘယ်ငှက်ကိုများ ကျွန်တော် စိတ်ဝင်စားသလဲ လို့ သူက လာမေးတယ်။ နိုး လို့ ကျွန်တော် ဖြေလိုက်တယ်၊ ကျွန်တော် တကယ်ကို စိတ်မဝင်စားဘူး၊ ကျွန်တော် ဒီအတိုင်း ရပ်ကြည့်ရုံပါပဲ။ သူက ကျွန်တော့် ဘေးမှာ ရပ်တယ်၊ ဗူးလေးတွေကို ဟိုဒီ ရွှေ့နေပြီး အပြင်ဘက်က လမ်းကို ကြည့်ရှုနေတယ်၊ နောက်ပြီး ကျွန်တော်ဟာ ဘာမှ ဝယ်မယ့်သူ မဟုတ်ဘူး ဆိုတာကို သူ သဘောပေါက်သွားပြီး၊ ကောင်တာဘက်ကို ပြန်ထွက်သွားတော့တယ်။

အိမ်ရောက်တော့၊ ဆာရာက ဆိုဖာပေါ်မှာ ထိုင်နေတယ်၊ ယောဂကျင့်တဲ့ အနေအထားအတိုင်းပဲ မတ်မတ် ဖြောင့်ဖြောင့်ပဲ။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ကြတယ်။

“ဟိုင်း၊ ဆာရာ။”

“ဟိုင်း၊ အဖေ။”

နှင်းဆီသွေးရောင်လွှမ်းတဲ့ သူမရဲ့ ပါးနှစ်ဖက်က အရောင်ဖျော့လာတယ်၊ အရင်နေ့တွေကလိုမျိုး သူမက သိပ်ပြီး ကျန်းမာလန်းဆန်းတဲ့ပုံ မထွက်ဘူး။ ကျွန်တော်စားဖို့ အစားအသောက် ပြင်တယ်၊ ဆိုဖာမှာ ထိုင်တယ်၊ တီဗွီကို ဖွင့်လိုက်တယ်။ ခဏကြာတော့ ဆာရာက ပြောလာတယ်၊

“အဖေ . . .”

ကျွန်တော် ဝါးစားနေတာကို မျိုချလိုက်ပြီး၊ တီဗွီအသံကို လျှော့လိုက်တယ်၊ သူမ ဘာပြောလိုက်တယ် ဆိုတာ ကျွန်တော် သေချာ မကြားလိုက်ဘူး၊ ဒါပေမယ့် သူမက ကြည့်နေတယ်၊ ခြေထောက် နှစ်ချောင်းကို စုထားပြီး၊ ဒူးခေါင်းပေါ်မှာ သူ့လက်ကို တင်ထားပြီး၊ ကျွန်တော့်ကို သူမက ကြည့်နေတယ်။

“ဘာလဲ”

“သမီးကို ချစ်လား”

ကျွန်တော် လက်နဲ့ လှုပ်ရှားပြလိုက်ပြီး၊ ခေါင်းလည်း ငြိမ့်ပြလိုက်တယ်။ ဒီလှုပ်ရှားပြသလိုက်တဲ့ အမူအရာတွေ အားလုံးက ‘ဒါပေါ့၊ ချစ်တာပေါ့’ လို့ ဆိုလိုတာပါပဲ။ သူမက ကျွန်တော့် သမီးလေ။ အကယ်၍ပေါ့၊ ကျွန်တော့်ရဲ့ ဇနီးဟောင်းက အခုအမူအရာကို သင့်တော်တယ်လို့ ထင်ပါ့မလားလို့ ကျွန်တော်က သွားတွေးမိတော့၊

“ဒါပေမယ့်၊ အချစ်တုံးလေးရဲ့၊ ချစ်တာပေါ့။” လို့ ကျွန်တော် ပြောလိုက်တယ်။

ဆာရာက ပြုံးသွားပြီး၊ ဆက်လာနေတဲ့ တီဗွီ အစီအစဉ်ကို မကြည့်တော့ပဲ အပြင် ခြံဝန်းကိုပဲ ကြည့်နေတော့တယ်။

ကျွန်တော်တို့ တော်တော်နဲ့ အိပ်လို့ မပျော်ကြပြန်ဘူး။ ဆာရာက သူ့အခန်း ဟိုဘက်နဲ့ ဒီဘက်ကို လျှောက်နေတယ်။ ကျွန်တော်က အိပ်ရာထဲမှာ ဘယ်ညာ လူးလှိမ့်၊ နောက်ဆုံးတော့ ကျွန်တော် အလိုလို အိပ်ပျော်သွားတယ်။ နောက်တစ်နေ့မှာ ကျွန်တော် ဆေလ်ဗီဟာကို ဖုန်းဆက်တယ်။ အဲဒီနေ့က စနေနေ့၊ ဆိုပေမယ့် သူမ ဖုန်းမကိုင်ဘူး။ ခဏကြတော့ နောက်တစ်ခါ ထပ်ခေါ်တယ်၊ နေ့လယ်လောက်မှာ နောက်တစ်ခါ ထပ်ခေါ်တယ်။ ကျွန်တော် စာစကား ပဲ ချန်ခဲ့လိုက်တယ်။ ဆာရာကတော့ တစ်မနက်ခင်းလုံး ခြံဝန်းကိုသာ ကြည့်ပြီး ကုန်ဆုံးသွားတယ်။ သူမရဲ့ ဆံပင်တွေက အနည်းငယ် ဖရိုဖရဲ ဖြစ်နေပြီး၊ အရင်လိုလည်း မတ်မတ် မထိုင်နိုင်တော့ဘူး။ သူမ ပုံစံက အင်မတန် ပင်းပန်းနွမ်းနယ်နေတယ်။ သူမ အဆင်ပြေရဲ့လားလို့ ကျွန်တော်က မေးလိုက်တော့၊

“ပြေပါတယ်၊ အဖေ” လို့ သူမက ပြန်ပြောတယ်။

“အဖေတို့ ခြံဝန်းထဲ ခဏဆင်းကြမလား”

“မသွားဘူး၊ အဖေ”

မနေ့ညက ပြောခဲ့တဲ့ စကားတွေကို ပြန်စဉ်းစား ကြည့်ရင်းနဲ့၊ သူမကလည်း ကျွန်တော့်ကို ချစ်ရဲ့လား ဆိုတာကို မေးချင်လာတယ်၊ ဒါပေမယ့်၊ ချက်ချင်းဆိုသလိုပဲ ဒါဟာ အင်မတန် ရူးတဲ့ ကိစ္စပဲလို့ ကျွန်တော် တဖန်ပြန် သဘောပေါက်သွားတယ်။ ကျွန်တော် ဆေလ်ဗီရာကို ထပ်ခေါ်တယ်။ နောက်ထပ် စာစကား ချန်တယ်။ ဆာရာ မကြားအောင် ကျွန်တော် အသံကို တိုးတိုးလေးနဲ့ VOICE MAIL ပို့လိုက်ရတယ်။

“ကျေးဇူးပြုပြီး၊ ဒီမှာ အရေးကြီးနေပြီ။”

ကျွန်တော်တို့ စောင့်ဆိုင်းကြတယ်၊ ဆိုဖာရဲ့ ဟိုဘက်နဲ့ ဒီဘက် အစွန်တွေမှာ ထိုင်ရင်းပေါ့၊ တီဗွီကိုလည်း ဖွင့်ထားတယ်။ နာရီအနည်းငယ်ကြတော့

“ခဏနော်၊ အဖေ” လို့ ဆာရာ ပြောပြီး၊

သူမရဲ့ အခန်းဆီ တက်သွားပြီး တံခါးကို ပိတ်လိုက်တယ်။ ကျွန်တော်လည်း တီဗွီကို ပိတ်လိုက်ပြီး သေချာကြားရအောင် နားစွင့်နေမိတယ်၊ ဆာရာက ဘာအသံမှ မပြုဘူး။ ဆေလ်ဗီယာကို နောက်တစ်ကြိမ် ဖုန်းခေါ်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ဖုန်းဒိုင်ခွက်ကို ကောက်ကိုင်လိုက်တယ်၊ ဒါပေမယ့် ဒိုင်ခွက်က အသံကို ကြားတော့ ကျွန်တော် ပြန်ချလိုက်တယ်။ ကျွန်တော် ကားနဲ့၊ အိမ်မွေးတိရစ္ဆာန်ဆိုင်ကို သွားတယ်၊ စျေးရောင်းသူကို ရှာတယ်၊ ပြီးတော့ ကျွန်တော် ငှက်အသေးလေး တစ်ကောင်လောက် လိုချင်ကြောင်း သူ့ကို ပြောလိုက်တယ်၊ သူ့မှာရှိတဲ့ထဲက အသေးဆုံး ငှက်ပေါ့။ စျေးရောင်းသူက ဓာတ်ပုံတွေ စီထားတဲ့ ကက်တလောက်ကို ဖွင့်ပြပြီး၊ စျေးနှုန်းတွေနဲ့ ဘယ်ငှက်ဆိုရင် ဘာ အစားအစာကို စားတယ် ဆိုတာတွေ ပြောပြတယ်။

“ခင်ဗျား အရောင်စုံတာမျိုး ကြိုက်လား၊ ဒါမှမဟုတ် အိမ်မှာ မွေးနေကျ သာမာန်မျိုးပဲ လိုချင်လား။”

ကောင်တာကို ကျွန်တော် လက်နဲ့ ရိုက်လိုက်တယ်။ ကောင်တာပေါ်မှာ ပြထားတာတွေ အားလုံးက ထခုန်ကြပြီး၊ ရောင်းတဲ့ ဘဲက ကြက်သေသေပြီး ကျွန်တော့်ကို ကြည့်နေတယ်။ သူ့လှောင်အိမ်ထဲမှာ ဒီဘက် ဟိုဘက် ဂနာမငြိမ် ပျံနေတဲ့ ခပ်သေးသေး ငှက်အမည်း တစ်ကောင်ကို လက်ညိုးထိုးပြလိုက်တယ်။ ပီဆို တစ်ရာ့နှစ်ဆယ် ပေးခဲ့ရပြီး၊ ငှက်ကလေးကိုတော့ အပေါက်တွေ ဖောက်ပေးထားတဲ့ အစိမ်းရောင် လေးထောင့်စပ် စက္ကူဖာပုံးနဲ့ ထည့်ပေးလိုက်တယ်၊ အဖုံးမှာလည်း ငှက်ရဲ့ပုံနဲ့တကွ သားဖောက်တဲ့သူရဲ့ လက်ကမ်းစာစောင်ပါတယ်။ ကျွန်တော့်ကို ငှက်စာထုပ် တစ်ထုပ် အလကားပေးဖို့ သူတို့ ကြိုးစားပေမယ့်၊ ကျွန်တော် ထားခဲ့လိုက်တယ်။

ကျွန်တော် အိမ်ပြန်ရောက်တဲ့အထိ၊ ဆာရာက အခန်းထဲမှာပဲ ရှိသေးတယ်။ သူမ အိမ်ရောက်ပြီးတဲ့နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ကျွန်တော် အပေါ်ထပ်ကို တက်ပြီး၊ သူမရဲ့ အခန်းတံခါးကို ဖွင့်လိုက်တယ်။ သူမက ပြတင်းပေါက်နဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ အိပ်ရာပေါ်မှာ ထိုင်နေတယ်။ သူမ ကျွန်တော့်ကို ကြည့်တယ်။ ကျွန်တော်တို့ နှစ်ယောက် ဘာမှ မပြောကြဘူး။ သူမက အရမ်း ဖျော့တော့နေတဲ့အတွက် ဖျားနေတယ်လို့တောင် ထင်ရတယ်။ အခန်းက သန့်ရှင်း သပ်ရပ်လျက်ရှိပြီး၊ ရေချိုးခန်းတံခါးက အနည်းငယ် ပွင့်နေတယ်။ စားပွဲပေါ်မှာတော့၊ စီစီရီရီ တင်ထားတဲ့ ဖိနပ်ဗူးပေါင်း သုံးဆယ်လောက် ရှိတယ်၊ ဗူးတွေကို ပြားပြီး စီထားတဲ့အတွက် နေရာတော့ သိပ်မရဘူး။ ပြတင်းပေါက်မှာ ချိတ်ထားတဲ့ လှောင်အိမ်က ဟင်းလင်း ဖြစ်နေတယ်။ ညအိပ်မီး တင်တဲ့ စားပွဲပေါ်မှာတော့၊ သူ့အမေအိမ်ကနေ ယူလာတဲ့ ဘောင်နဲ့ တကွ ဓာတ်ပုံ ရှိနေတယ်။ ငှက်ကလေးက လှုပ်နေပြီး၊ စက္ကူဖာကို သူ့ခြေထောက်နဲ့ ကုပ်ခြစ်နေတယ်၊ ဒါပေမယ့် ဆာရာက ငြိမ်သက်လျက်။ စားပွဲပေါ်မှာ စက္ကူဖာကို တင်ခဲ့လိုက်ပြီး၊ ဘာမှ ပြောမနေတော့ပဲ ကျွန်တော် အခန်းထဲကနေ ထွက်ခဲ့လိုက်တယ်။ ပြီးတော့ တံခါးကို ပိတ်ခဲ့တယ်။ ပြီးတော့မှ၊ စိတ်ထဲမှာ ကောင်းမနေတာကို ကျွန်တော် သဘောပေါက်လိုက်တယ်။ နံရံမှာ မှီလိုက်ပြီး ခဏ နားနေရတယ်။ ကျွန်တော့်လက်ထဲမှာ ကိုင်ထားလျက် ရှိနေတဲ့ သားဖောက်သူရဲ့ လက်ကမ်းစာစောင်ကို ကျွန်တော် ကြည့်နေမိတယ်။ စာစောင်ရဲ့ ကျောဖက်မှာတော့ ငှက်ရဲ့ မျိုးပွား ရာသီနဲ့ ငှက်ကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ရမလဲ ဆိုတာတွေကို အချက်အလက်နဲ့ ဖော်ပြထားတယ်။ ဒီငှက်မျိုးစိတ်က ပူနွေးတဲ့ လတွေ တစ်လျှောက်မှာ အစုံလိုက် အတူ ရှိနေဖို့ လိုအပ်တယ်၊ နောက်ပြီး အဲဒီ ဆွဲဆောင်ကြတဲ့ နှစ်ကာလ တစ်လျှောက်မှာလည်း သူတို့တွေ နေချင်စဖွယ် ဖြစ်အောင် တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်ဖို့ လိုတယ် ဆိုတာတွေကို အသားပေး ဖော်ပြထားတယ်။ ကျွန်တော် စီကနဲ အသံလေး တစ်ချက် ကြားလိုက်တယ်၊ ပြီးတော့ ဘေစင်မှာ ဘုံဘိုင်ခေါင်းဖွင့်တဲ့ အသံ။ ရေထွက်လာတဲ့ အသံကို ကြားတော့၊ ကျွန်တော် စိတ်အနည်းငယ် သက်သာလာတယ်၊ နောက်ပြီး၊ ကျွန်တော် သိနေခဲ့တယ်၊ တနည်းနည်းနဲ့တော့ ကျွန်တော် အောက်ထပ်ကို ဆင်းဖြစ်သွားမှာပါပဲ။

***