အမ်ဂျီသာယာ ကဗျာနှစ်ပုဒ်


အရေးအသားတစ်ခုမှာ မမျှော်လင့်တဲ့ ဖြစ်စဥ် ပေါ်ထွက်လာဖို့ စာဖတ်ပရိသတ်တွေက အမြဲအသင့်ပြင်ထားတတ်ကြတယ်။ အဲဒီဖြစ်စဥ်တွေက ဝေးဝေးလံလံကနေ ထွက်လာတာ မဟုတ်ဘဲ အိမ်ထောင်မှု နေ့စဥ်ဘဝ၊ အပြစ်ရှိတဲ့ အပြုအမူတွေက ပေါ်ပေါက်လာတာ ဖြစ်တယ်။ အမ်ဂျီသာယာ အရေးအသားမှာ မိသားစုဝင်တွေ ထိတွေ့နေကျ အရာဝတ္ထုတွေနဲ့ ခန္ဓာကိုယ် နာကျင်မှု ဖြစ်စဥ်ကို ကောင်းကောင်း ရောမွှေနိုင်တယ်။ သူ့ကဗျာကို ဖတ်နေရင်းနဲ့ Phantasmagoria လို့ဆိုနိုင်တဲ့ အံ့အားသင့်၊ ကြောက်မက်ဖွယ်ရာ ခြောက်ခြားမှု ပုံရိပ်တွေ ပေါ်လာစေပါတယ်။



ငါတို့အိပ်ခန်းထဲမှာ ကြွက်တစ်ကောင်ရှိတယ်


ဒါပေမယ့် တခါမှမတွေ့ရဘူး
ညတိုင်း တဂျွတ်ဂျွတ်
ပုံမှန်ဆိုရင် အိပ်ယာပေါ်က အကွက်တွေရှိနေရမှာ
အခုတော့ သမီးလေးအားဆေးဗူးပေါ်က ကြွက်ခြေရာ
တဂျွတ်ဂျွတ် မျက်နှာကြက်ပေါ်မှာ
ငါတို့ အထွတ်အထိပ်ရောက်ခါနီး တဂျွတ်ဂျွတ်
သမီးလေးငိုရင် တဂျွတ်ဂျွတ်အသံကတိတ်သွားတယ်
မဆေးရသေးတဲ့ကော်ဖီခွက်ထဲ ကြွက်ချေး
တစ်မနက်အိပ်ယာနိုးတော့ ငါ့ဇနီးလက်ညှိုးမှာ ကြွက်ကိုက်ရာ
သူ့လက်ညှိုးကို ငါ့ပါးစပ်ထဲ မထည့်တော့ဘူး
အဝတ်ဗီရိုထဲ တဂျွတ်ဂျွတ်
မိန်းမ တဂျွတ်ဂျွတ် အိပ်ပြီလား
သမီးလေးက နို့မလွှတ်သေးဘူး တဂျွတ်ဂျွတ်
ခေါင်းရင်းနံရံထဲက တဂျွတ်ဂျွတ်
ကြွက်တွေက အော်ငေါက်ပြောရင် ပိုဆိုးတတ်တယ် ချော့ပြော
တရားခွေထဲက တဂျွတ်ဂျွတ် ဆရာတော်အသံ
တဂျွတ်ဂျွတ် ကြွက်ရောင်းရန်ရှိသည်
တဂျွတ်ဂျွတ် တဂျွတ်ဂျွတ်
နံနက်သုံးနာရီ တဂျွတ်ဂျွတ် ငါတို့ လန့်နိုးလာတယ်
သမီးလေးက ငါတို့ဘေးမှာမရှိ
အိပ်ယာအောက်က တဂျွတ်ဂျွတ်
ဒီတခါတော့ တွေ့ပြီပဲ စောက်ကြွက်
တံမြက်စည်းကိုယူပြီး အိပ်ယာကို ဆွဲလှန်လိုက်တယ်
သမီးလေးက အိပ်ယာအောက်မှာ
သူကြိုက်တဲ့ ချောကလက်မုန့်တွေနဲ့
တဂျွတ်ဂျွတ် တဂျွတ်ဂျွတ် ။

( 18Mar2020 )

***

ငါ ကလေး မထိန်းချင်ဘူးလို့


ငါကလေးမထိန်းချင်ဘူးလို့တွေးတဲ့ညက
အိပ်မက်ဆိုးတွေစ,မက်တယ်
သမီးလေးက သူ့အမေ ယောနိကို ဖြဲပြီး ပြန်ဝင်သွားတယ်
ပြီးမှ ပါးစပ်ကနေ ပြန်ထွက်လာပြီး ငါ့ကို စိုက်ကြည့်နေတယ်
ငါ့အမျိုးသမီး ဘာကျွေးကျွေး ငါစားမရတော့ဘူး ဖြစ်လာတယ်
ဓာတ်မှန်ထဲမှာလည်း ငါ့အစာအိမ် မပေါ်တော့ဘူး
ပယောဂဆရာ ပြောတာတော့ ရွာသူ ပြုစားတာတဲ့
ငါ့အမျိုးသမီးက မြိတ်ကျွန်းစုသူဆိုတော့ မဖြစ်နိုင်ဘူး
ငါ ခရီးထွက်ရင် ဗီဒီယိုကောလ်ခေါ်မှ သမီးလေးက ထမင်းစားတယ်
တစ်နေ့က ငါမူးပြီး အန်တော့
ပါးစပ်ထဲက ဒိုက်ပါတွေချည်းပဲ အန်တယ်
ကလေးထိန်းရင်းလည်း စာဖတ်လို့မရဘူး
သမီးလေးက စာအုပ်ထဲက စာသားတွေ အကုန်ကောက်စားတော့တာပဲ
ငါ့ဖတ်ထားတဲ့ မှတ်ဉာဏ်တွေ ပျောက်ဆုံးကုန်ပြီလို့ ခံစားရတယ်
မျက်မှန်ပါဝါ ပိုတက်လာတဲ့အပြင် ငါ့ညာဖက်မျက်လုံးက
ငါ့အမျိုးသမီးပုံရိပ် ဘယ်ဖက်မှာက
သမီးလေး မျက်နှာ မျက်လုံး အတွင်းသားတိမ်စွဲနေသလို
ရုံးရောက်လို့ ကျောပိုးအိတ်ကို ငါဖွင့်ကြည့်လိုက်ရင်
အထဲမှာ ကလေးကစားစရာတွေပဲ ပါလာတယ်
အလုပ်လုပ်နေတဲ့အခါတွေမှာလည်း သမီးလေးက laptopဖန်သားပြင်ကနေ ငါ့ဆံပင်တွေကိုလှမ်းဆွဲတယ်
ညနေငါးနာရီထိုးတာနဲ့ ဖုန်းထဲက သမီးလေးငိုသံကြီးမြည်လာပြီ
ငါကလေးမထိန်းချင်ဘူးလို့ ပြောတဲ့နေ့ကပဲ
ငါ့အမျိုးသမီးက ကလေးအိမ်သာခွက်ယူပြီး ငါ့ဆီလာပြတယ်
ရှင်ယူထားဦးမှာလားတဲ့
သမီးလေး ပါထားတဲ့စာအုပ်အပိုင်းအစတွေ ။

( 12Aug19 )

***