လူသားထိုင်ခုံ - အောင်မြတ်မင်း

အောင်မြတ်မင်း

"လူသားထိုင်ခုံ" ၀တ္ထုတိုဟာ Edogawa Ranpo ရဲ့ နာမည် အကျော်ကြားဆုံး လက်ရာတစ်ပုဒ် ဖြစ်ပါတယ်။ ဂျပန်ရုပ်ရှင်ဒါရိုက်တာ Teruo Ishi က ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ကို အသွင်တစ်မျိုးပြောင်းပြီး သူ့ရဲ့ ထိတ်လန့် သည်းဖို ရုပ်ရှင်ဖြစ်တဲ့ 'Horrors of Malformed Men' ရုပ်ရှင်ထဲမှာ ထည့်သွင်း ရိုက်ကူးခဲ့ပါသေးတယ်။ Ranpo ဟာ ၀တ္တုတိုတွေကိုရေးသားတဲ့ နေရာမှာ Edgar Allan Poe ရဲ့ ခြေရာကိုနင်းပြီး ဝန်ခံဖြောင့်ချက်ပေးတဲ့ဟန် ကို အသုံးပြု တတ်ပါတယ်။ အချီအချစကားပြောတွေ၊ ပေးစာတွေ စတဲ့ ပုံသဏ္ဍန်တွေကို အသုံးပြုပြီး ဇာတ်ပြော   တည်ဆောက်တယ် ။ Poe လောက် ကဗျာဆန်တဲ့ စကားပြေတွေ အသုံးမပြုဘဲ ဂျပန်ဆန်တဲ့ ရှင်းလင်း သေသပ် ကျော့မော့စွာ ရေးဖွဲ့ထားတဲ့  စကားပြေရေးဟန်နဲ့ စာဖတ်သူရဲ့ စိတ်ဝင်စားမှုကို နှိုးဆွပေးတတ်ပါတယ်။ 



မနက်ဆယ်နာရီစွန်းစွန်းလောက်မှာ နိုင်ငံခြားရေးရာဌာနကို အလုပ်လုပ်ဖို့ သွားမယ့် ခင်ပွန်းဖြစ်သူကို ယိုရှီကို ပြင်ဆင်လိုက်ပို့ပေးတယ်။ အဲဒီနောက် သူမရဲ့ကိုယ်ပိုင်အချိန်မှာ ကေ မဂ္ဂဇင်းရဲ့ နွေရာသီ အထူးထုတ်ကဏ္ဍအတွက် ပေးရမယ့် ဇာတ်လမ်းတစ်ပုဒ်ကို ဆက်ကိုင်ဖို့ လင်မယားနှစ်ယောက် အတူမျှသုံးတဲ့ စာကြည့်ခန်းထဲ တစ်ယောက်တည်း အလုပ်လုပ်နေလိုက်တယ်။ 

သူမက စွယ်စုံရ စာရေးဆရာမတစ်ယောက်။ စာပေရေးရာ အရည်အချင်း ထူးချွန်ထက်မြက်ပြီး ပေါင်းသင်းဆက်ဆံရေးပိုင်းလည်း ပြေပြစ်တယ်။ စာရေးဆရာမတစ်ယောက်အဖြစ် သူမရဲ့ ဂုဏ်သတင်းက သူမရဲ့ ခင်ပွန်းဖြစ်သူ သံအမတ်ကြီးထက်တောင် ကျော်ဇော်တယ်။ နေ့စဉ်နေ့တိုင်း သူမရဲ့ လက်ရာတွေကို ချီးမွမ်းထောပနာပြုတဲ့ ပေးစာပေါင်းများစွာ သူမဆီကို တဖွဲဖွဲရောက်လာလေ့ရှိတယ်။ တကယ်တော့ ဒီမနက်ခင်း သူမ စာရေးစားပွဲကို ထိုင်လိုက်တာနဲ့ မနက်ခင်းစာပို့သမား ယူလာတဲ့ ပေးစာတွေကို ချက်ချင်း တစ်ခုပြီးတစ်ခု ခပ်မြန်မြန် ကြည့်ဖြစ်သွားတယ်။ ပေးစာအားလုံးက အထဲမှာ တစ်ပုံစံတည်းချည်းပါပဲ။ ဒါပေမယ့် အမျိုးသမီးတွေမှာရှိတဲ့ စာနာတတ်တဲ့စိတ်ကြောင့် သူမဆီ ပို့လားတဲ့ ပေးစာတိုင်းကို ပျင်းစရာပဲဖြစ်ဖြစ်၊ စိတ်ဝင်စားစရာပဲကောင်းကောင်း သူမက အသေးစိတ် ဖတ်လေ့ရှိတယ်။ အရင်ဦးဆုံး တိုတိုနဲ့ လိုရင်းရေးထားတဲ့ စာတွေကို ဖောက်လိုက်တယ်။ အထဲက အကြောင်းအရာတွေကိုလည်း ချက်ချင်းဆိုသလို ကျက်မိသွားတယ်။ နောက်ဆုံးမှာတော့ထူထူထဲထဲနဲ့ စာမူကြမ်း တစ်ပုဒ်ရေးထားသလို စာရွက်တစ်ထပ်ပါတဲ့ စာအိတ်ဆီ ရောက်သွားတယ်။ စာမူကြမ်းတစ်ခု သူမဆီ ပို့မယ့်အကြောင်း ကြိုပြီး အသိပေးထားတာ မရှိပေမယ့်လည်း သူမရဲ့မှတ်ချက်ကို တောင်းခံလိုတဲ့ စာရေးဆရာပေါက်စတွေရဲ့ စာမူတစ်ချို့ကို ရတတ်တာ သူမအတွက် အထူးအဆန်း မဟုတ်တော့ပါဘူး။ များသောအားဖြင့်တော့ ပေရှည်ပြီး အရည်မရအဖတ်နဲ့ သမ်းဝေငိုက်မြည်းစေတဲ့ အရေးအသားတွေပါပဲ။ ဒါပေမယ့် လက်ထဲက စာအိတ်ကို ဖောက်ပြီး ခပ်စိပ်စိပ် ရေးထားတဲ့ စာရွက်တစ်ထပ်ကြီးကို သူမ ထုတ်ယူကြည့်လိုက်ပါတယ်။

သူမ ထင်တဲ့အတိုင်း သပ်သပ်ရပ်ရပ် ထုပ်ထားတဲ့ စာမူတစ်စုံ ထွက်လာတယ်။ ဒါပေမယ့် ဘာကြောင့် မှန်းမသိ၊ စာရေးသူနာမည်ရော စာမူခေါင်းစဉ်ရော မပါဘူး။ စာမူက ဆိုင်းမဆင့် ဗုံမဆင့် အခုလို စထားတယ်။

‘ချစ်ခင်လေးစားရပါသော ဆရာမခင်များ’

ခဏလောက် သူမ စဉ်းစားခန်း ဝင်သွားတယ်။ ဒါက စာတစ်စောင်ပဲ ဖြစ်လောက်ပါတယ်။ မသိလိုက်ခင်မှာပဲ သူမရဲ့အကြည့်တွေက နောက်ထပ် စာသုံးလေးကြောင်းပေါ်  ခုန်ဆင်းသွားတယ်။ အဲဒီနောက် သူမ ဟာ ထူးဆန်းစွာ အကျည်းတန်တဲ့ ဇာတ်လမ်းတစ်ပုဒ်ထဲ နစ်မျောသွားတယ်။ အူထဲအသည်းထဲက ယားယံလာ တဲ့အထိ သူမရဲ့ သိချင်စိတ်ကို  ကြွတက်စေပြီး အမည်မသိ သံလိုက်ဓာတ်တစ်မျိုးရဲ့ လှုံ့ဆော်မှုကို ခံစားနေရတာ ကြောင့် ဆက်ဖတ်ဖြစ်သွားတယ်။

ချစ်ခင်လေးစားရပါသော ဆရာမခင်များ။ အခုလို သူစိမ်းတစ်ယောက်ဆီကနေ အတင့်ရဲစွာပို့လာတဲ့ ပေးစာနဲ့ပက်သက်ပြီး ခွင့်လွှတ်နားလည်ပေးဖို့ ကျနော် မျှော်လင့်မိပါတယ်။ ကျနော် ပြောပြမယ့် အကြောင်းအရာကြောင့် ဆရာမအနေနဲ့ အတိုင်းမသိ တုန်လှုပ်မိကောင်း တုန်လှုပ်မိပါလိမ့်မယ်။  ဒါပေမယ့် ဆရာမရဲ့ရှေ့ မှာ ရင်ဖွင့် ဝန်ခံဖို့ ကျနော် ဆုံးဖြတ် ထားပါတယ်။ ကျနော် ကျုးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ ပြစ်မှုကိုလည်း အသေးစိတ် ဖော်ပြသွားပါမယ်။ လူ့အဖွဲ့အစည်းကို အလင်းရောင်လို့ တင်စားကြည့်ရင် ကျနော်ဟာ အဲဒီအလင်းရောင်နဲ့ လပေါင်းအတန်ကြာ မထိမတွေ့ဘဲ ပုန်းခိုနေခဲ့တယ်။ ပြောရရင် နတ်ဆိုးတစ်ကောင်လို ပုန်းခိုနေခဲ့တာပေါ့။ ဒီ ကျယ်ပြောလှတဲ့လောကကြီးမှာ ကျနော် ကျူးလွန်ခဲ့တာတွေကို ဘယ်သူမှ မသိကြပါဘူး။ ဒါပေမယ့် မကြာသေး ခင်ကမှ ကျနော့်ရဲ့ အသိစိတ်ထဲမှာ အပြောင်းအလဲတစ်ခုဖြစ်ခဲ့ပြီး ကျနော့်ရဲ့ လျှို့ဝှက်ချက်ကို အောင့်အီးချုပ်တီး ထားနိုင်စွမ်း မရှိတော့ပါဘူး။ ကျနော် ဖွင့်ဟဝန်ခံမှကို ဖြစ်တော့မယ်လို့ ခံစားလာရတယ်။

အခုထိ ကျနော်ရေးပြခဲ့တာတွေက ဆရာမကို စိတ်ရှုပ်ထွေးစေမှာ မြေကြီးလက်ခတ်မလွဲပါပဲ။ ဒါပေမယ့် သည်းငြီးခံပြီးတော့ ကျနော့်ရဲ့စာကို အဆုံးအထိ ဖတ်ပေးဖို့ ဆရာမကို ကျနော် တောင်းဆိုပါတယ်။ ဘာလို့လဲဆိုတော့ အဆုံးအထိဖတ်ပါမှ ကျနော့်စိတ်ရဲ့ ထူးဆန်းတဲ့သဘောထားနဲ့ ဆရာမဆီကိုမှ သီးသီးသန့်သန့် စာရေးပြီး ဖွင့်ဟဝန်ခံရတဲ့ အကြောင်းကို ဆရာမ အပြည့်အ၀ နားလည်သဘောပေါက်နိုင်မှာပါ။

ဘယ်ကနေစပြောရမလဲဆိုတာ ကျနော် တကယ်မသိတော့ပါဘူး။ ကျနော် အစဆွဲထုတ်ခင်းကျင်းပြရမယ့် အကြောင်းအရာတွေက အကျည်းတန်လောက်အောင် မူမမှန်တာတွေ ဖြစ်နေလို့ပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော် စကားလုံးတွေ ပျောက်ရှနေပါတယ်။ ဘာလို့လဲဆိုတော့ ဒီအရာတွေနဲ့ပက်သက်ပြီး အသေးစိတ် ရုပ်လုံးဖော်ပြနိုင်ဖို့ လူ့ဘာသာစကားက အင်မတန် ဆင်းရဲလွန်းလှတာကြောင့်ပါပဲ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အဖြစ်အပျက်တွေကို ဖြစ်ခဲ့တဲ့အတိုင်း အစဉ်လိုက် ရှင်းရှင်းလင်းလင်း ဖြစ်အောင် ကျနော် ကြိုးစားဖော်ပြ ပါမယ်။

ကျနော်ဟာ မဖော်ပြနိင်လောက်အောင် ရုပ်ဆိုးအကျည်းတန်တယ်ဆိုတဲ့ အချက်ကို ဦးစွာ ရှင်းလင်းတင် ပြပါရစေ။ ဒီအချက်ကို မှတ်ထားပေးပါ။ မဟုတ်ရင် ကျနော့်ရဲ့ နောက်ဆုံးတောင်းဆိုချက်ကို ဆရာမ ကခွင့်ပြုလို့ ကျနော်နဲ့ဆုံတဲ့အခါ ကျနော့်ရဲ့ မျက်နှာကို မြင်ပြီး ဆရာမ ထိတ်လန့်တုန်လှုပ်သွားမှာကို ကျနော် စိုးထိတ်နေရပါလိမ့်မယ်။ ကျနော့်မျက်နှာက အလွန်တရာ ရုပ်ဆိုးအကျည်းတန်ပေမယ့် ကျနော့်နှလုံးသားထဲမှာတော့ နက်ရှိုင်းတဲ့ အချစ်စစ် အချစ်မှန်နဲ့ တောက်လောင်နေရတာပါလို့ ကျနော်ပြောရင် ယုံပေးဖို့ ဆရာမကို ကျနော် အနူးအညွတ် ပန်ကြားအပ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကျနော်ဟာ အလုပ်လုပ်ရတဲ့ဘ၀မှာလည်း အညတရာလုပ်သား တစ် ယောက်ဖြစ်ပါတယ်။ ကျနော်သာ ကြွယ်၀ချမ်းသာတဲ့မိသားစုမှာ မွေးခဲ့ရရင် ငွေကြေးနဲ့ အာဏာကိုဝယ်ပြီး ကျနော့်ရဲ့ရုပ်ဆိုးအကျည်းတန်မှုကြောင့် ကြုံလာရတဲ့ ဝေဒနာကို သက်သာစေနိုင်မှာပဲ။ ဒါမဟုတ် တကယ်လို့များ ကျနော့်မှာ အနုပညာပါရမီနဲ့ ပြည့်၀နေခဲ့ရင်လည်း ကျနော့်ရဲ့သားရိုင်းတိရိစ္ဆာန်လိုမျက်နှာကို မေ့ဖျောက်နိုင်ပြီး ဂီ တ၊ ကဗျာနဲ့ စိတ်ကို ဖြေဖျောက်နှစ်သိမ့်နိုင်ပါဦးမယ်။ ဒါပေမယ့် ဘာပါရမီမှ မရှိသလို ကံကလည်းမကောင်းတဲ့ ကျနော်ဟာ အညတရလက်သမားတစ်ယောက်အဖြစ်ကလွဲလို့ ဘာမှ မဖြစ်ခဲ့ရပါဘူး။

ဒီအလုပ်မှာတော့ ကျနော်ဟာ ဘယ်လောက်ပဲ ရှုပ်ထွေးခက်ခဲတဲ့ အမှာပစ္စည်းဖြစ်ပါစေ ကျေနပ်လောက် အောင် ပြုလုပ်ဖန်တီးပေးနိုင်တယ်လို့ နာမည်ရတဲ့အထိ အတော်လေး အောင်မြင်ပါတယ်။ ဒါကြောင့်လည်း လက်သမားအသိုင်းအဝိုင်းမှာ ကျနော့်အနေနဲ့ ဇိမ်ခံထိုင်ခုံတွေချည်း အထူးသီးသန့် အမှာပစ္စည်းများကို လုပ်ပေးရတဲ့ အဆင့်ကို ရောက်ခဲ့ရပါတယ်။ တမူထူးခြားတဲ့ အကောက်အကွေ့တွေ၊ ကျောမှီနဲ့လက်တင်တွေရဲ့ ဒီဇိုင်းအသစ်တွေ၊ ထိုင်ဖုံနဲ့ကူရှင်တွေအတွက် ဆန်းပြားတဲ့အခုအခံတွေ စတဲ့ ပန်ကြားချက်တွေနဲ့ စုံလို့ပါပဲ။ ဒါတွေဟာ ကျွမ်းကျင်တဲ့ လက်တစ်စုံအပြင် စိတ်ရှည်လက်ရှည် စမ်းစစ်လေ့လာမှုတွေကို လိုအပ်တဲ့ သဘာ၀ရှိတဲ့အလုပ်၊ အပျော်တမ်းလက်သမားတစ်ယောက် လုပ်နိုင်ခဲလှတဲ့ အလုပ်မျိုး ဖြစ်ပါတယ်။ ဒီလို ဖန်တီးခြင်းအနုပညာကနေ ရတဲ့ ကြည်နူးမှုလေးသပ်သပ်က ကျနော်နာကျင်ခံစားခဲ့ရတာတွေအတွက် ဆုလာဒ်ပါပဲ။ ဒါတွေကြားရင် ကျနော့် ကို လေလုံးထွားတဲ့သူလို့ ဆရာမ ထင်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော့်အတွက် ဒါက စစ်မှန်တဲ့ အနုပညာရှင်တစ် ယောက်က သူ့ရဲ့ဂန္ဓာဝင်လက်ရာကို ဖန်တီးနေချိန်မှာ ခံစားရတဲ့ ပီတိနဲ့ အတူတူပါပဲ။

ထိုင်ခုံတစ်လုံးကို လက်စသတ်ပြီးတာနဲ့ အဲဒီထိုင်ခုံပေါ်ထိုင်ပြီး ဘယ်လိုခံစားရသလဲလို့ စမ်းစစ်ကြည့် တတ်တာ ကျနော့်ရဲ့ထုံးစံပဲ။ ကျနော့်လို အညတရသက်မွေးဝမ်းကျောင်းမှုနဲ့ လောက်လောက်လားလားမျှော်လင့် ကြည့်စရာမရှိတဲ့ ဘ၀မျိုးမှာတော့ အဲဒီလိုအခိုက်အတန့်တွေဟာ မဖော်ပြနိုင်လောက်တဲ့ ပီတိသုခရတဲ့ အချိန် လေးတွေပါပဲ။ ဒီလိုထိုင်ခုံမှာ ဘယ်လိုလူမျိုးတွေက ဘယ်လို ဇိမ်ရှိရှိထိုင်ကြမလဲလို့ ကျနော့်ရဲ့စိတ်ကို ဇက်ကြိုး လွှတ်ပြီး စိတ်ကူး လျှောက်ယဉ်ကြည့်လေ့ရှိပါတယ်။ နံရံမှာ အဖိုးမဖြတ်နိုင်တဲ့ ပန်းချီကားကြီးတွေနဲ့၊ မျက်နှာ ကျက်ကနေ တွဲလွဲခိုပြီး တစ်ဖိတ်ဖိတ်လက်နေတဲ့ မီးဆိုင်းကြီးတွေနဲ့၊ စျေးကြီးတဲ့ ခြေနင်းတွေနဲ့ နန်းတော်အလား အိမ်ကြီး အိမ်ကောင်းတွေမှာ နေတဲ့ ဂုဏ်သားရေရှိ သူဌေးသူကြွယ်တွေကြီးတွေပဲ ဖြစ်မှာပေါ့။ မဟောဂနီစားပွဲ ကြီးရှေ့မှာ ကျနော်ဟာ သူတို့အကြောင်း စိတ်ကူးယဉ်ရရင်ကိုပဲ ချိုအီတဲ့မွှေးရနံ့တို့ ကြိုင်သင်းတဲ့ အနောက်တိုင်း ပန်းမန်မာလာတို့ကို မြင်ယောင်လာတတ်တယ်။ ဒီလို ထူးဆန်းတဲ့စိတ်ကူးထဲ နစ်မျောပြီး ကျနော်လည်း အဲဒီ အ ခင်းအကျင်းနဲ့ သက်ဆိုင်တယ်လို့ ခံစားလာရတယ်။ ကျနော့်ကိုယ်ကျနော် လူ့အဖွဲ့အစည်းထဲ ထင်ပေါ်ကျော်ကြား တဲ့ပုံရိပ်တစ်ခုလို စိတ်ကူးကြည့်ရတာ ဘယ်တော့မှ မဆုံးနိုင်တဲ့ အရသာကို မိန်းမူးစေတယ်။

ဒီလိုရူးနှမ်းတဲ့အတွေးတွေဟာ ကျနော့်စိတ်ထဲ စဉ်ဆက်မပြတ်ကို ဖြစ်ပေါ်နေတတ်တယ်။ ကျနော်ဟာ ဘယ်လောက်တောင် သနားစရာကောင်းတဲ့ သတ္တဝါလဲဆိုတာ ဆရာမပဲ စဉ်းစားကြည့်ပါတော့။ ကိုယ်လုပ်တဲ့ ထိုင်ခုံပေါ်ထိုင်ပြီး ကျနော့် အိပ်မက်သခင် ချစ်ရသူလေးရဲ့လက်ကို တွဲလို့ ပျော်ရွှင်နေပုံကို စိတ်ကူးပဲယဉ်နေရ တဲ့ဘ၀လေ။ ပြီးရင် ဖြစ်နေကျထုံးစံအတိုင်း ရပ်ကွက်ထဲက အလိုက်ကမ်းဇိုးမသိတဲ့မိန်းမကြီးတွေရဲ့ တွတ်ထိုးနေ တဲ့အသံတွေနဲ့ သူတို့ကလေးတွေရဲ့ မြွေပွေးကိုက်ခံရသလို စူးရှရှအော်သံတွေ၊ ဗလုံးဗထွေးစကားသံတွေ၊ အော် ငိုသံတွေကြောင့် ကျနော့်ရဲ့အိပ်မက်တွေလည်း ရုတ်ခြည်း ပျက်ပြယ်သွားတာပဲ။ နောက်တော့ စိတ်ပျက်စရာ ကောင်းတဲ့ အရှိလောကက ကျနော့်မျက်စိရှေ့ သူ့ရဲ့ အကျည်းတန်မျက်နှာကြီးကို ဘွားခနဲ ခွာချပြလိုက်တာပဲ။ လက်ရှိဘ၀ထဲပြန်ရောက်တာနဲ့ ကျနော်ဟာ ကိုယ့်ကိုယ် စိတ်မချမ်းမြေ့ဖွယ် သတ္တဝါတစ်ကောင်လို့ ထင် မိတော့တာပဲ။ ကူရာမဲ့နေတဲ့ ပိုးကောင်လိုပဲ။ ကျနော်ချစ်ရတဲ့၊ အဲဒီနတ်မိမယ်လေးလည်း မြုငွေ့လို ပျောက်ကွယ် သွားရော။ ကျနော့်ရဲ့အကုသိုလ်ကို အမြဲ ကျိန်ဆဲ မိတယ်။ လမ်းဘေးမှာ ကလေးနို့တိုက်နေတဲ့ ညစ်တီးညစ်ပတ် မိန်းမတွေတောင် ကျနော့်ကို ယောင်လို့ လှည့်မကြည့်ကြတာ ဘာဝဋ်ကြွေးပါလိမ့်။ ထိုင်ခုံသစ်တစ်လုံး ပြီးတိုင်း ကျနော့်မှာ သောကဗျာပါဒရဲ့ ခြောက်လှန့် ခံနေရစမြဲ။ အချိန်တွေကြာလာတာနဲ့အမျှ ကျနော့်ရဲ့စိတ်မချမ်းမြေ့မှုက ကျနော့်ကို မွန်းကြပ်လာစေတယ်။

တစ်ရက်မှာတော့ ယိုကိုဟိုးမားမှာရှိတဲ့ နိုင်ငံခြားဟိုတယ်အတွက် ကျနော် တစ်ခါမှ မကြုံဖူးတဲ့ သားရည် ချုပ် လက်တင်ကုလားထိုင်ကြီးတစ်လုံး လုပ်ပေးဖို့ အလုပ်အပ်လာတယ်။ အမှန်က ဒီလိုကုလားထိုင်မျိုးကို ပြည်ပကနေ တင်သွင်းနေကျပါ။ ဒါပေမယ့် ကျနော့်လက်ရာကို နှစ်သက်တဲ့ အလုပ်ရှင်တစ်ယောက်ရဲ့ တိုက်တွန်း မှုကနေတဆင့် ကျနော့်ဆီ အပ်ဖြစ်သွားတာပဲ။ စူပါလက်သမားဆိုတဲ့ ကျနော့်ရဲ့ဂုဏ်သတင်းကို ထိန်းထားနိုင်ဖို့ ဒီ အလုပ်မှာ ကျနော် အပြည့်အ၀ အာရုံစိုက်ခဲ့တယ်။ တဖြည်းဖြည်း အလုပ်ထဲ ခေါင်းစိုက်နေခဲ့မိတာ တစ်ခါတစ် လေဆိုရင် အစားပျက်၊ အအိပ်ပျက်တောင် ဖြစ်တယ်။ ဒီအလုပ်က ကျနော့်ဘ၀ဖြစ်လာပြီး ကျနော်အသုံးပြုတဲ့ သစ်သားတွေရဲ့ သစ်ကြောတွေက ကျနော့်နှလုံးသား၊ ကျနော့် ဝိညာဉ်နဲ့ ချိတ်ဆက်လာသလို ဖြစ်လာတယ်လို့ ပြောရင် ချဲ့ကားရာရောက်ပေမယ့် အဲဒီလို အမှန်တကယ် ဖြစ်ခဲ့တာပါ။ နောက်ဆုံး အဲဒီထိုင်ခုံပြီးသွားတော့ ကျ နော် တစ်ခါမှ မရခဲ့ဖူးတဲ့ စိတ်ကျေနပ်မှုမျိုး ခံစားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကျနော်ဟာ အရင်တုန်းက ကျနော့် လက်ရာတွေနဲ့ နှိုင်းယှဉ်လို့မရအောင် သာလွန်တဲ့ လက်ရာတစ်ခုကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ပြီလို့ ကျနော် အရိုးခံအတိုင်း ယုံကြည်နေခဲ့တာကြောင့်ပဲ။ ထုံးစံအတိုင်း ထိုင်ခုံကို ကျနော့်အလုပ်ရုံရဲ့ ဆင်ဝင်ပေါ်က နေပူ စာလှုံလို့ရတဲနေရာဆီ ဆွဲယူသွားပြီး ခြေလေးချောက်ထောက်ထိုင်ခုံကြီးပေါ်မှာ ခြေပစ်လက်ပစ် အနားယူလိုက် တယ်။ ဇိမ်ရှိပါ့။ တကယ့် ဇိမ်ခံပစ္စည်းပဲ။ အရမ်းလည်းမမာသလို အရမ်းလည်း မပျော့ဘူး။ အောက်ခံစပရင်တွေက ကူရှင်နဲ့ မယုံနိုင်စရာကောင်းလောက်အောင် လိုက်လျောညီထွေ ရှိလှတယ်။ သားရည်ကလည်း ဆွဲဆောင်မှု ရှိ ရှိ ညက်ညောလိုက်တာ။ ဒီထိုင်ခုံက ထိုင်တဲ့သူကို ထောက်မှီပေးထားရုံတင်မဟုတ်ဘဲ ထွေးပွေ့ထားသလိုပါပဲ။ ဒီ အပြင် ကျောမှီရဲ့ ပြေပြစ်တဲ့ ထောင့်ချိုး၊ လက်တင်ရဲ့ နူးညံ့မို့ဖောင်းနေတဲ့ အထိအတွေ့၊ ကျန်အစိတ်အပိုင်းတွေရဲ့ ပြစ်မျိုးမှဲ့မထင် အချိုးကျမှု တွေကိုလည်း ကျနော် သတိထားမိတယ်။ သက်သောင့်သက်တာရှိခြင်းဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပါယ်ကို ပိုပြီးမြောက်အောင်ဖော်ကျူးနိုင်မယ့် တခြားလက်ရာမျိုး မရှိလောက်တော့ဘူးဆိုတာ သေချာတယ်။  

ကျနော့်ရဲ့ခန္ဒာကိုယ်ကို ထိုင်ခုံထဲ မြှုပ်နေအောင် ထိုင်ချလိုက်တယ်။ ပြီးတော့ လက်တင်နှစ်ဖက်ကို ကျနော်ရဲ့ လက်တွေနဲ့ ပွတ်သပ်ကြည့်ပြီး ကျေနပ်သာယာတဲ့စိတ်နဲ့ ပင့်သက်ရှိုက်မိတယ်။ အဲဒီမှာ ကျနော့်စိတ် အာရုံဟာ ထုံးစံအတိုင်း သမာရိုးကျမဟုတ်တာတွေကို ပုံဖော်လာပြီး ထူးဆန်းတဲ့ စိတ်ကူးတွေ နိုးကြွလာခဲ့တယ်။ ကျနော် စိတ်ကူးယဉ်လိုက်တဲ့ မြင်ကွင်းက ကျနော့်မျက်စိရှေ့မှာ အလွန်တရာ ကွက်ကွက်ကွင်းကွင်း ဖြစ်ပေါ်နေ တော့ ကျနော်တော့ ဖြည်းဖြည်းချင်း ရူးသွပ်သွားပြီလို့တောင် ထင်လာတယ်။ ဒီလို စိတ်အခြေအနေမှာ ကျနော့်ရဲ့ စိတ်ထဲကို ဆန်းကြယ်တဲ့ စိတ်ကူးတစ်ခုက ဝင်ရောက်လာတယ်။ ဒါဟာ နတ်ဆိုးရဲ့ တီးတိုးလှည့်ဖျားသံဆိုတာ သေချာပါတယ်။ အဲဒီစိတ်ကူးဟာ ယုတ်မာတဲ့စိတ်ကူး ဖြစ်ပေမယ့် ကျနော် ခုခံနိုင်စွမ်း မတတ်နိုင်လောက်အောင် ဖြစ်စေတဲ့ ညို့ဓာတ်ပြင်းပြင်းနဲ့ ကျနော့်ကို ဆွဲဆောင်ထားနိုင်ခဲ့တယ်။ အစကတော့ ဒီစိတ်ကူးဖြစ်လာရတာဟာ ထိုင်ခုံကို ကျနော်ပိုင်ချင်တဲ့ ရင်ထဲက မက်မောစိတ်ကြောင့်ဆိုတာ မယုံမရှိပါဘူး။ ဒါပေမယ့် ဒီလို လုပ်ဖို့ မဖြစ် နိုင်တာကို နားလည်သဘောပေါက်ပြီးနောက် အဲဒီထိုင်ခုံ ရှိရာ ဘယ်ဆီမဆို အတူတကွ လိုက်လံချင်စိတ် ဖြစ်လာ တယ်။ ဒီလို ဆန်းပြားတဲ့စိတ်ကူးကို ဖြည်းဖြည်းနဲ့ အဆက်မပြတ် မွေးရင်း မွေးရင်းကနေ အင်မတန် ကြောက်စ ရာကောင်းတဲ့ ဖြားယောင်းချက်ရဲ့ ဆုပ်ကိုင်မှုကို ကျနော့် စိတ်ဟာ ဦးညွတ်ပေးလိုက်ရပါတော့တယ်။ အဲဒီလို ဆိုး ရွားတဲ့အကြံအစည်ကို ဘာတွေပဲ ဖြစ်လာ ဖြစ်လာ အဆုံးအထိ အကောင်အထည်ဖော်ဖို့ စိတ်ပိုင်းဖြတ်လိုက်တဲ့ ကျနော့်ကို မြင်ယောင်ကြည့်ပါတော့ ဆရာမရယ်။

ချက်ချင်းဆိုသလို ကျနော်ဟာ ထိုင်ခုံကို တစ်စစီ ပြန်ဖြုတ်ပြီး ကျနော့်ရဲ့ မူမမှန်တဲ့ရည်ရွယ်ချက်နဲ့ ကိုက် ညီအောင် ပြန်လည် တပ်ဆင်ခဲ့တယ်။ ထိုင်ခုံက ကြမ်းခင်းအထိ ကျနေတဲ့ ထိုင်ဖုံရှိတဲ့အပြင် နောက်မှီနဲ့ လက်တင် တွေအားလုံးက ကြီးမားတဲ့ အရွယ်အစားလည်း ရှိတဲ့ လက်တင်ထိုင်ခုံကြီး တစ်လုံးဖြစ်ပါတယ်။ ဒါကြောင့် သူခိုး လူမိဖြစ်စေမယ့် အန္တာရယ်ကင်းတဲ့ လူတစ်ကိုယ်စာ အခေါင်းပေါက်တစ်ခုကို ထိုင်ခုံထဲမှာ ကျနော် မရရအောင် ကြံဖန်ပြုလုပ်နိုင်ခဲ့တယ်။ သစ်သားဘောင်ကြီးတွေနဲ့ ထိုင်ခုံအတွင်းရှိ စပရင်တွေက ကျနော့်အလုပ်ကို အနှောက် အယှက် ဖြစ်စေတာပေါ့။ ဒါပေမယ့် လက်သမားတစ်ယောက်ရဲ့ကျင်လည်တတ်ကျွမ်းမှုကြောင့် ကျနော်ဟာ ထိုင် ခံကို ပုံသဏ္ဍန်ပြောင်းလဲပြုပြင်နိုင်ခဲ့တယ်။ ဒါကြောင့် ဒူးနဲ့ခြေထောက်ကို ထိုင်ဖုံအောက်မှာ ထားနိုင်ပြီး ကိုယ်ရင်း ပိုင်းနဲ့ ခေါင်းကို ကျောမှီနေရာမှာ ထားနိုင်အောင် ဖန်တီးနိုင်ခဲ့တယ်။ အဲဒီ အခေါင်းပေါင်းထဲ ဝင်လိုက်ရင် ဘယ်သူ မှ တွေ့နိုင်မှာ မဟုတ်ဘူး။

ဒီလိုလက်သမားအရည်အသွေးက ကျနော့်ရဲ့ ဒုတိယသဘာ၀လို ဖြစ်နေတဲ့အတိုင်း ကျနော်ဟာ နောက် ထပ် ပွဲသိမ်းအပြင်အဆင်လေးတွေ ထပ်ထည့်လိုက်သေးတယ်။ အပြင်က အသံတွေကို ကြားနိုင်အောင် မွမ်းမံ ထားတဲ့ အသံပိုင်းဆိုင်ရာတို့၊ လုံး၀ မသိသာစေမယ့် ချောင်းကြည့်ပေါက်တစ်ပေါက်ကို သားရည်ပြားပေါ်မှာ ဖောက်ထာတာတို့ပေါ့။ ဒီအပြင် အစာရေဆာအတွက် နေရာလွပ်တစ်နေရာ စီစဉ်ပြီး တာရှည်ခံမုန့်ခြောက်တွေနဲ့ ရေသန့်ဘူးတွေကို ကျနော် ထည့်ထားလိုက်တယ်။ တစ်ခြား ကျန်းမာရေးသဘာ၀ကိစ္စများအတွက်လည်း ရာဘာ အိတ်ကြီးတစ်လုံး ထပ်ထည့်တယ်။ ဒီလို လိုအပ်တဲ့ပစ္စည်းပစ္စယတွေ အကုန်လုံးကို ထိုင်ခုံအတွင်းပိုင်းထဲ ကျကျန န စီမံထည့်သွင်းပြီးတဲ့နောက် အဲဒီနေရာလေးဟာ နှစ်ရက် သုံးရက်လောက် ဆက်တိုက် နေထိုင်လို့ရတဲ့ နေရာ လေးဖြစ်သွားတယ်။ ကျနော့်ရဲ့ ဆန်းပြားတဲ့လုပ်ငန်းစဉ်ပြီးတော့ ကျနော် ကိုယ်ကို ကွေးပြီး ထိုင်ခုံထဲကို ဝင်ခို ကြည့်လိုက်တယ်။ ကျနော့် တွေ့ကြုံရတဲ့ ထူးဆန်းတဲ့ ခံစားချက်ကို တွေးသာကြည့်ပါတော့ ဆရာမရယ်။ တကယ့်ကို တစ်ကိုယ်စာ အုတ်ဂူထဲ ရောက်သွားသလို ကျနော် ခံစားလိုက်ရတယ်။ သေချာစဉ်းစားကြည့်တော့ ဒါဟာ တကယ်လည်း အုတ်ဂူလို ဖြစ်နေတာပါပဲ။ ထိုင်ခုံထဲဝင်လိုက်တာနဲ့ အမှောင်ထုက လုံး၀ ဝါးမျိုသွားပြီး အပြင်လောကမှာရှိတဲ့ သူတွေရဲ့ ပတ်ဝန်းကျင်မှာလည်း ကျနော်ဟာ လုံး၀ ပျောက်ကွယ်သွားတယ်။

မကြာမီမှာပဲ ထိုင်ခုံကို သယ်ယူပို့ဆောင်ပေးမယ့် ဆက်သားက လှည်းတစင်းနဲ့အတူ ရောက်လာခဲ့တယ်။ ကျနော်နဲ့ တစ်ဦးတည်းသောအတူနေသူ လက်ထောက်အလုပ်သမားလေးက ဖြစ်ပျက်ခဲ့တာတွေကို သတိမပြုမိ ရှာဘူး။ သူ ဆက်သားနဲ့ စကားပြောနေတာကို ကျနော် မြင်နေရတယ်။ လှည်းပေါ်ကို ထိုင်ခုံတင်တော့ လှည်းဆွဲ သမားတွေထဲက တစ်ယောက် ‘ဘုရား ဘုရား၊ ထိုင်ခုံက လေးလှချည်လား။ တစ်တန်လောက် ရှိမယ်’ လို့ ရေရွတ် နေတယ်။ ဒါကို ကြားတော့ ကျနော့် နှလုံးက ပါးစပ်နားရောက်ခါနီးအထိ ခုန်တက်သွားတယ်။ ဒါပေမယ့် ထိုင်ခုံ ကိုယ်တိုင်က သာမန်ထက် ကြီးမားလေလံတဲ့ထိုင်ခုံဖြစ်နေတော့ သံသယ အထူးတလည် မဖြစ်မိကြဘူး။ လမ်းတစ် လျှောက် ဆွဲသွားတဲ့ လှည်းဝင်ရိုး တုန်ခါမှုကို ခံစားမိနေတဲ့တစ်လျှောက်လုံး ကျနော် အမျှဉ်မပြတ်နိုင်အောင် စိုး ရိမ်နေခဲ့မိတယ်။ ဒါပေမယ့် နောက်ဆုံးတော့ အဲဒီနေ့ နေ့လည်ခင်းမှာပဲ ကျနော် ပုန်းခိုနေတဲ့ ထိုင်ခုံကြီးဟာ ဟိုတယ် အခန်းတစ်ခန်းရဲ့ ကြမ်းခင်းပေါ် နေရာတကျ ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီအခန်းဟာ အိပ်ခန်းမဟုတ်ဘဲ ဧည့်သည့်စောင့်ခန်းကြီး ဖြစ်မှန်း နောက်ကျတော့ ကျနော် သိခဲ့ရတယ်။ ဆရာမ အစကတည်းက ခန့်မှန်းမိမှာပါ။ ဒီလို ကျနော့်ရဲ့ရူးမိုက်တဲ့အကြံအစည်ဟာ လူရှင်းတဲ့အခါ ထိုင်ခုံထဲကထွက်ပြီး ဟိုတယ်ထဲ ပစ္စည်းပစ္စယတွေကို အလစ်သုတ် ခိုယူဖို့ပါပဲ။ လူတစ်ယောက် ထိုင်ခုံထဲ ပုန်းခိုနေမယ်လို့ ဘယ်သူက တွေးမိမှာလဲ။ ဖမ်းလို့မရတဲ့ အရိပ်လို ကျနော်ဟာ အခန်းတိုင်းကို စိတ်ရှိလက်ရှိ ခိုးဝင်ယူငင်လို့ရတယ်။ အချက်ပေးသံတွေမြည်လာရင် ကျနော့်ရဲ့ အခေါင်းလေးထဲ လုံလုံခြုံခြုံ ဝင်ပြီး ကျနော့်ကို လိုက်ရှာနေတဲ့ လူတွေရဲ့ ပြက်ရယ်ပြုဖွယ် အခြေအနေကို စောင့်ကြည့်နေလို့ရတယ်။

ကမ်းစပ်ကျောက်တုံးတွကြားမှာ တွေ့ရလေ့ရှိတဲ့ ဝင်ကစွပ် အကြောင်း ဆရာမ ကြားဖူးမှာပေါ့။ ပင့် ကူကြီးတစ်ကောင်လို ပုံစံရှိတဲ့ အဲဒီအကောင်က တိတ်တိတ်လေး တွားသွားနေတတ်တယ်။ လူသံ ခြေသံကြားပြီဆိုတာနဲ့ အခွံလွတ်တစ်ခုထဲကို အလျင်အမြန် ဝင်ပုန်းတတ်တယ်။ သူ ဝင်ပုန်းနေတဲ့ အခွံထဲကနေ အမွှေးအမျှင်တွေနဲ့ ရုပ် ဆိုးဆိုး ခြေတံလက်တံတွေက ငေါထွက်နေပြီး တကယ်ကို ခိုးကြောင်ခိုးဝှက် နိုင်တယ်။ ကျနော်လည်း ဒီလို ကြောက်စရာကောင်းတဲ့ ဝင်ကစွပ်လိုပဲ။ ဒါပေမယ့် ကျနော့်မှာတော့ အခွံအစား ပိုကောင်းတဲ့ အကာအကွယ်ရှိပါတယ်။ ကျနော့်ကို ပိုပြီး လုံလုံခြုံခြုံ ဖုန်းကွယ်ပေးထားနိုင်မယ့် ထိုင်ခုံ ရှိတယ်။ ဆရာမ စဉ်း စားကြည့်လို့ရပါတယ်။ ကျနော့်အကြံအစည်က တမူးထူးခြားပြီး ဘယ်သူမှ မလုပ်ခဲ့ဖူးသလို ဘယ်သူမှလည်း မျှော်လင့်ထားမှာမဟုတ်တော့ ဒါကို ရိပ်မိမယ့်သူ တစ်ယောက်မှ မရှိခဲ့ဘူး။ ဒါကြောင့်လည်း ကျနော့်ရဲ့ စွန့်စား ခန်းက လုံး၀အောင်မြင်ခဲ့တယ်။ ကျနော်ရောက်ပြီး တတိယမြောက်နေ့မှာပဲ အတော်လေး အထုပ်နဲ့အထည်နဲ့ ကျ နော် ရနေပြီဆိုတာကို တွေ့ရတယ်။ စိတ်ကြိုက်လက်ကြိုက် ခိုးယူနိုင်ခြင်းရဲ့ ရင်ဖိုစိတ်လှုပ်ရှားမှုကို စဉ်းစားကြည့် စမ်းပါ။ ‘သူခိုး ဒီဘက်ပြေးတယ် ၊ မဟုတ်ဘူး ဟိုဘက်ပြေးတယ်’ နဲ့ ကျနော့် ရှေ့တင် ယုန်တောင်ပြေးခွေးမြောက် လိုက် ဖြစ်နေတဲ့ လူတွေကိ ကြည့်ပြီးရတဲ့ ပျော်ရွှင်မှု ကတော့ ထည့်ပြောစရာတောင် မလိုတော့ပါဘူး။ စိတ်မ ကောင်းစွာနဲ့ပဲ ပြောရရင် ကျနော့်အတွေ့အကြုံကို အသေးစိတ်ဖော်ပြနေဖို့ ကျနော့်မှာ အချိန်မရပါဘူး။ အဲဒီအစား ကျနော့်ရဲ့ဇာတ်လမ်းကို ဆက်ပြီး ကျနော် ရှာဖွေတွေ့ရှိခဲ့တဲ့ အလွန့်အလွန်ဆန်းပြားတဲ့ပျော်စရာ အကြောင်း ပြောပြပါရစေ။ တကယ်တော့ ကျနော် ဆက်ပြောမယ့် အကြောင်းအရာက ဒီပေးစာရဲ့ အရေးအကြီးဆုံး အပိုင်းပါပဲ။

ပထမဦးဆုံးအနေနဲ့ ကျနော်နဲ့ ကျနော့်ထိုင်ခုံကို ဟိုတယ်ရဲ့ ဧည့်ကြိုခန်းမထဲမှာ နေရာချထားတယ်ဆိုတဲ့ အချက်ကို အမှတ်ရပေးပါ။ ထိုင်ခုံကို နေရာချလိုက်တာနဲ့ ဝန်ထမ်းတွေက ထိုင်ခုံကို စမ်းထိုင်ကြတာပဲ။ အသစ်အ ဆန်းကို ရိုးအီသွားတော့ အားလုံး အခန်းထဲက ထွက်သွားကြပြီး အလုံးစုံ တိတ်ဆိတ်ခြင်းကသာ တစ်ဝန်းကျင် လုံးကို စိုးမိုးသွားခဲ့တယ်။ ဒါပေမယ့်လည်း အန္တာရယ်ပေါင်း သောင်းခြောက်ထောင်ကို ရှာကြံတွေးပူပြီးတော့ ကျနော့်ရဲ့ အခေါင်းပေါက်လေးထဲကနေ မထွက်ရဲသေးဘူး။ နှစ်ပေါင်းတစ်ထောင်လောက် ကြာညောင်းလှသလို ခံစားရတဲ့ အခိုက်အတန့်အတွင်း အတိုးညှင်းဆုံး အသံလေးကိုတောင် ကြားလောက်အောင် ကျနော် နားစွင့်ထား မိတယ်။ ခဏနေတော့ စင်္ကြလမ်းကနေ ချိုးဝင်လာပုံရတဲ့ ခြေသံတစ်သံ ထိုင်ခုံဆီကို တဖြည်းဖြည်း ချဉ်းနင်းလာ တာကို ကျနော် ကြားလိုက်ရတယ်။ နောက်ထပ် တဒင်္ဂလောက်နေတော့ လျှောက်လာနေတဲ့ ခြေဟာ ကောဇော ခင်းကြီးအပေါ် ခြေချမိသွားတယ်နဲ့ တူပါတယ်။ ဘာလို့လဲဆိုတော့ ခြေသံတွေက လုံး၀ ပျောက်သွားတာကြောင့် ပဲ။ ခဏကြာပြန်တော့ မောဟိုက်လို့ အသက်ကို ပါးစပ်နဲ့ ရှုနေရတဲ့ ယောကျာ်းကြီး တစ်ယောက်ရဲ့ အသံက ကျ နော့် နားထဲ တိုးဝင်လာတယ်။ ဘာဆက်ဖြစ်မလဲ မခန့်မှန်းနိုင်သေးခင်မှာပဲ ဥရောပသားတစ်ယောက်ရဲ့ ခန္ဓာကိုယ် လို ကြီးမားလေးလံတဲ့ခန္ဓာကိုယ်ကြီးတစ်ခုက ကျနော့်ရဲ့ ပေါင်တွေပေါ် ကျလာပြီး အကျအနမထိုင်ဖြစ်သေးခင် နှစ်ကြိမ် သုံးကြိမ် ခုန်သွားသေးတယ်။ ကျနော့်ပေါင်တွေနဲ့ သူ့ရဲ့တင်ပါးကြားမှာ သားရည်ထည် ပါးပါးတစ်ချပ်ပဲ ခြားနေတော့ သူ့ခန္ဒာကိုယ်ရဲ့ အနွေးဓာတ်ကို ကျနော် ခံစားမိသွားတယ်။ သူ့ရဲ့ တောင့်တင်းကျယ်ပြန့်တဲ့ ပခုံးတွေက ကျနော့်ရဲ့ ရင်ပေါ် အပြားလိုက် အပ်နေပြီး သူ့ရဲ့လေးလံတဲ့ လက်မောင်းတွေက ကျနော့်ရဲ့လက်မောင်းတွေအပေါ် တည့်တည်မတ်မတ် ကျနေတယ်။ ဆေးလိပ်နံ့ပြင်းပြင်း ကျနော့်နှာခေါင်းထဲ ပျံ့လွင့်တိုးဝင်လာတာကြောင့် ဒီလူ ကြီး ဆေးလိပ်ဖွာနေတာကို ကျနော် ခန့်မှန်းမိလိုက်တယ်။

ကျနော့်ရဲ့ ထူးဆန်းတဲ့နေရာမှာ ဝင်ခံစားလို့ သဘာ၀မကျတဲ့အခြေအနေကိုလည်း ခဏလောက် ဆရာမ တွေးကြည့်ပါ။ ကျနော်ကတော့ ထိတ်လန့်လွန်းလို့ ကျနော့်ရဲ့ လက်မောင်းကြားတွေက အေးစက်နေတဲ့ ဇောချွေးတွေ ကျလာသလို မှောင်မိုက်နေတဲ့ အခေါင်းပေါက်ထဲမှာ ခန္ဓာကိုယ်ကို အစွမ်းကုန် ကျုံ့ပစ်လိုက်မိ တယ်။ ဒီလူကြီးပြီးတော့ နောက်ထပ် လူတော်တော်များများက သူတို့အလှည့်ကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်း နေရသလို ကျနော့်ရဲ့ ပေါင်ပေါ် တစ်ယောက်ပြီးတစ်ယောက် လာထိုင်ကြတယ်။ ဒါပေမယ့် သူတို့ထိုင်နေတဲ့ နူး နူးညံ့ညံ့ ကူရှင်ဟာ ထူးဆန်းတဲ့ အမှောင်ကမ္ဘာထဲ အကျဉ်းကျနေတဲ့ သက်ရှိထင်ရှား လူ့အရေပြား ဖြစ်နေတာကို တစ်ယောက်မှ သတိမပြုမိကြပါဘူး။ ဒီလို လျှို့ဝှက်အခေါင်းပေါက်ကို ကျနော် စွဲလမ်းနေမိတာ ဘာအတွက် ကြောင့်လဲ။ ကျနော်ဟာ လောကသစ်တစ်ခုမှာ နေထိုင်နေတဲ့ တိရိစ္ဆာန်တစ်ကောင်လို ခံစားရတယ်။ အပြင်လော ကမှာ နေထိုင်ကျက်စားနေတဲ့ လူတွေနဲ့ပက်သက်ပြီး ဆန်းပြားတဲ့ ဆူညံသံတွေလုပ်တဲ့သူတွေ၊ အသက်ပြင်းပြင်း ရှုတဲ့သူတွေ၊ စကားပြောတဲ့သူတွေ၊ အဝတ်အစားတွေ တရွှမ်းရွမ်း ခတ်တဲ့သူတွေ၊ နူးညံ့လုံးဝန်းတဲ့ ကိုယ်ခန္ဓာရှိ သူတွေအဖြစ် ကျနော် ခွဲခြား ကြည့်ရတယ်။ တဖြည်းဖြည်းနဲ့ ထိုင်တဲ့သူတွေကို အမြင်အာရုံထက် အထိအတွေ့ အာရုံနဲ့ ကျနော် ခွဲခြားနိုင်လာတယ်။ ၀တဲ့သူတွေက ဂျယ်လီငါးကြီးတွေလို ခံစားရတယ်။ အထူးပိန်သူတွေက တော့ အရိုးစုကို ဖက်ထားရသလို ခံစားရတယ်။ တခြား ကွဲပြားစေတဲ့ အရာတွေထဲမှာ ကျောရိုးကွေးပုံ၊ ပခုံးအ ကျယ်၊ လက်တံ အရှည်၊ ပေါင်သားအထူ နဲ့ တင်ပါးကောက်ကြောင်းတွေ လည်းပါတယ်။ ထူးဆန်းသလိုတော့ ထင်ရလိမ့်မယ်။ ဒါပေမယ့် ကျနော် အမှန်ကိုပဲ ပြောတာပါ။ လူတွေဟာ အပေါ်ယံကြည့်ရင် တူသလိုလို မြင်ရပေ မယ့် သူတို့ရဲ့ကိုယ်ခန္ဓာကို ထိတွေ့ရုံနဲ့ မြင်နိင်တဲ့ ကွဲပြားချက်ပေါင်း မရေမတွက်နိုင်အောင် ရှိတယ်။ တကယ် တော့ လက်ဗွေရာနဲ့ မျက်နှာကျတွေ ကွဲပြား ခြားနားသလောက်ကို ကွဲပြားကြတယ်။ ဒီသီအိုရီက မိန်းမကိုယ်ခ န္ဓာတွေနဲ့ပက်သက်ပြီးလည်း ကိုက်ညီမှု ရှိပါတယ်။


များသောအားဖြင့် မိန်းမတွေကို ရွက်ကြမ်းရေကျိုနဲ့ အလှပဂေးဆိုပြီး အမျိုးအစား နှစ်မျိုး ခွဲတတ်ကြတယ်။ ဒါပေမယ့် ကျနော့်ရဲ့ ပိတ်လှောင်မှောင်မိုက်နေတဲ့ ထိုင်ခုံထဲက လောကမှာတော့ ရုပ်ရည် လှပခြင်း အကျည်းတန်ခြင်းက ဒုတိယနေရာမှာသာရှိပြိး အရေပြား အထိအတွေ့ ၊ စကားပြောသံ နဲ့ ကိုယ်သင်းရနံ့တို့က ပိုပြီး အရေးပါနေတယ်။ ( ဆရာမအနေနဲ့ ကျနော့်ရဲ့ ရံဖန်ရံခါ ပွင့်လင်းရဲတင်းတဲ့အရေးအသားက အနှောက်အ ယှက် ဖြစ်နေခဲ့ရင် စိတ်မရှိဖို့ တောင်းဆိုချင်ပါတယ်။)

ဒီတော့ ကျနော့်ရဲ့ ဇာတ်လမ်းကို ဆက်ရရင် ကျနော့်အပေါ် ပထမဆုံး ထိုင်ဖူးတဲ့ မိန်းကလေးတစ်‌ ယောက်ရှိခဲ့တယ်။ သူမက ကျနော့်ရင်ထဲက အချစ်မီးကို ထွန်းညှိပေးခဲ့သူပါ။ သူမရဲ့ စကားသံကို မှန်းကြည့်ရင် ဥ ရောပသူလေးပဲ ဖြစ်မယ်။ အခန်းထဲမှာ ဘယ်သူမှ မရှိပေမယ့်လည်း အဲဒီအခိုက်အတန့်မှာ သူမရဲ့ ရင်ထဲ ပျော်ရွှင် ကြည်နူးမှုတွေ ဝေဖြာနေတာပဲ ထင်ပါရဲ့။ ဘာလို့လဲဆိုတော့ အခန်းထဲ ဝင်လာတဲ့ အချိန်မှာ သူမရဲ့ အသံသာသာ လေးနဲ့ သီချင်းလေးငြီးလာ လို့ပါပဲ။ တအောင့်နေတော့ ကျနော့်ထိုင်ခုံရှေ့မှာ သူမ မတ်တပ်ရပ်နေတာကို ကျနော် ကြားလိုက်တယ်။ ပြီးတော့ ရုတ်တက်ရက် ဝက်ဝက်ကွဲ ထရယ်လိုက်တယ်။ ပြီးတော့ သူမရဲ့လက်မောင်းတွေ ကို ပိုက်ကွန်ထဲမိနေတဲ့ ငါးတစ်ကောင်ရုန်းသလို တဖျတ်ဖျတ်နဲ့ ခတ်လိုက်ပြီး ထိုင်ချလိုက်တယ်။ ကျနော့်အပေါ်ကို သူမ ထိုင်ချလိုက်တယ်။ နောက်ထပ် နာရီဝက်ခန့် သူမက မယ်လိုဒီ အလိုက်အတိုင်း ကိုယ်လုံးလေးနဲ့ ခြေထောက် တွေက နွဲ့ကာ လှုပ်လီ လှုပ်လဲ့နဲ့ သီချင်းဆက် ငြီးနေခဲ့တယ်။ ဒါဟာ ကျနော့်အတွက် မမျှော်လင့်ထားတဲ့ အတွေ့ အကြုံ အသစ်တစ်ခုပဲ။ ဘာလို့လဲဆိုတော့ ကျနော့်ရဲ့ အကျည်းတန်မှုကြောင့် ဆန့်ကျင့်ဘက်လိင်တွေက ကျနော် ကို ဝေးဝေးရှောင်တာ ခံနေခဲ့ရလို့ပဲ။ အခုတော့ ကျနော် တစ်ခါမှ မမြင်ဖူးတဲ့ ဥရောပသူလေးနဲ့ ဘယ်သူမှမရှိတဲ့ အခန်းထဲမှာ နှစ်ယောက်တည်း ရှိနေရပြီး ကျနော့်အရေပြားနဲ့ သူမရဲ့ အရေပြားတို့ သားရည်ပါး တစ်ချပ် အလွှာ ခြားလို့ အချင်းချင်း ပူးကပ်မတပ် ထိစပ်တာကို ကျနော် သိလာတယ်။ ကျနော်ရှိနေတာကို မသိဘဲ သူမက စိတ်ရှိ လက်ရှိ လွပ်လွပ်လပ်လပ်ကို ပြုမူနေခဲ့တယ်။ ထိုင်ခုံထဲက ကျနော့်မှာတော့ သူမကို ထွေးပွေ့ပြီး သူမရဲ့ နှင်းသား လို လည်တိုင်ဖြူဖွေးလေးကို နမ်းရှုပ်နေတဲ့ ကျနော်ကိုယ်ကျနော် မြင်ယောင်ကြည့်နေမိတယ်။ သားရည်ချပ်ကို သာ ဖယ်ရှားပစ်နိုင်ခဲ့ရင်တော့လား…။

ဒီလို ညစ်နွမ်းပေမယ့် မွေ့လျောစရာကောင်းတဲ့ အတွေ့အကြုံကို ခံစားခဲ့ရပြီးနောက်တော့ ကျနော့်ရဲ့ မူ လရည်ရွယ်ချက်ဖြစ်တဲ့ သူခိုးဘ၀ကို လုံးလုံးလျားလျား မေ့လျော့သွားပါတော့တယ်။ အဲဒီအစား ရူးလောက်စရာ သာယာကျေနပ်မှု ဝဲဂယက်ထဲကို ကျနော်ဟာ ခေါင်းစိုက် ထိုးချမိခဲ့ပါတယ်။ ‘ဒီလို ဘ၀ကို သာယာဖို့ ငါ့ကံကြမ္မာ ဖြစ် လာတာပဲ’ ဆိုပြီး ကျနော် တွေးတောနေမိတယ်။ အမှန်တရားကို ကျနော် တဖြည်းဖြည်းနဲ့ သဘော ပေါက်လာပုံပဲ။ ကျနော့်လို ရုပ်ဆိုး အကျည်းတန်းပြီး အကျဉ်ခံမျိုးတွေအတွက် ဒီလို ထိုင်ခုံထဲကဘ၀ကို သာယာခံစားရတာက ပို ပြီး လက်ခံချင်စရာကောင်းတာ သေချာပေါက်ပါပဲ။ ဒီလို ထူးဆန်းမိုက်မှောင်တဲ့ လောကထဲမှာ လိုချင်တပ်မက်ချင်စရာ ကောင်းသူလေးတွေကို ကျနော် ကြားနိုင်တယ်၊ ထိတွေ့နိုင်တယ်လေ။

ထိုင်ခုံထဲက အချစ်။ မယုံနိုင်စရာ ကောင်းလွန်းပါတယ်။ တကယ်ကြုံဖူးမှ ဒီဘ၀ရဲ့ ရင်ဖိုစရာ၊ ပျော်စရာ ကို အသိအမှတ်ပြု ထောက်ခံနိုင်ပါလိမ့်မယ်။ ဒါဟာ ထူးဆန်းတဲ့ အချစ်ဆိုတာ တော့ ဟုတ်ပါတယ်။ အထိအတွေ့ အာရုံ၊ အကြားအာရုံ၊ အနံ့အာရုံ ကနေသာ ကပ်ကပ်သပ်သပ် မြတ်နိုးရတဲ့ အချစ်။ အမှောင်လောကထဲမှာ တောက်လောင်နေတဲ့ အချစ်။ ယုံချင်ယုံ မယုံချင်နေကြပါ။ ဒီလောကဘောာင်ကျဉ်းလေးထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေဟာ နားလည်နိုင်တာတွေ မဟုတ်ပါဘူး။ အစတုန်းကတော့ ပစ္စည်းတွေကို ခိုးယူ သိုဝှက်ပြီး ထွက်ပြေး ဖို့ပဲ ကျနော် ကြံစည်ခဲ့တာပါ။ ဒါပေမယ့်လည်း အခုတော့ ကျနော့်ရဲ့ ချမ်းသာရာတွေကို တွယ်ညှိလွန်းလို့ ရာသက် ပန်နေထိုင်လို့ရအောင် ညှိယူနေခဲ့မိပြီ။ ကျနော့်ရဲ့ ညနက်အစာကောက်ထွက်ချိန်တိုင်း သတိကြီးစွာထားတယ်။ ခြေလှမ်းတိုင်းကို သတိပြုတယ်။ အသံမထွက်သလောက်ပဲ။ ဒါကြောင့်လည်း လူမိခံရမယ့် အန္တာရယ်ကင်းတယ်။ လပေါင်းအတန်ကြာ ထိုင်ခုံထဲမှာ ဘယ်သူမှ မသိအောင် နေထိုင်လာခဲ့တာကို ပြန်တွေးကြည့်မိတော့ ကျနော် ကိုယ်တိုင်တောင် အံ့အားသင့်မိပါတယ်။ နေ့စဉ်နေ့တိုင်း တစ်နေကုန် ကျနော်ဟာ ထိုင်ခုံထဲမှာပဲ လက်တွေခေါက် ခြေတွေကွေးပြီး ကွန်တော့ရှင်းနစ် (Contortionist) တစ်ယောက်လို နေထိုင်တယ်။ အကျိုးဆက်ကတော့ ကျ နော့်တစ်ကိုယ်လုံး အကြောသေနေသလို ခံစားလာရတယ်။ ဒီအပြင် မတ်တပ် ဖြောင့်ဖြောင့် မရပ်ရတော့လို့ ကျ နော့်ရဲ့ ကြွက်သားတွေဟာ တောင့်တင်းလာပြီး နောက်ဆုံးမှာ လမ်းမလျှောက်နိုင်တော့ဘဲ တွားသွားနေရပါတော့ တယ်။ ကျနော်ဟာ သွပ်သွပ်ခါအောင် ရူးနေတဲ့လူပါပဲ။ ဒီလောက် ဒုက္ခဝေဒနာခံစားနေခဲ့ရတာတောင် ကျနော့်ရဲ့ မိုက်မဲမှုကို စွန့်လွှတ်ပြီး အဲဒီ တဏှာအာရုံ သာယာဖွယ် လောကဆန်းကြယ်ကို မထားရစ် နိုင်ခဲ့ဘူး။

ဟိုတယ်မှာ ကိုယ့်အိမ်ကိုယ်ယာလို တစ်လတန်သည် နှစ်လတန်သည် လာရောက်နေထိုင်တဲ့ ဧည့် သည် အများအပြားရှိပေမယ့်လည်း ဧည့်သည့်အသစ်တွေရောက်လာလိုက်၊ ဧည့်သည်ဟောင်းတွေ ထွက်သွား လိုက် နဲ့ မပြတ် ဝင်လိုက်ထွက်လိုက် ဖြစ်နေခဲ့တယ်။ ဒါကြောင့် ကျနော့်မှာ ရာသက်ပန်အချစ်မျိုး မခံစားခဲ့ရဘူး။ အခုအချိန်အထိ ကျနော့်ရဲ့ချစ်ရေးချစ်ရာတွေကို ပြန်လည် မြင်ယောင်ကြည့်တဲ့အခါတိုင်း နွေးစိမ့်တဲ့အရေပြား အထိအတွေ့ကလွဲလို့ တခြား ဘာကိုမှ တမ်းတကြည့်လို့ မရပါဘူး။ တစ်ချို့ မိန်းမတွေက မြင်းပုလို တောင့်တင်း တဲ့ ကိုယ်န္ဓာမျိုး ရှိတယ်။ တစ်ချို့မိန်းမတွေက မြွေလို ပျော့သွယ်တဲ့ ကိုယ်လုံးမျိူး ရှိတယ်။ တစ်ချို့ကတော့ အဆီ ကလွဲလို ကျန်တာဘာမှ မပါတဲ့ ကိုယ်ထည်ကြီးတွေနဲ့ ရာဘာဘောလုံးလို မာတင်းကြွခုန်နေတတ်တယ်။ ဒီအပြင် ဂရိရုပ်ထုတွေအတိုင်း ကြွက်သားအပြည့်နဲ့ ကိုယ်ခန္ဒာမျိုးတွေလည်း ရှိတတ်တယ်။ ဘယ်လိုပဲ အမျိုးအစား ကွဲ ပြားပါစေ အကုန်လုံးမှာတော့ မတူကွဲပြားတဲ့ စွဲမက်ဖွယ်ညို့ဓာတ် ကိုယ်စီ ရှိကြပါတယ်။ ကျနော်ဟာ ကျနော် ဓာတ်ကျရာ အရည်အသွေးမျိုးစုံ အတိုင်း အစဉ်မပြတ် ပြောင်းလဲ ခံစားကြည့်ပါတယ်။ တစ်ခါတော့ ကမ္ဘာကျော် အကမယ်တစ်ယောက် ဂျပန်ကို ရောက်လာခဲ့ပြီး ဒီဟိုတယ်မှာ တည်းဖြစ်သွားတယ်။ သူမက ကျနော့်ထိုင်ခုံမှာ တစ်ကြိမ်ပဲထိုင်သွားခဲ့ပေမယ့် ကျနော့်ကိုယ်ပေါ် ဖိထိသွားတဲ့ နူးနူးညံ့အထိအတွေ့ဟာ အခုထက်ထိ ကျနော့်ကို ကြည်နူးမိစေတုန်းပဲ။ သူမ ကိုယ်လုံးလေးရဲ့ အထိအတွေ့မှာ ယစ်မူးနေခဲ့မိတဲ့ ကျနော်ဟာ အသည်းနစ်အောင် ဘဝင်ခိုက်ရတဲ့ သုခပီတိ ခံစားခဲ့ရတယ်။ ဒီတစ်ခါမှတော့ သွေးသားကာမဗီဇစိတ်တွေ ရုန်းကြွလာရမယ့်အစား နတ်မိမယ်တစ်ပါးရဲ့ မှော်ဝင်စကြာနဲ့ ပွတ်သပ်ခံရတဲ့ ချီးမြောက်ခံ အနုပညာရှင်တစ်ယောက်လိုသာ ခံစားခဲ့ရပါ တယ်။

ထူးခြားဆန်းပြားတဲ့ ဇာတ်ဝင်ခန်းပေါင်းများစွာလည်း တောက်လျှောက် ဖြစ်ပျက်ခဲ့ပါတယ်။ ဒါပေမယ့် စာနေရာအခက်အခဲကြောင့် ကိစ္စတစ်ခုချင်းစီရဲ့ အသေးစိတ်သရုပ်ဖော်ချက်တွေကို ကျနော် ကျော်သွားပါတော့ မယ်။ အဲဒီအစား အဖြစ်အပျက်တွေရဲ့ ယေဘူယျကောက်ကြောင်းတွေကိုပဲ ဆက်လက်‌ ရေးခြစ်ပြသွားပါမယ်။ ကျနော် ဟိုတယ်ကို ရောက်လို့ လအတန်ကြာပြီးနောက် တစ်ရက်မှာ ကျနော့်ကံကြမ္မာအတွက် မမျှော်လင့်တဲ့ အပြောင်းအလဲ တစ်ရပ် ဖြစ်ပေါ်ခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဟိုတယ်ပိုင်ရှင် နိုင်ငံခြားသားမှာ တိုင်း ပြည်ကနေ ထွက်ခွာသွားခဲ့ရပြီး ဟိုတယ်စီမံခန့်ခွဲရေးဟာ ဂျပန်တွေရဲ့လက်ထဲ ရောက်သွားခဲ့တယ်။ ပိုင်ရှင် အလွှဲ အပြောင်းကြောင့် ပေါ်လစီသစ်တစ်ရပ် ချမှတ်ခဲ့ပြီး အသုံးစာရိတ်ချွေတာရေး၊ ဇိမ်ခံပစ္စည်း ဖြုတ်သိမ်းရေး၊ အ မြတ်တိုးမြှင့်ရေး စသဖြင့် အတည်ပြုခဲ့ကြတယ်။ ဒီပေါ်လစီရဲ့ ရလဒ်တွေထဲက တစ်ခုကတော့ စျေးကြီးတဲ့ ပရိ ဘောဂပစ္စည်းတွေကို စီမံခန့်ခွဲရေးဌာနက လေလံတင်ခဲ့တာပါပဲ။ သူတို့ရဲ့ အရောင်းစာရင်းထဲမှာ ကျနော့်ထိုင်ခုံ လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။

ဒီအခြေအနေအသစ်ကို သိသွားတဲ့အချိန်မှာ ကျနော် အလွန်အမင်း စိတ်ပျက်ခဲ့ရတယ်။ မကြာခင်အချိန် လေးအတွင်း ကျနော့် ဝိညာဉ်ထဲက အသံတစ်သံက ပြင်ပလောကဆီ ပြန်သွားပြီး ကျနော် ခိုးယူစုဆောင်းခဲ့တာ တွေနဲ့ သုံးစွဲ နေထိုင်သွားဖို့ အကြံပြုခဲ့ပါတယ်။ ကျနော့်အနေနဲ့ အလောတော် ကြွယ်၀နေပြီးဖြစ်လို့ လက်သမား လို အညတရဘ၀မျိုး ကျနော် ပြန်ဖြစ်စရာ အကြောင်း မရှိတော့ဘူးဆိုတာ ကျနော် ကောင်းကောင်း သဘော ပေါက်ပါတယ်။ လူ့အဖွဲ့အစည်းထဲ ရလာမယ့် ကျနော့် အနေအထားအသစ်နဲ့ပက်သက်ပြီး အခုလို အတွေး ကြောင့် ဟိုတယ်ကနေ ထွက်ခွာရတော့မယ့် စိတ်ပျက်မှုကိုတောင် သက်သာရာ ရသွားစေပါတယ်။ ဒီလိုပဲ ကျနော် ဟိုတယ်မှာ ရရှိခဲ့တဲ့ သာယာမှုတွေကို နက်နက်နဲနဲ တွေးကြည့်တဲ့အခါ ကျနော့်အနေနဲ့ ချစ်ရေးချစ်ရာ လေးတွေ အများကြီး ရှိခဲ့ပေမယ့် အားလုံးက နိုင်ငံခြားသူတွေနဲ ချည်းဖြစ်ပြီး တစ်စုံတစ်ခု အမြဲ လစ်ဟာနေခဲ့ တယ်လို့ ကိုယ့်ကိုယ်ကို ဝန်ခံခဲ့မိတယ်။ အဲဒီနောက်တော့ ဂျပန်တစ်ယောက်အနေနဲ့ မျိုးတူလေးအပေါ် ချစ်ရတဲ့ အချစ်ကိုလည်း ကျနော် တကယ် တောင့်တမိတာကို သဘောပါက်လာတယ်။ ထိုင်ခုံထဲမှာ နေရင်း ဒီလို မျိုးတူ ချစ်ဇတ်လမ်းလေးအကြောင်း တွေးတောနေတုန်း ကျနော့်ထိုင်ခုံကို လေလံရောင်းချဖို့ ပရိဘောရဆိုင်တစ်ဆိုင် ဆီ ပို့လိုက်ကြတယ်။ ဂျပန်တစ်ယောက်ယောက်တော့ ဒီထိုင်ခုံကို ဝယ်ပြီး ဂျပန်အိမ်မှာ ထားဖြစ်မှာပါလို့ အဲဒီ အချိန်အတွင်း ကျနော် တစ်ယောက်တည်း ရေရွတ်နေမိတယ်။ ဒီလိုနဲ့ ထိုင်ခုံထဲ အနည်းငယ်ထပ်နေပြီး စိတ်ရှည် လက်ရှည် စောင့်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ပရိဘောဂဆိုင်ရှေ့က ကျနော့်ထိုင်ခုံထဲမှာပဲ နစ်ရက် သုံးရက်ခန့် သည်းခံနေထိုင်ခဲ့ပြီးနောက် အရောင်းအ ဝယ် ကိစ္စပေါ်လာပြီး ထိုင်ခုံကို ချက်ချင်း ဝယ်ယူသွားခဲ့တယ်။ ကံကောင်းထောက်မစွာပဲ ဒီလိုအရောင်းအဝယ် ဖြစ်ခဲ့တာက ကောင်းမွန်သေသပ်တဲ့ လက်သမားလက်ရာ ကြောင့်ပါ။ ထိုင်ခုံမှာ အသစ်မဟုတ်ပေမယ့် ခန့် ညားထည်ဝါတဲ့ အဆင်အပြင် ရှိပါသေးတယ်။ ဝယ်သူသွားသူက တိုကျိုမှာနေထိုင်တဲ့ ရာထူးမြင့် ပုဂ္ဂိုလ်တစ် ယောက်ဖြစ်ပါတယ်။ ပရိဘောဂ ဆိုင်ကနေ သူ့ရဲ့နန်းတော်အလား ထည်ဝါတဲ့ နေအိမ်ဆီ ရွှေ့ပြောင်းတဲ့အချိန်မှာ ပစ္စည်းသယ်ယာဉ်ရဲ့ တုန်ခါမှု ၊ ခုန်ယမ်းမှုတွေကြောင့် ကျနော် သေလုမတတ် ခံစားခဲ့ရပါတယ်။ နောက်ဆုံးတော့ ကျနော့်ကို ဂျပန်တစ်ယောက် ဝယ်ယူခဲ့ပြီဆိုတဲ့ အတွေးနဲ့ အံကိုတင်းတင်းကြိတ်ပြီး သည်းခံခဲ့တယ်။ ကျနော့်ကို သူ့အိမ်ထဲက အနောက်တိုင်းဟန် စာကြည့်ခန်းထဲမှာ ထားတယ်။ အဲဒီအခန်းနဲ့ ပက်သက်ပြီး ကျနော့် ကျေနပ်ရမှုအပေါင်းထဲက တစ်ခုကတော့ ကျနော့်ထိုင်ခုံကို သူရဲ့ ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဇနီးအတွက် ရည်ရွယ်ထားတဲ့ အချက်ပါပဲ။ တစ်လအတွင်း ကျနော်ဟာ သူ့ဇနီးလေးနဲ့ အမြဲတမ်း အတူရှိနေရပြီး ပြောရရင် နှစ်လွှာ ပေါင်းတဲ့တစ်ရွက်လို ပါပဲ။ အစာစားချိန်နဲ့ ထမင်းစားချိန်ကလွဲပြီး သူမရဲ့ နူးညံ့တဲ့ ကိုယ်လုံးလေးဟာ ကျနော့်ရဲ့ ပေါင်ပေါ်မှာ အမြဲတမ်း ရှိနေခဲ့တယ်။ ဘာလို့လဲဆိုတော့ သူမ တွေးတေားစဉ်စားရတဲ့ အလုပ်ကို ထိုင်ပြီး အချိန် ပြည့် လုပ်နေတတ်တာ ကြောင့်ပါပဲ။ ဒီအမျိုးသမီးကို ကျနော် ဘယ်လောက်ချစ်တယ်ဆိုတာ ဆရာမ ခန့်မှန်းနိုင် မှာတောင် မဟုတ်ဘူး။ သူမက ကျနော့်ဘ၀မှာ အနီးကပ်ဆုံး ထိတွေ့ခွင့်ရတဲ့ ပထမဆုံး ဂျပန်အမျိုးသမီး ဖြစ်တဲ့အပြင် သူမရဲ့ ကိုယ်လုံးလေဟာ အံ့အားသင့်စရာ ကောင်းလောက်အောင် လှပညက်ညောတယ်။ သူမဟာ ကျနော် တောင်းတဲ့ဆုတွေကို ပြည့်စေတဲ့ ဆုလာဒ်ပါပဲ။ သူမနဲ့ ယှဉ်လိုက်ရင် ဟိုတယ်မှာ တခြားမိန်းမတွေနဲ့ ဖြစ်ခဲ့တဲ့ ကျနော့်ရဲ့ အချစ်ရေးဟာ ကလေးဆန်တဲ့ နန့်ကျောဆွဲတာထက် မပိုတော့ပါဘူး။ ဒီ ပညာတတ် အမျိုးသမီးကို ချစ်မိ တဲ့ ကျနော့်ရဲ့ အချစ်ရူးအတွက် သက်သေအဖြစ် သူမကို အချိန်ရှိသမျှ အခွင့်ရှိသမျှ ကျနော် ထွေးပွေ့ထားချင်တဲ့ မက်မောစိတ်ကို လျှောက်လွှဲတင်ပြနိုင်ပါတယ်။ ခဏတဖြုတ်လောက် သူမ ထသွားရင် ကျနော့်မှာ ဂျူလိယက်ကို စောင့်စားနေရတဲ့ ရိုမီယိုလို သူမ ပြန်အလာကို စောင့်မျှော်နေမိတယ်။ ဒီလိုခံစားချက်မျိုး ကျနော် တစ်ခါ မှ မခံစားခဲ့ဖူးပါဘူ။

နောက်ဆုံးမှာတော့ သူမကို ကျနော့်ရဲ့ခံစားချက်တွေ ဘယ်လို နည်းနဲ့ပဲဖြစ်ဖြစ်ပေါ့လေ ဖွင့်ဟဖို့ ကျနော် ဆုံးဖြတ်ခဲ့တယ်။ ကျနော့်ရည်ရွယ်ချက် အထမြောက်ဖို့ ကြိုးစားရတာ အမြဲတမ်း အပိတ်အပင်အတားအဆီး တွေ ကြုံတွေရပြီး အချည်းအနီး ဖြစ်ရတယ်။ ကျနော် ကူရာမဲ့နေခဲ့တယ်။ ကျနော့် အချစ်ကို သူမ တုံ့လှည့်ပြန်စေ ချင်လိုက်တာ။ ဟုတ်ပါတယ်။ ဒါကို အရူးတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်လို့ ဆရာမ မှတ်ယူနိုင်ပါတယ်။ ကျနော် ကလည်း ရူးနေတာကိုး။ သူမကို ရူးလောက်အောင် ချစ်နေမိတာကိုး။ ဒါပေမယ့် ကျနော် ဘယ်လို အချက်ပြရပါ့ မလဲ။ ကျနော်သာ ရုပ်လုံးထွက်ပြလိုက်ရင် သူမ ကြောက်လန့်ပြီး သူမ အမျိုးသားနဲ့ အစေခံတွေကို ချက်ချင်း အော်ခေါ် မိလိမ့်မယ်။ ဒါက ကျနော့်အတွက် သေလောက်စရာပဲလေ။ ဒီလို လူမိရင် အရှက်တကွဲ အကျိုးနည်း ဖြစ်ရုံမကဘဲ ကျနော် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကြောင့် ပြင်းထန်တဲ့ပြစ်ဒဏ်တွေကိုလည်း ခံစားရမှာပေါ့။ ဒါ ကြောင့် နောက်တစ်လမ်း ရွေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူမကို ဇိမ်ရှိအောင် နည်းမျိုးစုံ ပြုမူကျီစယ်ပေးပြီး သူမရဲ့ ရင်ထဲ ဒီထိုင်ခုံလေးကို ချစ်လာအောင် နှိုးဆွပေးဖို့ပါ။ သူမဟာ စစ်မှန်တဲ့ အနုပညာရှင် ဖြစ်လို့ သူမရဲ့ အလှတရား ကို ပင်ကိုယ်ချစ်တတ်တဲ့စိတ်ကြောင့် ကျနော် အလိုရှိတဲ့ လမ်းကြောင်းအတိုင်း သူမကို မောင်းနှင်နိုင်လိမ့်မယ်ဆို ပြီး ကျနော် ယုံကြည်ခဲ့တယ်။ ကျနော်ကတော့ ဒီလို ရုပ်၀တ္ထုပစ္စည်းကို ချစ်စိတ်ဖြစ်ရင်ပဲ ကျေနပ်မိမှာပါ။ ဘာလို့ လဲဆိုတော့ ထိုင်ခုံအပေါ်ထားတဲ့ သူမရဲ့ နူးညံသိမ်မွေ့တဲ့ ချစ်ခြင်းက အဲဒီထိုင်ခုံထဲမှာ နေထိုင်နေတဲ့ သတ္တဝါ ကျ နော့်ရင်ထဲ ထိုးဖောက်စိမ့်ဝင်နိုင်လောက်အောင် စွမ်းပကားထက်တယ်လို့ ယုံကြည်စိတ်နဲ့ ကျနော် စိတ်ဖြေနိုင်လို့ ပါပဲ။ သူမရဲ့ကိုယ်လုံးလေး ကျနော့်အပေါ် ထိုင်ချလိုက်တဲ့ အချိန်တိုင်း ကျနော်ဟာ တတ်နိုင်တဲ့နည်းနဲ့ သူမကို ဇိမ် ရှိအောင် အားထုတ်နေမိတယ်။ ကျနော့်ကိုယ်ပေါ် ကြာကြာထိုင်လို့ သူမ ညောင်းညာလာပြီဆိုရင် ကျနော့်ရဲ့ ပေါင် တွေကို လျှောပြီး သူမကို ပိုနွေးအောင် ထွေးထား ပွေ့ထားပေးတယ်။ သူမ ငိုက်မြည်းနေရင် ကျနော့်ရဲ့ပေါင်တွေ ကို ဖွဖွလေးလှုပ်ပြီး သူမကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားအောင် လုပ်ပေးတယ်။

အံ့ဖယ်သရဲဖြစ်ရပ်ကြောင့်လား ( ကျနော့်ရဲ့ စိတ်ကူးယဉ် သပ်သပ်ကြောင့်ပဲလား) ဘယ်ကြောင့်မှန်းမသိ ဒီအမျိုးသမီးဟာ ကျနော့်ထိုင်ခုံကို လှိုက်လှိုက်လှဲလှဲ ချစ်မြတ်နိုးလာပုံရတယ်။ သူမ ထိုင်လိုက်တဲ့အချိန်တိုင်း မိ ခင်ရဲ့ ပိုက်ထွေးခံရတဲ့ ကလေးငယ်လို၊ ချစ်သူ့ရင်ခွင်ထဲ ပုံအပ်တိုးဝင်လာတဲ့ မိန်းမပျိုလေးလို ပြုမူလာခဲ့တယ်။ ထိုင်ခုံပေါ်မှာ သူမ လှုပ်ရှားမှုပြုတိုင်း သူမလည်း ချစ်ရမ္မက်တစ်မျိုး ခံစားနေရတယ်လို့ ကျနော် ခံစားမိတယ်။ ဒီ လိုနဲ့ပဲ ကျနော့်ရဲ့ အချစ်မီးဟာ ဘယ်တော့မှ ငြိမ်းမနိုင်တော့မယ့် တဟုန်းဟုန်းတောက်လောက်နေတဲ့ မီးတောက် လို ဖြစ်လာတယ်။ နောက်ဆုံးမှာတော့ ထူးဆန်းရဲတင်းတဲ့ အသနားခံချက်တစ်ခု ပို့မှဖြစ်တော့မယ်လို့ ဆုံးဖြတ်ရ တဲ့ အခြေအနေ ဆိုက်ခဲ့ပါတယ်။ အဆုံးအစွန်ဆုံး ပြောရရင် သူမက ကျနော့်ကို မျက်တောင်တစ်ချက်ခတ်စာ လေး တစ်ဖြတ်လောက် ကြည့်လိုက်ပါစေ၊ နင့်နင့်နဲနဲ ကျေနပ်စိတ်နဲ့ ကျနော် သေပျော်ပါပြီ။ အခုလောက်ဆို ကျ နော့် အချစ်ကလေးက ဘယ်သူဆိုတာ ဆရာမ ခန့်မှန်းနိုင်ပါပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် သူမဟာ ဆရာမ ကိုယ်တိုင်ကလွဲလို့ ဘယ်သူဖြစ်နိုင်ဦးမှာလဲ။ ဆရာမ အမျိုးသားက ဒီထိုင်ခုံကို ပရိဘောကဆိုင်ကနေ ဝယ်လာတဲ့ နေ့ကစပြီး ဆရာမကို မက်မောမြတ်နိုးရတဲ့ စိတ်နဲ့ ကျနော် မချိမဆံ့ နာကျင် ခံစားနေခဲ့ရတာပါ။ ဒါပေမယ့် ကျ နော်ဟာ လောက်ကောင်လို ရွံရှာစက်ဆုပ်စရာကောင်းတဲ့ သတ္တဝါပါ။ ကျနော် တစ်ခုပဲ တောင်းဆိုပါရစေ။ ဆရာ မ ကျနော့်ကို တစ်ခေါက်လောက် မတွေ့နိုင်ဘူးလား။ တစ်ခေါက်ထဲပါ။ ကျန်တာ ဘာမှ ထပ်ပြီး မတောင်းဆိုဝံ့ပါ ဘူး။ ကျနော်ဟာ ဆရာမရဲ့ကြင်နာမှု မထိုက်တန်ပါဘူး။ ကျနော် အမြဲတမ်း မကောင်းခဲ့တဲ့သူတစ်ယောက်ပါ။ ဆ ရာမ ခြေဖဝါးကို ထိဖို့တောင် မထိုက်တန်တဲ့သူပါ။ ဒါပေမယ့် ဒီတောင်းဆိုချက်ကို စာနာစိတ်လေးနဲ့ လိုက်လျော ပေးမယ်ဆိုရင် ကျနော် ထာ၀ရကျေးဇူတင်နေမိမှာပဲ။ မနေ့ညက ကျနော်ဆရာမရဲ့အခန်းထဲကို ခိုးဝင်ပြီး ဒီဖွင့်ဟ ဝန်ခံချက်ကို ရေရးခဲ့တာပါ။ အန္တာရယ်ကြီးပေမယ့် ကျနော် မမှုနိုင်ခဲ့တာကလည်း ဆရာမကို သတိမပေး ခွင့်မ တောင်းပဲနဲ့ ရုတ်ရက်ကြီး မျက်နှာချင်းဆိုင် မတွေ့ဝံ့လို့ပါ။ ဆရာမ ဒီစာကို ဖတ်နေတဲ့အချိန်မှာ ကျနော် ဆရာမ ရဲ့ အိမ်နားမှာ အသက်ရှုအောင့်ပြီး စောင့်နေပါ့မယ်။ ကျနော့်ရဲ့ တောင်းဆိုချက်ကို သဘောတူတယ်ဆိုရင် အိမ်ရှေ့ က ပန်းအိုးပေါ်မှာ ဆရာမရဲ့ လက်ကိုင်ပဝါလေးကို လွှားတင်ထားပေးပါ။ ဒီအချက်ပြတာကို မြင်ရင် ကျနော် ဆရာမ အိမ်တံခါးကို ဖွင့်ပြီး လူမှုရေးသိတဲ့ ဧည့်သည်တစ်ယောက်အဖြစ် ဝင်လာခဲ့ပါ့မယ်။

စာက ဒီလို အဆုံးသတ်သွားတယ်။ စာရွက်ပေါင်းများစွာ ဖတ်ခဲ့ပြီးတာတောင် မကောင်းတဲ့အငွေ့ အသက်နဲ့ စိတ်ထဲ မသိုးမသန့်ဖြစ်ပြီး ယိုရှီကို တစ်ကိုယ်လုံး သွေးမရှိသလို ဖွေးဖွေးဆွတ် သွားတယ်။ စိတ်နဲ့လူနဲ့  မကပ်သလို ထလိုက်ပြီး စာကြည့်ခန်းထဲကနေ ၊ သူမထိုင်နေခဲ့တဲ့ အဲဒီ ထိုင်ခုံကြိးဆီကနေ ပြေးထွက်ပြီး သူမ အိမ် ထဲက ဂျပန်အခန်းတစ်ခန်းထဲ ပြေးဝင်ခုံလှုံလိုက်တယ်။ ဖတ်နေရင်း အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ စာကို မဖတ်တော့ဘဲ ဆုတ်ဖြဲပစ်လိုက်ချင်စိတ် ဖြစ်ခဲ့မိတယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ စားပွဲပေါ်က အဲဒီ လက်ရေး ခပ်စိပ်စိပ်ရေးထားတဲ့ စာကို ဆက်ဖတ်မိသွားခဲ့တယ်။ အခုတော့ အဆုံးထိဖတ်ဖြစ်သွားတယ်။ ဖတ်နေတဲ့ တစ်လျှောက်လုံး သူမ စိတ်ထင့်နေခဲ့တာက တကယ်ဖြစ်သွားခဲ့တယ်။ သူမ နေ့စဉ်နေ့တိုင်း ထိုင်နေတဲ့ အဲဒီထိုင်ခုံထဲ မှာ လူတစ်ယောက်ရှိနေခဲ့တယ်တဲ့လား။ ဟုတ်တယ်ဆိုရင် ဘယ်လို ဆိုးရွာထိတ်လန့်စရာကောင်းတဲ့ အတွေ့အ ကြုံမျိုး သူမ ကြုံတွေ့ခဲ့ရပါလိမ့်။ ကျောပြင်တစ်လျှောက် ရေခဲရေလောင်းချ ခံလိုက်ရသလို တုန်ရီသွားပြီး ကြက်သီးမွှေးညီး ထမိသွားတယ်။ အိပ်မွေ့ချခံထားရတဲ့ သူလို သူမ ဦးတည်ရာမဲ့ ငေးမောနေမိတယ်။ ထိုင်ခုံကို စစ်ဆေးကြည့်ရမလား။ ဒါပေမယ့် ဒီလို တုန်လှုပ်စရာကိစ္စကို သူမ ဘယ်လို ကိုင်တွယ်ရမှာလဲ။ အခုအချိန် ထိုင်ခုံက အလွတ်ကြီးဖြစ်နေရင်တောင် သူ အသုံးပြုခဲ့တဲ့ စားကြွင်းစားကျန်နဲ့ အသုံးအဆောင်လို အညစ်အကြေး တွေကျန်သေးရင် ဘယ်လိုလုပ်မလဲ။


‘အစ်မရေ… စာတစ်စောင်လာတယ်။’

လန့်ဖြန့်ပြီး မော့ကြည့်လိုက်တော့ စာအိတ်တစ်အိတ် လက်ထဲမှာကိုင်ပြီး တံခါး၀မှာ ရပ်နေတဲ့ အိမ်အကူ ကောင်မ လေးကို တွေ့လိုက်ရတယ်။ စာအိတ်လှမ်းယူ ကြည့်လိုက်တဲ့အချိန်မှာ အော်ချင်စိတ်ကို ချုပ်တီးလိုက် ရတယ်။ အလိုလေးလေ့…။ အဲဒီလူ ဆီက နောက်ထပ် စာတစ်စောင်။ အဲဒီ လက်ရေးနဲ့ပဲ သူမရဲ့နာမည်ကို စာအိတ်ပေါ်မှာ ရေးထားတယ်။ ဖွင့်သင့် မဖွင့်သင့် စဉ်းစားရင်း အတန်ကြာအောင် သူမ တုန့်ဆိုင်းနေမိတယ်။ နောက် ဆုံး စိတ်ကိုတင်းပြီး စာအိတ်ဖောက်ကာ အထဲက စာကို တုန်တုန်ရီရီနဲ့ ထုတ်လိုက်တယ်။ ဒီဒုတိယစာက တိုတို ရှင်းရှင်းပဲ။ ဒါပေမယ့် နောက်ထပ် အသက်ရှုမှားလောက်ဖွယ် အံ့အားသင့်စရာ တစ်ခု ထပ်ရှိနေတယ်။


နောက်ထပ် စာတစ်စောင်ထပ်ပို့တဲ့ ကျနော့်ရဲ့ ရဲတင်းမှုကို ခွင့်လွှတ်ပေးပါ။ ဒီလိုပါ။ ကျနော်က ဆရာမကို လေးစားတဲ့ ပရိတ်သတ်တစ်ယောက်ပါ။ တခြားစာအိတ်တစ်အိတ်နဲ့ ဆရာမဆီ ပို့လိုက်တဲ့ ဇာတ်လမ်းက ကျနော့် စိတ်ကူးစိတ်သန်းနဲ့ မကြာသေးခင်က ဆရာမ ထိုင်ခုံတစ်လုံးဝယ်ထားကြောင်း ကြားရတဲ့အချက်ကို ပေါင်းပြီး ရေးထားတာပါ။ အဲဒါက ဖန်တီးစာရေးဖို့ ကြိုးစားနေတဲ့ ကျနော့်ရဲ့ အညတရလက်ရာတွေက နမူနာတစ် ခုပဲ ဖြစ်ပါတယ်။ ကျေးဇူးပြုလို့ ဆရာမ အဲဒီအရေးအသားအပေါ် မှတ်ချက်ပြုခဲ့ရင် ကျနော် အတိုင်းမသိ ဝမ်းသာ မိမှာပဲ။ ကျနော့် တစ်ကိုယ်ရည် ထင်မြင်ချက် တစ်ချို့ကြောင့်  ဒီရှင်းပြတဲ့စာထက် အရင်စောပြီး ဇာတ်လမ်းအ ကြမ်းကို အရင်ပို့လိုက်တာပါ။ ဆရာမ ဖတ်ပြီးပြီလို့ ကျနော် ယူဆပါတယ်။ ဆရာမ ဘယ်လိုထင်ပါသလဲ။ တကယ်လို့ ဆရာမက အတိုင်းအတာတစ်ခုအထိ ဖတ်လို့ကောင်းတယ်ပဲဖြစ်ဖြစ် ဖတ်ပျော်တယ်လို့ပဲ ဖြစ်ဖြစ် မှတ်ချက်ပြုခဲ့ရင် ကျနော် စာရေးခြင်းနဲ့ အချိန်မဖြုန်းမိကြောင်း လှိုက်လှိုက်လှဲလှဲ ခံစားရမှာပါ။ စာမူကြမ်းထဲမှာ တမင်သက်သက် ကျနော် ထိန်ချန်ထားခဲ့ပေမယ့် သူ့ရဲ့ ခေါင်းစဉ်ကို ‘လူသားထိုင်ခုံ’ လို ကျနော် ပေးထားပါတယ်။

ကျန်းမာချမ်းသာပါစေလို့ ကျနော် လေးစားစွာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ကျေးဇူးအထူးတင်ရှိလျက်

သင့်ရဲ့….
***