သိကြားသာသနာ - နေမျိုးဆက်လူ

နေမျိုးဆက်လူ

ဒဏ္ဍာရီတစ်ပုဒ်ဟာ ကိုယ့်ရပ်ကွက်ထဲက အိမ်နီးနားချင်းရဲ့အိမ်မှာ ဖြစ်ပျက်နေသလို ခံစားရစေတဲ့ အရေးအသားကို မက်ဂျစ် ကယ်ရီရယ်လစ်ဇင်လို့ အကြမ်းဖျဉ်း နားလည်မိပါတယ်။ ကိုယ်တိုင်မမြင်ရပေမယ့် လွေ့လာတဲ့ သတင်းစကားစ ကြားဖူးနား၀နဲ့ အယုံသွင်းနိုင်လောက်အောင် မှန်းဆနိုင်တဲ့အထိ ရင်းနှီးနေတဲ့ ပုံရိပ်တွေ ကြောင့် ဟုတ်မှန်ကြောင်း မသိစိတ်ကနေ ထောက်ခံမိတဲ့ အခိုက်အတန့်မျိုးတွေကို ဒီလိုစာပေ ဖတ်ရင် ကြုံတွေ့ရတတ်ပါ တယ်။ အမှန်တရားကို လုပ်ဇာတ်တစ်ခုကနေသာ မြင်နိုင်တဲ့ မျိုးစေ့တစ်ခုအတွက် သမိုင်းကို ဓမ္မဓိဌာန်ကျကျ လေ့လာလို့ မရနိုင်လောက်အောင် ဇာတ်လမ်းသွားတွေရဲ့ စွမ်းအားက ဇာတိတစ်ခုလို သွေးထဲမှာ စီးဆင်းနေ ကြ ဦးမှာပါပဲ။ 


သူဟာ ရိုးရိုး အသုပ်သည် တစ်ဦးပါလို့ ရှင်းပြပေမယ့်လည်း အရူးချီးပန်းတွေက သူ့ကို ထောင်ချလိုက်ကြတယ်။ သူ့အသုပ်လှည်းကိုလည်း၊ သူ့မျက်စိရှေ့တင် ဝက်လိုလို၊ ကျွဲလိုလို စည်ပင်တွေက ဖျက်ဆီးလိုက်ကြတော့၊ အသုပ်တစ်ခုရဲ့ တန်ဖိုးကို နားမလည်တဲ့ ခွေးသူတောင်းစားတွေ လို့ ခံပြင်းတာ တဝက်၊ ကြေကွဲတာ တဝက် စွက်ပြီး အခုထက်ထိ ပြောတုန်း၊ သူ့အသုပ်သည်ဘဝကို မေးလိုက်တိုင်းပေါ့။ “ကျွန်တော့်လှည်းကို မြေမြှုပ်ခွင့်တောင် မပေးဘူး၊ သူတို့ လွှတ်ပစ်လိုက်ကြတယ်။”

ထောင်မကျခင်တုန်းကတော့၊ သူက၊ ကျွန်တော်တို့ ဒီကျွန်းတောလမ်းပေါ်က Times City ရှေ့မှာ အသုပ်ရောင်းတယ်။ ပြီးရင် လာဝယ်တဲ့သူတိုင်းကို နင့်ကို ငါ ချစ်တယ်လို့ ကျယ်ကျယ်လောင်လောင် ပြောလေ့ရှိတယ်။ နေ့လယ်ပိုင်း ထမင်းစားချိန်ဆို၊ သူ့အသုပ်လှည်းရှေ့မှာ တန်းစီနေတဲ့ ရုံးအလုပ်သမလေးတွေ ဆိုတာ မနည်းမနော။

တခါတလေ ခင်ဗျား သူ့ဆီမှာ အသုပ် သွားဝယ်စားလို့၊ သူ့ဇနီးဖြစ်တဲ့ ရုပ်တု မိန်းမ (ရုပ်တုကို ဇနီးအဖြစ် လက်ထပ်ယူထားတာ) လည်း ရှိနေရင် ခင်ဗျား စပ်စုကြည့်လို့ရတယ်။ အဲဒီကျရင် သူက ဖြေလိမ့်မယ်၊ ရွှေတိဂုံ ဘုရားခြေရင်းမှာ ဒီလိုပဲ အသုပ်ရောင်းတုန်းက၊ သူနဲ့ ဆုံတာပဲ၊ ခဏခဏ လာဝယ်စားတာလေ၊ ပထမ ရုပ်တုကြီး ဖြစ်နေတော့၊ ကျွန်တော် ကြောင်သွားသေးတယ်၊ ဒါပေမယ့်လည်း ကျွန်တော်တို့ ချစ်မိသွားကြတယ်။ (အရုပ်တွေမှာလည်း အချစ်ရှိတယ် လို့ သူ တစ်ခါတစ်လေ ပြောသေးတယ်။)

“သုပ်စားမလား .. သုပ်စားမလား လို့ သူ ကျွန်မကို မေးလိုက်တည်းက ချစ်မိသွားတာပဲ” လို့ သူမက ဝင်ပြောတယ်။ “သူ ထောင်ကျတဲ့ အချိန်ကတော့ ကျွန်မ ဘဝမှာ ကြေအကွဲရဆုံး အချိန်တွေပေါ့၊ သူရဲ့ ချစ်စနိုးနဲ့ သုပ်စားမလား လို့ ပြောတာကို မကြားရတော့ဘူးလေ၊ ညညဆို လေခပ်ပြင်ပြင်းတိုက်သံ ကြားရင်တောင် သုပ်စားမလား.. သုပ်စားမလား ဆိုပြီး ကြားယောင်မိတဲ့ အထိပဲ။ ကျွန်မမှာ ညတိုင်း မျက်ရည်တွေကျရတယ်။”

အသုပ်သည် ထောင်ထဲမှ လွတ်မြောက်လာပုံ : အဲဒီညက လပြည့်ညဆိုတာကို အသုပ်သည်က မသိဘူး။ ထုံးစံအတိုင်း၊ သူ ချီးပါချင်လာတော့ ချီးပါတယ်။ ပြီးတော့ အိပ်ချိန် ရောက်လာတာနဲ့ သူလည်း အမှုမဲ့ အမှတ်မဲ့ အိပ်လိုက်တယ်။ ထောင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေချိန်မှာပဲ၊ အသုပ်သည်ရဲ့ ချီးပုံပေါ်ကို လရောင်က ဖြာကျလာတယ်။ အဲဒီမှာ ချွတ်ချွတ် … ချွတ်ချွတ် အသံကြားလို့ သူ လန့်နိုးလာတော့၊ လရောင်ကြောင့် ချီးပုံဘဝကနေ မြင်းအဖြစ် ပြောင်းသွားတာ တွေ့လိုက်ရတော့၊ သူ့မျက်စိတောင် သူမယုံနိုင်ဘူး။ အဲဒါနဲ့၊ သူက စဉ်းစားတယ်။ ဒီမြင်းကြီးကို သူဘာလုပ်ရမလဲပေါ့။ မြင်းကလည်း ဟီလိုက်ရင် တဆောင်လုံး နိုးပြီး သူပါ ကွိုင်တက်မှာကို သိနေတယ်၊ ဒါပေမယ့် မြင်းက လိမ္မာတယ်လို့ ပြောရမယ်။ လုံးဝ မဟီဘူး။ ဒီတော့၊ ကျန်တာတွေ မရှိရင်တောင် အနည်းဆုံးတော့ ကံကြမ္မာက သူ့ဘက်မှာ ရှိနေတာကို အသုပ်သည်က သဘောပေါက်လိုက်တယ်။ လိုအပ်နေတာဟာ ဉာဏ်နဲ့ ဝီရိယပဲ။ ဒီတော့၊ သူ စဉ်းစားခန်း ဝင်တယ်။ သံတိုင်တွေ၊ အုတ်နံရံတွေ၊ အစောင့်အကြပ်တွေ ကြားကနေ မြင်းစီးပြီး ထွက်ပြေးဖို့ ဆိုတာက မဖြစ်နိုင်တဲ့ ရွေးချယ်မှုပဲ၊ အခြား တစ်ခု ကြံခြင်းကပဲ ဖြစ်နိုင်မယ်။ နောက်ဆုံးတော့ သူဆုံးဖြတ်ချက် ချလိုက်တယ်၊ ဝီရိယကိုလည်း အသုံးချဖို့ ဖြစ်လာတယ်။ တချက်ကလေးတောင် ဟီတာ၊ နှာမှုတ်တာ ဘာညာ လုံးဝ မရှိတော့ ဒီမြင်းက ကမ္ဘာမှာ အလိမ္မာဆုံး မြင်းပဲ ဖြစ်ရမယ်လို့၊ မြင်းဖင်ကို ဝီရိယအားနဲ့ ဖြဲရင်း သူ ကံကြမ္မာကို သူ ကျေးဇူးတင်နေတယ်၊ တကယ်လို့ ကံကြမ္မာကသာ ဒီမြင်းကို ပို့ဆောင်ပေးလိုက်တာ ဆိုရင်ပေါ့။ နောက်၊ သူ့တကိုယ်စာလုံး ဝင်ဖို့အထိ မြင်းဖင်က ဆံ့သွားတော့၊ အစာအိမ်ထဲထိ ရောက်အောင် ဝင်ရင်းနဲ့ သူ ဆက်ပြီး ကျေးဇူးတင်နေတာက မြင်းကိုပေါ့။

နောက်တစ်နေ့ မနက်၊ တန်းစီချိန် ရောက်တော့ အသုပ်သည် အခန်းမှာ မြင်းကိုပဲ ထောင်ဝန်ထမ်းတွေက တွေ့ကြရတယ်။ ထောင်သားတွေရဲ့ ဝူးဝူးဝါးဝါး စကားပြောသံတွေ အစာအိမ်ထဲကနေ သူ ကြားနေရတယ်။ ထောင်ရဲ့နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ အသုပ်သည်ဟာ မြင်းဖြစ်သွားတာပဲ လို့ ဖြစ်သွားတယ်။ သူ့အပြစ်တွေ အတွက်၊ သူဟာ နိမ့်ကျတဲ့ တိရစ္ဆာန်ဘဝကို အရှင်လတ်လတ် ဘဝကူးသွားတယ်။ ထောင်ခန်းထဲကနေ မြင်းကို ရွှေ့တော့၊ မြင်းသား မစားရတာကြာပြီ လို့ မြင်းကို ကိုင်ရင်း ထောင်ဝန်ထမ်းတစ်ယောက်က ဝင်ပြောတယ်။ ပြီးတော့၊ သူတို့ မြင်းကို လွှတ်ပေးလိုက်ကြတယ်။

အခုတော့၊ အသုပ်သည်တို့ လင်မယား ထိုင်းဘက်မှာ အခြေကျနေပြီ။

***