မီးဟုန်းဟုန်းတောက် - အာဒမ်မော်

အာဒမ်မော်

အာဒမ်မော်ရဲ့ အရေးအသားတွေဟာ အရှိန် ဖြစ်တယ်။ အရှိန်နဲ့၊ လှုပ်ရှားမှုနဲ့ အပြည့်အ၀ အဖွင့်ပြတတ်တယ်။ သူ့အရေးအသားနဲ့ ဖန်တီးထားတဲ့ လောကတွေမှာ အရာရာက လှုပ်ခတ် တိုးဝှေ့နေတာကြရဲ့။ ဒါပေမယ့် ထူးဆန်းတာတစ်ခုကတော့ အဲဒီလောကဟာ မရွေ့ဘူး။ အဖန်ဖန် ပြန်လည်နေတဲ့ လောကတွေပဲ ဖြစ်တယ်။ အပြစ်သင့် လောက၊ ငရဲလောကမျိုး။ ကပ်ဖပ်ကာရဲ့ ပရိုမီးသီးရပ်စ်ကို သတိရစေတယ်။ ကပ်ဖ်ကာဆီမှာ ပရိုမီသီးရပ်စ်ဇာတ်လမ်းလေးမျိုး ရှိတယ်။ အဲဒီထဲက ဇာတ်လမ်းတစ်မျိုးကတော့ ဒီလိုဆိုတယ်။ ပုံပြင်အတိုင်း ဘုရားတွေက ပရိုမီးသီးရပ်စ်ကို ထာ၀ရ အပြစ်ဒဏ်ချခဲ့ပါတယ်။ ဒီလိုနဲ့ပဲ တစ်ချိန်မှာတော့ ရင်ကိုဖွင့်ပြီး ကလီစာတွေကို စားသုံးနေတဲ့ သိမ်းငှက်လည်း ငြီးငွေ့၊ ဘုရားတွေလည်း ငြီးငွေ့၊ အပြစ်သားလည်း ငြီးငွေ့၊ ရင်ဘတ်ဟက်တက်ကြီးလည်း ငြီးငွေ့ပြီး ပြန်စေ့သွားခဲ့တယ်။ နောက်ဆုံးမှာတော့ ပရိုမီးသီးရပ်စ်ကို တုပ်ချည်ထားခဲ့တဲ့ ကျောက်တုံးကြီးသာ နှောင်းလူတို့ ပြောစမှတ်တွင်စရာ ကျန်ခဲ့တယ်။ အာဒမ်မော်ရဲ့ အရေးအသားတွေက အဲဒီ ကျောက်တုံးလည်း ဖြစ်ပါတယ်။



မကြာခင်၊ တနေရာရာမှာ ပျောက်ဆုံးသွားတော့မယ့် တိရိစ္ဆာန်တွေကို ငါတို့ ဘယ်တော့မှ ဖမ်းမိကြတော့မှာ မဟုတ်ဘူး။ လက်ညှိးလေးကို ကွေးပစ်လိုက် ၊ အိမ်မက်တွေ နှစ်ခြမ်းကွဲလာပါလိမ့်မယ်။ ထက်ခြမ်းပဲ့နေတဲ့ အရုပ်တရုပ်ကို မင်းလိုချင်ရင် ယူသွား။ ငါ့မှာ မင့်ကိုပေးစရာ ဆိုလို့ အဲ့ဒီအရုပ်နဲ့ သေခြင်းတရားပဲရှိတယ်။

တရစပ် တိုက်ခတ်လာတဲ့ ‌လေပြင်း မုန်တိုင်းထဲမှာ တိရိစ္ဆာန်ရိုင်းတွေ အများကြီးပါလာတယ်။ မြင်းတွေ ပြေးထွက်လာတော့ သူ သေနတ်နဲ့ချိန်တယ်။ ပစ်တယ်။

"ဒါဟာ သေခြင်းတရားပဲဟေ့"။

အဖေဟာ ‌ကုဗတုံး တီဗွီရှေ့ထိုင်ပြီး Rock သီချင်းတပုဒ်ကို ထပ်ခါထပ်ခါ ဖွင့်နေခဲ့။

သူကတော့ တီဗွီရှေ့ ကျောက်ရုပ်တရုပ်လို။ သန်းခေါင်ယံကျော်တော့ ‌အချိန်အခါမဟုတ် ခေါင်းလောင်းသံ မြည်လာတယ်။ ကျီးအော်တယ်။ အသစ်စက်စက် စုံတွဲ ဖြစ်ကာစ အတွဲတတွဲ တရုတ်စာတန်းကပ် ဟိုတယ်တစ်ခုကနေ ထွက်လာကြပြန်တယ်။ ငါ့ခေါင်းကို အုတ်နံရံ နဲ့ ဆောင့်တိုက်ပစ်လိုက်ဖို့ ကောင်းပါတယ်။ ဒီလောက် မည်းညစ်နေတဲ့ သေခြင်းတရားတွေကြားထဲမှာ ငါဘာလို့ ဒီလောက် ရှင်သန်နိုင်စွမ်းရှိတာလဲ။ အံ့ဩစရာပဲ။ ငါကိုယ်ငါ သတ်သေပစ်လိုက်ဖို့တောင် ကောင်းတယ်။ ရှင်သန်ခြင်းကို ဘယ်သူပိုင်စိုးသလဲဟေ့၊ ဘယ်ကောင် အစိုးရသလဲဟေ့။

အမှောင်ခန်းထဲကနေ အဖေ ထွက်လာတယ်၊ သူ့နောက်မှာ ‌ရွှေရောင်တောင်ပံနဲ့။ ပျံတက်သွားဖို့အရေး ငါ့ကို ၀မ်းနည်းမျက်ဝန်းနဲ့ စေ့စေ့ကြည့်နေသေး။ ၁၉၉၀ ခေတ်က တီးဝိုင်းဟာ ပြန်လည်ကျော်ကြားလာတယ်။ တောက်တောက်ပြောင်ပြောင် ဝတ်စား တတ်တဲ့ စောက်ကျင့်က ဟောလိဝုဒ်မှာ ပြန်ပေါ်လာတယ်။ အိုပရာသီချင်းတွေ လူကြိုက်များလာတယ်။ စုံတွဲတွေ တီးဝိုင်း နောက်ခံထားပြီး Classical dance တွေ ကလာကြပြန်တယ်။ နောက်ပြီး ကမ္ဘာစစ်ကြီး ပြန်စလာတယ်။ တနေရာရာမှာ ပျောက်ဆုံးသွားတဲ့ ခွေးကြီး လေးကောင် ပြန်ပေါ်လာတယ်။ ‌သခင်ကို တွေ့တော့ ဟောင်ပြီး ပြေးလာကြ။ တချိန်က သခင်ဟာ အခုတော့ သခင် မဟုတ်တော့ဘူး။ သူ့ခါးကြားက ခြောက်လုံးပြူးသေနတ်နဲ့ ရှေ့ဆုံးက ခွေးတစ်ကောင်ကို ပစ်ထည့်လိုက်တယ်။ ‌ပစ်ချက်က ချက်ကောင်းပဲ။ ခွေးကြီး ပြေးရင်း ပစ်လဲသွားရော။ ‌နောက်က ခွေးသုံးကောင်က ‌နောက်လှည့်ပြီး မြူခိုးတွေဆီ ပြေးထွက်သွားကြပြန်တယ်။ အလင်းရောင်တွေ ထွက်လာတော့ ကောင်းဘွိုင်ဝတ်စုံ ဝတ်ထားတဲ့ သခင်ဟာ နေရောင်ကြောင့် မီးဟုန်းဟုန်း တောက်လောင် ပြာကျသွားရဲ့။

***