တီဗွီ - နေမျိုးဆက်လူ

နေမျိုးဆက်လူ



(၁)

ကျွန်တော့်ကို ရေတစ်ခွက်လောက် ခပ်ပေးပါလား၊ အမေ ဘာလုပ်နေတာလဲ ကျွန်တော့်ကို ရေတစ်ခွက်လောက် ခပ်ပေးစမ်းပါ၊ မြန်မြန်၊ အမေ ဘာလုပ်နေတာလဲ၊ အဲဒီ တီဗွီကိုပဲ ကြည့်မနေနဲ့လေ၊ ရေတစ်ခွက်လောက် ခပ်ပေးစမ်းပါ၊ အမေ ကျွန်တော့်ကို ရေတစ်ခွက်လောက် ခပ်ပေးပါဆို၊ အဲဒီ စောက်သုံးမကျတဲ့ တီဗွီကိုပဲ ကြည့်မနေနဲ့လေ အမေရဲ့၊ ဒီမှာ ကိုယ့်သား ပြောတာလေးလည်း စောက်ဂရုစိုက်ပါဦး အမေရဲ့၊ အိမ်နောက်ဖေးလေး ဝင်ပြီး ကိုယ့်သားအတွက် ရေတစ်ခွက်လောက် ခပ်ပေးတာ ဘာများ ပင်ပန်းလို့လဲ၊ အမေ ရေတစ်ခွက်သာ မြန်မြန် သွားယူပေးစမ်းပါဗျာ၊ အမေ အဲဒီ တီဗွီကြီးကို မုန်းလာပြီနော်၊ အမေ ကျွန်တော် ပြောတာ ကြားရော ကြားရဲ့လား၊ အမေ ကျွန်တော့်ကို တစ်ချက်ကြည့်ပါဦး၊ ကျွန်တော် ပြောနေတယ်၊ ရေတစ်ခွက်လို့၊ အမေ ကျွန်တော် ဒေါသမထွက်ချင်ဘူးနော်၊ အဲဒီ စောက်အာရုံကို အဲဒီ စောက်တီဗွီကနေ လွှဲလို့ မရတော့ဘူးလား အမေ၊ အမေ၊ ရေတစ်ခွက် ခပ်ပေးဖို့ ပြောနေတာ အကြိမ် ခုနှစ်သန်းလောက် ရှိနေပြီနော်၊ ဒီမှာ ရေဆာလို့ ခပ်ခိုင်းနေတာလည်း မဟုတ်ဘူး၊ ကိုယ့်ဟာကိုယ်သွားမခပ်နိုင်လို့ အမေ့ကို ခိုင်းနေတာလည်း မဟုတ်ဘူး၊ အမေ့ကို အလေ့အကျင့်လေး ရအောင် ခိုင်းနေတာ၊ တစ်နေ့ တစ်နေ့ အဲဒီ စောက်ဘာမဟုတ်တဲ့ တီဗွီရှေ့မှာ ထိုင်နေတာ လူသေကောင်လိုပဲ၊ ကျွန်တော် ပြောနေတယ်၊ အမေ ရေတစ်ခွက် ခပ်ပေးလို့၊ တော်တော် အလိုက်ကန်းဆိုး မသိတဲ့ အမေပဲ၊ အတော် စိတ်ပျက်ဖို့ ကောင်းတယ်၊ အမေ တော်ထားရတာတောင် မတန်ဘူး၊ ဒါနဲ့များ သူ့ကိုယ်သူ အမေတဲ့၊ ဘာ အမေလဲ၊ အလကား သုံးစားမရ တီဗွီရူး ရူးနေတဲ့ အမေ၊ မမြင်ဖူးဘူး၊ ဒီကမ္ဘာမှာ၊ ရေတစ်ခွက် ခပ်ခိုင်းတာတောင် မလုပ်ပေးပဲနဲ့များ၊ စောက်လုံး နှစ်လုံးလည်း ရှေ့ကို တစ်တောင်လောက် ပြူးထွက်နေပြီ၊ ကြာရင် ပေါက်ထွက်ပြီး တီဗွီထဲပါ ဝင်သွားတော့မယ်၊ အဲဒီကျမှ အဲဒီစောက်လုံး နှစ်လုံးကို ရေစိမ်ပြီး သောက်ပစ်ဦးမယ်၊ အမေ၊ ရေတစ်ခွက် အမြန် သွားခပ်စမ်းပါဗျာ၊ တော်တော် လက်ပေါက်ကပ်တဲ့ အမေ၊ အတော် ခေါင်းမာတဲ့အမေ။

(၂)

တော်တော် စိတ်မရှည် ဖြစ်လာတာနဲ့ ကျော်မောင်ဟာ တီဗွီကို ရိုက်ခွဲလိုက်တယ်၊ သူ့အမေ တစ်ခုခု တုံ့ပြန်လိမ့်မယ်လို့ သူက ထင်ပေမယ့် သူ့အမေကတော့ ဘာမှ ဖြစ်မသွားဘူး၊ ဒီအတိုင်းပဲ တီဗွီကို ဆက်ပြီး စိုက်ကြည့်နေတုန်းပဲ။ ပြီးတော့ တဖြည်းဖြည်း ခေါင်းလှည့်လာပြီး သူ့သား ကျော်မောင်ကို ကြည့်တယ်။ ပြီးတော့ အေးအေးဆေးဆေး ထပြီး တယ်လီဖုန်းဆီ လျှောက်လို့သွားတယ်။ ပြီးတော့ တယ်လီဖုန်းကို ကောက်ကိုင်လိုက်တယ်။ ဖုန်းနံပါတ် တစ်ခုကို နှိပ်လိုက်တယ်။ ပြီးတော့ “တီဗွီ” လို့ တစ်ခွန်းပြောပြီး ဖုန်းပြန်ချလိုက်တယ်။ ကျော်မောင် တစ်ယောက် သူ့အမေကို ကြောင်ပြီး ကြည့်နေမိတယ်။ သူထင်ထားသလို သူ့အမေက မဖြစ်တော့ သူဘာဆက်လုပ်ရမလဲ မသိဘူး ဖြစ်နေတယ်။ ဒီလိုနဲ့ တံခါး ဘဲလ်တီးသံ မြည်လာတယ်။ တီဗွီ လာပို့တာ။ ကွဲနေတဲ့ တီဗွီကို ပြန်သယ်သွားတယ်။ တီဗွီအသစ်ကို သူ့အမေ ဖွင့်တယ်။ ဆက်ကြည့်တယ်။ လိုင်းတွေ တစ်လိုင်းပြီး ပြောင်းတယ်၊ ကျော်မောင် တစ်ခါမှ မသိတဲ့ လိုင်းတွေ၊ တစ်လိုင်းပြီး တစ်လိုင်း။ လိုင်းတွေကြည့်ပြီး ကျော်မောင်ဟာ ရေတအား သောက်ချင်လာတယ်။ သူ့အမေကို ရေခပ်ပေးဖို့ ပြောပေမယ့် သူ့အမေက တစ်ချက် မလှုပ်ဘူး။ လှည့်ကို မကြည့်ဘူး။ ကျော်မောင် ထပ်ပြောတယ်၊ ထပ်ထပ်ပြီး ပြောတယ်။ သူ့အမေဟာ တီဗွီကို ဆက်ကြည့်မြဲ။ စိတ်ထဲကနေ ကျော်မောင်ဟာ သူ့အမေကို အခေါက်များစွာ ဆဲဆိုနေတယ်။ အပြင်ကိုတော့ ထွက်မလာဘူး။ အမေ တစ်ယောက်ကို ဆဲဖို့ မသင့်ဘူး ဆိုတာလောက်တော့ ကျော်မောင် နားလည်တယ်။ ဒါပေမဲ့ သူရေသောက်ချင်နေလို့ သူ့အမေကို ရေခပ်ခိုင်းတယ်။ သူ့အမေက တီဗွီက လာသမျှကို အမှန်အကန် ကြည့်နေတယ်။ ပတ်ဝန်းကျင်ရဲ့ ဘာကိုမှ သူ့အမေ စိတ်မဝင်စားဘူး။ စိတ်ရောဂါသည်လို ဖြစ်နေတယ်။ တီဗွီကို ဘာလို့ ဒီလောက် စွဲလန်းတာလဲဆိုတာ မောင်ဘ ကိုယ်တိုင်လည်း သူ့အမေကို နားမလည်ဘူး။ ဆေးစွဲသလို စွဲနေတယ်။ 
ဘယ်လိုခေါ်ခေါ် သူ့အမေက လုံးဝ ဂရုမစိုက်ဘူး။ ဘာပြောပြော စကားပြန်မပြောဘူး။ ကျော်မောင် လက်ထဲမှာ တုတ်ကြီးကိုင်ပြီး သူ့အမေကို တောက်လျှောက် ရေခပ်ခိုင်းနေတယ်။ ချော့ပြီးခိုင်းတယ်၊ အော်ပြီး ခိုင်းတယ်။ သူ့အမေရဲ့ မျက်နှာ တီဗွီကနေ ဒီဘက်ကို နည်းနည်းလေးတောင် လှည့်မလာဘူး။ မျက်နှာ မပြောနဲ့ မျက်လုံးလေးတောင် တီဗွီကနေ တစ်ဒီဂရီတောင် မရွေ့ဘူး။ ကျော်မောင်ဟာ တုတ်ကြီး ကိုင်ပြီး ပိုပို ဒေါသတွေ ထွက်လာတယ်။ “အမေ၊ ဒီစောက်သုံးမကျတဲ့ တီဗွီကို စောက်တသက်လုံး ကြည့်နေတော့မှာလား” လို့ အော်တယ်။ “ကိုယ့်သားကိုယ် ရေတခွက် ခပ်ပေးလိုက်ရင် သေသွားမှာမို့လို့လား” လို့ အော်တယ်။ သူ့အမေဟာ ဆေးကွဲနေသလား မှတ်ရလောက်အောင်ကို ဘာကိုမှ ဂရုမစိုက်ဘူး။ သူကြည့်စရာ ရှိတဲ့ တီဗွီကိုပဲ ဆက်ကြည့်နေတယ်။
တီဗွီဟာ တဖျပ်ဖျပ်ပဲ။ ကျော်မောင် အနေနဲ့ နောက်ထပ် တီဗွီတစ်လုံးကို ရိုက်ခွဲ ပစ်လိုက်ရင်လည်း
တီဗွီတစ်လုံး ထပ်ပြီး ဆုံးရှုံးလိုက်ရဖို့ပဲ ရှိတယ်။ ဘာမှထူးလာဖို့ အကြောင်းမရှိ။ သူ့အမေဟာ ဒီစောက်ချိုးအတိုင်း လာမယ်ဆိုတာ ကျော်မောင် သိပြီးသား။ ကျော်မောင်ဟာ ကိုယ့်အမေ စောက်ချိုးကို သိနေပေမယ့်လည်း ရေတစ်ခွက်ကို ထပ်ထပ်ပြီး ခပ်ခိုင်းနေတယ်။ ဘာလုပ်လုပ် သူ့အမေရဲ့ စောက်ချိုးဟာ ဘယ်တော့မှ ပြောင်းမှာ မဟုတ်ဘူး။ ကျော်မောင်ဟာ ကြံရာမရ ဖြစ်လာတယ်၊ လက်ထဲမှာကလည်း တုတ်တန်းလန်းနဲ့။ သူ့အမေကို တစ်လှည့်၊ တီဗွီကို တစ်လှည့် ကြည့်တယ်။ ပြီးတော့ တုတ်ကို မြှောက်လိုက်တယ်။

(၃)

ကျွန်မ နောက်ဆုံး မြင်လိုက်ရတဲ့ အခန်းက ချာလီတို့ အုပ်စု ဘားထဲကနေ အုပ်စုလိုက် ပြေးထွက်လာကြတဲ့ အခန်းပဲ။ နောက်တော့ ကျွန်မလည်း ဘာမှ မမြင်ရတော့ဘူး။ တီဗွီတစ်လုံးဟာ မျက်နှာချင်းဆိုင်မှာ ကွဲအက်နေ၊ ကျွန်မသားက ကျွန်မကို ရေခပ်ပေးဖို့ တတွတ်တွတ် တောင်းဆိုနေ။ တကယ်တော့ ကျွန်မ စိတ်ထဲမှာ ဟာလာဟင်းလင်းကြီး ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ ဆိုတာ ကျွန်မကိုယ် ကျွန်မတောင် မမှတ်မိတော့ဘူး။ ဒီတော့ ကျွန်မ တစ်နေ့တစ်နေ့ တီဗွီထိုင် ကြည့်တယ်၊ ဘယ်သူမှ စကားမပြောဘူး၊ ကျွန်မသားတောင် ကျွန်မ မပြောဘူး။ စောက်မြင်ကပ်လို့။ ကပ်ရင်လည်း ကပ်စရာပဲ၊ သူက သူ့အဖေနဲ့ သိပ်တူတယ်။ အခု ကျွန်မ ပြောနေတာတွေ အားလုံးဟာ စိတ်ထဲက ပြောနေတာတွေချည်းပဲ။ အပြင်ကို ထုတ်ပြောနေတာ မဟုတ်ဘူး။ စိတ်ထဲမှာ ကိုယ့်ဘာသာကိုယ် ပြောနေတာ။ ကျွန်မနဲ့ သူ့အဖေနဲ့ဟာ သိပ်ချစ်ခဲ့ကြတယ်။ နောက်တော့ သူ့အဖေဟာ ကျွန်မဘဝမှာ ပါဝင်ပက်သက်ခြင်း မရှိတော့ဘူး။ ဒါပေမဲ့ ကျွန်မ သူ့ကို တောင့်တနေတုန်းပဲ။ ကိုယ့်စိတ်ကိုယ် သိတယ်။ ကိုယ့်သားနဲ့ ကိုယ် ဖြစ်မိမှာ စိုးတယ်။ ဒီလိုဖြစ်တာတွေက ဝတ္ထုတွေ၊ ရုပ်ရှင်တွေထဲမှာတော့ အဆင်ပြေတယ်၊ ကြည့်လို့ ကောင်းချင်ကောင်းမယ်။ လက်တွေ့ဘဝမှာ မလွယ်ဘူး။ ဒါကြောင့် ကျွန်မဟာ ကျွန်မသားကို ဘာမှ မတုံ့ပြန်တာပဲ။ သူကတော့ နားလည်မှာ မဟုတ်ဘူး။ မနေ့တစ်နေ့ကမှ အရွယ်ရောက်တာကို။ အခုလည်း ကျွန်မကို ရေစွတ်ခပ်ခိုင်းနေတယ်။ ခပ်ပေးလိုက်လို့ရတယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကိုယ် သိနေတယ်။ နောက်တော့ ကျွန်မတို့ ဝယ်ပေးထားတဲ့ ဘေ့စ်ဘောတုတ်ကြီး ကိုင်ပြီး ထွက်လာတယ်။ ကျွန်မ တီဗွီကြည့်နေတဲ့ နံဘေးမှာ လာရပ်တယ်။ ရေခပ်ပေးဖို့ တတွတ်တွတ် ပြောတယ်။ အမေ တစ်ယောက်အနေနဲ့ ခပ်ပေးချင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ကျွန်မသား မျက်နှာကို မမြင်ချင်ဘူး။ မြင်လိုက်ရင် စိတ်က ဘာဖြစ်မလဲဆိုတာ သိနေတယ်။ ကိုယ်စိတ်ကိုယ် သိလွန်းနေတာလည်း ခက်တယ်။ ဒီတော့ တီဗွီကိုပဲကြည့်နေလိုက်တယ်။ မကြာဘူး၊ သူ တီဗွီကို ရိုက်ခွဲလိုက်တယ်။ သူ့ကို လုံးဝ ကျွန်မ မကြည့်ဘူး။ အဲဒီကွဲနေတဲ့ တီဗွီကိုပဲ ဆက်စိုက်ကြည့်နေတယ်။ ပြီးတော့ ကျွန်မ ဖြည်းဖြည်းချင်း တယ်လီဖုန်းဆီ သွားပြီး နောက်ထပ် တီဗွီတစ်လုံး မှာလိုက်တယ်။ ကျွန်မ ဆက်ကြည့်တယ်။ ကျွန်မသားဟာ တော်တော် ရူးရူးနှမ်းနှမ်း နိုင်တဲ့ ကောင်ပဲ။ သနားတော့လည်း သနားဖို့ကောင်းတယ်။ ကျွန်မ ဘာဖြစ်နေလဲ ဆိုတာ သူသိရင် ပျော်သွားမယ် ထင်တယ်။ ဒါပေမဲ့ ဒါက စောနက ပြောခဲ့သလိုပဲ ဝတ္ထုတို့၊ ဇာတ်လမ်းတို့ထဲမှာတော့ အဆင်ပြေတယ်၊ ဖတ်ကောင်းတယ်။ လူတော်တော်များများဟာ လက်တွေ့မှာ မဖြစ်နိုင်တာတွေကို ဝတ္ထုတို့၊ ရုပ်ရှင်တို့ထဲမှာ မျှော်လင့်တယ်။ ဒါတွေ အားလုံးဟာ ကျွန်မ တီဗွီကြည့်နေစဉ်၊ ကျွန်မ သားဘေးမှာ ရပ်နေစဉ် ကျွန်မ တွေးမိတဲ့ အကြောင်းအရာတွေပေါ့။ နောက်ဆုံး မြင်တွေ့ခဲ့တာကတော့ ချာလီတို့ အုပ်စု ဘားထဲကနေ အသည်းအသန် ပြေးထွက်လာကြတဲ့ အခန်းပဲ။ နောက်တော့ ဘာဆက်ဖြစ်လဲ ကျွန်မ မသိနိုင်တော့ဘူး။ ကျွန်မရဲ့ အတွေးလှိုင်းတွေဟာလည်း ပေါ်တစ်ချက် ပျောက်တစ်ချက် ဖြစ်နေပြီ။ ဇာတ်လမ်းဟာ ဒီလောက်နဲ့ပဲ ပြီးသင့်နေပြီ။

၂၀၁၇၊ မတ်