Bidirectional of the mini Driving ways - စည်သူမိုး

စည်သူမိုး



"လမ်းအဖြောင့်တိုင်း သွားပြီးရင် ညာဘက် ချိုးလိုက် ဘယ်ဘက်အခြမ်း ရှေ့ဆုံးက ရေလို့ ၆ အိမ်မြောက်က လီဆာရှေးတို့အိမ်ပဲ" ပြောရင်း ရေသန့်ဘူးကို တစ်ဝက်ကျိုးတဲ့ထိ ကောက်မော့လိုက်တယ်။

တစ်ညလုံး မအိပ်ရသေးတော့ နှစ်ယောက်လုံး မျက်လုံးတွေက နီစပ်စပ် ဖြစ်နေကြတယ်။

"လမ်းအဖြောင့်တိုင်း သွားတာတော့ ဟုတ်ပါပြီ။ ညာဘက်ချိုးရမယ့် လမ်းက ဘယ်လမ်းမှန်းမှ မသိတာ" ကျွန်တော် သူ့ကိုပြန်စောဒက တက်လိုက်တော့

"အိုကွာ…ဒီလမ်းအဖြောင့်မှာ ညာဘက် ချိုးလို့ရတာ ဘယ်နှလမ်းရှိမှာလည်း ဒီလိုပဲ တစ်လမ်း ဝင်လိုက်၊ ပြန်ထွက်လိုက်တော့ လုပ်ရမှာပေါ့" လို့ မက်စ် ကပြန်ပြီးတုန့်ပြန်တယ်။

ဒီတုန့်ပြန်မှုကို ကြည့်ရတာ တစ်ဖက်က တန်ပြန်လာမယ့် ပြသနာကို သူ ကြိုတင်စဉ်းစားထားပြီးသားပုံ ရတယ်။ ပြီးတော့ နှစ်ယောက်လုံး သက်ပြင်း အရှည်ကြီး အတူတူ ချမိလိုက်တယ်။ သိတဲ့အတိုင်း ဒီလို မသေချာမူတွေကပဲ လူ‌တွေကို မွန်းကြပ်စေတယ်လေ။ ဒီကို စထွက်လာကတည်းက နှစ်ယောက်စလုံး ကံမကောင်းကြဘူး။ လမ်းမှာ ကားပျက်တယ်။ ဘီးပေါက်တယ်။ နေလည်စာ ဆိုင်တွေ တစ်ခုမှ အဆင်မပြေဘူး။ အဆိုးဆုံးက ဟိုင်းဝေးလမ်းပေါ် စိတ်တွေ လောပြီး ကားအမြန် မောင်းမိလို့ အဖမ်းခံရမလို ဖြစ်တာပဲ။ ဖြစ်နိုင်ရင် ဒီကိစ္စကြီးကို
အိပ်မက်တစ်ခု ဖြစ်သွားပါစေ၊ ပြန်လည်နိုးထလာတဲ့အခါမှာ အားလုံးပြီးဆုံးသွားပါစေလို့ပဲ ဆုတောင်းနေမိတော့တယ်။ တစ်ခါတစ်ခါ ဒီလို အဖြစ်အပျက်တွေဟာ လူတွေကို ထူပူ ပင်ပန်းစေတယ် မဟုတ်လား။

ခဏနေတော့ ကျွန်တော်က "တကယ်လို့မင်း သူ့အိမ်ပုံစံ မြင်ရင်ရော မှတ်မိနိုင်လောက်လား မက်စ်" ဆိုတော့ သူက‌ ခေါင်းခါတယ်။ "မလွယ်လောက်ဘူး။ ငါသူ့အိမ်ကို တစ်ခေါက်မှ ရောက်ဖူးခဲ့တာ မဟုတ်ဘူး။ ဓာတ်ပုံထဲမှာပဲမြင်ဖူးတာ၊ ပြီးတော့ အဲ့ဒါကလည်း လွန်ခဲ့တဲ့‌ လေးနှစ်လောက်တုန်း‌က" လို့ပြောပြီးတော့ ကျန်တဲ့ ရေတစ်ဝက်ကို ဆက်‌ မော့သောက်ပစ်လိုက်တယ်။

ကျွန်တော် မောင်းလာတဲ့ ကားရဲ့စတီယာတိုင်မှာလည်း လက်ဖဝါးက ချွေးတွေ ရွဲနစ်လို့ တစ်ကိုယ်လုံးလည်း အာရုံမစိုက်ချင်တော့အောင် ပင်ပန်း နွမ်းနယ်နေပြီလေ။ ဒီချွေးစေးတွေက ပူ‌လောင်အိုက်စပ်မူကြောင့် မဟုတ်ပဲ ကျဉ်းထဲကျပ်ထဲ ရောက်တဲ့အခါ မရှုနိုင်မကယ်နိုင် ဖြစ်တဲ့အခါ သိပ်စိတ်လှုပ်ရှားတဲ့အခါ လူ‌တွေဆီက ဦးနှောက် အာရုံကြောစနစ်ဟာ ကမောက်ကမ ဖြစ်လာပြီး Focal Hyperhidrosis လို့ခေါ်တဲ့ ပြသနာတစ်မျိုးကြောင့် ချွေးစေးတွေ ထွက်လာတာမျိုး။ ဒီလိုအခိုက်အတန့်ကို လူတိုင်း ကြုံဖူးကြမှာပါပဲ။ ဥပမာ စာမေးပွဲခန်းလို၊ ခွဲစိတ်ခန်းလို၊ အောင်စာရင်း ကပ်ခါနီး အချိန်လိုမျိုး ဒါမှမဟုတ်လည်း တစ်ခုခုပေါ့။

ဒီလိုနဲ့ ပထမဆုံးလမ်းကို စချိုးဝင်လိုက်တယ်။ နွေဦးရာသီအစမှာ ကောင်းကင်က ကြည်လင်တဲ့ တိမ်ပွင့်တွေ ရှင်းရှင်းလင်းလင်းကို ထွန်းထွက်နေတယ်။ အခုရောက်နေတဲ့ အပိုင်းအခြားဟာလည်း မြို့ကို အနည်းငယ်လွန်လာရတာဆိုတော့ လူသူကင်းရှင်းပြီး တိတ်ဆိတ်နေခဲ့တယ်။ ဒါကလည်း လီဆာရှေးရဲ့ အိမ်ကို ရှာ‌ဖွေဖို့ ပိုမိုလွယ်ကူစေတဲ့ အချက်လို့ပဲ ဆိုရမလားပဲ။ လမ်းထဲကွေ့အဝင်မှာ သီးခြားစီရှိနေတဲ့ တိုက်အိမ်အပုလေးကို တွေ့ရတယ်။ တိုက်အိမ်လေးတွေဟာ ဆေးရောင်ကွဲမျိုးစုံနဲ့ ခြံစည်းရိုးတွေ သပ်ရပ်စွာ ကာရံလို့ လမ်းတစ်ဖက်တစ်ချက်စီမှာ ကပ်ရပ် တည်ရှိနေကြတယ်။ ၆ အိမ်မြောက်ကို ရောက်တော့ ခြံဝန်းတံခါးကို သော့ခတ်ထားတာ တွေ့ရတယ်။ ပထမတော့ နှစ်ယောက်စလုံး စိတ်ပျက်သွားပေမဲ့ ခြံအဝရဲ့ထိပ်က လိပ်စာနဲ့ နာမည် ရေးထိုးထားတဲ့ ဆိုင်းပုဒ်ကြောင့် စိတ်သက်သာရာရခဲ့ကြတယ်။ ပထမလမ်းရဲ့ အိမ်ဟာ ဆရာဝန် တစ်ယောက်ရဲ့အိမ်ဖြစ်ပြီး သူဘွဲ့နာမည်နဲ့ ဘွဲ့ရရှိတဲ့ ခုနှစ်ကို ရေးထိုးထားတာကြောင့် အသက်အရွယ် ကြီးရင့်ပြီ ဖြစ်တဲ့ ဆရာဝန်ကြီးတစ်ယောက် နေထိုင်တဲ့အိမ် ဆိုတာ သိလိုက်ရတယ်။

ဒါကြောင့်ပဲ လီဆာရှေး ရှိနေမယ့် အိမ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆပြီး နှစ်ယောက်စလုံး ဒုတိယလမ်းကို ဝင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒုတိယလမ်းကိုရောက်တော့ ၆ အိမ်မြောက်ဟာ ဆောက်လက်စ အဆောက်အအုံ တစ်လုံးဖြစ်နေတာကို တွေ့လိုက်ရပြန်တယ်။ အဆောက်အအုံဟာ အဆောက်အဦးအသစ်ကို ဆောက်‌လုပ်နေတာမျိုးမဟုတ်ပဲ လူနေလက်စအိမ်ကို ပြန်လည်ပြုပြင်တဲ့ Renovation သဘောမျိုး ပြုလုပ်နေတာကို တွေ့ရတယ်။ ပြီးတော့ အဲ့ဒီအိမ်ကို ကြည့်ပြီး မက်စ်က "ငါကတော့ ဒီအိမ်က လီဆာရှေးတို့ အိမ်လို့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ငါတို့ဘက်ကနေ အိမ်အသစ်ကို ပြောင်းသွားတာ ၆ နှစ်လောက်ပဲ ရှိသေးတာ ဆိုတော့ အသစ် ပြန်ပြင်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလေ "ကျွန်တော်လည်း သူစဉ်းစားပုံက သဘာဝကျတာကြောင့် အချိန်ဆွဲမနေတော့ပဲ တတိယမြောက်လမ်းကို ထပ်ဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ စံတော်ချိန်အားဖြင့် ၂ နာရီ နဲ့ ၃၆ မိနစ်ခန့် ရှိပြီ ဒီမြို့ထဲ စဝင်လာတဲ့ အချိန်နဲ့ ပြန်တွက်ရင် မိနစ် ၄၀ စွန်းစွန်းလောက်တော့ ရှိပြီ၊ ရှာနေတဲ့အိမ်က အစအနတောင် မတွေ့ရသေးဘူး။ ကျွန်တော်ရော မက်စ်ရော တော်တော်လည်း ပင်ပန်းနေကြပြီ။ ကားရှေ့မှန်က အပ်ကြောင်းကနေ တဆင့်လည်း တစ်ချက်တစ်ချက် နေရောင်က မျက်လုံးကို လာလာစူးသေးတယ်။ သာမန်အချိန်တုန်းက သိပ်မသိသာပေမဲ့ အနောက်ဘက်အခြမ်းကို ဦးတည်သွားနေတဲ့ အခါမှာ ကျနေရဲ့အရှိန်ကြောင့် ခေါင်းထဲ ထိုးထိုးကိုက်လာရောပဲ။

မက်စ်လည်း ဒါကို ခံစားရပုံ ရှိလို့ သူ့ချွေးတွေ ဆို့နေတဲ့ လျှာထိုးဦးထုပ်ကို မချွတ်ပဲ ရှေ့ကို ငိုက်ပြီးတော့တောင် စောင်းထားလိုက်သေးတယ်။ တတိယလမ်းကို ရောက်ဖို့ ခပ်လှမ်းလှမ်း မောင်းပြီးတဲ့ အခါမှာတော့ ဘယ်ဘက်အခြမ်းရဲ့ ၆ အိမ်မြောက်မှာ တွေ့လိုက်ရတာက အိမ်မွေးခွေး အရောင်းဆိုင်ကြီးပဲ အကြီးမှ အကြီးကြီး အပြင်မှာလည်း အမွေးပွ ခွေးအရုပ်ပုံကြီးနဲ့ အထဲမှာလည်း ခွေးအော်သံတွေ ဆူညံနေလို့ နေတယ်။ ဒါကြောင့်ပဲ တတိယလမ်းက ပြန်ထွက်ပြီး စတုတ္ထလမ်းကို ထပ်မံ ချီတက်ခဲ့ပြန်ပေါ့။ စတုတ္ထလမ်း အဝင်မှာ အမှိုက်ကားတစ်စီးကို ရှောင်လိုက်ရသေးတယ်။ ပြောချင်တာက လမ်းထဲ ချောချောမောမော မဝင်ခဲ့ရဘူးလို့ ပြောချင်တာ။ ၆ အိမ်မြောက်ကိုရောက်တော့ အသက်ကြီးပိုင်းလောက်ထဲက အဘိုးကြီးပန်းပင်တွေ ရေလောင်းနေတာ တွေ့ရတယ်။ သူ့ပန်းပင်တွေကတော့ အစုံပဲ၊ Dasiy, Rose, Aster မတူမျိုးကွဲတဲ့ အပင်တွေကို ခြံဝင်မျက်နှာစာမှာ စိုက်ထားတယ်။ ပြီးတော့ အဘိုးကြီးဟာ သတင်းစာ တစ်စောင်ကို ချိုင်းခြားမှာ ညှပ်ထားပြီး ဘောင်းဘီအတိုကို တီရှပ်အပွနဲ့ တွဲဖက် ဝတ်ဆင်ထားတယ်။ ကျွန်တော်တို့လည်း ကားပေါ်က ဆင်းပြီး လီဆာရှေး အိမ်အကြောင်း စုံစမ်းကြည့်တော့ သူအိမ်မှာ လီဆာရှေး ဆို‌တာ မရှိကြောင်း သူလည်း ဒီရက်ကွက်ကို ပြောင်းလာတာ သိပ်မကြာသေးတဲ့အတွက် ပတ်ဝန်းကျင်နဲ့ မရင်းနှီး မကျွမ်းဝင်သေးကြောင်း စိတ်ရှည်လက်ရှည် ပြောပြပြီး ရပ်ကွက်ထဲ စုံစမ်းစစ်ဆေးလို့ရမယ့် ဌာနတစ်ခုရဲ့ ဖုန်းနံပါတ်နဲ့ လိပ်စာတစ်ခုကို ညွန်းလိုက်တယ်။

ဒါနဲ့ပဲ ကားကိုပြန်လှည့်ပြီး လမ်းထဲက ပြန်ထွက်လာလိုက်တယ်။ ငါးလမ်းမြောက်ကတော့ ဒီလမ်းအ‌ဖြောင့်ရဲ့ နောက်ဆုံးလမ်းမပဲ ဒီလမ်းပြီးရင် နောက်ထပ် လမ်းမတန်းတစ်ခုကို ချိုးဝင်ဖို့ပဲရှိတော့‌တယ်။ နှစ်ယောက်သားလည်း တော်တော်ထူပူနေပြီး လမ်းပေါ် ပြန်တက်တော့ မက်စ်က ကားမှန်ကို တစ်ဝက်ချပြီး ဆေးလိပ်ကို ထုတ်သောက်တယ်။ "ငါတို့ ဒီစုံစမ်းရေးဌာနကို မသွားသင့်ဘူးလို့ ထင်တယ် ‌အကြောင်းကြောင်းကြောင့် တစ်ခုခုဖြစ်သွားရင် ငါတို့ကို ခြေရာခံမိဖို့ လွယ်သွားနိုင်တယ်" လို့တွေးတွေးဆဆ ပြောတယ်။ ကျွန်တော်လည်း သူမပြောခင်ကတည်းက ဒီလိုပဲ စဉ်းစားထားပြီးသားမို့ ဘာမှ ပြန်မပြောဖြစ်ဘူး။ ခဏနေတော့မှ "ငါ့အထင်ကတော့ မင်းဘယ်လမ်းနဲ့ ညာလမ်း အမှတ်မှားတာလည်း ဖြစ်နိုင်တာပဲ၊ ခြောက်အိမ်မြောက်ဆိုတာသာ သေချာရင် ငါတို့ ပြန်လှည့်ပြီး ရှာကြည့်ကြတာပေါ့" လို့အကြံပြုလိုက်တယ်။ မက်စ်ကတော့ ဆေးလိပ်မီးခိုးတွေ ကားလမ်းမ ဘက် မှုတ်ထုတ်ရင်း ခေါင်းညိတ်ပြလိုက်တယ်။

ကောင်းကင်ကတော့ ကြည်လင်တဲ့ တိမ်ပွင့်တွေနဲ့ ရှင်းရှင်းလင်းလင်းကို ထွန်းထွက်နေတုန်းပဲ။ ကျွန်တော်တို့ ကားလေးကတော့ ပဉ္စမမြောက်လမ်းထဲ ချိုးဝင်ပြီး ဘယ်ဘက်ခြမ်းရဲ့ ၆ အိမ်မြောက် ခြံကို ဦးတည်ထားလိုက်တယ်။

၂/နိုဝင်ဘာ/၂၀၂၀

***