မြို့ထဲမှာ ကျွန်တော် - လူကြည်

လူကြည်

စကားပြေဟာ ရထားတစ်စင်းလို။ တငြိမ့်ငြိမ့်။ အတွေးအာရုံ၏ မဖောက်ရသေးသော တောင်ကပတ် လျိုမြောင် ချောက်နက်များထဲထိ ထွင်းဖောက်ခု တ်မောင်းနိုင်သည်။ အချိန်ယူသည့် ခရီးဖြစ်လို့ မြင်မြင်သမျှ၊ တွေး တွေးသမျှ၊ ကြားကြားသမျှ တို့ကို မျှင်းမျှင်းလေး နှလုံးသွင်းခွင့် ရသည်။ သို့ပေမယ့် အရှိန်နှေးနှေး စိမ့်ဝင်လာသည့် အာရုံခံ၀တ္ထုနှင့် မြင်ကွင်းများက သာယာနှစ်မြို့စဖွယ် ဖြစ်စရာ လိုအပ်မှုတော့ မရှိ။ ထို့ကြောင့် တစ်ချို့ ခရီးစဉ်တွေ မှာ လူကြည်၏ မနှစ်မြို့စရာ မြို့တစ်မြို့လို ရှုခင်းတွေကိုလည်း တွေ့ကြုံရတတ်သည်။  



သည်မြို့မှာ လမ်းရယ်လို့ မည်မည်ရရ မရှိပါ။ အိမ်ကြို၊ အိမ်ကြား​တွေက ဖြတ်သွားရင်း ကျွန်​တော့်စိတ်မှာ စိုးထိတ်​နေပါတယ်။ တချို့​​နေရာတွေမှာ အိမ်အတွင်းပိုင်းကို လမ်းအဖြစ် အသုံးပြုကြတဲ့အတွက် အိမ်​တွေဟာ တံခါး​​ကို အမြဲတ​စေ ဖွင့်​ပေးထားရတယ်။ သည်မြို့မှာ ကိုယ်​ရေးကိုယ်တာဆိုတာ ယိုင်နဲ့နဲ့သာရှိပါတယ်။ ​ဖောက်ပြားတဲ့​ ယောက်ျားကြီး​တွေဟာ လူလစ်တာနဲ့ အမျိုးသမီးငယ်က​လေး​တွေရဲ့ အခန်းအတွင်းကို ​ပြူးပြဲချောင်းကြည့်ကြ။ တခါ... အခန်းအတွင်းကို ခပ်တည်တည် ဝင်သွား။ င​ဖောက်ပြားတို့ဟာ လူမြင်တဲ့အခါ ပြေးပြီး လူမိသွားတဲ့အခါမှာလည်း ကြီးကြီးမားမား မဟုတ်တဲ့ အပြစ်ဒဏ်ကိုသာ ခံယူရပြီး အဆုံးသတ်သွားတယ်။ သည်မြို့မှာ သည်လို မျှတမှုမျိုးပဲ ရှိပါတယ်။ များ​သောအားဖြင့် ကျူးလွန်သူ​တွေသာ အသာစီးရ​​နေတတ်ပြီး အားနည်းသူ​တွေ​ နေလို့​မကောင်းတဲ့ တခြမ်း​စောင်းမြို့ပါ။ မြို့ရဲ့ ​ချောင်ကြိုချောင်ကြား​တွေမှာ ​ခြေညိုး၊ လက်မ ကိုယ်လက်အင်္ဂါငယ်က​လေး​တွေက​နေ စပြီး ကိုယ်ခန္ဓာတခုလုံးအထိ ပုပ်သိုး ရိ​ဆွေး ​နေတတ်ပါတယ်။ မြို့လမ်းမှာ ​ကျောက်စရစ်ခဲငယ်​တွေအစား လူတို့ရဲ့သွားကို ဟိုမှာသည်မှာ မြင်ရတတ်ပါတယ်။ ​အသေချာ​ပြောနိုင်တာက မြို့ဟာ သာမာန်ထက်ပိုပြီး ​မှောင်မိုက်ပါတယ်။

မြစ်ကျဉ်းတစင်းဟာ မြို့ရဲ့အလယ်တည့်တည့်က​နေ ဖြတ်သန်းစီးဆင်း​သွားပါတယ်။ တချို့အိမ်​တွေဟာ မြစ်ကို အိပ်ခန်းထဲ ထည့်သိပ်ထားပြီး၊ တချို့က​တော့ အိမ်သာထဲ ထည့်ထားတတ်ကြပါတယ်။ တချို့က မြစ်ကို ​ရေချိုးခန်းလိုသုံးပြီး၊ တချို့က အမှိုက်ပုံလို သုံးပါတယ်။ မြို့ကို မ​ရောက်ခင်တုန်းက မြစ်​ရေဟာ ကြည်လင်ပြီး၊ မြို့ကို ဖြတ်သန်းခဲ့ပြီးတဲ့​နောက် မြစ်​ရေဟာ မည်းနက်သွားပါတယ်။ မြို့တရားရုံးဟာ မြစ်ထဲကို မျက်ရည်​တွေသွန်ချပြီး၊ မြို့​ဆေးရုံဟာ မြစ်ထဲကို ​သွေး​တွေအန်ချတတ်ပါတယ်။ မြို့​​ကျောင်းနဲ့​ တက္ကသိုလ်​တွေက​တော့ အခါအား​လျော်စွာ မြစ်ထဲကို အ​တော်ဆုံး​ကျောင်းသားတို့ရဲ့ ရုပ်ကြွင်းကလာပ်များကို ပစ်ချလိုက်တတ်ပါတယ်။ မြစ်ဟာ မြို့ကိုမချစ်ပါ။ သို့​သော်... မဖြစ်မ​နေမို့ ကြိတ်မှိတ်စီးဆင်းရပါတယ်။ တခါတခါ... မြို့လယ်က​နေ မြစ်​ရဲ့ နာနာကြည်းကြည်း အော်သံကို ကြားရတတ်ပါတယ်။ မြစ်ဖျားခံပြီး စီးဆင်းလာရာတ​လျှောက် မြစ်​ရေဟာ ချိုခဲ့ပြီး၊ မြို့ကို ဖြတ်သန်းအပြီးမှာ​တော့ မြစ်​ရေဟာ ​သောက်သုံးနိုင်တဲ့ သန့်ရှင်းမှုမျိုး ဆုံးပါးသွားပါတယ်။ မြို့ကိုလွန်​လျှင် မြစ်​ရေဟာ ညစ်သွားခဲ့ပါတယ်။

ကျွန်​တော်ဟာ မြို့ကိုဖြတ်သန်းဖို့ လာပါတယ်။ ခရီး​​ပြင်းနှင်ခဲ့ရပြီး ခရီး​ဝေးဆက်ရဦးမှာမို့ ပျော်သ​လောက်​နေဖို့ ဆန္ဒမျိုး အစက​ရှိပါတယ်။ ​နောက်... မြို့ရဲ့ ဆိုးရွားတဲ့အ​ခြေအ​နေကို ရိပ်မိ​သွားတော့ ချက်ချင်းပဲ ခရီးဆက်နှင်ဖို့ ဖြစ်လာပါတယ်။ မြို့ကို ကျွန်​တော့်ထက် အရင်​ရောက်တဲ့ စီနီယာခရီးသွားတ​ယောက်က ကျွန်​တော့်​ခေါင်းကို​ ခြေ​ထောက်နဲ့နင်းပြီး သည်မြို့မှာ ကြာကြာမ​နေဖို့ ​ဒေါသတကြီး မာန်မဲပါတယ်။ သူ​ပြောပြလို့သာ ကျွန်​တော်ဟာ အရင်စိတ်မ​ပျောက်​သေးဘဲ မြို့နဲ့ ရင်းနှီးကျွမ်း​ဝင်ခဲ့ရတယ်။ ခရီးသွားက ပန်းချီဆရာပါ။ မြို့ကိုမ​ရောက်ခင်က သူဟာ လူလိမ္မာတ​ယောက်ပါ။ မြို့တပတ် ပတ်ပြီးတဲ့​နောက်... ရိုင်းသွားပါတယ်။ မြို့မှာတပတ်​နေပြီး​​တော့ သူ​ရေးတဲ့ကားတိုင်းဟာ ရင်းသားနဲ့ တင်ပါးပုံချည်း ဖြစ်​​နေပါတယ်။ အဲ့ဒါကလွဲရင်​တော့... လူ​သေအ​လောင်းနဲ့​ ယင်တ​လောင်း​လောင်း ပုံမျိုး​တွေချည်းပါပဲ။ မြို့က သူ့ကို ပြုပြင်လိုက်ပါတယ်။ သူဟာ... မိန်းမလှတဦး ရေချိုးတာကို အတိုင်းသား မြင်ရမဲ့​ နေရာတခုကိုသွားပြီး ယမကာငုံရင်း ပန်းချီ​ရေးဖို့ ထွက်အလာ၊ ကျွန်​တော်နဲ့ ဆုံပါတယ်။ စိတ်​ကောင်း မကုန်​သေးတာနဲ့ပဲ သူက ကျွန်​တော့်​ ခေါင်းကို နင်းပြီး ကျွန်​တော်​ ကောင်းဖို့ လမ်းပြပါတယ်။ သူ​ပြောလို့ မြို့ရဲ့ ဆိုးယုတ်ပုံ​တွေကို ကြားရပါတယ်။

သူ့​ကျေးဇူး​ကြောင့် ကျွန်​တော်ဟာ မြို့အ​ကြောင်း သိပြီး တတ်နိုင်သမျှ မြန်မြန် ဖြတ်​ကျော်​နေပါတယ်။ အိမ်ကြားလမ်းတွေဟာ တည်ကြည်သူတ​ယောက်အဖို့ ​လျှောက်ချင်စရာ ဖြစ်မ​နေပါ။ တံခါးဖွင့်ထားတဲ့ တခြားမိသားစုရဲ့ အိမ်​တွင်းပိုင်းလမ်း​တွေကိုလည်း မတတ်သာပဲ တက်​လျှောက်ခဲ့ရပါ​သေးတယ်။ တ​နေရာမှာ ကျွန်​တော်ဟာ အခန်းထဲက ထွက်လာတဲ့ ကိုယ်​ရေညိုညို မိန်းက​လေးနဲ့ လူချင်းတိုက်မိသွားပါတယ်။ ကျွန်​တော်က ယိုင်ရုံ ယိုင်သွားပြီး သူမက​တော့ လဲကျသွားပါတယ်။ ကျွန်​တော် သူမကို လက်ကမ်းထူ​ပေး​တော့ သူမက မျက်လုံးပင့်ပြီး ကျွန်​တော့်ကို​ သေချာအကဲခတ်ပြီးမှ လက်ကို ဆန့်ထုတ်​ပေးပါတယ်။ လဲလဲချင်းကတော့... သူ့အသားစိုင်​တွေ တုန်ရီ​နေသလို ထင်ရပါတယ်။ ကျွန်​တော်နဲ့ လက်ချင်းထိ​တော့ ခပ်​နွေး​နွေးရှိပါတယ်။ သူမ ထလာ​တော့ ​ကြောက်ရွံ့​ဟန်က​နေပြီး ပြန်လည် ရဲတင်းလာပါတယ်။ သူမက "ကြင်နာတတ်တယ်၊ ရှင်က လူစိမ်းပဲ၊ ဒီမြို့မှာ မ​နေသင့်ဘူး" ဆိုပြီး ကျွန်​တော့်ကို နှင်ထုတ်ပါတယ်။ ကျွန်​တော်ကလည်း သည်မြို့ကထွက်ဖို့ ကြိုးစား​နေတာကို​ ပြောပြ​တော့ သူမက လမ်းညွှန်ပြပါတယ်။ ပြီး​တော့ ကျွန်​တော့်ကို​ သေချာ စိုက်ကြည့်ပြီး "ဒီမြို့ကိုလွန်ပြီး၊ ​ရှေ့​လျှောက် ဒီထက်ပို​ပြီး ကောင်းတဲ့လူဖြစ်လာဖို့ ​မျှော်လင့်ပါတယ်" တဲ့။ အဲ့ဒီ​နောက်... ကျွန်​တော့်နားရွက်ဖျားကို ခပ်ဆတ်ဆတ် ကိုက်ပြီး ကျွန်​တော် လာခဲ့ရာအတိုင်း ​ပြေးထွက်သွားပါ​တော့တယ်။

ကျွန်​တော်လည်း မဆိုင်းမတွ​တော့ဘဲ မြန်မြန် လျှောက်လာခဲ့ပါတယ်။ ​ညို​ချောက​လေး ညွှန်ပြတဲ့အတိုင်းသွားရင်း လမ်းတ​နေရာမှာ လူစုလူ​ဝေးနဲ့ ကြုံရပါတယ်။ အတွင်းပိုင်းလမ်း ရှိလျက် အိမ်က တံခါးမဖွင့်​ပေးလို့ လူစုကြီး​ ဒေါပွ​နေပါတယ်။ အ​ခြေအ​နေက ဒီထက် ပိုဆိုးလာမဲ့ပုံ ​ပေါ်ပါတယ်။ နှုတ်သီးစွပ် တပ်ထားတဲ့​ ခွေးတ​စ်ကောင်ကို ပိတ်ကန်​ကျောက်​နေတဲ့ လူငယ်က အိမ်ကိုမဖြတ်ရဘဲ မြို့ပြင်​ ရောက်နိုင်မဲ့ လမ်းကို ညွှန်း​ပေးပါတယ်။ မိန်းက​လေးညွှန်းတဲ့ လမ်းထက်​တော့ ပို​ဝေးသွားတယ်။ ဒါနဲ့... ကျွန်​တော်ထွက်လာပါတယ်။ ကျေးဇူးတင်စကား​ပြော​တော့ လူငယ်က ​ဘောင်းဘီချွတ်ပြပြီး နှုတ်ဆက်ပါ​သေးတယ်။

သည်ဘက်လမ်း​တွေဟာ ​မှောင်ပါတယ်။ ​ချောင်ကျတယ်လို့ ခံစားရပြီး ​လေထုက ညှီစို့​နေပါတယ်။ ကွယ်ရာ ကွယ်ရာမှာ မတ်တပ်မတ်တပ်လူတထိုကို ဖျတ်ခနဲ မြင်​တွေ့ရပါတယ်။ ​သေချာမကြည့်နိုင်၊ ရိပ်ခနဲ မြင်ရတာ​ကြောင့်ပဲ အကွဲအပြား​တော့မသိပါ။ ကျွန်​တော်​ ရောက်လာ​တော့ တချို့​နေရာ​တွေမှာ ပွဲကြမ်း​နေဆဲဖြစ်ပြီး၊ တချို့​နေရာ​တွေမှာ​တော့ ပွဲပြီးသွားခဲ့ပါပြီ။ သည်အတိုင်း ဖြတ်လာခဲ့တုန်း... အိမ်ကြားတခုက​နေ ​သွေးအရွှဲသားနဲ့ လူတ​ယောက် ဖြတ်ခနဲ ထွက်လာပြီး ဝင်တိုးတိုက်သွားလို့ ကျွန်​တော့် ရှပ်အင်္ကျီ လက်​ကောက်​ဝတ်နားမှာ ​အနီ​တွေ စွန်းထင်းသွားပါတယ်။ ​သွေးရွှဲပုဂ္ဂိုလ်ဟာ ကျွန်​တော့်အား ဂရုစိုက်ခြင်းမရှိဘဲ ယိုင်ထိုးထိုး​ ပြေးထွက်ရာက အိမ်တခုရဲ့ မှန်ပြတင်း​​ကို ဝင်​အောင်းပါတယ်။ မှန်​တွေ ကွဲ​တော့ အိမ်ထဲက​နေ ​အော်ဆဲသံ​တွေ ထွက်လာပါတယ်။

ကြာကြာရပ်မ​နေဘဲ... ကျွန်​တော့်​ ခြေ​ထောက်​တွေ လှုပ်ရှားလာခဲ့တယ်။ သည်မြို့ကို ခပ်မြန်မြန် စွန့်ခွာနိုင်ဖို့အတွက် မြင်ရသမျှကိုလည်း ဥပက္ခာပြုခဲ့တယ်။ ခပ်နွမ်းနွမ်း ကိုယ်ဝန်သည်အမျိုးသမီးက ​ခြေဖက်​ပြီး တောင်းပန်​နေ​ပေမဲ့ ပွဲတက်ဝတ်စုံနဲ့ အ​မောင် ခန့်ညားက ​​အော်ဟစ်ဆဲဆို​နေတာ ကျွန်​တော် မြင်လျက် လျစ်လျူရှုခဲ့တယ်။ ပြန်ကျဲ့​နေတဲ့ မှန်ကွဲစ​တွေကို စုတ်ဖွားဖွား လူတ​ယောက်က စိုးရိမ်တကြီး လိုက်​ကောက်​နေ​ရပေမဲ့ ​ကြော့​မော့​မော့ အမျိုးသမီးက​​တော့ ​သူစီးထားတဲ့ ခဲတံဖ​နောင့်နဲ့ တချက်ချင်း လိုက်​ပေါက်​နေတာ ကျွန်​တော် မြင်လျက် သည်အတိုင်း ထားခဲ့တယ်။ ပိန်​ညှောင်​၊ စုတ်ချာနေ​ပေမဲ့ မိုက်ကန်းပုံရတဲ့ လူသုံး​ယောက်က ဂင်​ကောင်း​ကောင်းဘဲနာကို ကြိုးတုပ်ပြီး အ​သေ​ ဝိုင်းဆော်​နေကြတာ ကျွန်​တော် မြင်လျက် မသိကျိုးကျွန်ပြုခဲ့တယ်။ တကယ်​တော့... အ​ဆောက်အအုံ​တွေရဲ့ အတွင်းပိုင်း​တွေမှာ သည့်ထက်မက မြင်ရှုမ​ကောင်းတဲ့ မတရားမှုမျိုးတွေ ရှိ​နေတယ်ဆိုတာကို မသိုးမသန့်​တော့ ကျွန်​တော် ရိပ်မိခဲ့ပါတယ်။ ဒါ​ပေမဲ့လည်း... အရာအားလုံးကို မမြင်၊ မသိသလို​ဘဲ ဟန်​ဆောင်လာခဲ့တယ်။

မြစ်နံ​ဘေးက ​ဖြတ်​တော့ မြစ်​​ရေစီးသံက ငိုသံ​ပေါက်​နေတယ်။ ခပ်​ဝေး​ဝေးဆီက​နေ တူရိယာအသံနဲ့အတူထွက်တဲ့ နာကြည်းကြည်း ညည်းသံတခုကို ကြားတချက်၊ မကြားတချက် ရတယ်။ မြစ်အတိုင်း​ မျောလာတဲ့ အနီ​ရောင်​တွေ စွန်း​နေတဲ့ ကတ္တူပုံးတလုံးမှာ မမြင်ချင်စရာတခုကို တစွန်းတစ​ တွေ့ရတယ်။ ဒါကို မမြင်ချင်လို့ဘဲ ကျွန်​တော်... မျက်နှာလွှဲလိုက်တယ်။ တံတား​ပေါ်မှာ ရုန်းရင်းဆန်ခတ်တခု ရှိ​နေပြီး ခဏ​နေ​တော့ လူတ​ယောက် မြစ်ထဲ ထိုးကျသွားတယ်။ ဘယ်သူမှ လိုက်မဆယ်။ ကျွန်​တော်လည်း မကယ်လိုက်မိဘူး။

ကျွန်​တော်ဟာ မြို့ကို မြစ်​ရေစီးသလို အရှိန်နဲ့ ဖြတ်သန်း​နေပါတယ်။ သွား​နေရင်းက ည​​နေ​စောင်းသွားတယ်ထင်။ ဟိုမှာသည်မှာ မီး​​ရောင်တွေ ထွန်းလာတယ်။ အများစုက​တော့ ပိန်းပိတ် အ​မှောင်ပါ။ အလင်းဟာ နည်းပါးလွန်းပါတယ်။ အ​မှောင်တခုမှာ... ယာဘက် နားစည်ထဲကို က​လေးငိုသံဟာ စူးစူးဝါးဝါး တိုးဝင်​ရောက်လာတယ်။ ခဏ​နေ​တော့... ​ယောက်ျားကြီးတ​ယောက်ရဲ့ ကြိမ်း​မောင်းသံကို ကြားတယ်။ မိန်းမတ​ယောက်ရဲ့ ​ငယ်သံပါ​အောင် ​​အော်တဲ့အသံကို ကြားတယ်။ အဲဒီ​တော့... က​လေးငိုသံလည်း တိုးသွားတယ်။ အငိုရပ်သွား​တော့ ဖြစ်နိုင်စရာ မရှိ။ မြို့ဟာ ပို​မှောင်လာတယ်။

ပတ်ဝန်းကျင်ကို လုံးဝ အမှတ်မထားဘဲ နေနိုင်မဲ့ စူးစိုက်မှု တခုရ​အောင် ဆိုပြီး သီချင်းနား​ထောင်ဖို့ နားကြပ်တပ်လိုက်​ပေမဲ့ ကျွန်​တော့် စမတ်ဖုန်းက ဘက်ထရီကုန်​နေခဲ့ပါတယ်။ ​​စိတ်​ပေါက်​ပေါက်နဲ့... အောက်မှာကျနေတဲ့ ပလတ်စတစ်ဘူးခွံကို ကန်ထုတ်ပစ်လိုက်​​တော့ အထဲက​နေ မခံနိုင်​​လောက်အောင် ဆိုးရွား စူးရှတဲ့ အနံ့အသက်​တွေ ထွက်လာတာ​ကြောင့် နှာ​ခေါင်းပိတ်ပြီး အဲဒီနေရာက​နေ သွက်သွက် ထွက်​ပြေးလာရတယ်။ သည်မှာ​တော့... လသာ​ဆောင်မှာ စိမ်​ပြေန​ပြေ ထွက်ထိုင်​နေတဲ့ အလန်းစားမမကို​ တွေ့​နေရပါတယ်။ မမက ကျွန်​တော် ကြည့်​တာကိုသိတော့ သူ့နှုတ်ခမ်းက မီးတို့ပြီးသား စီးကရက် ဖြုတ်ပြီး ​ကျွန်​တော် မြင်​အောင် ​ထောင်ပြ​ရင်းက ချိုအီအီ ပြုံးပါတယ်။ ​ကျွန်​တော်လည်း အူချာချာ ဖြစ်​နေတာနဲ့ ​ခေါင်းခါပြလိုက်​တော့ မမဟာ စိတ်ဓာတ်ကျတဲ့ပုံစံဖြစ်သွားပြီး လက်ခလယ်ထောင်ပြတယ်။ ကျွန်​တော် ထွက်လာပါတယ်။ ကျွန်​တော့်​ခြေလှမ်းတိုင်းမှာ မြို့ဟာ... ပိုပို​ပြီး မှောင်မိုက်လာတယ် ထင်ပါတယ်။

​နောက်ဆုံး​တော့... မြို့ထဲက​နေ ကျွန်​တော် ထွက်နိုင်ခဲ့ပါတယ်။ မြို့ပြင်​ရောက်​တော့ လုံးဝကို ညအချိန် ဖြစ်​နေပါပြီ။ ​ကောင်းကင်မှာ ကြယ်တလုံးစ၊ နှစ်လုံး​စတောင် မြင်​နေရပြီ။ မြို့ထဲမှာ အိုက်စပ်ခဲ့သ​လောက် အပြင်မှာ​​တော့ အေးစိမ့်​နေပါတယ်။ ကျွန်​တော်ဟာ အခုမှပဲ လွတ်လပ်လာတဲ့သူလိုမျိုး အသက်ကို တဝကြီးရှုရှိုက်​နေမိတယ်။ မြန်မြန် လျှောက်လာမိလို့ မြို့အစပ်နားက​နေ ကိုက်ငါးဆယ်​လောက် ​ဝေးကွာလာ​ခဲ့ပေမဲ့ စိတ်အစဉ်ဟာ မြို့တွင်းမှာ ကျန်ရစ်​နေခဲ့တယ်။ ကျွန်​တော် သွားရာ စိတ်... ပါမလာဘူး။ စိတ်ဟာ... မြင်ခဲ့ရတဲ့ မိန်းမ​တွေ ကိုယ်တီးလုံး ချွတ်ကပြတဲ့ ရိပ်သာဆီမှာ ​သေရည်ကို တကျိုက်ချင်း မြိုချ​​နေပြီး၊ တခါ... စိတ်ဟာ မြင်ခဲ့ရသလိုပဲ လူတ​ယောက်ရဲ့​ခေါင်းကို အိတ်အမည်းအမဲတလုံး စွပ်ပြီး စိတ်ရှိတိုင်း ပိတ်ပက်ကန်​ကျောက်​နေပြန်တယ်။ အဲဒီ​နောက်​တော့... စိတ်ဟာ ညို​ချောက​လေးဆီ​ကို ရောက်သွားပြီး ​ပွေ့ဖက်နမ်းရှုံ့တာ​တွေ အတင်းအကြပ် လုပ်​နေတယ်။

ကျွန်​တော် ကြိုးစား ခေါ်​ငင်တော့မှ စိတ်အစဉ်ဟာ ကျွန်​တော့်ဆီကို အချိန်ပိုင်း တခဏမျှ ပြန်​ရောက်လာတယ်။ အဲဒီနောက်... ချက်ချင်းဆိုသလို မြို့ထဲ ပြန်​ရောက်သွားတယ်။ သည်တခါ​မှာတော့ စိတ်ဟာ... ပန်းချီဆရာနဲ့အတူ ခွက်ချင်းတိုက်ပြီး၊ မြင်ကွင်း​ထဲက ရေစို​နေတဲ့ မိန်းမလှရဲ့ ​မိမွေးတိုင်းကိုယ်ကို အမြည်းလုပ်၊ အရသာခံ​နေပါတယ်။ ကိုယ့်စိတ် ကိုယ်မနိုင်ရင် ဟန်မကျ​ချေဘူး။ ကျွန်​တော်ဟာ... ပန်းချီဆရာကို ဝင်လုံးပြီး သတ်ပုတ်ပစ်လိုက်ပါတယ်။ ငယ်ရွယ်မှုနဲ့ ခွန်အား​ကြောင့် ကျွန်​တော်ပဲ ခပ်လွယ်လွယ် အနိုင်ရပါတယ်။ ပန်းချီဆရာအား မှတ်သား​လောက်​အောင် လက်စွမ်းပြခဲ့ပြီးတော့... မိန်းမလှအားလည်း ​နောက်များမှာ လုံလုံခြုံခြုံရှိမရှိ အရင်စစ်​ဆေးမှသာ ကိုယ်ဝတ်​တွေကို ချွတ်ဖို့ ဆုံးမခဲ့ပြီး​နောက်၊ စိတ်ဟာ ကိုယ်ရှိရာသို့ ပြန်လာပါတယ်။

ကျွန်​တော့်စိတ် ပြန်​ရောက်လာ​တော့ ကျွန်​တော့်ကိုယ်က ​တော်​တော်က​လေးကို သက်​တောင့်သက်သာ ရှိ​နေတယ်။ ​ဘေးဘီ လှည့်ကြည့်​မိတော့မှ မီးနီရောင် အခန်းတခုမှန်း သိလိုက်ရပြီး ကျွန်​တော့်အာရုံဟာ အထိအ​တွေ့တခုမှာ နှစ်သက် မိန်း​မော​နေတယ်။ မရည်ရွယ်ဘဲ ဆုပ်ကိုင်ထားမိတဲ့ ပိုးသားအိပ်ရာခင်းဟာဖြင့် နူးညံ့လွန်း​နေပါတယ်။ ပျံ့လွင့်​နေတဲ့ရနံ့​တွေဟာ သူမတူ​အောင် ​မွေးကြိုင်လွန်းလို့ အသက်ကို​တောင် အဆက်မပြတ် ရှု​သွင်းနေမိတယ်။ သည်အ​ခြေအ​နေအား ကျွန်​တော်... မသုံးသပ်မိခဲ့ပါ။ အဲဒီနောက်... လျှာသပ်သံ​တွေကြားရလို့ ​အောက်ငုံ့ကြည့်လိုက်​တော့ ညူတူတူ မျက်လွှာတစုံက ပင့်ကြည့်ရင်း ဆီးကြိုပါတယ်။ မျက်ဝန်းရဲ့ဆွဲငင်အားမှာ ကျွန်​တော့် တကိုယ်လုံး ပြိုလဲကျ​ခဲ့ပြီးပါပြီ။ သည့်​နောက်​တော့... စိတ်နဲ့ကိုယ် ​​နေရာမှား​နေခဲ့​ပြီကို ကျွန်​တော် သိလိုက်ရပါတယ်။ စင်စစ်မှာ ကျွန်​တော့်ခန္ဓာကိုယ်ဟာ ဘယ်တုန်းကမှ မြို့ထဲကမထွက်ခွာခဲ့တာကို နားလည်သွားခဲ့တယ်။

ဒါနဲ့ပဲ... ကျွန်​တော့်စိတ်ကို သွားလိုရာသွားဖို့ လွင့်​မျော ခွင့်ပြုလိုက်တယ်။ စိတ်ဟာ... မြို့ကို​​ ကျောခိုင်းပြီး အရင်ကထက် ပို​ကောင်းတဲ့ လူ​ကောင်းတ​ယောက်အဖြစ်နဲ့... ခရီး​ဝေးဆက်နှင်ရင်း ​ဝေး​ဝေးသွားပါတယ်။ ကျွန်​တော်... မမြင်ရ​တော့တဲ့ အထိ​ပေါ့...။

***