ဆူးနွယ်ရဲ့ ကဗျာ နှစ်ပုဒ်
ဆူးနွယ်
Nietzche ၏ အယူအဆ။ လူသား၏ အကြောက်တရားသည် အစွမ်းမဲ့မှုကြောင့် ဖြစ်ရသည်။ ရှောင်လွှဲ ကျော်လွှာခြင်း မပြုနိုင်သော သေခြင်းတရားကို ကြောက်သည်။ ဒီအပြင် Lovecraft ၏ အမြင်။ လူသည် မသိသောအရာများကို ကြောက်သည်။ တမလွန်၏ ‘ထိတွေ့’ သိမြင်နိုင်ခြင်းကင်းသော နယ်မြေကို ကြောက်သည်။ Nietzche က ဘ၀ကို ရည်ညွှန်း ပြီး Lovecraft က တတ္တိကသဘောကို ပြောသည်။ ထို့ကြောင့် သေခြင်းတရားနှင့် အနိဌာရုံတို့၏ ကြောက်မက်ဖွယ်၊ မနှစ်မြို့ဖွယ်၊ ထိတ်လန့်တုန်လှုပ်ဖွယ် သဘောတို့သည် ခန္ဓာ၏အစွမ်းမဲ့မှုနှင့် ဝိညာဉ်၏ သိမှုနယ်နိမိတ်အတွင်း ထိုးကျနေသော အရိပ်များကြောင့် လူသားအပေါ် ဖြုံလောက်အောင် တင်စီးနိုင်ခြင်း ဖြစ်သည်။ သို့ပေမယ့် သေခြင်းနှင့် အမြဲတမ်း ထိခတ်၊ ကြုံတွေ့ နေရသော လူသား၏ အခြေအနေက ဆောက်တည်ရာပျက်စေသည်။ အားမလိုအားမရ မချင့်မရဲ ဖြစ်စေသည်။ ဝိရောဓိ ဆန်သည်။ အဆိုး မြင်သော လောကအမြင်၏ ဇစ်မြစ်ဖြစ်သည်။ သေခြင်းသည် ဘ၀၏ ပြင်းပြထက်သန်လိုသော စွမ်းအားများ ကုန်ခမ်းခြင်းလို့ ဆိုချင် ဆိုကြပါစေ။ ‘ဗိုက်ဖွင့်ခံလိုက်ရတဲ့ သွားတိုက်ဆေးဘူးတွေ’၊ ‘လူသေတွေရဲ့ နူးညံ့လတ်ဆတ်မှုတွေ’၊ ‘ချစ်ခြင်းရဲ့ ဈာပန’တွေ စတာတွေအတွက်နှစ်သိမ့်စရာ အကြောင်းပြချက်မဲ့ လွန်းသည်။ ဆူးနွယ်၏ ကဗျာနှစ်ပုဒ်မှာ အဲဒီလို မရဏအက၏ ပျော့ပြောင်းကျင်လည်စွာ လှုပ်ရှား ခုန်ကစားနေသော သွယ်လျလျ ခြေတံများကို မြင်ရသည်။ တစ်နည်း၊ ဖတ်ရသည်။ စကြ၀ဠာ ဗဟိုချက် သက်ရှိ ၏ အစွမ်းမဲ့မှုလို ပဟေဠိဆန်သည့် (ပျက်ရယ်ပြုချင်စရာကောင်းသည့်) အနေအထားကြောင့် ခံပြင်းစိုးထိတ်သော အံသွားတို့ကြားမှ တလူလူ ပျံ့တက်ကာ နတ်ဘုရားတို့၏ နားထဲထိ ဟိန်းစေမည့် တစ်၀က်တစ်ပျက် ရင်တွင်းပဲ့တင်ခတ်သံ တို့ကို ဒီကဗျာနှစ်ပုဒ်တွင် ကြားနေရသည်။
သူတို့ချင်း ဗီဇပြောင်းပုံကို ကိုယ်တို့ အစဉ်တစိုက် ရပ်ကြည့်နေတုန်းမှာပဲ သွားတိုက်ဆေးတွေ မှည့်လာတာ။ ပြီးတော့ သူတို့ရဲ့ ဗိုက်ကနေ ဖောက်ထုတ်ခံလိုက်ရတာ။ သေချာတာတစ်ခုက ကိုယ်တို့ သွားတိုက်ဆေးဘူးတွေကို မညှစ်ခဲ့ကြဘူး။ ညှစ်ကြည့်ဖို့ သတိမရတော့တာ၊ ဒါမှမဟုတ် ကြက်သေသေနေခဲ့ကြတာ တစ်ခုခု ဖြစ်လိမ့်မယ်။ လင်သေမယားတစ်ယောက်က ပြားချပ်ကျန်ခဲ့တဲ့ ဘူးခွံတွေ လိုက်စုထားပြီး လင်ကိုသတိရတိုင်း ဘူးခွံထဲ အပ်တစ်ချောင်းစီ စိုက်ပေးတာ၊ ဘူးခွံနံရံကို မတော်တဆ ချော်ထိုးမိမှ လင်ဖြစ်သူလွတ်မြောက်သွားတယ်လို့ ယူဆတာ။ အပြားလိုက်ကြီး လွတ်မြောက်ဖို့ဆိုတာ တယ်မလွယ်လှဘူးဆိုတာလည်း သူတို့သိတယ်။ ကိုယ်တို့တွေဟာ သေသူက ကမ်းနဖူးမှာ အေးအေးသက်သာ တယောထိုးနေတာကို မသိဘဲ ဖိုသံပြန်ပေးနေတဲ့ ကြောင်ဖားကြီးလို မိသားစုပါပဲ။ ကိုယ်တို့ခေါင်းမွေးတွေပေါ်က သန်းတွေ သူ့အလိုလို မျိုးတုန်းသွားချိန်မှာ သူတို့ဗွက်အိုင်ထဲ လူးလိုက်ကြတယ်။ ကျွဲတွေကတော့ သေခဲ့ပြီ၊ ရှေ့တစ်ပြအလိုက သွေးစီးကြောင်းထဲ မျောနေတာဟာ ခေါင်မိုးကြားထိုးထည့်ထားတဲ့ ပုံစံတူ သွားတိုက်ဆေးဘူးတွေပေါ့။ သူတို့တွေ့နေကျ မြင်ကွင်းအတိုင်းပဲ ယုန်သေလောင်းတွေက ပင်လယ်ကို အပြားလိုက်ဖြတ်ကူးလာတယ်၊ ပန်းပဲဖိုမှာ အလျားလိုက် အထုထောင်းခံတယ်။ ကိုယ်တို့ပစ္စည်းတွေ မာကျောထောင်မတ်လာတာကိုတော့ သူတို့ ဘယ်သိလိမ့်မလဲ။ ကိုယ်တို့ထပ်ပြောတယ်၊ သူတို့ကို စော်တွေရဲ့ ရင်သားလိုသဘောထားပြီး မနှိပ်နယ်ခဲ့ကြဘူး။ အာသာပြေစေတဲ့ ကုန်ပစ္စည်းတစ်ခုအနေနဲ့လည်း မသုံးစွဲခဲ့ဖူးဘူး။ သူတို့ရဲ့ သံသယမဖြစ်ခြင်းကတော့ ကိုယ်တို့သံသယပေါ့။ ရာနှုန်းပြည့် မရိုးသားခဲ့တာမှန်ပေမယ့် ကိုယ်တို့လည်း အဖိနှိပ်ခံရသူတွေပါလို့ မျက်ရည်ချူခဲ့ကြတာ မဟာအမှားဖြစ်နေမလားပေါ့။ ကိုယ်တို့သွေးသားဆန္ဒတွေဟာ ချွတ်ခြုံကျသွားပေမယ့် သွားတိုက်ဆေးဟာ ဝယ်လိုအားအများဆုံးအနေနဲ့ ဆက်ရှိနေခဲ့တယ်။ ဘယ်သူညှစ်ထုတ်သွားမှန်းမသိရပဲ ကိုယ်တို့မှာ အုပ်စုလိုက်ကြီး အခွံပဲ ကျန်ခဲ့ရတာလေ။ အဖေဖြစ်သူပြောခဲ့တာက ရှင်ကျန်ခဲ့တဲ့ အသွေးအသားတွေဆိုတာ နေရာအနှံ့ ညှစ်ပြီးသားကိုမှ အခါခါအညှစ်ခံရတဲ့ ကုန်ခါနီးသွားတိုက်ဆေးဘူးပေါ့ကွာ။ သားဖြစ်သူကတော့ ပြားချပ်ချပ်ကိုယ်ထည်တစ်ခုကို မကြည့်ရက်တာနဲ့ လေတွေ မှုတ်သွင်းနေခဲ့တာပေါ့။ သူတို့ကို အဖုံးဖွင့်စရာတော့ မလိုဘူး။
အရာအားလုံး ပျက်စီးမသွားမီ ငါစူးစမ်းလိုတဲ့ အရာက
'ဒီနေရာမှာဒီအတိုင်း ပုံစံမပျက်လည်ပတ်နေမှုကို ရပ်တန့်ပစ်လိုစိတ်ဟာ အကြိမ်ကြိမ်အခါခါပဲ' လို့ ပြောတယ်
ဒါပေမယ့် ထိသိခွင့်မရှိဘူး ငါဟာ စိတ်မှန်းနဲ့ အမျိုးမျိုးစမ်းသပ်ကြည့်တယ်
သူတို့တွေ ဓာတ်ရောင်ခြည်ရဲ့ စူးရဲပွတ်သပ်နေမှုကို ခံနိုင်ရည်မရှိကြဘူး
လက်ဖျားနဲ့ တို့ထိရုံနဲ့ ကျုံ့ခွေသွားတတ်ကြတယ်
အဲ့ဒီအရာက မြင်းကျားရဲ့ကိုယ်ပေါ်က အရိပ်
အဲ့ဒီအရာဟာ နတ်ဘုရားမရဲ့ ဟင်းချိုအိုးထဲက တံငါရွာကလေး
သေလွန်ပြီးနောက် ရွာသားတွေရဲ့ နူးညံ့လတ်ဆတ်မှု
ရေရဲ့ ပေါ့ပါးမှုစိတ်အလျင်မှာ ရေသတ္တဝါတွေ ဦးဆောင်ခေါ်ယူလာတဲ့ သူတို့ကျောကုန်းပေါ်က လေးလံမှု
တကယ်တော့ ခုထိ ငါ တပ်အပ်မသိရသေးဘူး
အချစ်ကို စတင်သိရှိချိန်မှာ လူထုဟာ အချစ်ကို အနှီးကလေးနဲ့ထုပ်ပြီး သင်္ဂြိုလ်လိုက်ကြပြီ
ဒါပေမယ့်လည်း ရှိနေသေးတယ် ငါသိတဲ့အချစ်က ဘာနဲ့မှမတူဘူး အဲ့ဒီမှာ
မင်းမမက်ဖူးလည်း ကြားနေရမယ့် ဂြိုဟ်သားတွေလာခေါ်တယ်ဆိုတဲ့ အိပ်မက်တွေအကြောင်း
ခေါင်မိုးထပ်မှာ အပေါက်တွေကတော့ ရှိနေတုန်းပဲ ဒါတောင်မှ
မိုးရွာပါစေလို့ အမြဲဆုတောင်းနေပြီး ဘယ်တော့မှ မိုးမရွာတဲ့ညတွေကိုပဲ မင်းဟာ ကြုံနေရမယ် အဲ့ဒီမှာ
တောအုပ်ကလေးရဲ့ ရှေ့သွားတွေနဲ့ ကိုက်ဖြတ်စားသောက်ထားတဲ့ ချစ်ရသူရဲ့အရိုးတွေ ရှိတယ်
မိုးကြိုးမုန်တိုင်းတွေ ဘယ်တော့မှ မလာဘူးလို့တော့ မင်းယုံကြည်နေကောင်း ယုံကြည်ပါလိမ့်မယ်
အဲ့ဒီမှာ လူသေကောင်တွေ မတွေ့ရဘူး ဒါပေမယ့် အားလုံးဟာ ခြေပြတ်လက်ပြတ် ကိုယ်အင်္ဂါမပြည့်စုံတော့သူတွေ
ဒီလို ပျက်စီးမှုကြီးကို စောင့်ကြိုနေတဲ့ ဆိတ်ငြိမ်ခြင်းတေးသွားဟာ တိုင်းပြည်ရဲ့ ခေါင်းတိုင်ပေါ် တလူလူလွင့်တက်လို့
နတ်ဘုရားတွေက သူတို့အစီအစဉ်ထဲ ဆူပူအုံကြွမှုတွေ ထပ်လောင်းထည့်တယ်
ရယ်သံတွေဟာ တရှဲရှဲမြည်တယ် အဲ့ဒီမှာ
လေထုရဲ့ ဆွတ်ပျံ့မှုမှာ ငါတို့ မပါဝင်ကြတော့ဘူး။ ။
ကိုယ်တို့အတိတ်မှာ သူတို့အုပ်စုလိုက်ရှင်ကျန်ခဲ့ပုံများ

***
အရာအားလုံး မပျက်စီးသွားမီ ငါစူးစမ်းလိုတဲ့ အရာက