ဂါဂျွန်ရဲ့ စကားပြေသုံးပုဒ်

ဂါဂျွန်

မီးကို ကိုးကွယ်သူတွေရဲ့ တငွေ့ငွေ့ တမ်းချင်းဟာ ထာ၀ရ ပြစ်ဒဏ်သင့်ခဲ့တဲ့ နတ်ဘုရားရဲ့ ဟက်တက်ကွဲ ရင် တစ်ခြမ်း ဖြစ်ပါတယ်။ သိမ်းငှက် တောင်ပံခတ်သံကြားရင် နတ်ဘုရားရဲ့ အသည်းအိမ်ထဲက သွေးတို့ ခုန်လှုပ် လာချိန်မှာ အာခံသူရဲ့သားသမီးတို့က ယဉ်ကျေးမှုတစ်ခုကို မီးတုတ်ကိုင်ပြီး မွေးဖွားခဲ့တယ်။ ဒါပေမယ့် မျက်မ မြင်တို့ရဲ့ လက်တစ်ဖက်ထဲက မီးတုတ်ဟာ လောင်မီးအဖြစ် ကံကြီးထိုက်ခဲ့ပြီး ကျန်လက်တစ်ဖက်ထဲက ထက်မြနေတဲ့ ဓားအစင်းစင်းကတော့ ကိုယ့်ရေသောက်မြစ်တွေကို ကိုယ်တိုင် ခုတ်ပိုင်းနေခဲ့ပါတယ်။  


 

မီး ကိုးကွယ်ယုံကြည်မှု ပျောက်ဆုံးသွားရတဲ့ အကြောင်းအရင်း


တစ်နေ့တော့ လူတစ်ယောက်ဟာ သူကိုးကွယ်တဲ့ မီးကို ဆက်သဖို့အတွက် နွားတစ်ကောင်ကို တိုင်မှာချည်ပြီး အခြားရွာတစ်ရွာမှာ အမဲဖျက်တဲ့ ဓားကြီးတစ်လက် သွားရှာခဲ့တယ်။ အကြောင်းကတော့ မီးကို ဆက်သမယ့် နွားဟာ သာမာန်နွားတွေထက် အဆမတန် ကြီးမားနေတဲ့အတွက် သူ့မှာ ရှိတဲ့ ဓားတွေနဲ့ ဖျက်ဖို့ မလွယ်လို့ပဲ။ မောကြီးပန်းကြီးနဲ့ ဓားကြီးကို ထမ်းပြီး မီးကို ဆက်သမယ့် နေရာ ပြန်ရောက်တဲ့အခါ နွားကြီးဟာ ပျောက်ချင်းမလှ ပျောက်နေပါလေရော။ သူ့စိတ်ထဲမှာတော့ ငါ တစ်သက်လုံး ကိုးကွယ် ယုံကြည်ခဲ့တဲ့ မီးဟာ သူ့ကို ဆက်သမယ့် နွားတစ်ကောင်တောင် မစောင့်ရှောက်နိုင်ပါလားလို့ တွေးနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေ့မှာပဲ သူ သေဆုံးဖို့ ဖြစ်လာခဲ့တယ်။ သူ ခေါင်းချမယ့် နားမှာ မီးကိုးကွယ်သူ သူ့အမျိုးအဆွေတွေ ပတ်လည်ဝိုင်းပြီး သူသေလွန်ပြီးတဲ့အခါ ရောက်ရှိမယ့် ဘုံဘဝကို တစ်ယောက်တစ်ပေါက် ထင်ကြေးပေး ပြောဆိုနေကြတယ်။ မကြာခင်သေရမယ့်သူထက် ပိုပြီး နောက်ဘဝအကြောင်းကို ပိုသိနေတဲ့ သူ့ဆွေမျိုးတွေကြောင့် သေရမှာထက်တောင် ပိုစိတ်ညစ်လာတဲ့ အဖြစ်ကို ရောက်လာခဲ့တယ်။ ခဏနေတော့ သူ အသက်ထွက်သွားတယ်။ ဆွေမျိုးအားလုံး စုပြီး သူ့ကို မီးရှို့သဂြိုဟ်ဖို့ ပြင်တဲ့အခါ သူ့ကိုယ်ခန္ဓာ ဟာ မီးမစွဲခဲ့ပြန်ဘူး။ ဒီအဖြစ်အပျက်ကြောင့်ပဲ လူတွေဟာ မီးကို ယုံကြည်မှု ပျောက်ဆုံးသွားခဲ့ရတာဖြစ်တယ်။ 

***

အရွယ်သုံးပါး


အဘိုးကြီးတစ်ယောက် အရုပ်ဆိုင်တစ်ဆိုင်ထဲကို ဝင်လာတယ်။ အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင် ပုံစံအရုပ်လေးကို ကိုင်ပြီး “ မင်္ဂလာပါ ကျွန်တော် ဘယ်သူပါလဲ ခင်ဗျာ“ လို့မေးတယ် ။ အပင်ကတော့ ပြန်မဖြေဘူး။

တစ်ကမ္ဘာလုံးမှာ သူ့ထက်ပိုပြီး သေချင်တဲ့သူ မရှိတော့လောက်အောင် စိတ်ဓာတ်ကျနေတဲ့ လူငယ်တစ်ယောက် မီးသင့်နေတဲ့ အဆောက်အအုံတစ်လုံးထဲ ဝင်လာတယ်။ မိုးတွင်းဘက်ဆိုတော့ မှိုနံ့တွေ စွဲလို့ပေါ့ ။ တစ်နေရာ အရောက်မှာ သူနဲ့ သူ့ရည်းစားဟောင်း ပျော်ရွှင်စွာ တက်၊ ဆင်း ခဲ့ကြတဲ့ ဓာတ်လှေကားရှေ့ ရောက်လာတယ် ။ ဓာတ်လှေကားတံခါးကို (ခဲရာခဲဆစ်) ဆွဲဖွင့်ပြီး မဆိုင်းမတွပဲ “ မင်္ဂလာပါ ကျွန်တော် ဘယ်သူပါလဲခင်ဗျာ“လို့ မေးလိုက်တယ်။ ချက်ချင်းပဲ သူ့အသံ ပျောက်ဆုံးသွားတယ်။ အဲဒီနေ့ကစလို့ သူစကားပြောတိုင်း သူ့စကားသံကို ဘယ်သူမှ မကြားရတော့ဘူး။

***

အမြစ်ကြီးတဲ့ သစ်ပင်


တစ်နေ့မှာ သားသတ်သမားတစ်ယောက်ဟာ ဓားသွေးရင်း သစ်ပင်တစ်ပင်ကို ချော်ပြီး ခုတ်မိသွားတယ် ။ ပင်စည်ကသေးတော့ ချက်ချင်း ထက်ပိုင်းပြတ်ပြီး မြေပြင်ပေါ်ကို လဲကျသွားတယ်။

သစ်ပင်ဟာလည်း သက်ရှိတစ်မျိုးပါပဲလို့ လဲကျသွားတဲ့ သစ်ပင်က တွေးနေတယ် ။ အရမ်းလည်း ဝမ်းနည်းသွားတယ်။ ထက်ပိုင်းပြတ်သွားတဲ့ နေရာကနေ ထွက်လာတဲ့ အစေးတွေနဲ့ မျက်ရည်တွေ ရောထွေးပြီး စိမ့်ထွက်နေတယ်။

လှပတဲ့ သဘာဝတရားအပေါ် မိုက်မဲတဲ့ ပြစ်ဒဏ် ကျူးလွန်ထားတာတောင်မှ သားသတ်သမားက လေတချွန်ချွန်နဲ့ အိမ်ကို ပြန်ဖို့ ပြင်နေတယ် ။ လဲကျနေတဲ့ သစ်ပင်က သစ်ရွက်တစ်ရွက်ကို နှုတ်ပြီး အင်္ကျီအိတ်ထောင်ထဲ ထည့်သွားသေး။

အိမ်ရောက်တော့ သူ့မိန်းမ ပြင်ပေးထားတဲ့ ညစာကို စားပြီး အိပ်ရာဝင်တယ်။ သူ့မိန်းမ အိပ်မောကျခါနီးလောက်မှာ သားသတ်သမားဟာ လိင်မှုကိစ္စကို စတင်ပြုလုပ်တယ်။ ပွတ်သပ် နမ်းရှုံ့ပြီး ညဝတ်ဂါဝန်ကို ခပ်ကြမ်းကြမ်းလှန်လိုက်တယ်။ မိန်းမရဲ့ ယောနိထဲကို သူ့ရဲ့ လိင်တံ ထည့်ဖို့ ပြင်တယ် ။

ညကလည်း ရေနံတွင်းထဲ ပြုတ်ကျနေသလို စုံးစုံးမြုပ်အောင် မှောင်နေတယ်။ သူ့မိန်းမ ယောနိရဲ့ ထိပ်ဝမှာ ခပ်မာမာအရာဝတ္ထု တစ်ခုကို စမ်းမိတယ် ။ ပြီးတော့ သူ့လိင်တံ ထည့်လို့မရလောက်အောင်ကို တွန်းထွက်လာတယ်။

သားသတ်သမားခမျာ လန့်ဖြန့်ပြီး မီးအိမ်ကို အမြန် ထွန်းညှိလိုက်တော့ သူ့မိန်းမရဲ့ ယောနိပေါက်ဝမှာ အင်မတန်ကြီးမားတဲ့ သစ်ပင်တစ်ပင်ရဲ့ အမြစ်ကြီး တိုးထွက်နေတာကို တွေ့ လိုက်ရတယ်။ အိပ်မှုံစုံမွှား ဖြစ်နေတဲ့ မိန်းမက သားဦးရတနာလေး မွေးလာပြီလို့ ဝမ်းသာအားရ အော်ပြောလိုက်တယ်။

***