မောင်ရေချမ်းရဲ့ စကားပြေ နှစ်ပုဒ်


သေရေးရှင်ရေး ကိစ္စတွေကို ပေါ့ပေါ့တန်တန် ဆက်ဆံပြုမူတဲ့အခါ နာမကျန်းတဲ့ဟာသလို့ သမုတ်ကြပါတယ်။ ဒါပေမယ့် ဒီလို နည်းပရိယာယ်ကို ပြောင်းပြန် လှည့်သုံးတဲ့အခါမှာတော့ အခုဖော်ပြလိုက်တဲ့ အရေးအသားမျိုး ဖြစ်လာပါတယ်။ ယောက္ခမနဲ့ ရန်ဖြစ်လို့ အချိန်ခရီးသွားတဲ့ အဖြစ်တွေပေါ့။ ဥပေက္ခာဆန်တဲ့ ဇာတ်ပြောသူတစ်ယောက်ရဲ့လေသံနဲ့ နိစ္စဓူ၀ဆန်သလို ရွဲ့စောင်းဖောက်ပြန်နေတဲ့ အဖြစ်အပျက်တွေကြားက ကွာဟမှုဟာ လည် ချောင်းထဲ ယားတက်လာတဲ့ ဝက်ဝက်ကွဲရယ်မောသံကို ကန်ထွက်လာစေတတ်ပါတယ်။ 



ဦးဇင်းလေးရဲ့ကိုတင့် ပြဿနာ 


ဦးဇင်းရဲ့ နေ့စဉ်ဘဝက ရိုးရိုးပဲ၊ စင်းစင်းပဲ။ ကျောင်းမှာ ဦးဇင်းလေးအပြင် ကိုရင်လေး (၃)ပါးပဲ ရှိတော့ ဦးဇင်းလေးက ကျောင်းထိုင်လိုလို၊ ဘာလိုလိုပေါ့။ တကယ်တော့ အဲဒါက ဦးဇင်းလေးရဲ့ ဘကြီးကျောင်းပါ။ ဦးဇင်းလေး ဘကြီးက နယ်မြို့လေးတစ်မြို့က ကျောင်းကို တစ်ဝါတွင်းလောက် ဆိုပြီး ပြန်ကြွသွားတာ ၊ ပြီးတော့ အဲဒီမှာ ပျော်လို့ ထင်ပါရဲ့ လေး၊ငါးဝါအထိ မြို့ကို ပြန်မလာတော့ဘူးလေ။ အဲဒါနဲ့ ဦးဇင်းတစ်ပါးတည်း ဒီမှာ ကျန်ခဲ့တယ် ဆိုပါတော့။ ဦးဇင်းလေးဘကြီးက တစ်ခါက ပြောဖူးတယ်။ "တစ်ခါက" လို့ သုံးနှုန်းပေမယ့် တကယ်တော့ တစ်ခါ မကပါဘူး။ သူ့ကိုယ်သူ ပြောသလိုလိုနဲ့ ဦးဇင်းလေးကို ပြောတဲ့သတိပေးစကားပါပဲ။ "မြို့ပြဆိုတာ တော်တော်ရှုပ်တယ်"တဲ့။ ဦးဇင်းလေးကတော့ ထွေလီပွေလီတွေးမနေပါဘူး။ အဓိက ကိုယ်က ရိုးရိုးနေဖို့ပဲ လို့ ထင်မိတာလည်း ပါတာပေါ့။ အဲဒီလို သဘောထားနဲ့ ရိုးရိုးနေခဲ့တဲ့ ဦးဇင်းလေးရဲ့ဘဝထဲကို ကိုတင့်ရောက်လာပြီး မကြာမီ ငါးပါးမှောက်တော့တာပါပဲ။ ဖြစ်ပုံကို ပြောဖို့ ကိုတင့်အကြောင်းကို အရင်ပြောရမယ် ထင်တယ်။ ကိုတင့်ဆိုတာက ဦးဇင်းလေးတို့ ကျောင်းနားက ဖုန်းဆိုင်ကဘဲ။ အဲဒီဘဲက ကျောင်းကို ဟိုဟာလေး ဒီဟာလေး လာလှူတယ် ။ အဲဒါတာ ပထမပိုင်းက ၊ အဲဒီနောက် အလာစိပ်လာပြီး ညနေဆို ဇီးဖျော်ရည်လေးတွေ ဦးဇင်းလေးကို ကပ်တယ်။ ကိုတင့်ကပ်တဲ့ ဇီးဖျော်ရည်လေး သောက်ပြီး ဦးဇင်းလေးမှာ နေလို့ကောင်းသား ထင်နေတာပေါ့။ ခေါင်းထဲမှာ ရီတီတီ၊ ရိပ်တိတ်တိတ်လေးနဲ့လေ။ လေး၊ ငါးလ နေတော့မှ ကိုတင့်က အဲဒီဇီးရည်ဖျော်ရည်ထဲမှာ ဝီစကီလေးတွေ နည်းနည်းပေါက်ထားတယ် လို့ ဦးဇင်းလေးကို ဖွင့်ပြောတော့ ဦးဇင်းလေးလည်း စိတ်မဆိုးမိတော့ပါဘူး။ "ထပ် ကပ်လှူစေ. .ကိုတင့်ရေ" ပေါ့ ၊ အဲဒီလိုပဲ ထားလိုက်တယ်။ နောက်ကျတော့ "ဦးဇင်းလေး တံတားကြီးနားမှာ အလန်းတွေ ရတယ်" ဆိုတာမျိုး ကိုတင့်ဆီက အဆန်းတကြယ်တွေပါ ကြားလာရတယ်။ အဲဒီလို ကြားခါစကဆို ကိုတင့်ကို ကျောင်းဝန်းထဲ နောက်မလာနဲ့ ဆိုပြီး မောင်းထုတ်ဖို့တောင် ဦးဇင်းလေး စိတ်ဖြစ်သေးတယ်။ ဘယ်နှယ့် မဖွယ်မရာတွေလေ။ ဒါပေမဲ့ . . ကိုတင့်အပေါ် သံယောဇဉ်လေးကလည်း ဖြစ်နေပြီ ဆိုတော့ ဒီတိုင်းပဲ လွှတ်ထားလိုက်မိတယ်။ အဲဒါနဲ့ ကိုတင့်က လေး၊ငါး၊ ခြောက်ခါ မကဘူး။ ခဏခဏ အဲဒီအကြောင်းပဲ ပြောဖန်များလာတော့ တစ်ရက် တစ်ညနေမှာ ဇီးဖျော်ရည်လေး သောက်နေတုန်း "အဲဒါဆိုလည်း ဒီည ခေါ်ခဲ့စမ်း ခေါ်ခဲ့စမ်း" ဆိုပြီး ဦးဇင်းလေးလည်း စိတ်ပေါက်ပေါက်နဲ့ ပြောချလိုက်တယ်။ ဦးဇင်းရဲ့သြဝါဒကို ဦးထိပ်ထားလို့ ကိုတင့်ဟာ အဲဒီနေ့ည (၁၁) နာရီကျော်လောက်မှာ ကျောင်းဝန်းထဲကို သူ ပြောတဲ့ "အလန်းစား" ဆိုတဲ့ ဘာမှန်းမသိတာကြီး ခေါ်ချလာပါရော။ ဦးဇင်းလေးလည်း ထိန်းသိမ်းပါသေးတယ်လေ။ ဒါပေမဲ့ . . .

ပြဿနာက နောက်နေ့ညနေ ကိုတင့် ဇီးဖျော်ရည်လာလှူတဲ့အခါ စတော့တာပဲ။ ဇီးဖျော်ရည်လေး သောက်နေတုန်း ရှိသေး ၊ ကိုတင့်ပေါ့ ၊ ကိုတင့်လေ . .ဦးဇင်းလေးကို ဘာပြတယ် မှတ်တုန်း။ ဖုန်းလေ ၊ ဖုန်း . . .သူ့ဖုန်းကို ပြတာ။ အဲဒီမှာ ညတုန်းက ဦးဇင်းလေးရဲ့ဗီဒီယိုင်ဖိုင်ကြီး။ "ဟေ့ကောင် . .ကိုတင့် ဘာလုပ်ထားတာလဲ ဖျက်ပစ် အခုဖျက်" ဆိုတော့ ရယ်လည်းမရယ်ဘူး။ ကိုတင့်က ခပ်တည်တည်နဲ့ "ဆိုင်မှာ သိမ်းထားတဲ့ ဖုန်းထဲမှာလည်း ရှိသေးတယ်" တဲ့။ "ဒါက ပထမပိုင်း" တဲ့ ။ "ဟာ" ဆိုတဲ့ အသံကြီး ဦးဇင်းလေး ပါးစပ်က ထွက်သွားရုံကလွဲပြီး ဘာပြောရမှန်းကို မသိတော့ဘူး။ နောက် ခဏကြာတော့ ကိုတင့်က "ဦးဇင်းလေး ဟိုတလောက ကျောင်းပြန်ပြင်မယ် ဆိုတဲ့ ပိုက်ဆံတွေလေ" တဲ့။ ဦးဇင်းလေးလည်း ဘာဆက်ပြောရမှန်းမသိတာနဲ့ "အင်း" လို့ပဲ ဇီးဖျော်ရည်လေး စုပ်ရင်း ထောက်ပေးမိတယ်။ အဲဒီနေ့ကပေါ့ ၊ ကိုတင့် ဦးဇင်းလေးဆီက (၃၅) သိန်းယူသွားတာ။ အဲဒါ ( ၂) လ ကျော်လောက် ရှိပြီ။ မနေ့ကလည်း ရေတွင်းတူးဖို့ စုထားတဲ့ ပိုက်ဆံတွေကိစ္စ ကိုတင့် မေးသွားတယ်။ အဲဒါကြောင့် . .နေ့ဆွမ်းလေး စားပြီး ကိုတင့်ကို ဦးဇင်းလေး စောင့်နေရတာ။ မိုးတွေကလည်း တအားသည်းလို့ ၊ ကိုတင့်တစ်ယောက် လာမှလာပါ့မလား ဆိုပြီး ဦးဇင်းမှာ တွေးရင်း ဟင်းခနဲ သက်ပြင်းပဲ ချမိတော့တယ်။ ။

***

ကျော်ဇင်ထွန်း အချိန်ခရီးသွားခြင်း 


ကျော်ဇင်ထွန်းရဲ့အချိန်ခရီးသွားခြင်းဟာ ယောက္ခမနဲ့ကွိုင်တက်တာက စတယ်။ "ငါ့သမီးကို ယူထားပေမယ့်နော် ၊ ငါ့သားမက်တော့ ငါ့သားမက်ပဲ အဲဒီစောက်ချိုးမျိုးလာချိုးလို့ မရဘူး သိလား" လို့ အမြဲပြောတယ် အဘွားကြီးက။ အဲဒီလို ပြောရုံလောက်ဆို သည်းခံလို့ရပါသေးတယ်။ ဒါပေမဲ့ ...အဲဒီထက် ပိုဆိုးတာက "ငါ့အမေ ဒေါ်သိန်းအေးကိုလည်း အဲဒါမျိုး နင်သွားလုပ်လို့မရဘူး ၊ ငါ့ယောင်္ကျားဆို ငါ့အမေရှေ့မှာ ငြိမ်ကုပ်နေရတာပဲ" ဆိုတာကလည်း မကြာခဏ ပါသေးတယ်လေ။ အဘွားကြီးရဲ့အထာက မျိုးနဲ့ ရိုးနဲ့ သားမက်နိုင်တယ်ပေါ့လေ။ အဲဒီတော့ ...ကျော်ဇင်ထွန်း တင်းတာပေါ့။ ဘယ်နှယ့် ၊ တစ်ခါမှ မမြင်ဖူးတဲ့ သူ့အမေဒေါ်သိန်းအေးနဲ့ပါ သူက ခြိမ်းခြောက်သေးတာလေ။ ကျော်ဇင်ထွန်းယောက္ခမတောင် အသက် (၆ဝ) ကျော်ပြီဆိုတော့ ..သူ့အမေ ဒေါ်သိန်းအေးသာ ရှိမယ်ဆိုရင် (၈ဝ) ကျော် ၊ (၉ဝ) ဝန်းကျင်ပေါ့။ အမျိုးစပ်ကြည့်မယ်ဆိုရင် သူ့မိန်းမရဲ့အဘွားပေါ့။ သူ့ယောက္ခမရဲ့ကျက်သရေမရှိတဲ့ပါးစပ်ကနေ အဲဒီလို အဓိပ္ပာယ်မရှိတဲ့စကားတွေ ခဏခဏကြားရတာများတော့ ...ကျော်ဇင်ထွန်း အချိန်ခရီးသွားဖို့ ပြင်တယ်။ အဲဒီဒေါ်သိန်းအေးဆိုတဲ့ အဘွားကြီးကို သွားတွေ့ဖို့လေ။ သွားချင်စိတ်ကလည်း တော်တော်ဖြစ်နေပြီ။ အဲဒါနဲ့ပဲ ... ကျော်ဇင်ထွန်းဟာ လွန်ခဲ့တဲ့အနှစ်(၆ဝ) လောက်ကို အချိန်ခရီးသွားခဲ့တယ် ဆိုကြပါတော့။ ချုံ့ပြောရရင်တော့ ... ဒေါ်သိန်းအေးကိုလည်း တွေ့ခဲ့ပါတယ်။ အရွယ်ကောင်းဆဲဖြစ်တဲ့ ဒေါ်သိန်းအေးအပြင် ဒေါ်သိန်းအေးရဲ့လင်၊ (သူ့ယောက္ခမကြီးရဲ့အဖေ၊ သူ့မိန်းမရဲ့အဘိုးလို့ သူတို့ လက်ရှိကာလမှာ ယူဆနေသော ဦးညွန့်သောင်းကိုပါ တွေ့ခဲ့သေးတယ်) ကျော်ဇင်ထွန်း ဘာလုပ်တယ် မှတ်တုန်း။ လင်ငယ် လုပ်တယ်လေ။ ဒေါ်သိန်းအေးရဲ့လင်ငယ်လုပ်တာပေါ့။ ပြီးတော့ ...ဒေါ်သိန်းအေးသားအိမ်ထဲကို သူ့သုတ်ပိုးတွေ သေချာထည့်တာပေါ့။ တစ်နေ့တော့ ..ဒေါ်သိန်းအေးရဲ့နှုတ်က ကျော်ဇင်ထွန်းကို "ကလေးရနေပြီ ထင်တယ်" လို့ ပြောတဲ့အခါ ကျော်ဇင်ထွန်းလည်း အဲဒါ သန္ဓေယုတ် ငါ့ယောက္ခမ ဖြစ်လာမယ့် မသာမကြီးပဲ နေလိမ့်မယ်လို့ တပ်အပ် ယူဆပြီး အချိန်ခရီးသွားရာကနေ ပြန်လာခဲ့လိုက်တယ်။ ပြီးတော့မှ ...အိမ်မှာ နေချင်သလိုနေတယ်။ နောက်နေ့မနက်မှာ "ငါ့သမီးကို ယူထားပေမယ့်နော် ၊ ငါ့သားမက်တော့ ငါ့သားမက်ပဲ အဲဒီစောက်ချိုးမျိုးလာချိုးလို့ မရဘူး သိလား" လို့ ကျော်ဇင်ထွန်းရဲ့ယောက္ခမက ထုံးစံအတိုင်းပဲ ပြောပါတယ်။ အဲဒီအခါတော့ ...ကျော်ဇင်ထွန်းဟာ အရင်လို ငြိမ်မနေတော့ဘူး။ ဘယ်ငြိမ်နေမလဲ ၊ အချိန်ခရီးသွား_ ကျော်ဇင်ထွန်းဖြစ်ခဲ့ပြီလေ ၊ မဟုတ်ဘူးလား။ ကျော်ဇင်ထွန်းဟာ စီးကရက်လေးကို ဖွာခနဲ ပြာချွေလိုက်ရင်း "ဒေါ်သိန်းအေး လင်ငယ်နေခဲ့လို့ မွေးလာတဲ့ မသာမကြီးကများ" လို့ အဆုံးမရှိ၊ အစမရှိ ပြောလိုက်တယ်။ 

***