Sjon ရဲ့ကဗျာ သုံးပုဒ်- အောင်မြတ်မင်း

အောင်မြတ်မင်း

Sjon သည် အိုက်စလန်းလူမျိုး ကဗျာဆရာ၊ တေးရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ နှင့် ပါဖောစ်မင့် အနုပညာရှင်တစ်ယောက် ဖြစ်သည်။ ဆာရီယယ် ပါဖောစ်မင့် အနုပညာအဖွဲ့ ‘Medusa’ ၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။ ကဗျာစာအုပ် ဆယ့်တစ်အုပ်၊ နော်ဗယ်နှင့် ပြဇာတ်များ၊ ဇာတ်ညွှန်းများနှင့် အိုက်စလန်း အဆိုတော် Bjork အတွက် တေးစာသားများကို ရေးသားခဲ့သူ ဖြစ်သည်။  သူ၏ ကဗျာများကို ဆာရီဆန်သည်၊ ဆန်းကြယ်သော ရသခံစားမှုကို နှိုးဆွပေးနိုင်သည် ဟု ပြောဆိုမှတ်ချက်ပေးလေ့ရှိကြသည်။ 


 

ခြောက်ဆယ့်ရှစ်ပုံစံထဲက ငါတို့ သင်ယူခဲ့ရသမျှ


ယနေ့စီးပွားရေးက အရှေ့ခြမ်း ပုံနှိပ်တိုက်မှာ ဖြစ်ထွန်းနေတယ်။
တစ်ကမ္ဘာလုံးမှာလည်း အဲဒီအတိုင်းပဲ။

လိုက်ဆိုကြ…။

မြေအောက်ရထားစီးတဲ့ ဘုန်းတော်ကြီးတွေကို
ခရီးသည်လို့ ခေါ်တယ်။
ဟနိုဗာက ရေခဲပြင်ပစ်ဒိုး မှန်သမျှ
အိုဆာကာက မီးပန်းဆိုင်း မှန်သမျှ
နူခ်က ကြောင်ခြေရာ မှန်သမျှ
ငါနိုးထလာတဲ့အချိန်ကျ သင်တို့ ပိုင်စေရမယ်။
ဆိုက်ရောက်ချိန်ပြ ဒိုင်ခွက်ထဲက လင်းနို့တစ်ကောင် ခိုနေတဲ့ နေရာဟာ
သင်တို့ရဲ့ အိမ်ဖြစ်တယ်။

လိုက်ဆိုကြ…။
ဘယ်ဘက်လက်မှာ ခြေငါးချောင်း ရှိတယ်။
ပျားရည်၊ လေလည်နံ့၊ ကတ္တီဂတ်*ဘစ္စီ**…။
ဝင်ဘလမ်ဒန်က လုံခြုံရေးလက်အိတ် မှန်သမျှ
ဇေဗစ်ရှ်ဖျိုရ်*** က ငှက်မွှေးတောင် မှန်သမျှ
ဟာရာရီက သကြားခွက် မှန်သမျှ
ငါနိုးထလာတဲ့အချိန်ကျ သင်တို့ ပိုင်စေရမယ်။
အသားကြိတ်စက် ပိုင်ရှင်ရဲ့ သမီး ရေချိုးတဲ့နေရာဟာ
သင်တို့ရဲ့ အိမ်ဖြစ်တယ်။

လိုက်ဆိုကြ…။
ဟောဒေါ် လဇ္ဇနက် ရေးတဲ့ ဝထ္တု ‘အချုပ်အခြာပိုင်သူများ’
တတိယအကြိမ် သုံးထောင့် တစ်ရာ ရှစ်အုပ်မှာ
bjartur í sumarhúsum ကို ကာလော့တာ မြို့တော်ဝန် လို့ ခေါ်တယ်။
ရီယိုက ဘတ်စ်ကားလက်မှတ် မှန်သမျှ
ကာကတ်က အောက်နှုတ်ခမ်းတွေ မှန်သမျှ
ဘေဆယ်က ကုတ်အင်္ကျီ ချိတ်စင် မှန်သမျှ
ငါနိုးထလာတဲ့အချိန်ကျ သင်တို့ ပိုင်စေရမယ်။
စွတ်ပြုတ် ဇွန်းထဲ ထယ်ရေးထင်တဲ့ နေရာဟာ
သင်တို့ရဲ့ အိမ်ဖြစ်တယ်။

စွယ်စုံကျမ်းထဲမှာ သန်းတစ်ကောင်နဲ့ အပြာရောင်ဝေလငါးတစ်ကောင်
ဆုံကြတဲ့အခါ သူတို့ဟာ အရွယ်တူ အတိုင်းတူ ဖြစ်တယ်။
နိုင်ငံ့အလံတွေပေါ်က အရောင်တွေ ကွယ်ပျောက်သွားတဲ့ တစ်နေ့
ကမ္ဘာမြေဟာ တောင်ပံခတ်လိမ့်မယ်။


*Kattegat = Julandic ကျွန်းဆွယ်ထဲရှိ ဗိုဒ်ကင်းများ နေထိုင်ခဲ့ကြောင်း ပြောစမှတ်ရှိသည့် ပင်လယ်ရေပိုင်နက်။

** Bessi = ဥရောပ အရှေ့တောင်ဘက်ခြမ်းရှိ Trace ဒေသ၏ မြောက်ပိုင်းတွင် နေထိုင်သည့် တိုင်းရင်းသားများ။

ဇေဗစ်ရှ်ဖျိုရ်***= အိုက်စလန်း မြို့တစ်မြို့အမည်၏ အနီးစပ်ဆုံး အသံထွက်

(All the things which we learn in sixty-eight form)

***

ခဲများ


ကျုပ်ရဲ့ ခေါင်းကို ခဲမှန်ဖူးတယ်။
ကျုပ်မျက်စိရှေ့မှာတင် ကျုပ် ဇနီးဟောင်းရဲ့ ခေါင်းကို ခဲမှန်ဖူးတယ်။
ဒီကနေ့ နေ့လည်တုန်းက လုပ်ဖော်ကိုင်ဖက်တစ်ယောက် ခေါင်းကို ခဲမှန်သွားတာ
ကျုပ်တွေ့ခဲ့ရတယ်။
ကြောင်တစ်ကောင်က သူ့ခေါင်းဆီ တည့်တည့်ဝင်လာတဲ့ ခဲကို ရှောင်လိုက်တာ
ကျုပ် တွေ့ခဲ့ရတယ်။
ခဲတစ်လုံးက မီးဖိုချောင်း ပြတင်းမှန်ကနေ ဖောက်ဝင်ပြီး စားဖိုမှုးရဲ့ ခေါင်းကို မှန်သွားတာ
ကျုပ်တွေ့ခဲ့ရတယ်။
ခေါင်းကို ခဲမှန်ပြီး ဆယ့်ငါးမိနစ်အတွင်း အသက်ပျောက်သွားတဲ့ နွားရိုင်းတစ်ကောင်ကို
ကျုပ်တွေ့ခဲ့ရတယ်။
ဘုန်းတော်ကြီးရဲ့ ခွေးကို ခွဲစိတ်ပေးခဲ့တဲ့ တိရိစ္ဆာန်ဆရာဝန်က အဲဒီခွေး ခေါင်းကို ခဲမှန်ပြီး
သေတာလို့ ယုံကြည်နေတယ်။
ကျုပ်ကြီးပြင်းခဲ့တဲ့ လယ်ခင်းထဲက လယ်သမားတစ်ယောက်ရဲ့ အကြီးဆုံးသားက ခေါင်းကို
ခဲမှန်ပြီး ဆုံးသွားတယ်။
မနေ့တုန်းက လမ်းမပေါ်မှာ ခဲလေးလုံးကို ကျုပ် တွေ့ခဲ့တယ်။
တနေ့တုန်းက ခဲသုံးလုံး။
ကျုပ်က လန်ဒန်မြို့ အခြေစိုက် တွင်းထွက်သတ္တုဗေဒ ပညာရှင် အသိုင်းအဝိုင်းနဲ့
စာပေးစာယူ အဆက်အသွယ်ရှိတယ်။
ကျုပ်ရဲ့ အိုက်စလန်းခဲအစီရင်ခံစာတွေကို သူတို့က ဖတ်ပြီး
သူတို့သာဆိုရင် ရေလျာဗစ်မှာ တစ်ရက်တောင် ခံမှာမဟုတ်ဘူးလို့ အတွေးဝင်သွားကြတယ်။
ကျုပ်တောင် အလတ်ကြီးရှိသေးတာ၊
ဒီမှာ သူတို့လို ပညာတတ်တွေက ပိုလို့တောင် အန္တရာယ်ကင်းဦးမယ်လို့
ကျုပ်က အကြောင်းပြန်လိုက်တယ်။

(Stones)

***

အဂ္ဂိရတ်ဆရာတစ်ယောက် အကြောင်း


သူက လူနာကုတင်ဟောင်းပေါ်မှာ
ညအိပ်ဝတ်စုံကို ချုပ်ရိုး ထိုင်ဖြေနေတယ်။
တစ်ယောက်ယောက်က သူ့ကိုယ်ပေါ် ဂျုံစေ့တွေ ကြဲချလိုက်တော့
သူက ပိုးဖလံတစ်ကောင်နဲ့ တူသွားတယ်။
သူ့ရဲ့ခေါင်းက နံရံကို မှီထားတယ်။
သူ့ရဲ့နဖူးပေါ်မှာ ရုပ်ရှင်တစ်ကားကို အနှေးပြကွက်နဲ့ ပြသနေတယ်။
ဆံနီမလေးတစ်ယောက်က မူးနေတဲ့ နှုတ်ခမ်းတွေနဲ့
သီချင်းတစ်ပုဒ်ကို အသံလုံလုံ သီဆိုနေတယ်။

(About the Alchemist)