ကျော်ခေါင်လင်းရဲ့ ကဗျာသုံးပုဒ်
ကာလတွေမှာ ဝေဒနာဆန်ဆန် အကြင်နာတွေကို မသိုးမသန့် ၊ မရဲမဝံ့ အရဲစွန့်လက်ခံခဲ့ကြတဲ့ ကျွန်မတို့နှစ်ယောက်
ဆွေးနွေးပွဲတွေ ဆက်တိုက်ဆက်တိုက် ၊ တစ်ခါဆွေးနွေးပြီး တစ်ဘဝ ဝေးကြဖို့လား ၊ ကျွန်မအသွေး ဆွေးနွေးပွဲတွေ အသား မြှားတွေ အကုန်လုံးရဲ့ လားရာက ကြိုတင် ကြံစည်မှုမပါဘဲ အမြဲလိုလို ရှင့်ဆီပါပဲ ။
သန်းခေါင်ယံတံခါးကို ဖြည်းဖြည်းဖွင့်လိုက်ပေမဲ့ ပတ်တာကနေ "ဂျွီ" ဆိုပြီး ငြိမ်သက် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တဲ့ အသံတစ်ခုလို ၊ ဟိုင်းဝေးလမ်းမပေါ် 120 mph နဲ့မောင်းလာတဲ့ ကားပေါ်က ကုန်ခါနီး စီးကရက်လို ၊ ပတ်သက်ခဲ့ရသမျှဟာ ခေးရော့စ်(Chaos) ဖြစ်စဉ်ပေါ့ ၊ ရေဝဲထဲမကျခင် ပုလဲနက်ပေါ်မှာ ဘာဘိုဆာက ကောင်းချီးပေးပြီး လက်ထပ်ခဲ့ရတဲ့ အဲလိစ်ဘက်လို ကျွန်မ ၊ နှလုံးသားသေတ္တာကို ပိုက်ပြီး ဆယ်နှစ်ဆိုတဲ့ သက်တမ်းကို မျှော်လင့်ချက်နဲ့ စောင့်မျှော် ရထားပေါ်က လူတစ်ယောက်လို ၊ ကျွန်မဟာ ကလစ်ဆို ဆိုတာကို ရှင်မေ့သွားပုံပဲ ။
ဒီတစ်ခါ သံလိုက်အိမ်မြှောင်က ရှင့်ဆီမညွှန်ပြတော့ဘူးလေ ၊ ညွှန်ပြနေတဲ့နေရာကို သွားတူးကြည့်လိုက်တော့ ဟော... ကျွန်မတို့နှစ်ယောက်ရဲ့ မီးရောင်မှိန်မှိန်အောက်က ရယ်သံတွေ ၊ ကွမ်းတံတွးတွေ ပေနေတဲ့ Air Force 1 ဖြူဖြူတစ်ရံ ၊ ရှင်ဝယ်ပေးခဲ့ဖူးတဲ့ Saigon ဆေးလိပ်ဗူးခွံတွေ မရေမတွက်နိုင်အောင် ၊ ရွာချရန် အသင့်ဖြစ်နေတဲ့ မျက်ရည်တိမ်စိုင်တွေ ၊ ဖြစ်စဉ်တွေက ဝိုးတဝါးပုံရိပ် ။ တဟုန်ထိုး ချဉ်းကပ်လာတဲ့ ကဗျာဓာတ် ၊ တအိအိရွေ့လာတဲ့ ရှင့်စကားလုံးတချို့၊ အလိမ်အညာ မပါဖို့ ။ စကားလုံးမှိုတွေမှာ အဓိပ္ပာယ်အဆိပ်တွေပါတော့ မှိုဆိပ်သင့်တဲ့ ယူဆချက်လို ကျွန်မမျက်ရည် ၊ မွလျှက်ကြွေပြီ။
ဒီတစ်ခါ သံလိုက်အိမ်မြှောင်က ရှင့်ဆီမညွှန်ပြတော့ဘူးလေ ၊ ညွှန်ပြနေတဲ့နေရာကို သွားတူးကြည့်လိုက်တော့ ဟော... ကျွန်မတို့နှစ်ယောက်ရဲ့ မီးရောင်မှိန်မှိန်အောက်က ရယ်သံတွေ ၊ ကွမ်းတံတွးတွေ ပေနေတဲ့ Air Force 1 ဖြူဖြူတစ်ရံ ၊ ရှင်ဝယ်ပေးခဲ့ဖူးတဲ့ Saigon ဆေးလိပ်ဗူးခွံတွေ မရေမတွက်နိုင်အောင် ၊ ရွာချရန် အသင့်ဖြစ်နေတဲ့ မျက်ရည်တိမ်စိုင်တွေ ၊ ဖြစ်စဉ်တွေက ဝိုးတဝါးပုံရိပ် ။ တဟုန်ထိုး ချဉ်းကပ်လာတဲ့ ကဗျာဓာတ် ၊ တအိအိရွေ့လာတဲ့ ရှင့်စကားလုံးတချို့၊ အလိမ်အညာ မပါဖို့ ။ စကားလုံးမှိုတွေမှာ အဓိပ္ပာယ်အဆိပ်တွေပါတော့ မှိုဆိပ်သင့်တဲ့ ယူဆချက်လို ကျွန်မမျက်ရည် ၊ မွလျှက်ကြွေပြီ။
အင်းလျားက မြက်ပင်တွေအဖြစ် ၊ ဆားမထည့်လိုက်ရတဲ့ ကြက်ဥမွှေကြော်ပဲဖြစ်ဖြစ် ၊ အရာရာဟာ ညစ်ညူးစရာ ၊ အပြာရောင်ကော်ဖီဆိုင်* မှာ အမှတ်တရလက်ဆောင် ၊ ကျွန်မရဲ့ နီညိုရောင် ဆံပင်ရှည်ဟာ ရှင်ရဲ့ သွေးကြောပမာ ။
ငေးမောကာ ရှင်ရပ်နေတုန်း ကျွန်မ ရထားထွက်သွားပြီလေ ၊ လေထုထဲက အပြုံးချိုချို ၊ မြောက်အရပ်ပဲပြတော့တဲ့ သံလိုက်အိမ်မြှောင် ၊ အူလမ်းကြောင်း တစ်လျှောက် စီးဆင်းသွားတဲ့ ဝက်ရည်ဆမ်းထမင်းကြော် ။ ဆယ်နှစ်ပြည့် ၊ ရှင်ရထားမမှီတော့ ကမ်းကပ်လို့ ဘယ်ရပါ့မလဲ ၊ ကျွန်မ မတတ်နိုင်တဲ့အဆုံး အလွမ်းပြေ ရှင့်နှလုံးသားကိုထုတ်ကြည့်မယ် အလုပ် ၊ သေတ္တာဖွင့်လိုက်တော့ အထဲမှာ ကျွန်မ ။ အဲလိစ်စဘက်လို ကလစ်ဆိုလို ကျွန်မ ။ သေတ္တာထဲမှာ ကျွန်မဟာ ဆယ်နှစ်တိတိ။
***
ငါ အဲ့နေ့က မသတ်ခဲ့ဘူး
အခု တရားသူကြီး ၊တရားလိုရှေ့နေနှင့် ပိုးဟပ်မိသားစုက ငါ့ကို စိုက်ကြည့်နေခြင်းကို ခံစားနေရတယ်။
ငါ ဝက်ခြံ ထဲရောက်
နှင့်နေပြီ။ ငါအဲ့နေ့က မသတ်ခဲ့ဘူး။
သူတို့ငါ့ကို စွပ်စွဲတာတော့ ငါ ပိုးဟပ်
တစ်ကောင်ကို သတ်ခဲ့တယ်ဆိုလား။
ငါဟာ ပိုးဟပ်တစ်ကောင်ကို ခြေတွေဖြုတ် ၊ ပြီးတော့မှ တောင်ပံကို တစ်ချပ်ချင်းစီခွာ ၊ ရေနွေးဆူဆူထဲ ထည့်ပြီးသတ်ခဲ့တာတဲ့။ အရှင်လတ်လတ် ပြုတ်ရတာ အားမရလို့ ပြုတ်ပြီးသား နူးနေတဲ့ ၊ တောင်ပံတွေ ကင်းမဲ့နေတဲ့ သနားစရာပိုးဟပ်ကို ငါက ထပ်ပြီး မီးရှို့သတ်ခဲ့တယ်တဲ့။
ငါအဖေတုန်းကလဲ လိပ်ပြာတစ်ကောင်ကို သတ်ခဲ့လို့ ထောင်ကျခဲ့ဖူးတယ်။ သူက တကယ်သတ်ခဲ့တာ။ လိပ်ပြာတွေကို မုန်းတီးစိတ်နဲ့ ရက်ရက်စက်စက် သတ်ခဲ့တာ။ သူထောင်ထဲမှာတောင် ယင်ကောင်တစ်ကောင်ကို သတ်ခဲ့လို့ ထောင်ကျနေတဲ့ လိပ်ပြာတစ်ကောင်ကို ထပ်သတ်ခဲ့သေးတာ။ ငါ့အကိုလဲ ဘာထူးလို့လဲ။ သူလဲ ပုရွက်ဆိတ်တစ်ကောင်ကို သတ်ဖူးလို့ ထောင်ကျဖူးတာပဲ။ သူက ငယ်ငယ်ကထဲက အရမ်းရိုးသားချင်ဟန်ဆောင်တတ်တဲ့ကောင် အဲ့သောက်ကျင့် အကူအညီကြောင့်ပဲ သူ ထောင်ထဲမှာ ၁ နှစ်ပြည့်အောင်တောင် မနေခဲ့ဘူး။
အခု ငါ့ အလှည့်ပေါ့။ ငါတို့ ရပ်ကွက်ထဲမှာတော့ ငါတို့မိသားစုဟာ အင်းဆက်တွေကို အပျင်းပြေ သတ်တယ်ဆိုပြီး လူပြောများကြမှာပဲ။ ဘုံဆိုင်မှာဖြစ်ဖြစ် လမ်းထိပ်က အကြော်တဲမှာဖြစ်ဖြစ် ကွမ်းယာဆိုင်မှာဖြစ်ဖြစ် အပြောများဆုံးက ငါတို့ မိသားစုအကြောင်းပဲ။ ငါ့အဖေက လိပ်ပြာကို ဘယ်လိုသတ်ခဲ့တာ၊ ငါအကိုက ပုရွက်ဆိတ်ကို မတော်တဆ သတ်မိတာ အဲ့လိုကိစ္စတွေကို အာချောင်နေကြတာ ငါငယ်ငယ်ကတည်းက။ ဒါပေမယ့် အခုကိစ္စမှာ ငါမသတ်ခဲ့ဘူး။
တရားသူကြီးက ငါ့အဖေနာမည် ၊ပြီး ငါ့နာမည် ၊ နေရပ် မြို့နယ် အစဉ်လိုက် ရွတ်တယ်၊ ပြီးတော့ အောက်ပါအတိုင်း အမိန့်ချမှတ်လိုက်တယ် ဆိုပြီး ထောင်သုံးနှစ် အမိန့်ချတယ်ဆိုတာပဲ ငါကြားလိုက်ရတယ်။ ငါမသတ်ခဲ့ဘူး၊ ငါသိတာက ငါမသတ်ခဲ့ဘူးဆိုတာပဲ။ သူတို့ကတော့ ငါ့ကို ပိုးဟပ်တစ်ကောင်ကို ရက်ရက်စက်စက်သတ်မှု ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ထောင်သုံးနှစ်ချလိုက်ပြီပေါ့။ အကယ်၍ ငါသတ်ခဲ့မယ်ဆိုရင်တောင်
ငါသတ်ခဲ့တာ ပိုးဟပ်တစ်ကောင် မဟုတ်ဘူး၊ သောက်ကျင့်မကောင်းတဲ့ ခွေးတစ်ကောင်ပဲ ။
အဲ့ခွေးက ငါငယ်ငယ်ကတည်းက ငါ့မုန့်ကို လုစားတယ်၊ ငါ့စာအုပ်တွေကို အတင်းလုတယ် ၊ ငါ့ကို အိမ်သာမှာ ခနခနဟောင်တယ်။ ငါအဲ့ခွေးကို သတ်ခဲ့တုန်းက ငါဒေါသထွက်နေခဲ့တာ။ အဲ့ခွေးက ငါ့သူငယ်ချင်း ညီမကို ခွေးကျင့်ခွေးကြံ ကြံခဲ့လို့။ ငါ့သူငယ်ချင်း စောက်ပေါကွ။ အဲ့ကောင့်က စောက်ရေးမပါတဲ့ ဥပဒေဘောင်အတွင်းကနေ ထောင်ချမယ်ဆိုလား။ ဒီကောင်မသိတာက အဲ့ခွေးက ငယ်ငယ် ခွေးပေါက်ဘဝကတည်းက ခွေးသန္ဓေပါခဲ့တာ။ ခွေးလိုကောင်ကို လက်တွေခြေတွေဖြတ်ပြီး ရေနွေးပူပူထဲ အရှင်ပြုတ် ပြီးတော့ မီးရှို့သတ်ခဲ့တာ။ မီးရှို့နေတဲ့ မြင်ကွင်းကို စီးကရက် သောက်ရင်း ကြည့်ခဲ့။ ခွေးတစ်ကောင်ဟာ ခွေးတစ်ကောင်လိုပဲ ဇာတ်သိမ်းဖို့ ငါကြိုးစားခဲ့မှုဟာ အထမြောက်သွားတာပေါ့။ကိုယ် အရမ်းသဘောကျတဲ့ မင်းသမီးရဲ့ဝတ်လစ်စလစ် မြင်ကွင်းကို စီးကရက်သောက်ရင်း ကြည့်ရတာထက်တောင် ခွေးတစ်ကောင် မီးရှို့သတ်တဲ့ မြင်ကွင်းကို စီးကရက်သောက်ရင်းကြည့်ရတာက ပို ဇိမ်ရှိတယ် ။ ဘာမှမဟုတ်တဲ့ မိန်းမလိင်အင်္ဂါက ခွေးတစ်ကောင် မီးရှို့ခံရတဲ့ မြင်ကွင်းလောက် ငါ့ကို စွဲဆောင်မှုမရှိဘူး၊ ငါသိတာ ငါအဲ့နေ့က မသတ်ခဲ့ဘူး။ ငါအခု ထောင်ထဲမှာ မုဒိန်းကျင့်ခဲ့တဲ့ ပိုးဟပ်တစ်ကောင်ကို ထပ်သတ်မိလို့ ငါနောက်ထပ် ငါးနှစ်ထပ်တိုးတယ်။
ငါ အဲ့ပိုးဟပ်ကိုလည်းမသတ်ခဲ့ဘူး ။
ငါသတ်ခဲ့တာက ခွေးတစ်ကောင်သာ။
ငါအဲ့နေ့က ဘာမှမသတ်ခဲ့ဘူး။
***
တံတားပေါ်က ခုန်ချတော့ အင်္ဂါဂြိုဟ်ပေါ်က ပြာမှုန့် အဖြစ်ရောက်သွား ၊ ပုရွက်ဆိတ်တွေစားနေတဲ့ ပေါင်မုန့်တောင့်ရှည်လား
ကျွန်မ ခေါင်ရမ်းပန်းတွေပန်တိုင်း ၊ ပင့်ကူအိမ်တွေ ရက်တိုင်း ၊ ပိုးဟပ်တောင်ပံကို ခြေအိပ်လုပ်ဝတ်တိုင်း ငါမကြိုက်ဘူး မလုပ်နဲ့လို့ ပြောပြောနေခဲ့တဲ့ ငနဲသားက အခုတော့ စင်မြင့်ပေါ်မှာ တန်းတူအခွင့်အရေးအကြောင်း အာပေါင်အာရင်းသန်သန်ပြောနေတာ ၊ ကျွန်မ ပင်တီတွေ ခိုးယူပြီး လူမိသွားတော့ ကျွန်မကို ပြန်အော်ပြောနေသလိုပဲ။ ဒါက ညဏ်နည်းသူတွေမှာ ဖြစ်လေ့ဖြစ်ထ သဘာဝမို့ သူကိုပဲ အပြစ်မတင်ရက်ပါဘူးလေ ၊ အပြစ်တင်ရမယ်ဆိုရင်တောင် နိုင်ငံတော်ကို တင်ရမှာပေါ့ ။ နိုင်ငံတော်ကိုလည်း ကျွန်မဆီက ပင်တီခိုးမှုနဲ့ အဘွားရဲ့ဆီးအိုးလုမှုနဲ့ ပတ်သက်ပြီး တရားဆွဲရဦးမှာပဲလေ။
မော့စ်မှာ နေခဲ့တုန်းက ကျွန်မကို သူသိပ်ချစ်တာပဲလို့ ထင်ခဲ့မိတာ ၊ အခုတော့ ကြိုးပြတ်သွားတဲ့ ဂစ်တာတစ်လက်လိုပဲ ၊ သုံးစားလို့ကိုမရတော့ ။ အခုလိုရေခဲတောင်တွေ ကြားထဲနေရတာလည်း ပျော်ပါတယ်။ ဟောဒီနေရာမှာက အထီး တွေသာပေါတာ ၊ အမ ရှားတော့ ကျွန်မကို လိုချင်တဲ့ ယောက်ျားသားတွေ ၊ ပင်ဂွင်းငှက်တွေ ၊ ဝေလငါးတွေ ၊ သင်္ဘောပေါ်က ဝိညာဉ်တွေအစုံပါပဲ ။ အပြိုင်လုကြတာပါပဲ ။ ဒါပေမယ့်လို့လဲ ကျွန်မကယူရေနီယမ် ဒြပ်ပေါင်းတစ်ခုဖြစ်နေပြီလေ။
မော့စ် = The Moors (also known as the Moorlands) are an enchanted forest kingdom that appears in the movie Maleficent home to Enotgrass, Thistlewit and Flittle and the Fairies and all other creatures. It was formerly ruled by Maleficent, and later by Aurora.