မှန်ဘီလူးပေါင်မုန့် - မင်းညနေ

မင်းညနေ

လက်နှစ်ဖက်၏ ကျွမ်းကျင်မှုကြောင့် ပုံသဏ္ဍာန် နှင့် အရွယ်အစား အမျိုးမျိုး ပြောင်းလဲနိုင်သော အရာဝတ္ထုတစ်ခုက ဒီကဗျာ၏ ဓာတ်ကူကုန်ကြမ်း ဖြစ်သည်။ ပိုပြီး ဆန်းကြယ်သော စွမ်းရည်က အရည်အသွေး ပြောင်းလဲမှု ဖြစ်သည်။ ဒီလို ဆန်းကြယ်စွာ ပြောင်းလဲနိုင်သော မှန်ဘီလူးများမှ တဆင့် စိမ်း၍ ဆန်းပြားသော အရိပ်လက္ခဏာများ၊ အစိတ်အပိုင်းများနှင့် ထိတွေ့ရသည်။ ပုဂ္ဂလဘဝ၊ မိသားစုဘဝ၊ နှင့် နိုင်ငံတော်ဘဝဆိုသည့် ယဉ်ကျေးသော အဖွဲအစည်း၏ အထည်အသားတွေ တစ်ချက်တစ်ချက် ကွာကျ နေတာကို မှန်ဘီလူးပေါင်မုန့်များမှ တဆင့် ဖြတ်ခနဲ လှမ်းမြင်နေရသည်။



စက်ဘီးနဲ့ လှည့်ရောင်းတဲ့ ပေါင်မုန့်တွေကို ဝယ်လိုက်မိတဲ့နေ့ကစလို့ ငါ့မှာ တစ်ခုခု စဖြစ်တော့တာပဲ။ပေါင်မုန့်သားက ကောင်းလွန်းနေတော့ အထင်သေးမိတဲ့ စိတ်ကိုတောင် အားတုံ့အားနာ ဖြစ်သွားတယ်။ လက်ဝါးနဲ့ဖိလိုက်ရင် ပေါင်မုန့်ဟာ ဖွာထွက်မသွားဘဲ အပြားလိုက် ကျစ်ကျစ်လေး ဖြစ်နေတာ သဘောကျစရာ။ တစ်ချပ်ပြီးတစ်ချပ် လက်ဝါးနဲ့ဖိတယ်။ ငါ့အိမ်မှာလဲ ငါနဲ့ ပေါင်မုန့်တွေက လွဲလို့ ဘယ်သူမှ မရှိ။ ငါ့မိသားစုတွေကလဲ ငါဝယ်လာတဲ့ ပေါင်မုန့်တွေထဲ ဝင်သွားသလား မှတ်ရတယ် ဘယ်သူမှ ပြန်မလာကြဘူး။ ပေါင်မုန့်တွေဟာ လိုသလို ပုံသွင်းနိုင်တဲ့အထိကို နူးညံ့နေတော့ ငါလဲ ပေါင်မုန့်တွေအပေါ် စိတ်ပါနေတာပေါ့။ ပေါင်မုန့်တွေကို ငါနဲ့မတွဲလိုက်ရတဲ့ စော်လေးရဲ့ပါးလို့ ခံစားပြီး နမ်းကြည့်တယ်။ ပုံမကျပန်းမကျ နည်းနည်း ဖြစ်နေတဲ့ ပေါင်မုန့်ကိုတော့ ငါ့အမေလို့ ခံစားပြီး ငါ မကျေနပ်တာတွေကို လည်ချောင်းအက်လာတဲ့အထိ အော်ဆဲတယ်။ ငါလက်နဲ့ ဆွဲဖြဲထားတဲ့ ပေါင်မုန့်တွေကိုတော့ ငါကိုယ်တိုင် ဖြစ်တယ်လို့ ခံစားပြီး ထိုင်ငိုနေလိုက်တယ်။ ကြောင်လာဆွဲသွားတဲ့ ပေါင်မုန့်နှစ်ချပ်ဟာ ငါ့ညီနှစ်ကောင်လို့ ခံစားနေရတာလဲ ဆိုးတယ်။ အပြင်မှာ မိုးတွေ ရွာနေတယ်။ လူတွေဟာ မိုးရွာတဲ့လမ်းတွေပေါ် အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ လမ်းထွက်လျှောက်နေကြတယ်။ ငါလဲ ပေါင်မုန့်တစ်ခုကို လိပ်ပြီး မှန်ဘီလူးလိုလုပ် ပြတင်းပေါက်ကနေ လမ်းပေါ်ကို ချောင်းကြည့်တယ်။ အရာအားလုံးဟာမှောင်နေပြီး တစ်ချက်ချက်မှာ ငရဲပန်းတွေ ကတ္တရာတွေကြားကနေ ထထပွင့်နေတယ်။ လူတွေကလဲ မျက်နှာသေကြီးတွေနဲ့ ငရဲပန်းတွေကိုရှာပြီး ခေါင်းမှာပန်နေကြ။ ပန့်ကေပုံစံ ငရဲမီးတွေ ခေါင်းမှာ လောင်မြိုက်နေတဲ့လူကို ငရဲပန်း ရှာမတွေ့သေးတဲ့ သူတွေက အားကျစွာ လက်ခုပ်တီးနေကြ။ မှန်ဘီလူးပေါင်မုန့်ကို ချပြီး ပြန်ကြည့်တော့ မိုးရေထဲ အရည်ပျော်နေတဲ့ မြင်းချေးတွေပဲ တွေ့ရတယ်။ ငါလဲ အတော်ကြောက်လာတာနဲ့ လိုက်ကာချပြီး ဧည့်ခန်းထဲ ပြန်ရောက်လာတယ်။ ငါ့ခန္ဓာကိုယ်ဟာ ပေါင်မုန့်ချပ်လို ပြားချပ်ချပ်သဏ္ဍာန်နဲ့ ဧည့်ခန်းထဲက မှန်မှာ ပေါ်နေတယ်။ မှန်ဘီလူးပေါင်မုန့်ကို မှန်ရှေ့မှာ ထုတ်တယ်။ မှန်ထဲက ငါ့ပုံစံကို မှန်ဘီလူးပေါင်မုန့်နဲ့ကြည့်ကြည့်တယ်။ ဆက်တိုက် ကြည့်နေပေမယ့် ငါကိုယ်ငါ မတွေ့ရဘူး။ တစ်ချိန်တည်းမှာပဲ ငါ့ဟာအသက်ရှုကြပ်ပြီး သေဆုံးသွားတဲ့ လူတစ်ယောက်လို တမြေ့မြေ့ ခံစားလာရတယ်။

ဩဂုတ် ၁၊ ၂၀၂၁