ထောမတ်ဘန်းဟော့စ်ရဲ့ ၀တ္ထုသုံးပုဒ်- စစ်မင်းခ
အသံတုလုပ်သူ
လွန်ခဲ့တဲ့ ညနေပိုင်းလောက်က အသံတုလုပ်သူဟာ ခွဲစိတ်ဆရာဝန်အဖွဲ့အစည်းရဲ့ ဧည့်သည်အဖြစ် ဖိတ်ကြားခံခဲ့ရတယ်။ ပွဲကျင်းပရာ ပါလာဗင်ချီ နန်းတော်ကိုရောက်တော့ မိတ်ဆက်ပြီးတာနဲ့ ကျနော်တို့နဲ့အတူ ကားလ်လန်ဘာ့ဂ်တောင်ကို လိုက်ခဲ့ပေးမယ်လို့ သူကကြေညာတယ်။ ကျနော်တို့ရဲ့ အိမ်ကလည်း အနုပညာ ကိုပြသချင်တဲ့ ဘယ်အနုပညာရှင်အတွက်မဆို အမြဲတမ်း ကြိုဆို တံခါးဖွင့်ထားတယ်။ အနုပညာကြေးလည်း မပါမဖြစ်ပေါ့ဗျာ။ အသံတုလုပ်သူဟာ အင်္ဂလန်နိုင်ငံ၊ အောက်စ်ဖာ့ဒ် ဇာတိဖြစ်ပေမဲ့ လန်းစ်ဟု(တ်)မြို့မှာ ကျောင်းတက်ခဲ့ပြီး စစချင်းတော့ ဘာ့ရှ်တက်စ်ဂါဒန်မြို့မှာ သေနတ်လုပ်သမား ဖြစ်ခဲ့တယ်။ ကျနော်တို့က သူ့ကို ခွဲစိတ်ဆရာဝန် အဖွဲ့အစည်းမှာ လုပ်ခဲ့ပြီးသားဟာတွေနဲ့ မတူဘဲ ဟောဒီကားလ်လန်ဘာ့ဂ်တောင်မှာ တခြားလုံးဝမတူတဲ့ အရာတစ်ခုခုကို ပြသပေးဖို့ တောင်းဆိုတယ်။ ပါလာဗင်ချီနန်းတော်မှာတုန်းက တုပခဲ့တဲ့ လူတွေနဲ့မတူဘဲ၊ လုံးဝခြားနားတဲ့ တခြားလူတွေရဲ့ အသံကို တုပပြဖို့ပေါ့။ သူကလည်း အဲလိုလုပ်ပြပါမယ်လို့ ကျနော်တို့ကို ကတိပေးတယ်။ ကျနော်တို့ကလည်း ပါလာဗင်ချီ နန်းတော်မှာတုန်းက သူ့ရဲ့ အစီအစဥ်ကို တော်တော် သဘောကျနေခဲ့တာကိုး။ တကယ်လည်း အသံတုလုပ်သူလုပ်သူဟာ ခွဲစိတ်ဆရာဝန်အဖွဲ့အစည်းမှာ လုပ်ပြခဲ့တုန်းကနဲ့ မတူတဲ့၊ တခြားလူတွေရဲ့ အသံကို တုပပြပါတယ်။ အနည်းနဲ့အများ လူသိများသူတွေရဲ့ အသံတွေပေါ့။ ကျနော်တို့ကိုလည်း သူ့ကို လုပ်ပြစေချင်တဲ့ လူတွေရဲ့အသံကို တောင်းဆိုခွင့်ပြုတယ်။ အဲဒါတွေကိုလည်း အသံတုလုပ်သူက အမြဲတမ်း လိုလိုလားလား တုပပြတယ်။ ဒါပေမဲ့ အဆုံးမှာတော့ ကျနော်တို့က သူ့ကို သူ့ရဲ့ကိုယ်ပိုင်အသံကို တုပပြဖို့ တောင်းဆိုတယ်။ အဲဒါကိုတော့ သူ မလုပ်နိုင်ဘူးလို့ သူကပြောတယ်။
(The Voice Imitator)
***
ဖိုဟာတီ
မွန်ထရော့မြို့၊ ဂျနီဗာကန်မှာ ကန်စပ်က ခုံတန်းလျားတစ်ခုပေါ် အမျိုးသမီး တစ်ယောက် အမြဲ ထိုင်နေတတ်တာ ကျနော်တို့ သတိထားမိတယ်။ သူမဟာ အချိန်တိုင်း ဒီခုံတန်းလျားပေါ်မှာပဲ များပြား စုံလင်လှတဲ့ လည်ပတ်သူတွေကို ကြွက်သားတစ်စိုင်တောင် မလှုပ်ပဲ လက်ခံ စကားပြောလိုက်၊ နှုတ်ဆက်လိုက် လုပ်နေတယ်။ တစ်ခါတစ်ခါ ကန်စပ်က သူမ ရှေ့ကို ကားတစ်စီးရောက်လာတတ်တယ်။ ပြီးတော့ ယူနီဖောင်းနဲ့ လူငယ်တစ်ယောက် ထွက်လာပြီး သူမကို သတင်းစာတွေ ယူလာပေးတယ်။ ပြီးတာနဲ့ ပြန်မောင်းထွက်သွားတယ်။ ကျနော်တို့ကတော့ သူ့ကို သူမရဲ့ ကိုယ်ပိုင် ကားမောင်းသမားလို့ ထင်တယ်။ အမျိုးသမီးက စောင်တွေ အထပ်ထပ်ခြုံထားတယ်။ ပြီးတော့ ကျနော်တို့ ခန့်မှန်းရသလောက် သူမ အသက်က ခုနစ်ဆယ်တော့ ကောင်းကောင်း ကျော်နေပြီ။ တစ်ခါတစ်လေ သူမက ဖြတ်သွားဖြတ်လာတွေကို လက်လှမ်းပြတတ်တယ်။ ကျနော်တို့ အထင်၊ သူမက ချမ်းသာပြီး ဂုဏ်သတင်း ကျော်ဇောတဲ့ ဆွစ်အမျိုးသမီးကြီးတွေထဲက တစ်ယောက် ဖြစ်ရမယ်။ ကမ္ဘာကြီး တစ်ဘက်မှာ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ ဆက်လက် လည်ပတ်နေတုန်း သူမက ဆောင်းရာသီ တစ်ဖြတ် ဂျနီဗာကန်မှာ လာနေနေတာ ဖြစ်မယ်။ နောက်တော့ အမျိုးသမီးက တကယ်ပဲ ဆွစ်ဇာလန်ရဲ့ အချမ်းသာဆုံးနဲ့ ဂုဏ်သတင်း အကျော်ဇောဆုံး အမျိုးသမီးကြီးတွေထဲက တစ်ယောက်ဖြစ်တယ်လို့ ကျနော်တို့ ကြားသိရတယ်။ သူမဟာ အောက်ပိုင်းသေ ရောဂါ ဖြစ်နေခဲ့တဲ့ လွန်ခဲ့တဲ့အနှစ်, နှစ်ဆယ်လုံး ဂျနီဗာကန်မှာပဲ ကုန်ဆုံးခဲ့တယ်။ သူမရဲ့ကားမောင်းသမားကလည်း အနှစ်နှစ်ဆယ်လုံးလုံး နေ့တိုင်းနီးပါး ဂျနီဗာကန်စပ်ကို လာပြီး သူမကို အဲဒီခုံတန်းလျားပေါ် နေရာချ ထားပေးရတယ်။ ပြီးတော့ သူမအတွက် သတင်းစာတွေကိုလည်း ယူလာပေးရတယ်။ ဆယ်စုနှစ်နဲ့ပေါင်းများစွာ မွန်ထရော့မြို့ဟာ သူမအပေါ် အခွန်ဘဏ္ဍာတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းလောက် အကြွေးတင်နေခဲ့တယ်။ လူသိများတဲ့ စိတ်ညှို့ပညာရှင် ဖိုဟာတီဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က သူမကို အိပ်မွေ့ချလိုက်တယ်။ ပြီးတော့ အိပ်မွေ့ကျနေရာကနေ သူမကို ပြန်မခေါ်နိုင်တော့ဘူး။ အဲလိုနဲ့ပဲ ဖိုဟာတီဟာ သူ့ရဲ့ဘဝကိုရော သူမရဲ့ဘဝကိုပါ ဖျက်ဆီးပစ်ခဲ့တယ်လို့ ထင်ရှားတယ်။
(Fourati)
***
ပရဟိတစိတ်
ကျွန်တော်တို့ အနားမှာနေတဲ့ အဖွားကြီးတစ်ယောက်ကတော့ ပရဟိတ အလုပ်လွန်သွားတယ်။ သူမက သူမ စဉ်းစားထားတဲ့ အတိုင်း ချို့တဲ့တဲ့ တူရကီတစ်ယောက်ကို နေစရာအိမ်တစ်ခု ပေးခဲ့တယ်။ တူရကီကတော့ ဖြိုချခံရတော့မယ့် သူ့ရဲ့ တဲစုတ်လေးမှာ နေစရာ မလိုတော့တဲ့အတွက် သူမကို ကျေးဇူးတွေတင်နေတယ်။ အဖွားကြီးရဲ့ ပရဟိတစိတ်ကြောင့် အခု သူဟာ ဥယျာဉ်ကြီးတစ်ခု ဝန်းရံထားတဲ့ သူမရဲ့ မြို့ထဲက အိမ်ကြီးမှာ နေခွင့်ရတော့မယ်။ သူက အဖွားကြီးအတွက် နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် ဥယျာဉ်မှူး လုပ်ပေးတယ်။ အချိန်ကြာ လာတာနဲ့အမျှ သူဟာ အဖွားကြီးရဲ့ အင်္ကျီတွေကို စိတ်ကြိုက် ဝတ်လာရတယ်။ ဒါတင်မက အဖွားကြီးက သူ့ကို လိုလေသေး မရှိအောင်လည်း အလိုလိုက်ထားတယ်။ တစ်နေ့တော့ တူရကီဟာ ရဲစခန်းကို ရောက်လာပြီး သူ့ကို ပရဟိတစိတ်နဲ့ အိမ်ပေါ်ခေါ်တင်ခဲ့တဲ့ အဖွားကြီးကို သတ်ခဲ့ကြောင်း လာဝန်ခံတယ်။ ခုံရုံးအရာရှိတွေက အခင်းဖြစ်တဲ့နေရာကို ချက်ချင်းရောက်အောင်သွားပြီး စစ်ဆေးကြည့်လိုက်တော့ လည်ပင်း အညှစ်ခံထားရတယ်။ ခုံရုံးအရာရှိတွေက တူရကီကို ဘာလို့ အဖွားကြီးကို လည်ပင်းညှစ်ပြီး သတ်ရတာလဲလို့ မေးတော့ သူကပြန်ဖြေတယ်။ ပရဟိတစိတ်နဲ့ပါ။
(Charity)