မုဆိုးမတစ်ယောက် အကြောင်း ၀တ္ထုတစ်ပုဒ် - ခါမြေ

 
ဒီ၀တ္တုတိုဟာ ၀တ္ထုအကြောင်းလား၊ အဖြစ်အပျက် အကြောင်းလား။ အရေးအသားဟာ သူ့ရဲ့ အတွင်းပိုင်း နေရာလွတ် အခွက် သို့မဟုတ် အခုံးထဲမှာ လူးလာခေါက်တုံ့ တိုးဝှေ့ရင်း အပြင်လေထုနဲ့ အတွင်း လေဟာနယ်ကြားက စည်းရိုးကို ခုန်ကူးနေတယ်။ ဒီလိုနဲ့ အာရုံကို ကျီစယ်တယ်။ ဇဝေဇဝါ ဖြစ်အောင်လုပ်တယ်။ တစ်ချိန်တည်းမှာ ပညာသားပါပါ ရက်လုပ် တည်ဆောက်ထားတဲ့ ဇာတ်အိမ်က ပင့်ကူတစ်ယောင်ရဲ့ မာယာ နဲ့ အာရုံကိုဖမ်းစားတယ်။



"ကျွန်မ အမျိုးသား အုတ်ဂူဆီ သွားရအောင်”တဲ့။

ဘားမှာ ဖွင့်ထားတဲ့ သီချင်းကို ဘယ်သူ့သီချင်း ဖြစ်နိုင်လဲ စဉ်းစားနေတုန်းမှာပဲ အတိတ်မေ့နေရာက လန့်နိုးလာသူလို ပြောလာတယ်။ စတွေ့ခဲ့တုန်းကလည်း အခုလို ထပ်တူအခြေအနေမျိုးမှာပဲ။ လူတစ်ယောက်ရဲ့ ကိုယ်ထဲက Melancholia ကို တိုးမပေါက်တဲ့အပြင် ပိုပြီး အားကောင်း ပြင်းထန်လာစေတဲ့ မီးရောင် မှိန်မှိန်မျိုးတွေ အောက်မှာ ဖျတ်ခနဲ မြင်တွေ့ခဲ့ရတာ။ မြင်တွေ့လိုက်ရချိန်နဲ့ သီချင်းအမည်ကို ဖော်မိလိုက်ချိန်က တစ်ထပ်တည်း။ ရေးဆွဲ ထားပြီးသား မျဉ်းကြောင်းပေါ် ပိုထင်ရှားမှုရှိအောင် နောက်ထပ် မျဉ်းကြောင်းတွေ ထပ်ထပ်ဆွဲလိုက်သလို။ သီချင်းက Cat Power ကာဗာ ပြန်ဆိုထားတဲ့ Red Apples။ “I went down to the river to meet the widow” ဆိုတဲ့ သီချင်းစာသားကို တစ်ယောက်ယောက် ကျွန်တော့် နားနားကပ်ပြီး တိုးတိုးလေး ပြောနေသလိုမျိုး ကြားနေရတယ်။ သူမနဲ့ စတွေ့ကတည်းက အဲဒီစာသားက ကျွန်တော့်ကို တစ္ဆေသရဲလို ပူးကပ်နေခဲ့တာ။ ဒါမှမဟုတ် ကျွန်တော်ကပဲ တစ္ဆေသရဲ တစ်ကောင်လို ပူးကပ်နေတာမျိုး ဖြစ်မယ်။ ဟုတ်တယ်။ ကျွန်တော်ဟာ မကျွတ်လွတ်နိုင်သေးတဲ့ ဘုံဘဝ တစ်ခုမှာ ဖြစ်တည်နေရတဲ့ အဓိပ္ပာယ် သတ်သတ်မှတ်မှတ် မရှိသေးတဲ့ တစ်စုံတစ်ရာပဲ။ ဘုရား အဆူဆူ ဘယ်လိုပဲ ဟောခဲ့ ဟောခဲ့ ခုရက်ပိုင်းတွေအတွင်း လူဘုံကိုလည်း အပါယ်လေးဘုံထဲ ထည့်သွင်းပစ်လို စိတ်တွေ ကျွန်တော့်မှာ ရှိနေတယ်။ ဘယ်လို စိတ်ရူးပေါက်မှုမျိုးလဲတော့ မသိ။ တစ်ခါတစ်ခါကျ သေလိုက်၊ ရှင်လိုက် ဖြစ်နေတဲ့ ငရဲသားတွေရဲ့ ဘဝမျိုးကိုတောင် ကျွန်တော့်အနေနဲ့ အားကျမိနေသေးသလိုပဲ။ ဒီကောင်တွေရဲ့ စိတ်ထဲ၊ သေပြီး ခဏနေတာနဲ့ နဂိုပုံစံအတိုင်း ပြန်ရှင်သန်လာရဦးမယ်လို့ ကြိုတင် သိမှတ် ထားမိနေကြမလားပဲ။

လူတစ်ယောက်ကို ရပ်တန့်နေစေတဲ့ သတိရ လွမ်းဆွတ်မှု မြူခိုးတွေ သူမ မျက်နှာပေါ်မှာ မရှိ။ သွားချင်တဲ့ ဆန္ဒ ဖြစ်လာလို့ သွားမယ် ဆိုပြီး ပွင့်အန်ကျလာတာမျိုးပဲ။ သူမ ပုံစံက ဘဝတစ်လျှောက်လုံး ထုံဆေး ပေးခံထားရသူလို ဘာခံစားမှုမှ မပြ။ ပြုံးခြင်း ရယ်ခြင်း မရှိ၊ မျက်နှာသေကြီးနဲ့ သံပတ် ပေးထားသလို တုံးတိတိကြီး ပြောချလိုက်တာ။ ကျောကို တစ်စုံတစ်ယောက်ရဲ့ ရိုက်ပုတ်ခြင်း ခံလိုက်ရလို့ အချိန်အတော်ကြာ လည်ချောင်းထဲ နင်နေခဲ့တဲ့ စကားတစ်ခွန်း အန်ထွက်လာသလိုမျိုးပဲ။ နင်နေတဲ့ စကားတစ်ခွန်း ထွက်ကျလာရုံနဲ့တော့ လူတစ်ယောက်ရဲ့ ပျို့အန်ချင်စိတ်ဟာ လွယ်လွယ်နဲ့ ပျောက်ကွယ်သွားနိုင်မယ် မထင်ဘူး။ ဘာအတွက် ဘာကြောင့်ဆိုတဲ့ ဖြေဆိုစရာမရှိတဲ့ မေးခွန်းမျိုးတွေ မမေးမိဖို့ ကျွန်တော့်အနေနဲ့ အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားသူလို ကျင့်သားရနေပြီးသား။ ဒီတော့ “သွားလေ” ဆိုတဲ့ ဘယ်လို အဆိုပြုချက်မျိုးမဆို လက်သင့်ခံပေးမယ့် စကားမျိုးပဲ ရှောရှောရှူရှူ ပြောထွက်သွားတယ်။ သေဆုံးသွားတဲ့ သူမ ယောကျာ်းအကြောင်း ကျွန်တော် နကန်းတစ်လုံးမျှ မသိ။ ယုတ်စွအဆုံး နာမည်တောင် မသိ။ ကျွန်တော် သိတာက သူမမှာ အရင်က ယောကျာ်းတစ်ယောက် ရှိခဲ့ဖူးတယ်။ အခု အဲဒီယောက်ျား မရှိတော့ဘူး ဆိုတာပဲ။

မုဆိုးမတစ်ယောက်ကြောင်း ဝတ္ထုတစ်ပုဒ်ကို ဘယ်လိုရေးရမလဲဆိုတဲ့ အတွေးစီးကြောင်းတစ်ခုက ကျွန်တော့် တကိုယ်လုံး ပတ်စီးနေစဉ် ကာလတွေအတွင်း သူမနဲ့ တွေ့ဆုံခဲ့ရတာ။ အုံ့ဆိုင်းနေတဲ့ မိုးသားထုတွေဆီက မိုးစက်တွေ ဘယ်အချိန်မှာ ပွင့်အန်ကျလာမလဲလို့ ခြောက်သယောင်းနေတဲ့ အူခွေတွေလို သစ်ပင်တွေ ထိုးထောင်ပြီး မျှော်နေသလို အဲဒီဝတ္ထုအတွက် စာကြောင်းတွေကို ကျွန်တော် စောင့်စားကြည့်တယ်။ လတ်ဆတ်တဲ့ မနက်ခင်း တွေမှာ၊ ညဉ့်နက် တိတ်ဆိတ်ချိန်တွေမှာ၊ နေ့လယ်နေ့ခင်း အပျင်းပြေ အာသာဖြေနေရင်းတောင် အာရုံကြောတွေကို လိမ်ချိုးပစ်မယ့် စာကြောင်းတစ်ကြောင်းကို ငံ့လင့်နေမိတယ်။ မကြာမကြာ ကျွန်တော် အဖော်အဖြစ် ငှားရမ်းလေ့ရှိတဲ့ အမျိုးသမီးငယ်လေး တစ်ဦး ကျွန်တော့်ဟာကို ငုံထားပေးနေချိန်မှာလည်း ကျွန်တော့်ရဲ့ ငံ့လင့် စောင့်စားမှုက ရပ်တန့်မသွားခဲ့ဘူး။ နောက်ဆုံးတော့လည်း စာသားတစ်ခုမှ ရေးသားရခြင်း မရှိသေးတဲ့ မျဉ်းကြောင်းတွေကပဲ ကျွန်တော့် ခြေလက်တွေကို တုပ်နှောင်ပစ်တာပဲ။ နေနွမ်းပြီး နွမ်းမှည့်မှည့်သွားတဲ့ သစ်သီးတွေလို ကျွန်တော့်ဘဝကို ဖုံးအုပ်ထားတဲ့ အရေပြားတွေဟာ အရသာမဲ့စွာ ရှုံ့တွ ပုံပျက်နေတယ်။ ဟုတ်တယ်။ ကျွန်တော်ဟာ သွားရည်တများများနဲ့ တွေးတောဆင်ခြင်မှု ကင်းပနေတဲ့ လမ်းဘေးခွေးတစ်ကောင်ပဲ။ လမ်းပေါ် ကျဲပတ်ထားတဲ့ အသားတုံးတွေကို အဆိပ်ပါမှန်း သိသိကြီးနဲ့လည်း ထိုးလျက် စားသုံးပစ်မိမှာပဲ။ မည်းမည်းမြင်ရာ ထိုးဟောင်ပစ်မိမှာပဲ။ ပြီးရင် မွန်းကျပ်မှု အပြည့်အသိပ်နဲ့ အူမိဦးမှာပဲ။ ဖတ်မိလိုက်တာနဲ့ ကိုယ်ကိုယ်တိုင် ပြန်ထိတ်လန့်မိသွားနိုင်တဲ့ စာကြောင်းမျိုးတွေ ကျွန်တော့်ဆီ ရောက်ရှိလာနိုင်မလား။ အဲဒီလို စာကြောင်းမျိုးတွေဟာ ကျွန်တော်လို ကောင်နဲ့ရော တူရဲ့လား၊ တန်ရဲ့လား။ ရွေ့နေတဲ့ ဘာသာစကားက ကျွန်တော့်ကိုကျော်ပြီး အဝေးတစ်နေရာကို ဆက်ရွေ့သွားခဲ့ပြီ နေမယ်။ တစ်ခါ ဖတ်မိလိုက်တာနဲ့ ကြက်သီးဖြန်းဖြန်း ထသွားရစေပြီး အခြား ဘယ်စာအုပ်မှ စုပ်ယူ စားသုံးစရာ မလိုတော့တဲ့ အရေးအသားမျိုးတွေ ပါဝင်တဲ့ ဝတ္ထုတွေကို လွယ်လင့်တကူပဲ ရေးသားလို့ ရတယ်လို့ အသိဉာဏ် နုံနည်းတဲ့သူတွေက အထင်ရောက်နေကြတာ။ အဲဒီလို အရေးအသားမျိုးတွေ ဆိုတာ တစ်ကြိမ်တစ်ခါ စားလိုက်ရုံနဲ့ အချိန်အကြာကြီး ဘာမှ ထပ်စားစရာ မလိုတော့တဲ့ တကယ့် နတ်သုဒ္ဓါပဲ။ တကယ်လို့ အဲဒီလို အရေးအသားမျိုး သူတို့ဘဝမှာ မြည်းစမ်း ကြည့်ဖူးတယ် ဆိုရင်တောင် ဒါဟာ ဘုရားပေးတဲ့ လက်တစ်ဖက်က ထွက်ပေါ်လာတဲ့ စာကြောင်းတွေလို့ လွယ်လင့်တကူ သိမှတ်ခံစားနိုင်မှာ မဟုတ်ဘူး။ ကျောင်းစာအုပ်ထဲ ဖန်တရာတေတဲ့ အထိ ပြဌာန်းထားတဲ့ အရေးအသားတွေထက် တရွေးသားမှ မပိုဘူးလို့ပဲ ထင်မှတ်ကြမှာ။ ဇိမ်ခံ စားသောက်ရမယ့် နတ်သုဒ္ဓါကို အငမ်းမရ စားသောက်ပစ်ကြတော့ သူတို့ အစာအိမ်က ဘယ်လို ကြေညက်အောင် ချေဖျက် ပေးနိုင်မှာလဲ။ ဗိုက်အောင့်တာပဲ အဖတ်တင်မယ်။ ဝမ်းနည်း ကြေကွဲဖွယ်ပဲ။ တဖက်က တွေးကြည့်ရင်တော့လည်း ဒါဟာ ဘုရားသခင် ကိုယ်တိုင် ဆောင်ကျဉ်းလာတဲ့ ဝမ်းမြောက်ဖွယ်ရာ သတင်းစကားပဲ။ အသိဉာဏ် နုံနည်းတဲ့သူတွေနဲ့ ဘုရားသခင် ချီးမြောက်တော်မူထားတဲ့ အရေးအသားတွေဟာ ဘဝတစ်ခုစာ မဟုတ်တောင် ဘဝတစ်ခုစာလောက် ထူထဲ ခိုင်ကျည်တဲ့အရာ တစ်ခုခုနဲ့ ခြားနားနေသင့်တာပဲလေ။

အဲဒီအချိန် ကာလတွေ အတွင်း ဘားတွေ ပတ်ထိုင်ရင်း၊ အာရုံကို လာရိုက်ခတ်မဲ့ စာကြောင်းတွေရဲ့ အနှစ်အသားကို အနံ့ခံရင်း တစ်ရက်မှာ သူမကို တွေ့ခဲ့မိတာ။ အဲဒီတုန်းက သူမကလည်း တစ်ယောက်တည်း။ အတူလာတဲ့ အဖော်တွေ ပြန်သွားတာလည်း ဖြစ်နိုင်တယ်။ သူလည်း တစ်ယောက်တည်း အဖော်မပါဆိုတော့ ခမ်းနေပြီဖြစ်တဲ့ စာကြောင်းတွေကို နှိုက်ယူနေမယ့်အစား အမျိုးသမီး တစ်ယောက်နဲ့ စကားဝိုင်းဖွဲ့ကြည့်တာပဲ ကောင်းမယ်ဆိုတဲ့ အတွေးနဲ့ သူမ ဝိုင်းကို ကူးလိုက်တယ်။ တစ်ယောက်တည်းလား၊ အဖော်မပါဘူးလား စသဖြင့် ဆွေးမြေ့နေပေမဲ့ ရှုပ်ထွေးမှုမရှိတဲ့ မိတ်ဆက်စကားနဲ့ပဲ စလိုက်တယ်။ သူမလည်း ဖော်ဖော်ရွေရွေပါပဲ။ စကားပြောနေကြရင်း

“စိတ်တော့မရှိနဲ့ဗျာ၊ ကျွန်တော် ခင်များကို ဝန်ခံစရာတစ်ခုရှိတယ်။ ကျွန်တော့်ရဲ့ စိတ်ရူးပေါက်မှုများစွာ တွေထဲက စိတ်ရူးပေါက်မှုတစ်ခုပါပဲ။ ကျွန်တော် အခု မုဆိုးမ တစ်ယောက်နဲ့ ချစ်ကြိုက်ကြည့်ဖို့ စိတ်ကူးနေမိတာ” လို့ ဗြုန်းစားကြီး ပြောချလိုက်တယ်။ “ဒါဆို ရှင်အဆင်သင့်တာပဲ၊ ကျွန်မလည်း မုဆိုးမဖြစ်သွားတာ ၅ လလောက်ပဲ ရှိဦးမယ်” ဆိုပြီး သောက်လက်စ စီးကရက်ကို ပြာခြွေခွက်ထဲ ထိုးချေရင်း သူမက အေးအေးဆေးဆေး ပြန်ပြောတယ် ။ အဲဒီတုံ့ပြန်ပြောဆိုမှုကြောင့် ကျွန်တော် ဖျားသွားရတာတော့ အမှန်ပဲ။ ဒါကိုတော့ ဝန်ခံတယ်။ “ရှင် ကျွန်မဝိုင်း ကူးလာတာနဲ့ အတော်ပဲ၊ ကျွန်မလည်း အတော်ထန်နေတာ၊ ရှင့်ဘက်ဝိုင်းကနေ ကျွန်မကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကတည်းက ကျွန်မဟာက အရည်တွေထွက်နေပြီ” ဆိုတဲ့ တစ်ခါတည်း ကုတင်ပေါ် တန်းတက်ဖို့ ဖိတ်ခေါ်တဲ့ အပြောမျိုး ဆိုရင်တောင် ကျွန်တော် ခုလောက် ဖျားသွားခဲ့မိမှာ မဟုတ်ဘူး။ စနောက်ပြီး ပြောတာလား၊ စကားဆက်လို့ရအောင် တမင်ပြောလိုက်တာလားလို့ ခဏတွေဝေသွားမိပေမဲ့ သူမကြည့်ရတာ တည်တည်ငြိမ်ငြိမ်ပဲ။ သူမပုံစံကလည်း အသက် ၃၀ တောင် မပြည့်တတ်လောက်သေးတဲ့ ကိုယ်ခန္ဓာ အချိုးအစားနဲ့ ရုပ်ရည်မျိုးပဲ။ ကျွန်တော့်ထက်တောင် ငယ်ချင်ငယ်ဦးမယ်၊ ကြီးဦးမှာ မဟုတ်တာတော့ သေချာတယ်။ ဝမ်းနည်းပူဆွေးမှု၊ သတိရ လွမ်းဆွတ်မှု စတာတွေရဲ့ အရိပ်အယောင်တောင်မမြင်ရ။ ကာလ အတန်ကြာ လင်ယောကျ်ား မရှိတော့တဲ့ မိန်းမတစ်ယောက်က သူ့ရဲ့ လပ်ဟာသွားမှုကို ခုမှ တွေ့တဲ့ သူစိမ်းယောကျ်ားတစ်ဦးထံ ဘာမှ မဟုတ်သလို အတိအလင်း ထုတ်ဖော် ဝန်ခံမှုကို ကျွန်တော်အနေနဲ့ သာမန် သဘောမျိုး မထားနိုင်တာတော့ အမှန်ပဲ။ လှုပ်ရှားမှု ကင်းပပြီး အချိန် အတော်ကြာ ညောင်းညာကိုက်ခဲနေခဲ့တဲ့ ကျွန်တော့်ရဲ့ အာရုံကြောတွေဟာ အနည်းငယ် လူးလွန့်စပြု လာပြီဆိုတာတော့ အဲဒီ ခဏအတွင်း ကျွန်တော်သေချာသိလိုက်တယ်။

ခပ်ရိုင်းရိုင်း ဆိုရရင် ကျွန်တော်အနေနဲ့ကလည်း မုဆိုးမတစ်ယောက်နဲ့ အလုပ်သဘောအရ ချစ်ကြိုက်ကြည့်ဖို့ ကြိုးစားကြည့်ချင်စိတ် ဖြစ်နေတာ ကြာပြီ။ ဝတ္ထုအတွက် ကုန်ကြမ်းသဘောမျိုးလို့ ဆိုချင်လည်းဆိုပေါ့။ သူလည်း သူလိုတာရ၊ ကိုယ်လည်း ကိုယ်လိုတာရ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ ဆက်ဆံရေးမျိုး။ ချစ်ကြိုက်တယ် မဟုတ်တောင် မုဆိုးမတစ်ယောက်နဲ့ နီးနီးကပ်ကပ် နေကြည့်ချင်တာ။ မုဆိုးမတစ်ယောက်ရဲ့ ဘဝကို Documentary ဆန်ဆန် ရုပ်ရှင်တစ်ခုလို ကြည့်ရှု ခံစား ပစ်ချင်နေတာ။ အဆုံးစွန်ဆုံး ပြောရရင် နောက်ထပ် တစ်နာရီအချိန်ကာလ အတွင်း သူမအိပ်ယာပေါ်အထိ ပြင်းပြစွာ တက်ရောက်လိုက်ဖို့ စိတ်ဆုံးဖြတ်လိုက်ပြီးသား။ သူမမှာ ကျွန်တော် ဘာအတွက်ကြောင့် မုဆိုးမတစ်ယောက်နဲ့ ချစ်ကြိုက် ကြည့်ချင်ရတာလဲ ဆိုတဲ့ မေးခွန်းမျိုး မရှိ။ အဲဒီအစား

“ရှင် ကျွန်မနဲ့ ချစ်ကြိုက်တော့မယ် ဆိုရင်တော့ ရှင့်ဘက်ကလည်း ကြိုတင် ပြင်ဆင်မှုလေးတွေတော့ ရှိရမယ်။ ဥပမာ အိပ်ယာပေါ်မှာ နှစ်ဦးနှစ်ဖက် ကျေနပ်သာယာမှုရစေဖို့ ရှင် အကောင်းဆုံး အားထုတ်နိုင်ရမယ်။ ကျွန်မနဲ့ တွဲသွားတွဲလာ လုပ်လို့ အစဉ်အလာ ပတ်ဝန်းကျင်ရဲ့ ရှုံ့တွလာမယ့် နှာခေါင်းတွေကို ရဲရဲ ရိုက်ချိုးပစ်ဖို့လိုမယ်။ ကျွန်မတို့ တွဲနေတဲ့ ကာလအတွင်း အဆင်ပြေမှုရှိလို့ ရှင်လည်း ဆန္ဒရှိလာလို့ လက်ထပ်မယ့်အရေးကိစ္စတွေကို တော့ ရှင့်ဘက်က ပွင့်အန် ကျမလာစေချင်ဘူး။ ဒါတွေက အာရုံ နောက်စရာ ကိစ္စတွေပဲ။ ကျွန်မဘဝကို နောက် ထပ် ဘယ်လို အတုပ်အနှောင်မျိုးနဲ့မှ ချုပ်တည်းထားလိုစိတ် မရှိတော့ဘူး။ မုဆိုးမဘဝနဲ့ ကျွန်မ အချိန်အကြာကြီး လွတ်လွတ်လပ်လပ် နေသွားကြည့်ချင်သေးတယ်။ လူတကာ ထိုးလာမယ့် လက်ညှိုးတွေကို ဟားတိုက် ရယ်မော ပစ်ချင်သေးတယ်။ ပြီးတော့ မုဆိုးမတစ်ယောက်ဘဝနဲ့ပဲ တိုက်ခန်းတစ်ခုထဲ လူမသိသူမသိ သေဆုံး သွားချင်တာ။ ရက်ပေါင်း အတော်ကြာလို့ အနံ့ထွက်လာမှ သိတဲ့ သေဆုံးမှုမျိုးနဲ့ စိတ်ပျက်စရာ လူ့အသိုင်းအဝိုင်းကို စပရိုက် လုပ်ခဲ့ချင်သေးတာ။ ဘယ်ပြောလို့ ရနိုင်မလဲ၊ အဲဒီသေဆုံးမှုဟာ ကျွန်မကိုယ် ကျွန်မ အဆုံးစီရင်မှုမျိုးလည်း ဖြစ်ချင် ဖြစ်သွားနိုင်တာပဲ။ “ စသဖြင့် အရှင်းလင်းဆုံးနဲ့ အပွင့်လင်းဆုံး ပြောလာတယ်။

နောက်တော့ ကျွန်တော် သူမနဲ့ အလုပ်အားတဲ့အချိန်တွေမှာ မကြာမကြာ တွဲသွားတွဲလာ လုပ်ဖြစ်တယ်။ သူမက ပန်းအလှပြင်ဆိုင် တစ်ဆိုင် ဖွင့်ထားတယ်။ သူ့ဟာနဲ့သူ ချောင်လည် အဆင်ပြေတယ်ဆိုရမှာပဲ။ ကျွန်တော့်အနေနဲ့ ကလည်း တကိုယ်တကာယသမား။ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတော့ လစဉ် ပုံမှန် ဝင်ငွေလေးတော့ ရှိတယ်။ ရံဖန်ရံခါ စာလေးဘာလေး ရေးတယ်။ စာအုပ်တွေလည်း တစ်အုပ်စ နှစ်အုပ်စ ထုတ်ထားရတယ်ပေါ့။ ငွေကြေးအရရော၊ အနုပညာအရရော ဘာအောင်မြင်မှုမှ မရှိသေးခင် စပ်ကြားမှာ သူမနဲ့ ဆုံတွေ့ခဲ့ရတာပဲ။ အဲဒီ အချိန်တုန်းကတော့ သူမကိုယ်ထဲကနေ အမြစ်ပါမကျန် နှုတ်ယူပစ်ရမယ့် ဝတ္ထုတစ်ပုဒ်ဟာ ကျွန်တော့် အောင်မြင်မှုတွေရဲ့ အဦးအစပဲလို့ အထင် ရောက်ခဲ့မိတာပဲ။

ဒီနေ့မှ သူမက ထူးထူးဆန်းဆန်း မရှိတော့တဲ့ သူမယောကျာ်း အုတ်ဂူဆီ သွားချင်တယ်လို့ ပြောလာတယ်။ ကျွန် တော်တို့ တွဲသွားတွဲလာ လုပ်နေတဲ့ ကာလတစ်လျှောက်လုံး သူမယောကျာ်း အကြောင်း ပြောဖူးတာ မကြားခဲ့ရသလောက်ပဲ။ အမှတ်တရရယ် ဘာရယ်လို့လည်း သိပ်များများစားစားရှိဟန် မတူ။ ဒီတော့လည်း ကျွန်တော် သူမကို သူမ ယောကျာ်းအုတ်ဂူ ရှိရာဆီ လိုက်ပို့ပေးလိုက်တယ်။ ဟိုရောက်တော့လည်း ဟိုလိုလို ဒီလိုလိုပါပဲ။ အချိန်က ညနေစောင်း။ ကောင်းကင်က ဆောင်းရာသီ မရောက်သေးပေမဲ့ ဆောင်းရာသီ ဟန်ဆောင်ထားတဲ့ ကောင်းကင် မျိုး။ အုတ်ဂူဘေး ငူငူငိုင်ငိုင်ကြီး ရပ်နေရာက “မျက်ရည်ပူတွေဟာ အေးခဲနေတဲ့ မှတ်ဉာဏ်တွေကို ပျော်ကျလာစေ နိုင်မယ်လို့ ရှင် ထင်လား” တဲ့။ သူမက ကျွန်တော် ပြန်မဖြေမှန်း သိပေမဲ့ သူမဘာသာ ရေရွတ်သလိုမျိုးနဲ့ မေးတယ်။ ငိုများငိုနေလားလို့ သူမဘက်ကို အကဲခတ်ကြည့်တော့ သူမ ပုံစံက ခန္ဓာကိုယ်ထဲက အရည်တွေ အားလုံး အငွေ့ပျံ ပျောက်ဆုံးသွားပြီးနောက် သူမ ကိုယ်တိုင်ပဲ မိုးတိမ်တစ်ခု အဖြစ် ပေါ့ပေါ့ပါးပါး ရွေ့လျားသွားတော့မလိုမျိုး။ ငိုစရာ မရှိတော့တဲ့ လူတစ်ယောက်ရဲ့ မျက်ရည်တွေဟာ မမြင်ရတဲ့ မြစ်တစ်ခုအဖြစ်နဲ့ ပင်လယ်ဆီများ စီးဆင်းသွားနိုင်မလားလို့ ကျွန်တော် တွေးကြည့်မိနေသေးတယ်။ မီးခိုးခေါင်းတိုင်က ထွက်ပြူလာပုံရတဲ့ မီးခိုငွေ့တွေဟာ ဆောင်းရာသီ ဟန်ဆောင်ထားတဲ့ ကောင်းကင်အတွက်တော့ မြူတွေပဲ။ သူမအတွေးတွေက အတိတ်ရဲ့ ချောင်ကြိုချောင်ကြား နေရာတွေအထိ ရောက်ရှိနေတယ်လို့ ထင်ရပေမဲ့ တကယ်တော့ သူမက ပစ္စုပ္ပန်ကို အတိတ်ရဲ့ ကိုယ်ထည်ထဲ တစ်နေ့တာရဲ့ အချိန်အပိုင်းအခြား အလိုက် အံဝင်ဂွင်ကျ ပစ်ထည့်နေတာ။ အုတ်ဂူနားမှာ သစ်ပင်တွေ ဖြစ်သွားလောက်တော့မယ့် အထိ ကျွန်တော်တို့ ရပ်နေကြတာ အကြာကြီး။

“ရှင်ရေးနေတဲ့ ဝတ္ထုပြီးသွားပြီလား” တဲ့။ အပြန်လမ်းမှာ သူမက ရုတ်တရက် မေးလာတယ်။ ဒါဘာကို ဆိုလိုမှန်း ကျွန်တော် ကောင်းကောင်း ရိပ်မိတာပေါ့။ ကျွန်တော်တို့ကြားက ဘာနဲ့မှ ချုပ်နှောင်ထားခြင်းမရှိတဲ့ ဆက်ဆံရေးကို အေးခဲမသွားခင် ရပ်တန့်ပစ်ချင်တာမျိုးလေ။ ဒါမှမဟုတ်လည်း စီးဆင်းမှု ရပ်တန့်နေပြီဖြစ်တဲ့ ရေကန်တစ်ခုကို ပျောက်ဆုံးသွားအောင် ဖို့ပစ်လိုက်ဖို့ ကြိုးစားချင်တာမျိုး။ ပစ္စုပ္ပန်ဆိုတာတွေလည်း အတိတ်မှာ အားလုံး နေသားတကျ ဖြစ်သွားပြီ ဆိုရမယ်။ ကျွန်တော်လည်း “အင်း ပြီးတော့မှာပါ” လို့ ဖြေရင်း “ကိုယ် မင်းကို ပင်လယ်ဆီ လိုက်ပို့ရဦးမယ်လေ။ အဲဒီ ပင်လယ်ဆီမှာ ကိုယ့်ဝတ္ထုကို အဆုံးသတ်လိုက်မှာ” လို့ တဆက်တည်း ပြောလိုက်တယ်။

ပင်လယ်ဆီ ခေါ်သွားပေးဖို့ သူမ ကျွန်တော့်ကို တစ်ခါမက ပြောဖူးတယ်။ ဘာကြောင့် ညာကြောင့်ရယ် မဟုတ်ဘဲ ကျွန်တော်လည်း အဲဒီကိစ္စကို မေ့လျော့နေနေခဲ့မိတာ။ အပြန်လမ်းမှာ အဲဒီလို မေးခွန်းမျိုး မေးလာမှ ရုတ်တရက် သတိရမိသွားတာပဲ။ သူမ တစ်ခါက ပြောဖူးတယ်။ “ညစ်နွမ်းနေတဲ့ နေ့စဉ်ဘဝတွေကို ပင်လယ်ရေနဲ့ ဆေးကြောပစ်မှပဲ ရနိုင်မယ် မဟုတ်လားတဲ့။ ဘာလို့ဆို ရေဆိုတာ ကျွန်မတို့ဖြစ်တည်မှုတွေရဲ့ မူလအရင်းအမြစ်ပဲလေ။ ပြီးတော့ အဲဒီ ညစ်နွမ်းမှုတွေကို ဖုံးအုပ်ထားဖို့ အသုံးပြုထားရတဲ့ ကျွန်မတို့ ကိုယ်ခန္ဓာတွေက ထွက်ပေါ်လာနေတဲ့ ပိုးသတ်ဆေးနံ့တွေကိုလည်း ကျွန်မ လုံးဝ စိတ်ကုန်နေပြီ။ ညစ်နွမ်းမှုတွေကို နဂို မူလတရားထဲ ပြန်လည် နစ်မြုပ်ပစ်ရင် ကျွန်မတို့ တစ်ခါ ပြန်လည် သစ်လွင်လာနိုင်မလားပဲ။ ရှင် အားတဲ့အခါ ကျွန်မကို ပင်လယ်တစ်ခုဆီ ခေါ်သွားပေးစမ်းပါ” တဲ့။

ကျွန်တော် ရေးသားရမယ့် ဝတ္ထုကို အဆုံးသတ်ရတော့မယ် ဆိုတော့ ဝတ္ထုကျောရိုးကို စတင်ရရှိခဲ့တဲ့ ညကို အမှတ်ရမိတယ်။ သူမနဲ့ စတင် တွေ့ဆုံခဲ့တဲ့ ညမှာ ဝိုင်းသိမ်းတော့ ဘားကောင်တာကနေ ဘောပင်တစ်ချောင်း တောင်းပြီး သူမက သူမ တိုက်ခန်းလိပ်စာနဲ့ ဖုန်းနံပါတ်ကို တစ်ရှူးပေါ် ရေးပြီး ပေးသွားတယ်။ သိပ်မကြာဘူး၊ တစ်ညမှာ ကျွန်တော့်ခြေလှမ်းတွေက အိပ်မက်မက်ရင်း ထလမ်းလျှောက်နေသူလို သူမ ပေးထားတဲ့ လိပ်စာအတိုင်း တန်းတန်းမတ်မတ် သွားမိနေပြီ။ မိနစ်အနည်းငယ်ကြာအပြီးမှာတော့ ကျွန်တော့် လက်အစုံက သူမအခန်းရဲ့ လူခေါ် ခေါင်းလောင်းကို နှိပ်မိလျက်သား။ အခန်းထဲရောက်တာနဲ့ သူမနှုတ်ခမ်းတွေကို ကျွန်တော် အငမ်းမရ စုပ်ယူ နမ်းရှိုက်ပစ်တယ်။ ကျွန်တော် ရေးသားရမယ့် ဝတ္ထုရဲ့ အဖွင့်စာကြောင်းတွေဟာ သူမအတွင်းထဲမှာ နစ်မြုပ်နေသလိုမျိုး။ သူမကလည်း ကျွန်တော့်ကိုမြင်တာနဲ့ ဒီလို ဖြစ်လာတော့မယ်မှန်း ချက်ချင်း တွက်ဆ သွားမိတဲ့အလား ဘာမှ ငြင်းဆန်ခြင်းမပြုပဲ ကျွန်တော့် အနမ်းတွေကို အလိုက်သင့် တုံ့ပြန်မှု ပေးတယ်။ သူမ ကိုယ်ထဲမှာ မြုပ်နေတဲ့ သင်္ဘောတစင်း ရှိနေတယ်လို့ သူမ နှုတ်ခမ်းတွေကတဆင့် ကျွန်တော် ခံစားမိနေရတယ်။ အဲဒီ သင်္ဘောဟာ ရှာတွေ့ဖို့ မဖြစ်နိုင်သလို ဖြစ်နိုင်အောင်လည်း ကြိုးစားသင့်တဲ့အရာ မဟုတ်ဘူး။ လျှို့ဝှက်ရမယ့်အရာဟာ လျှို့ဝှက်ထားမှပဲ လျှို့ဝှက်မှုရဲ့ အနှစ်သာရ ရှိနေမှာ။ ခဏနေတော့ သူမ အဝတ်အစားတွေကို ချွတ်ချလိုက်တယ်။ အံဩစရာ ကောင်းလောက်အောင် လှပ လုံးဝန်းနေတဲ့ မုဆိုးမတစ်ယောက်ရဲ့ ရင်သားတွေ၊ ပျားချပ်နေတာမျိုး မဟုတ်ပေမဲ့ အဆီအပို သိပ်မရှိတဲ့ ဝမ်းဗိုက်သား၊ သွယ်တန်းနေတဲ့ ပေါင်တံတွေကြားက ကမ္ဘာဦး ပန်းပွင့်တစ်ပွင့်။ ကျွန်တော် ခဏတော့ မှင်သက်သွားမိတယ်။ အကြာကြီးလည်း ဖြစ်ချင်ဖြစ်မယ်။ ကျွန်တော် သိလိုက်တာက အဲဒီ အချိန် ကာလအတွင်း ကျွန်တော် ရေးသားချင်နေတဲ့ ဝတ္ထုတစ်ပုဒ်လုံးရဲ့ ကျောရိုးဟာ ကျွန်တော့်ကိုယ်ထဲကို တစ်ဆစ်ချင်း နစ်ဝင်သွားခဲ့ပြီ ဆိုတာပဲ။

သူမက အိပ်ယာထက်မှာ တကယ်ကို စွမ်းဆောင်ရည်ကောင်းကို ပြနိုင်တဲ့ အမျိုးသမီးပဲ။ ချုပ်တည်းမှု မရှိဘဲ ရဲ တင်း ပွင့်လင်းလွန်းတယ်။ သူမ ဘာလိုချင်တယ်ဆိုတာကိုလည်း သိသလို ယောကျ်ားတစ်ယောက်ရဲ့ လိုအင်ဆန္ဒကိုလည်း သိပြီး အတိအကျ ဖြည့်ဆည်းပေးနိုင်တဲ့ မိန်းမမျိုး။ လိင်ဆက်ဆံတဲ့နေရာမှာ ကိုယ်လိုချင်တာကို သိပြီး ရအောင်ယူနိုင်တဲ့ မိန်းမမျိုးတွေကို ကျွန်တော့်အနေနဲ့ အထင်ကြီး လေးစားမိတာတော့ အမှန်ပဲ။ မရှိတော့တဲ့ သူမ အမျိုးသား အတွက်တောင် မသေခင် အခုလို မိန်းမမျိုးနဲ့ ပေါင်းဖက်နိုင်ခဲ့ပြီး လိင်ခံစားမှု အပြည့်အဝ ရရှိနိုင်ခဲ့တဲ့အတွက် ဝမ်းသာကြည်နူးမှု ဖြစ်မိသေးတယ်။ အခါအခွင့်သင့်တဲ့အခါ အမျှဝေပေးဦးမယ်လို့ အပေါ်ကတက် ဆောင့်ပေးနေတဲ့ သူမကို ကြည့်ရင်း တေးထားမိလိုက်သေးတယ်။ တချိန်တည်းမှာ စိတ်မကောင်းဖြစ်မိတာက အဲ့ဒီ အရသာကို အချိန်တော်တော်ကြာကြာတဲ့အထိ သူ မစံစားသွားရလို့ပဲ။ တဖက်က တွေးကြည့်ရင်တော့လည်း ဒီအရသာကို ကျွန်တော် မျှဝေ ခံစားရဖို့ ဖြစ်လာတာမျိုး လို့တောင် ပြောလို့ရတယ်။

ကျွန်တော်တို့ ကိစ္စဝိစ္စတွေ အားလုံးပြီးစီးသွားကြတော့ သူမ ဘေးမှာ ခဏလှဲနေမိတယ်။ အဲ့မှာ သူမက ပြောလာတယ်။ “ရှင် Betty Blue ဆိုတဲ့ ပြင်သစ်ရုပ်ရှင်တစ်ကား ကြည့်ဖူးတယ် မဟုတ်လား” တဲ့။ သူမ ဆက်ပြောလာမယ့် စကားကို နားထောင်ချင်စိတ်နဲ့ မျက်နှာကြက်ကို ကြည့်ရင်း ဒီတိုင်းပဲ နှုတ်ဆိတ် နေလိုက်တယ်။ သူမက ဆက် ပြောတယ်။ “အဲ့ဒီ ရုပ်ရှင်ထဲမှာ Betty ဆိုတဲ့ ဇာတ်ကောင်မင်းသမီးက သူ့ချစ်သူ ရေးသားထားတဲ့ စာမူကြမ်း အထပ်လိုက်ကြီးကို တစ်ညလုံး ထိုင်ဖတ်ပြီးတော့ သူ့ချစ်သူကို ဂျီးနီးယပ်လို့ အထင်ရောက်သွားတယ်။ ပြီးတော့ စာအုပ်တိုက်ကို ပို့ဖို့အတွက် စာမူအထပ်လိုက်ကြီးကို လက်နှိပ်စက်နဲ့ တစ်လုံးချင်း ထိုင်ရိုက်တယ်။ ကျွန်မပြောချင်တာက ရှင့်ရဲ့ ဝတ္ထုပြီးမြောက်သွားချိန်မှာ ရှင်ရေးသားထားတဲ့ စာမူကြမ်းကို မိုးလင်းတဲ့အထိ ကျွန်မ အရင်ဆုံး ဖတ်ချင်တယ်။ ပြီးရင် အဲဒီစာမူကြမ်းကို ကျွန်မ ဖျောက်ဖျက် ပစ်ချင်တယ်။ အဲလို ရမလား” တဲ့။ ကျွန်တော်လည်း တပ်မက်စွာနဲ့ သူမကို စူးစူးစိုက်စိုက်ကြည့်လိုက်ပြီး “ဘာလို့ မရရမှာလဲ၊ ရတာပေါ့၊ ကိုယ် အခုပဲ ဝတ္ထုကျောရိုးကို မင်းအတွင်းထဲကနေ နုတ်ယူပြီးသွားပြီ။” လို့ ပြုံးတုံ့တုံ့နဲ့ ဖြေလိုက်တယ်။ သူမလည်း သဘောကျ ကျေနပ်သွားတဲ့ ဟန်နဲ့ ကျွန်တော့်ကို နမ်းပြီး၊ ခဏနေတော့ ဘာမှမရှိတဲ့ မျက်နှာကြက်ကိုပဲ စိုက်ကြည့်နေတယ်။

ကျွန်တော့်အတိတ်မှာက ခရီးဆုံးထိ ရောက်ခဲ့ပေမဲ့ ခရီးဆုံးသွားတယ်လို့ ခံစားရမှုမျိုး မရတဲ့ လိင်ဆက်ဆံမှုမျိုး တွေနဲ့ပဲ ဖြတ်သန်းလာခဲ့ရတာ။ သူမနဲ့ကျ အဲဒီလိုမဟုတ်ဘူး။ ခရီးဆုံးကို ရောက်တယ်။ ကုန်ကုန်ပြောရရင် ခရီးဆုံးထိ မရောက်သေးတာတောင် ခရီးဆုံးသွားပြီ ဆိုတဲ့ ကျေနပ်သာယာမှုမျိုးကို ရတယ်။ ပြီးတော့ ကိုယ်လိုချင်တာကို အတိအကျသိတဲ့ မိန်းမမျိုးကို ပြီးမြောက်အောင် စွမ်းဆောင်ပေးနိုင်တာကိုလည်း ကျွန်တော့်ကိုယ် ကျွန်တော် ဂုဏ်ယူနေမိသေးသလိုပဲ။ ဟိုးအရင်က ရေးခဲ့ပြီးသား စာကြောင်းတွေအားလုံး၊ ဘာစောက်အဓိပ္ပာယ်မှ မရှိတော့ဘူးဆိုပြီး ဆုတ်ဖြဲပစ်နိုင်လို့ ရလောက်တဲ့အထိ ယစ်မူးဖွယ်ရာပဲ။ အဓိပ္ပာယ်တွေဟာ အစောပိုင်းက မောဟိုက်သံ တွေနဲ့အတူ ချွေးတွေလို ကျွန်တော့်ကိုယ်ပေါ်က စီးကျသွားပြီ။ ဒါမှမဟုတ် ဘဝရဲ့ အဓိပ္ပာယ်ဟာ လူယောကျ်ားနဲ့ လူမိန်းမ ဆက်ဆံပြီးနောက် အရည်ဆန်မှုအဖြစ် ခန္ဓာကိုယ်အတွင်းက စိမ့်ထွက်လာတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကျွန်တော်ဟာ အသစ် ပြန်ဖြစ် နေသလိုပဲ။ ငရဲသားတွေလို သေပြီး ပြန်ရှင်လာတဲ့ ခဏတာ အသစ် ဖြစ်မှုမျိုး မဟုတ်ဘူး။ အရင်ခန္ဓာဟောင်း ဆီကနေ စွန့်ခွာလို့ရသွားတဲ့ အသစ်ဖြစ်မှုမျိုး။ သူမ ယောကျာ်း မရှိတော့တဲ့ ငါးလအတွင်း သူမမှာ ကျွန်တော့် အရင် အခြားသော လိင်ဆက်ဆံဖော်တွေလည်း ရှိချင်ရှိခဲ့မှာပဲ။ ဒါပေမဲ့ ကျွန်တော် သေချာပြောနိုင်တာက ကျွန်တော့်လို ခံစားမှုမျိုးတော့ အဲဒီငနဲတွေ အတိအကျ ရရှိမှာ မဟုတ်ဘူး။ ဒါကို ကျွန်တော် သေချာပြောရဲတယ်။ ဒါက လူနှစ်ယောက်ကြားထဲက သီးသန့်ဆန်တဲ့ ဆက်သွယ်မှုမျိုးပဲ။

ပင်လယ်ဆီ ကျွန်တော်တို့ မသွားခင် တစ်ရက်မှာ ကျွန်တော်နေတဲ့ တိုက်ခန်းဆီ သူမ ရောက်လာတယ်။ ပန်းအိုးထဲ အလှထည့်ထားတဲ့ ကျောက်စရစ်ခဲလေးတွေကို ကိုင်ကြည့်နေရင်း သူမကပြောတယ်။

“ကျောက်တုံးတွေက ရွေ့လျားမှုရှိတယ်လို့ ရှင်ထင်လား။ သူတို့ရွေ့လျားသွားပြီးနောက် အချိန်ကာလတစ်ခု ကြာမြင့်တဲ့အခါ အရင်ရှိခဲ့တဲ့ နေရာအတိအကျအတိုင်း ပြန်ရှိနေနိုင်မလား ကျွန်မ စူးစမ်းချင်မိတယ်။ လူတွေလည်း ရပ်တန့်မနေသလို အရာဝတ္ထုတွေလည်း ရပ်တန့် မနေကြဘူးလို့ ထင်တာပဲ။ သူ့နည်းသူ့ဟန်နဲ့ ရွေ့လျားနေကြတာပဲ မဟုတ်လား။ ကျွန်မတို့ သတိမထားမိလို့ပဲ ဖြစ်မယ်။” တဲ့။

“ကျောက်တုံးတွေက ရပ်တန့်မနေဘဲ ရွေ့လျားမှု ရှိတယ်ဆိုရင်တောင် ကမ္ဘာကြီးကို ဖြတ်သန်းသွားလာဖို့ ပင်လယ်အောက်မှာတော့ သူတို့ အကြာကြီး အိပ်စက်နေရမယ် ထင်တယ်။” လို့ ကျွန်တော် ပြောလိုက်တော့ သူမက နည်းနည်း စိတ်မကောင်းဖြစ်သွားတဲ့ ဟန်ပန်မျိုးနဲ့ ငိုင်ကျသွားပြီး ပန်းအိုးထဲက ကျောက်တုံးတွေကို တစ်လုံးချင်း ယူလို့ ကြမ်းပြင်ပေါ် စိတ်ကူးပေါက်သလို လျှောက်စီနေတယ်။

ကျွန်တော်လည်း သူမ စိတ်ပြေလက်ပျောက် ဖြစ်သွားအောင်ဆိုပြီး ဖတ်ဖူးတဲ့ ဝတ္ထုထဲက အကြောင်းအရာ အချို့ကို သတိရသွားတာနဲ့ အဲဒီအကြောင်း သူမကို ပြောလိုက်တယ်။

“ကိုယ်ဖတ်ဖူးတဲ့ ဝတ္ထုတစ်အုပ်ထဲက ဇာတ်ကောင်တစ်ကောင်ပြောတာ သူ့မှာ မိန်းမတစ်ယောက်ကို ဝင်ရိုးစွန်း နှစ်ဖက် ကနေ ချိန်ထိုးပြီး ရှုမြင်လေ့ရှိတယ်တဲ့။ စာပေမှာဆို စာပေကို အပန်းဖြေရုံထက် ကျော်လွန်ပြီး အလေးအနက် ဖတ်ရှုတဲ့ မိန်းမတွေ ရှိတယ်။ တခြားတစ်ဖက်မှာလည်း စာပေနဲ့ သူတို့ကြား အုတ်တံတိုင်း တစ်ခုခြားထားသလို စာပေနဲ့ လုံးဝ ထိစပ်မှုမရှိတဲ့ မိန်းမတွေ ရှိတယ်။ အဲဒီလို မတူညီတဲ့ အစွန်းနှစ်ဖက်မှာ ရှိနေတဲ့ မိန်းမနှစ်မျိုးကသာ သူ့ကို တိမ်းညွှတ်မှု ဖြစ်စေတယ်တဲ့။ ဒါပေမဲ့ စာပေကို နကန်းတစ်လုံးမျှ နားမလည်တာလည်း မဟုတ်၊ အလေးအနက် လိုက်စားတာလည်း မဟုတ်တဲ့ ကြားနေ မိန်းမ အမျိုးအစားမျိုး ကတော့ သူ့ကို အမြဲတစေ ခေါင်းကိုက်ဝေဒနာတွေသာ ပေးလေ့ ရှိတယ်တဲ့။”

“ဒီတော့ ရှင် ကျွန်မကို ဘယ်အမျိုးအစားထဲ ထည့်ထားလဲ” ဆိုပြီး စိတ်ဝင်တစားနဲ့ သူမ မေးလာတော့ “စောင့် ကြည့်ရမှာပဲ” ဆိုပြီး မချိုမချဉ် မျက်နှာပေးနဲ့ ကျွန်တော် ပခုံးတွန့်ပြလိုက်တယ်။ ဒီတော့မှ သူမလည်း ပြုံးပြုံး ရွှင်ရွှင် ပြန်ဖြစ်လာပြီး သူမ စီနေတဲ့ ကျောက်စရစ်ခဲလေးတစ်တုံးနဲ့ တမင်မထိအောင် လှမ်းပေါက်တယ်။

တကယ်တော့ ကျွန်တော့်အနေနဲ့ သူမကို စာပေကို နကန်းတစ်လုံးမျှ နားမလည်တဲ့ မိန်းမအမျိုးအစားထဲပဲ ရှိနေ စေချင်တယ်။ ဥပမာ သူမ တစ်ခါက ကျွန်တော့် ကဗျာတစ်ပုဒ်ကို ဖတ်နေရင်း တစ်နေရာအရောက်မှာ တန်းမှတ် ချက်ပြုခဲ့သလိုမျိုးပေါ့။ “သမိုင်းလမ်းဆုံကို ပိတ်ဆို့ထားတဲ့ ကာလတရား သကြားခဲကြီးကို တတိတိစုပ်ယူပစ်တဲ့ ပုရွတ်ဆိတ်တွေ ကိုယ့်သုတ်ရည်တွေအပေါ် အုံခဲနေတယ်” ဆိုတဲ့ စာကြောင်းကို ဖတ်အပြီးမှာ သူမ မှတ်ချက်ပြုလိုက်တာက “ဟင် နှမြောစရာကြီး” တဲ့။ ဒီလောက်ကောင်းတဲ့ မှတ်ချက်စကား မျိုး ကျွန်တော့်ဘဝမှာ တစ်ခါမှ မကြားခဲ့ဖူးဘူး။ ခဏနေတော့လည်း ကုတင်ပေါ်မှာ လုံးထွေး သတ်ပုတ်ရင်း သူမ နှမြောခဲ့တဲ့ အရာတွေကို ရာဘာအခွံထဲ သွန်ထုတ်ပစ်ရတာပါပဲ။

ကျွန်တော့်မှာ အကျင့်တစ်ခုရှိတယ်။ အကျင့်ဆိုတာထက် မသိလိုက် မသိဘာသာ လုပ်ရင်းက အကျင့်ဖြစ်သွား တာမျိုးပဲ။ ဘာလဲဆိုတော့ ကွန်ဒုံးတွေကို စာမှတ်ကတ်လို အသုံးပြုပြုနေတတ်တဲ့ အကျင့်။ ကျွန်တော့်တိုက် ခန်းဆီ သူမ ပထမဆုံး လာတဲ့အခေါက်တုန်းကဆို ကွန်ဒုံးကို ညှပ်ထားမိတဲ့ စာအုပ်က Henry Miller ရဲ့ Black Spring။ အတိအကျဆိုရရင် အဲဒီထဲက ဇာတ်ကောင်က သူ့ထက်အသက်ကြီးတဲ့ တီဘီရောဂါသည် ကလေးတစ်ယောက်မိခင် မုဆိုးမနဲ့ ချစ်ရည်လူးမှုပြုတဲ့အကြောင်း စာသားတွေပါဝင်တဲ့ စာမျက်နှာမှာ။ ကျွန်တော့်စိတ်ထဲ အဲဒီအကြောင်းအရာကြီးဟာ အချိန်ပြည့် ရှိနေသလိုပဲ။ အစာအိမ်ထဲ ဖောင်းကား ပြည့်တင်း နေတယ်။ ရင်းနေတဲ့ အနာမှာ ပြည်တွေ အများကြီး တည်နေသလိုမျိုး။ ဒါပေမဲ့ ဖောက်ထုတ်ပစ်လို့မရဘူး။ အဲဒီညက ရေအိမ်ဆီသွားပြီး ကွန်ဒုံးကို အိမ်သာခွက်ထဲ စွန့်ပစ်ရင်း Flash လုပ်လိုက်တော့ ကျွန်တော်ရေးသားထားတဲ့ စာကြောင်းတွေ ပင်လယ်ဆီ တစ်နည်းတစ်ဖုံ ရောက်သွားတော့မှာလို့ တွေးပြီး ကျေနပ်နေမိသေးတယ်။

“ရှင်သိလား။ ဆေးလိပ်သောက်ခြင်းက အစာစားချင်စိတ်ကို လျော့ကျစေတယ်တဲ့။ ကျွန်မ ငယ်ငယ်က ကြည့်ဖူး တဲ့ ဂျပန် anime တစ်ခုမှာ ဆာလောင်နေရတဲ့ ခံစားမှုကို မုန်းလွန်းလို့ ဆေးလိပ် အမြဲသောက်လေ့ရှိတဲ့ ကာတွန်း ဇာတ်ကောင်တစ်ကောင် အကြောင်း ပါတယ်။ ကျွန်မလည်း ဘာကို ဆာလောင်လို့ ဆာလောင်နေမှန်း မသိပေမဲ့ အဲလို ဆာလောင်လာမှာကို ကြောက်ရွံ့စိတ်နဲ့ပဲ ဆေးလိပ်ကို အမြဲသောက်နေရသလို ဖြစ်နေတယ်။ ကျွန်မ ခန္ဓာကိုယ်ထဲမှာ အရာအားလုံး ဗလာနတ္ထိပဲ။ ဘာမှ မရှိတော့ဘူး” တဲ့။ ကျွန်တော့်ကို ကျောပေးထားရင်းက အဝတ်ဗလာနဲ့ ပြတင်းပေါက် ဘောင်ပေါ် လက်ထောက်လို့ ဆေးလိပ်ဖွာနေရင်း ပြောလာတယ်။ သူမက နောက်ကကြည့်လည်း တကယ်ကို ဆွဲဆောင်မှုအပြည့် ရှိပြီး ညှို့ဓာတ်အပြည့်နဲ့ မုဆိုးမ တစ်ယောက်ပဲ။ ပန်းချီကားတစ်ချပ်နဲ့တောင် တူနေသေးတယ်။ ဆေးလိပ်ငွေ့တွေ သူမ ဦးခေါင်းထက်ကို ကျော်လွန်ပြီး အပေါ်ကို တရွေ့ရွေ့တက်သွားတာ ကျွန်တော် မြင်နေရတယ်။

တစ်ရက်တော့ အလုပ်က ခွင့်ယူပြီး သူမကို ကတိပေးထားတဲ့အတိုင်း ကျွန်တော်တို့ ပင်လယ်ဆီ သွားကြတယ်။ ကမ်းခြေဆီ ရောက်ရောက်ချင်း မနက်ကတည်းက အဝတ်အစားတောင် မလဲတော့ဘဲ ပင်လယ်ရေထဲ စိမ်နေ လိုက်တာ ညနေစောင်းတဲ့ အထိပဲ။ ဒါဟာ သူမ တစ်ခါပြောဖူးတဲ့ သူမရဲ့ ညစ်နွမ်းနေတဲ့ နေ့စဉ်ဘဝတွေကို ဆေး ကြောပစ်နေတာမျိုး ဖြစ်မယ်။ သန့်စင်သွားလား၊ မသွားလားဆိုတာတော့ ကျွန်တော် မခန့်မှန်းနိုင်၊ ပင်လယ်ထဲက သူမ တက်လာပြီးနောက် ဟိုတယ်မှာပဲ ကျွန်တော်တို့ ညစာစားကြတယ်၊ တစ်နေ့လုံး ဘာမှမစားထားတော့ ဆာလောင်မွတ်သိပ်မှုအပြည့်နဲ့ သူမ အားပါးတရ စားတယ်။ ဘာစကားမှ မပြောမိကြ။ ဟိုတယ် စားသောက်ခန်းကနေ အခန်းပြန်ရောက်ရောက်ချင်းမှာတော့ ကျွန်တော့်ကို တပ်မက်စွာ နမ်းရှိုက်ရင်း တစ်စခန်း သွားကြပြန်တယ်။ တစ်နေ့လုံး ရေစိမ်ထားလို့လား မသိ၊ သူမ တကိုယ်လုံး အေးစက်နေတာပဲ။

“ကိုယ်မင်းကို ဟာသတစ်ခု ပြောပြရမလား။ ဒီလို။ ကိုယ့်အကိုတစ်ယောက် ငယ်ငယ်က ‘ပျက်အစဉ် ပြင်ခဏ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံးတစ်ပုဒ် ရေးရတယ်။ အဲဒီမှာ သူရေးတော့ စကားပုံကို သူနားလည်ပုံက ပျက်လို့ရှိရင် အစဉ်၊ ပြင်လည်း ခဏပဲတဲ့။ အဲဒီအဓိပ္ပာယ်အတိုင်း စာစီစာကုံးတစ်ပုဒ်လုံးကို ရေးချလိုက်တာ။ သူ့စာစီစာကုံးကို ဆရာမက ဖတ်ကြည့်ပြီး ဘာပြန်ပြောရမှန်းကို မသိဘူးတဲ့။ သူက အဓိပ္ပာယ်သာ တလွဲကောက်တာ အရေးအသားကျလည်း တော်တော်ကောင်းဆိုပဲ။ ခုချိန်မှာ ကိုယ်တွေးမိတာ သူကောက်တဲ့ အဓိပ္ပာယ်ကပဲ မှန်နေမလားလို့။ မနက်ကနေ ညနေအထိ တစ်နေ့လုံး ပင်လယ်ရေထဲ ဆင်းပြီး ညစ်နွမ်းနေတဲ့ မင်းရဲ့ နေ့စဉ်ဘဝကို ဆေးကြောပစ်ပေမဲ့လည်း သန့်စင်သွားမှုဟာ ဆေးကြောထားတုန်း ခဏပဲ။ ပြီးရင် နေ့စဉ်ဘဝတွေဟာ အစဉ်သဖြင့် ညစ်နွမ်း နေဦးမှာပဲ။”

သူမလည်း ကျွန်တော်ပြောတာကို နားထောင်ပြီး အသံသာ ကြားရပြီး မမြင်ရတဲ့ ပင်လယ်ဘက်ဆီက အမှောင်ထုထဲ ငေးမောကြည့်နေတယ်။ သူမဆီက ဘာအသံမှ ထွက်မလာတော့ဘူး။ လုံးဝ တိတ်ဆိတ်မှု အတိ။ ဒီလိုကျလည်း ဟာသတွေနဲ့ ပတ်သတ်လို့ သူမ တစ်ခါပြောဖူးတာ သွားသတိရတယ်။ “ရယ်ရတဲ့ ဟာသတွေဟာ လူတိုင်း အတွက် မဟုတ်သလို မရယ်ရတဲ့ ဟာသတွေကလည်း လူတိုင်းအတွက် မဟုတ်ဘူးတဲ့။ အဲတာကပဲ ရယ်စရာကောင်းတဲ့ ဟာသမျိုး ဖြစ်နေတယ် မဟုတ်လားတဲ့။ မရယ်ရတဲ့ ဟာသတွေက အာရုံနောက်စေတယ်။ ပြီးတော့ လူတစ်ယောက်ကို ရွှင်မြူး တက်ကြွ မသွားစေတဲ့အပြင် လေးလံ ထုံထိုင်းသွားမှုကိုပါ ဖြစ်စေတယ်” တဲ့။

“မင်းသိလား၊ သိပ်လှပတဲ့ ဝတ္ထုတစ်ပုဒ်ဆိုတာ မုဆိုးမတစ်ယောက်ရဲ့ သားအိမ်ထဲ သုတ်ရည်တွေနဲ့ ရေးဖွဲ့ရခြင်း လို့ ကိုယ်ခံစားနေရတယ်။” လို့ မနက်စာ စားပြီးလို့ အခန်း ပြန်ရောက်ရောက်ချင်းမှာ ကျွန်တော် သူမကို ရုတ်တ ရက် ပြောလိုက်တယ်။ ဒီနေ့တော့ သူမက ပင်လယ်ဆီ မဆင်းသေးဘဲ ပင်လယ်ကြီးကို နဂိုရှိရင်းစွဲ အတိုင်း အလှ ထိုင်ကြည့်နေတယ်။ သူမ ပုံစံက ပင်လယ်ဆီကနေ ဘာသာစကားအသစ်တစ်ခုကို သင်ယူနေတဲ့အလား။ ကျွန်တော့် အနေနဲ့တော့ မလိုအပ်တဲ့ ဘာသာစကားတွေကို မီဒီယမ်တစ်ခုလို အသုံးပြုပြီး တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ခုနဲ့ ဆက်သွယ် ကြည့်ဖို့ ကြိုးစားနေမယ့်အစား ကျွန်တော့်ရဲ့ အာရုံ အစုအဝေး အားလုံး ကို သူမနဲ့ ချစ်မှုပြုဖို့ ကိစ္စအပေါ်မှာပဲ စုပုံထား လိုက်ချင်တော့တာ။ ဒါဟာ ကျွန်တော်ရေးသားရမယ့် ဝတ္ထုအတိအကျပဲ။ ပြီးတော့ အဲဒီဝတ္ထုကို သူမနဲ့ ကျွန်တော်အပြင် နောက်ထပ် ဘယ်သူမှ ဖတ်ခွင့်ရှိမှာ မဟုတ်ဘူး။

“ဒါဆို ကျွန်မတို့ အကာအကွယ်မပါပဲ ဆက်ဆံမှု ပြုသင့်တာပေါ့” တဲ့။ ညက တိတ်ဆိတ်ငေးမောမှုတွေ သူမဆီမှာ လွင့်ပါးသွားပြီလို့ ထင်ရတဲ့အထိပဲ။ ပင်လယ်ဟာ သူမရဲ့ တိတ်ဆိတ်နေမှုတွေကို တစ်ညလုံး စုပ်ယူနေခဲ့ပြီး အသံ ပြန်ထွက်စေခဲ့ပြီပေါ့။ ဒါမှမဟုတ် ရှုပ်ထွေးပွေလီလှတဲ့ ဘဝထဲ ဝင်ရောက်ဖို့ အရှင်းလင်းဆုံး လမ်းကြောင်းတစ်ခုဟာ ယောကျ်ားတစ်ယောက်ရဲ့ လိင်တံနဲ့ အဦးဆုံး ဖောက်မှပဲ ရမယ်လို့ သူမလည်း သူ့နည်းသူ့ဟန်နဲ့ သဘောပေါက်သွားတာမျိုး ဖြစ်မယ်။ သူမ အဲဒီလို ပြောလိုက်မှ တစ်ခါက online ပေါ်မှာ အမျိုးသမီးတွေကို ကွန်ဒုံး အသုံးပြုပြီး ဆက်ဆံတာနဲ့ အသုံးမပြုပဲ ဆက်ဆံတာ ဘယ်ဟာက ပိုကောင်းလဲ ဆိုပြီး လိုက်မေးတဲ့ video တစ်ခုကို သတိရမိပြီး ပြုံးမိသေးတယ်။ သူမကိုလည်း အဲလိုမေးကြည့်တော့ “ဒါက အသိသာကြီးပဲ၊ မပါတာက ပိုကောင်းတာပေါ့” တဲ့။

ဒီတော့ ကျွန်တော်တို့လည်း ရာသီလာတဲ့ ရက်တွက်ပြီး အကာအကွယ်မပါဘဲ ဆက်ဆံဖို့လုပ်ကြတယ်။ ပြီးတော့ အခုတစ်ခေါက် လိင်ဆက်ဆံခြင်းဟာ ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် နောက်ဆုံးလည်း ဖြစ်ချင်ဖြစ်သွား နိုင်တယ်ဆိုတဲ့ မှန်းဆချက်မျိုးဟာ နှစ်ယောက်လုံးရဲ့ ရင်ထဲကိုယ်စီ ရှိနေကြတယ်။

“ရှင် ဝတ္ထုရေးလို့ ပြီးသွားပြီမို့လား” တဲ့။ သူမက တိကျသေချာတဲ့ အပြုံးမျိုးနဲ့ မေးလာတယ်။ ကျွန်တော်လည်း သူမကို ပြန်လည် ခေါင်းငြိမ့် ပြုံးပြရင်း မင်းလည်း ဖတ်ပြီးသွားပြီ မဟုတ်လားလို့ ပြန်မေးလိုက်တယ်။ ဘဝဟာ ကျွန်တော်တို့ ဆက်ဆံမှုပြုထားတဲ့ ကုတင်ပေါ်က စောင်တွေလို တွန့်ကြေနေတယ်။ တကယ်လည်း ကျွန်တော့် ဝတ္ထုက အစောကတင်ပဲ ရေးသား ပြီးစီးသွားလို့ သူမ ကိုယ်တိုင်ပဲ ဖျောက်ဖျက်ပစ်လိုက်ပြီးပါပြီ၊ စာကြောင်းတွေအဖြစ် သူမ မဖတ်လိုက်ရတာပဲ ရှိတာ။ ဒါမှမဟုတ် ဝတ္ထုတစ်ပုဒ်လုံးဟာ သူမကိုယ်ထဲက ထွက်လာပြီး သူမ ကိုယ်ထဲကို အဲဒီလမ်းကြောင်းအတိုင်း ပြန်ဝင်သွားပြီ ဖြစ်မယ်။ ဒါကို သူမကိုယ်တိုင်လည်း ခံစားသိနဲ့ သိနေနိုင် မယ် ထင်တာပဲ။ သူမလည်း တစ်စုံတစ်ခုကို သတိရသွားဟန်မျိုးနဲ့ “အော် ဟုတ်ပါရဲ့၊ ရှင့်ဝတ္ထုကို အဆုံးထိ ကျွန် မ ဖတ်လိုက်ရတယ်။” ဆိုပြီး တိုးညှင်းစွာ အာမေဋိတ် ပြုလိုက်တယ်။ ခဏနေတော့ ပင်လယ်ဆီကို သူမ တရွေ့ ရွေ့နဲ့ ဆင်းသွားတယ်။ ။