၁၉၄၀ ကျော်များ - အာဒမ်မော်

 
အချိန်စက်ဝန်း ကျိုးပျက်နေလို့ ကာလ အပိုင်းအခြားနဲ့ ရှိရမယ့် ပုံရိပ်တွေ၊ အရှိတရားတွေ၊ အသံတွေကို မရွေ့လျားတော့တဲ့ ပစ္စပ္ပုန် ရှေ့မှောက် ထပ်ပြန် တလဲလဲ ကြုံတွေ့နေရတဲ့ အရပ်တစ်ခုမှာ အသက်ရှင်နေရသူ တွေကတော့ ဒီအရေးအသားကို သိစိတ်ထဲက တစ်နေရာစာ လိုက်လျောမိမယ် ထင်ပါတယ်။ ၁၉၄၀ကျော် ခုနှစ်တွေဟာ အကောင်အထည်ရှိနေတဲ့ တစ္ဆေတွေလို သဘာ၀မကျ။ ဒါပေမယ့်လည်း ရှောင်တိမ်းလို့မရဘဲ လမ်းတစ်လျှောက်လုံး တွန်းတိုက်နေမိဆဲ။



(က)

ငါလောင်းခဲ့တဲ့ မြင်းနီကြီးဟာ မြင်းညိုကြီးထက် တစ်ပေလောက် စောပြီး ပန်းဝင်သွားရော။ “ဒါမှ ငါ့ကောင်” ငါ ထအော်လိုက်မိတယ်။ ရင်ထဲမှာ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု အပြည့်။ ဒီပွဲနိုင်ရင် အချီကြီးမိပြီ။ ကလပ်တက်၊ အမူးသောက် ဒီလိုလုပ်ပစ်ဖို့ ငါစဉ်းစားထားပြီးသား။

“ငါ့ကောင်တို့ သွားရအောင်”

နီးစပ်ရာ ဖုန်းဆိုင်ကနေ လေးငါးယောက်ဆီ ဖုန်းခေါ်လိုက်ပါတယ်။

(ခ)

ရုတ်တရက်ဆိုသလို၊ မိုးတွေ သည်းကြီး၊ မည်းကြီးရွာချ။ ရေဒီယိုကနေ နိုင်ငံတော် သီချင်းသံ လွှင့်ထွက်လာတယ်။ သူရမောင်ဟာ ဆေးလိပ်ကို ပါးစပ်မှာခဲ နိုင်ငံတော်အလံကို ပုံစံကျကျ ကိုင်ပြီး မိုးရွာထဲကို ထထွက်သွားရော။

“ဟေ့ကောင် ဘယ်လဲ”

မောင်သောင်း အော်မေးလိုက်တာကို သူ ကြားပုံမရ။ ဒါမှမဟုတ် မကြားချင်ယောင်ဆောင်တာလည်း ဖြစ်နေနိုင်တယ်။ အဲ့ဒီအချိန် မိုးချုန်းသံ နှစ်ချက်ဆင့် ထွက်လာတယ်။ ပြီး၊ တောင်အရပ်ကနေ မြင်းရိုင်းခုနှစ်ကောင် ကဆုန်ပေါက် ပြေးထွက်လာကြ။ အချိန်ဟာ ၁၉၄၉၊ နိုဝင်ဘာ။

(ဂ)

ဂျစ်ကားတစ်စီး ထိုးဆိုက်လာတယ်။ အချိန်က ညနေငါးနာရီ၊ ၁၉၄၇။

“ အနှောင်းရေ၊ ဒီမှာ ဘယ်သူလဲ လာကြည့်ပါဦး”

“ဟင် ကိုစိုး”

အချိန်ဟာ လျင်မြန်စွာနဲ့ မှောင်ရီသန်းချိန်ကို ရောက်သွားပါတယ်။ ညစာစား ပြီးသွားတော့ အနှောင်းဟာ ဧည့် ခန်းထဲဝင်၊ သူ့လက်ချောင်း သွယ်သွယ်လျလျလေးတွေနဲ့ စန္ဒယား စတီးတယ်။ "ဂီတသံဟာ စီးချက်ကျလွန်းပြီး လူကို ဖမ်းစားနိုင်လွန်းတယ်” လို့ ကိုစိုးက အနှောင်းအနားကို ကပ်ပြီး ခပ်တိုးတိုးလေး ပြောတော့ အနှောင်းက ခပ်ယဲ့ယဲ့လေးပြုံးပြပြန်တယ်။

“နမ်းပါရစေ၊ အနှောင်းရယ်”

“ဟင့်အင်း၊ ကိုစိုး မနမ်းရဘူး”

“ ဘာဖြစ်လို့”

“ ကိုစိုးဟာ တစ္ဆေတစ်ကောင်ဖြစ်နေလို့ပဲ”

“တစ္ဆေတွေ မနမ်းရဘူးလို့ ဘယ်သူပြောထားလို့လဲ အနှောင်း”

“ဘယ်သူမှ မပြောထားပေမယ့်၊ တစ္ဆေတွေ နမ်းတာတော့ အနှောင်းမကြိုက်ဘူး”

ဒီလိုနဲ့ ညဟာ သန်းခေါင်ယံတိတိကို ရောက်သွားပါတယ်။

(ဃ)

၁၉၄၂၊ ညကြီးသန်းခေါင် စစ်လေယာဉ်နှစ်စီး ဖြတ်ပြေးသွားပြီး အိမ်တွေအပေါ် ဗုံးကြဲသွားကြ။ အဲ့ဒီအချိန်မှာ မတင်ဟာ ဘဲကြီးတစ်ဗွေနဲ့ အိပ်လို့ ကောင်းနေတုန်း။ ဗုံးကွဲသံကြောင့် နှစ်ယောက်သား လူးလွန့် ထလာကြပြီး၊ ပုန်းရှောင်စရာ နေရာတစ်ခုကို ရှာကြပြန်တယ်။ သိသိသာသာ အသံငြိမ်သွားတော့ မတင်ဟာ သူ့အဝတ်အစားတွေကို ကောက်ဝတ်လိုက်ပြီး “အတင်တို့ ကိစ္စက ဒီလောက်နဲ့ ပြီးပြီထင်တယ်”

“ဆိုလိုတာက”

“ရှင်ပြန်လို့ရပြီလို့ပြောတာ၊ ဗုံးသံကြားရင် အတင့် ယောကျာ်း ဖဲဝိုင်းကနေ ပြန်လာလိမ့်မယ်၊ ဒီတော့ ရှင်မပြန်ရင် ပြဿနာတက်မှာပဲ”

“ကိုယ်သဘောပေါက်ပြီ” မတင်ရဲ့ မျောက်မသားဟာ သူ့အဝတ်အစားတွေကို ကျကျနနဝတ်၊ မှန်တင်ခုံပေါ်တင်ထားတဲ့ သူ့သေနတ်ကို ခါးကြားထဲ ထိုးထည့်လိုက်ပြီး၊ လူကြီးလူကောင်းတစ်ယောက်လို အိမ်နောက်ဖေးပေါက်ကနေ ထွက်သွားလိုက်တယ်။ တစ္ဆေ တစ်ကောင်လို၊ သူဝင်လာတာ၊ သူထွက်သွားတာ ဘယ်သကောင့်သားမှ မသိလိုက်ကြ။