အခုရက်ပိုင်းတွေမှာ မင်းဘယ်လို - ညီပု

ညီပု

ကဗျာဆရာတစ်ယောက်ရဲ့  မျက်လုံးဟာ မမြင်အပ်တဲ့ အရာတွေကို မြင်တတ်တယ်။ ကဗျာဆရာ တစ်ယောက် ရဲ့နားဟာ မကြားအပ်တဲ့ အသံတွေကို ကြားတတ်တယ်။ ကဗျာဆရာ ဦးနှောက်နဲ့ နှလုံးဟာ ကိုယ်ခန္ဓာရဲ့ သွေးကြောမျှင်တွေ၊ သွေးဥတွေထက် ဝိညာဉ်ရဲ့ဘာသာစကားတွေကို လည်ပတ် ထုတ်လွှတ်ပေးပုံရတယ်။ ဒါကြောင့် ကဗျာဆရာတွေဆီမှာ သူရူးတစ်ယောက် ရဲ့ ဧကစာရီ ဒေါသူပုန်မျိုး အုံကြွနေတာကို တွေ့ရတတ် တယ်။  ပြီးတော့ ကဗျာဆရာရဲ့ အသံကိုကြားရင်၊ စကားကို မြင်ရင် လူတွေက သူတို့ မကျေညက်ခဲ့တဲ့ အရှိတရားရဲ့ ကန့်လန်ကာတွေကို သတိထားမိကြတယ်။

လ္ဘက်ရည်ဆိုင်တွေရဲ့ အနောက်ဖက်ကို မသွားနဲ့
ညစ်ပေနေတဲ့ အသားလှီးဓား
အဲ့ဒါကို နို့ဆီခွက်တွေရဲ့ ဘေးမှာ ကြက်သွန်တွေနဲ့ ထားလေ့ရှိတယ်
မင်းဘာပြောပြော သူတို့က ဆေးကြောပစ်ဖို့ စိတ်ကူးမရှိ

ကွင်းထဲမှာ သေလောက်အောင် ပြေးလိုက်ထားတဲ့ ဘောလုံး
ဆုံးရှုံးလိုက်ရပြီးမှ တစ်ခုခု ရေးဖို့ တွေးနေသေးရင်
မင်းသတိရ,ရမှာက တောင်အမေရိကဘောလုံးသမားတွေ 
မဟုတ်ပဲ အဲ့ဒီက ကဗျာဆရာတွေ

ပြီးခဲ့တဲ့သီတင်းကျွတ်၊ မီးစွဲနေတဲ့ နှုတ်သီးနဲ့ ဇီးကွက်တွေ
ကြောက်မက်ဖွယ်ဟာ နှစ်ခုသုံးခုထက် ပိုခုန်ပေါက်ပြီး
ပေါင်းစပ်ဖွဲ့စည်းမှုဟာ လေးငါးခြောက်ခုထက် ပိုပြန့်ကားတယ်
မင်း တကယ် ချစ်မိနေတာ မိုးပျံပူဖောင်းတွေထက်
၎င်းတို့ရဲ့ လွင့်တတ်ခြင်း ကိစ္စ

စက်ဘီးပေါ်က ဆင်းလိုက်တာနဲ့ ၊ အံသွားရဲ့ အောက်ခြေ
ဆာလောင်နေတဲ့ ရေမြင်း၊ အဆုံးစမရှိ မြူနှင်းတွေ
အားလုံးဟာ တွေ့မြင်နေကျ ပုံစံနဲ့ ဝေးကွာလို့
ဖန်တီးစာ ရေးသားခြင်းရဲ့ မင်းမမြင်နိုင်တဲ့ နေရာလွတ်တွေ
ရေနွေးပူပူဟာ ကိုယ်တိုင်ယူစနစ် ဖြစ်တယ်။