မောင်ခက်ဝေရဲ့ ကဗျာနှစ်ပုဒ်

မောင်ခက်ဝေ



အငွေ့

တိမ်စိုင်ခဲ တစ်ခုနဲ့ ယုန်ဖြူတစ်ကောင်က သူ့ခန္ဓာကိုယ်ကို ခါးကနေ ပိုင်းလိုက်ပြီး တစ်ယောက်တစ်ဝက်စားလိုက်တယ်လို့ အိပ်မက်မက်တယ်။ မနက် အိပ်ယာ နိုးတော့
ညကအိပ်မက်ကို သူအမှတ်ရပြီး ကျောချမ်းသလို ဖြစ်လာတယ်။ သွားတိုက်ရင်း
မျက်နှာသစ်တဲ့နေရာက မှန်မှာ သူ့ကိုယ်သူ ပြန်မြင်ရတော့ ကိုယ့်ကိုယ်ကို အစိုင်အခဲကနေ အငွေ့အဖြစ် ပြောင်းချင်စိတ်က သူ့မှာ ဖြစ်လာတယ်။ ရေချိုးခန်းထဲက ကိစ္စကို မြန်မြန်လုပ်ပြီး
မနက်စာအတွက် ရေခဲသေတ္တာကို ဖွင့်လိုက်တော့ အထဲက ထွက်လာတဲ့ အေးစက်စက်လေနဲ့အတူ
ခန္ဓာကိုယ်ဟာ လိုက်ပါသွားသလို သူခံစားလိုက်ရတယ်။ သတိပြန်ကပ်ပြီး
မီးဖိုချောင်ထဲက ကိစ္စကို မြန်မြန်ဖျက်လိုက်တယ်။ အငွေ့ဖြစ်ချင်နေတဲ့ စိတ်က သူ့ကို စိုးမိုးထားတုန်းပဲ။ သေချာစဉ်းစားကြည့်မှ အငွေ့အဖြစ် ပြောင်းလိုက်ရင် ခန္ဓာကိုယ်ကို ပိုင်းပြီး အစားမခံရနိုင်တော့ဘူးဆိုတာ သူသဘောပေါက်သွားတယ်။ ခန္ဓာကိုယ်ကို အငွေ့အဖြစ် ပြောင်းလိုက်တယ်။ အငွေ့အဖြစ်နဲ့ အပြင်ကို ထွက်လာခဲ့လိုက်တယ်။
အပြင်မှာ လမ်းလျှောက်နေရင်း
မသိစိတ်ရဲ့ ဆန်းကြယ်မှုက သူ့ကို ကာကွယ်လိုက်တာပဲလို့ တွေးမိတယ်။
ပထမတစ်ရက်နှစ်ရက် ပြီးတော့ တတိယမြောက်ရက်မှာ
ဘီယာဆိုင်ထိုင်နေရင်း လူတစ်ယောက်က သူ့ကိုပြောတယ်။ အငွေ့အဖြစ် ရှိနေတာဟာ
ခင်ဗျားအတွက် အဆင်ပြေနေပြီ ဆိုပေမယ့် ပတ်ဝန်းကျင်ကိုတော့ ခင်ဗျား မေ့မထား…။
ဟုတ်ပါတယ် ဘာပဲဖြစ်ဖြစ် ကျနော်တို့အားလုံးက အမှုန်တွေပါပဲလို့
သူက ဟိုလူရဲ့ စကားကို ဖြတ်ပြီး ပြန်ပြောလိုက်။
သောက်စရာရှိတာ ဆက်သောက်ပြီး အိမ်ပြန်လိုက်တယ်။ စတုတ္ထမြောက်နေ့မှာ
စပြီး သတိထားမိတာက သူ သွားတဲ့နေရာတိုင်းမှာ ယုန်ဖြူတစ်ကောင်ကို ဖျတ်ခနဲဖျတ်ခနဲ တွေ့လိုက်ရတယ်။ တစ်ခါတလေ တစ်ကောင်ထက်ပိုတဲ့ ယုန်ဖြူတွေ။
သူထိုင်နေတဲ့ ဝိုင်ရဲ့ မလှမ်းမကမ်းဝိုင်းမှာ ထိုင်နေတာမျိုး။ ဘတ်စကားစောင့်နေချိန်မှာ
လမ်းရဲ့ ဟိုဘက်အခြမ်းကနေ ဖြတ်လျှောက်သွားတာမျိုး။
အမှတ်တမဲ့ တွေ့လိုက်ပြီး ပြန်ကြည့်ရင်လည်း မရှိတော့ပြန်ဘူး။
အငွေ့အဖြစ်နဲ့ လုံခြုံမှု ရယူပြီးတဲ့နောက်တော့ ဒီကိစ္စက သူ့အတွက်
ခဏတစ်ဖြုတ် စိတ်က ကသိကအောက် ဖြစ်စေတာကလွဲလို့ သိပ်မဖြုံတော့ဘူး။
နဝမနေ့ရောက်တော့ ညဘက်အိပ်ယာဝင်ခါနီးမှာ တတိယနေ့က
လူပြောတဲ့ကိစ္စကတော့ သူ့အတွေးထဲ ပြန်ရောက်လာတယ်။ ဒီကိစ္စကို သူသေချာ ပြန်စဉ်းစားတယ်။
အဲ့ဒီကိစ္စ စဉ်းစားရင်းနဲ့ပဲ အဲဒီနေ့က ကြည့်ခဲ့တဲ့ ရုပ်ရှင်ထဲကနေ ယုန်ခေါင်းတွေ စွပ်ထားတဲ့
လူသုံးယောက် ထိုင်နေတဲ့ ဇာတ်ဝင်ခန်းကို စဉ်းစားမိလာတယ်။
တစ်ကယ်တော့ သုံးယောက်စလုံး ထိုင်နေတာတော့ မဟုတ်ဘူး။ တစ်ယောက်က မတ်တပ်ရပ်နေတာ။
စဉ်းစားရင်းပဲ သူအိပ်ပျော်သွားတယ်။ အိပ်မက်ထဲမှာ
သူက အဲ့ဒီရုပ်ရှင်ရဲ့ ရိုက်ကွင်းကို ရောက်သွားတယ်။ သူသေချာ ကြည့်လိုက်တော့
ယုန်ခေါင်းစွပ်ထားတဲ့ လူတွေ မဟုတ်ဘဲ တကယ့် ယုန်လူသားတွေ ဖြစ်နေတယ်။
ယုန်လူသားတွေ တကယ်ရှိတာကို အခုမှသိတယ်လို့ သူပြောလိုက်မိတော့
အားလုံးက သူ့ကို ဝိုင်းဟားကြတယ်။ အဲ့ဒီည သူ အိပ်နေတုန်းမှာပဲ
တိမ်စိုင်ခဲတစ်ခုက သူ့ကို လာစားပစ်လိုက်ကြတယ်။ မနက်နိုးတော့
သူဟာ တိမ်စိုင်ခဲတစ်ခုရဲ့ အငွေ့ဖြစ်နေတယ်။ သူ့ရဲ့ဘေးမှာ တိမ်စိုင်ခဲ
စားထားတဲ့ အခြားအငွေ့တွေ။ အဝေးကို ကြည့်တော့ အခြားတိမ်တွေ။ အဲ့ဒီတိမ်တွေရဲ့ အထဲမှာ
သူ့ကို စားထားတဲ့ အငွေ့တွေ။ ကျနော်တို့က ဘာလုပ်ကြမလဲ
သူရဲ့ဘေးက အငွေ့ကို သူမေးလိုက်တယ်။ အငွေ့က သူ့ကို ဘာမှပြန်မပြောဘဲ
ငွေ့ရည်ဖွဲ့ပြီး မိုးအဖြစ် ရွာကျသွားတယ်။ အခြားအငွေ့တွေလည်း လိုက်ပြီး ရွာကျကြတယ်။
မိုးရွာလာပြီဆိုတော့ ယုန်ဖြူတွေဟာ တောထဲကို ပြန်ဝင်သွားကြတယ်။

***

ရုပ်ရှင်ကြည့်ခြင်း

ဒီနေ့ ကျနော် ရုပ်ရှင်တစ်ကား ကြည့်ဖြစ်သည်။
ထိုရုပ်ရှင်ထဲမှ ယောကျ်ားများသည် ခေါင်းတွင် မိန်းမ အတွင်းခံ ဘောင်းဘီများ စွပ်ထားကြသည်။
အကြောင်းမှာ ထိုယောကျာ်းများ၏ မျက်နှာများသည်
မိန်းမအင်္ဂါနှင့် အလွန်တူနေသောကြောင့် ဖြစ်သည်။ ထိုယောကျာ်းများသည်
မိန်းမပျိုတစ်ယောက်တည်းကိုသာ ကြိုက်နှစ်သက်နေကြသည်။
ရုပ်ရှင်စပြီး မိနစ်အနည်းငယ်‌ ကြာသောအခါ ရုပ်ရှင်ထဲတွင်
အမျိုးသား ဆရာဝန်တစ်ယောက် ပါလာသည်။
(ထိုဆရာဝန်၏ မျက်နှာမှာ အခြားယောကျာ်းများနှင့် မတူ)
ဆရာဝန်သည်လည်း ရုပ်ရှင်ထဲမှာ ယောကျာ်းများ နှစ်သက်သော မိန်းမပျိုနှင့် တွေ့ဆုံသည်။
ထိုမိန်းမပျိုက ဆရာဝန်အား “မိမိတွင် မိန်းမ လိင်အင်္ဂါမပါရှိကြောင်း၊ ထိုကိစ္စကို
ကျန်ယောကျာ်းများမှာ မသိကြကြောင်း” လျို့ဝှက်စွာ ပြောဆိုသည်။
မိန်းမပျို၏ စကားအဆုံးတွင် ဆရာဝန်က မိန်းမပျိုအား “မိမိနှင့် လက်ထပ်ရန်သင့်ကြောင်း”
ပြောဆိုသည်။ ထိုအခါ မိန်းမပျိုက ဆရာဝန်၏ မျက်နှာအား
နှုတ်ခမ်းဆိုးဆေးဖြင့် သုတ်လိုက်သည်။ ဆရာဝန်၏ မျက်နှာမှာ
မိန်းမနှုတ်ခမ်း အသွင်ပြောင်းသွားသည်။
ဆရာဝန်သည် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ တို့ကို
တစ်ပြိုင်နက်တည်း ကြုံတွေ့လိုက်ရသည်။ ရုပ်ရှင်ပြီးခါနီးတွင် ကျနော်သည်
ရုပ်ရှင်ပိတ်ကားကို ဓါးတစ်ချောင်းဖြင့် လှီးကာ ဖျက်ဆီးလိုက်သည်။ ထို့နောက် ကျွန်တော်သည်
ထိုဓါးနှင့်ပင် ကိုယ့်ခေါင်းကို ဖြတ်ကာ ကျနော့်ဘေးတွင် ထိုင်နေသော
မိန်းမပျိုလေး တစ်ယောက်အား ပေးလိုက်သည်။ မိန်းမပျိုက ကျနော့်ဦးခေါင်းအား
သူ့လက်ထဲမှာ ပေါက်ပေါက်ဆုပ် ခွံ့ကျွေးလိုက်သည်။ ကျနော့်ဦးခေါင်းသည်
မိန်းမပျိုလေး၏ လက်ထဲတွင် ပြုံးကာ ကျန်ခဲ့တော့သည်။