ရွန်းရဲ့ ကဗျာနှစ်ပုဒ်




1)
Hallucination of space-time

အသားကုန်ခြစ်အော်ဆဲတော့
ညစ်ညမ်းအကြမ်းဖက်မှုကိုကောင်းကောင်းသိတဲ့ သန္ဓေသားအချင်းကြီးထဲက
လူအရပ်လောက်ရှိတဲ့ ဘုရားပန်းတွေကိုင်ပြီး ထွက်လာကြတယ်
လူတွေ။

အညိုအမဲစွဲကျိုးကြေနေတဲ့ မှတ်ဉာဏ်တွေဟာ
အာဟာရပြည့်နေသလို တဖြည်းဖြည်းငြိမ်ကျလာရဲ့
ငါ့ခေါင်းကနေ ငါ့မျက်နှာကနေ ငါ့အရေပြားကနေ ငါ့ခန္ဓာက‌နေ
မီနီစကပ်မျက်နှာပြင်တွေ တုန်ခါလာ
ထာဝရ အနှိုင်းမဲ့မှုလို ဆာလောင်မှုအမျိုးမျိုးဆီမှာ
ရှေ့တန်း သွားရမယ့် လားကောင်ကဲ့သို့ သွားအပိုမဲ့၊
လမ်းပေါ် ရောက်နေပေမယ့်လည်း လမ်းပေါ် နေရစ်ခဲ့သူကို ငါလွမ်းဆွတ်တယ်၊ အကယ်၍များ။

ရွတ်ကွနေတဲ့ ဟာလာဟင်းလင်းတွေကြား
သေခြင်းတရားကို ခံစားရတိုင်း
ငါ့နဲ့ လာငြိတာ အအေးဓါတ်ပေါ့ ဒါပေမယ့်
ငါ့မှာ တဟားဟားနဲ့ မှုတ်ထုတ်မှဆောင်းကိုရတယ် 
တဟားဟားနဲ့ မပြီးဆုံးနိုင်ဘဲ ဆက်ပြီး
အဲဒီလို
တဟားဟားနဲ့မှုတ်ထုတ်ရင်း အသက်ရှူရပ်ပြီးတဲ့နောက်
ကြွေပန်းကန်ရှိတဲ့အိမ်တိုင်း အပိုင်းပိုင်းကွဲသွားတယ်

နာရီပိုင်းပဲခံတဲ့ ရေခဲရေစိုင်ဂဲကြီးတွေကြားမှာ ကြားဖူးပြီးသားစကားလုံးတွေ စူးဝင်ပိပြားပျော်ကျသွားတာ 
ငါသေပြီဖြစ်ပေမယ့် သီချင်းမဆိုနိုင်တဲ့အတွက်
သူ့အလုပ်သူလုပ်တဲ့ဆောင်းဟာ ငှက်တစ်ကောင်ကို ကောက်ခါငင်ခါမွေးစားခဲ့တယ် ဆိုတာနဲ့ အဆုံးသတ်မယ်

ဘာမှရှိမနေတော့
ဘာမှဟုတ်မနေတော့
ဥဩငှက်သံဟာ (အဖေပြောတဲ့) ကိုဝင်းအောင်မဟုတ်‌တော့ ပုဒ်မ
ရက်ကန်းခတ်သံဟာ (အဖေပြောတဲ့) ဒီမိုကရေစီရရှိရေး ဒို့အရေး မဟုတ်တော့ပုဒ်မ

2)
တပတ်နွမ်းကျွန်း

ဝန်စည်စလွယ်တွေ ကမ်းလွန် ပင်လယ်ထဲထိုးကျပြီး၊ ယုန်ရုပ်တာယာတွေ ဘေးတိုက် ငိုက်မြည်း ကျပြီး၊
သွေးပွင့်သွေးရွက်တွေ ဆင်ခြေလျှော ဖြစ်သွားပြီး၊ ကံချစ်တဲ့ရွာ ရေနစ်ပြီး ရေစီးထဲက ရေဒီယိုသံတွေ ထွက်လာပြီး၊ ကျေနပ်စရာ တစ်ခုခု ကြေညာပြီး၊ ခက်ခဲပြီးရင် နက်နဲလာမယ်ဆိုတာ ခက်ခဲပြီးရင် နက်နဲလာမယ်လို့   
ကိုယ်အလင်းပွင့်ပြီး၊ ရုတ်ချည်းကမ္ဘာလည်တာ မြန်လာ
ဥပမာ
နေပူသွားခဲ့ 
ကျီးကန်းရပ်နေ
နေရိပ်သွားခဲ့ 
ကျီးကန်းရပ်နေ
ကျွဲကျောင်းသားအိတ်ထဲမှာ ကျွဲတွေ
နွားကျောင်းသားအိတ်ထဲမှာ နွားတွေ
ဝီထိ။

အခေါင်းပေါက်မျက်နှာများ ဖန်ပေါင်းချောင်ထဲ တိုးဝင်သွားကြ၊ ဆိုသလို ငှက်မွှေးတောင်များကလည်း ဂဝံအုတ်ချပ်ကြီးကိုဆက်လက်ဖုံးသွားကြ။ မွေးဖွား သန့်စင်ပြီးသားကလုန်းတွေ သက်ရှိနစ်မြှုပ်ထားတယ် အဲဒီလို သတင်း ကြွေးကြော်ဆင့်ဆိုဖို့ အပျက်ကိုစားပြီးအပြင်သမားတွေ သက်တမ်းရင့် မန်ကျည်းပင်ကြီးပေါ်ထိုင်နေ။ အားလုံးလာကြ ညောင်ပင်ကို ကိုးကွယ်။ မြင်ရရင် ၀င်ရ၊ နေရာတိုင်းမှာ ရွက်ဖျင်တဲရှင်။