မင်းတုန်းဘုရင်နှင့် နွယ်ချိုစားသူများအသင်း - သူရိန်လူလေး


ပင်ကိုယ်သဘာ၀အရ စကားပြေတွင် အလျင်ရှိသည်။ အသွားအလာ ရှိသည်။ ကာလအစဉ် ရှိသည်။ တစ်ခုလုံး အနေဖြင့် ခြုံငုံကြည့်လျှင် ဇာတ်လမ်း မရေးသည့် အခါမျိုးမှာတောင် ဇာတ်လမ်းသွားလို အချိတ်အဆက် အထုံးအဖွဲဖြင့် ခိုင်မာ နေတတ်သည်။ ဒီလို ထုထည်ဖြင့် ဖွဲစည်းထားသော စကားပြေကို ဇာတ်လမ်း ပြောပြရာတွင် တစ်မျှင်ချင်း အသုံးပြုလိုသော စမ်းသပ်ချက်ကို သူရိန်လူလေးက နှစ်ခြိုက်ပုံရသည်။ ထိုကြောင့် သူ၏ အရေးအသားများမှာ ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်ရသလို ခံစားရနေသည့် တစ်ချိန်တည်းတွင် စကားပြေ၏ အချုပ်အနှောင်မှ လွတ်မြောက်နေသော စာကြောင်းများ၏ လွပ်လပ်သော ကခုန်မှု ဖြင့် ဆွဲဆောင်မှုရှိနေခြင်း ဖြစ်မည်။



ငယ်စဉ်အခါမှာပဲ ဆရာသက်ကြီးဆီမှ စာတစ်စောင်သည် လျင်မြန်စွာရောက်လာခဲ့သည်။

“တန်ဆောင်မုန်း လဆုတ် တစ်ရက်ရက်မှာ မင်းတုန်းဘုရင်က ငါ့ကို ကွပ်မျက်လိမ့်မယ်”

ဆရာသက်ကြီး၏ ကျေးဇူးတရားကို ပြန်လည် အောက်မေ့ခွင့် ရပြီ ဖြစ်သည်။ တာရိုးများ၊ သေနတ်ပစ်စင်များနှင့် ဆယ့်ငါးရက် မြင်းဈေးက မြင်းတ‌န်းများတွင် မေထုန်အမှုကို လိုက်လံ ပြုမူနေ၍ ရပ်ရွာက သူတို့ကို ရိုက်ပုတ်မောင်းထုတ်ခဲ့ပေမယ့် နွယ်ချို စားကာ ရှင်သန် သွားလာ နိုင်ကြောင်း ဆရာသက်ကြီး၏ တွေ့ရှိမှုက သူတို့ ဘဝကို ပြောင်းလဲ စေခဲ့သည်။ နွယ်ချို ပေါများရာ အရပ်တွင် သူတို့ ဘဝကို စုစည်း နေထိုင်၍ ရကြောင်း သိရှိခဲ့သည်။ နွယ်ချို စားသူများ အသင်းက ဆရာသက်ကြီး၏ စာအား သယ်ဆောင်လာသူကို နွံအိုင်တွင် နှစ်လိုက်ကြသည်။ ဦးထုပ်နှင့် ဓား၊ လက်ကောက်ဝတ်က အဆင်တန်ဆာများ၊ ထိုလူ ပိုင်သော ကျွဲနွားလယ်ယာများ၊ နားနှင့် နှာခေါင်းတွင် ထိုးသောအရိုးများပါ နစ်မြှုပ်သွားသည့် အထိ သူတို့ စောင့်ကြည့်ခဲ့ကြသည်။ နစ်မြှုပ်ချိန်တွင် ရွှံ့ထဲသို့ ခဲလုံးနှင့် ပစ်ခြင်းကို တားမြစ်သည်။ သူတို့၏ ရည်ရွယ်ချက်မှာ ရာသီ၏ ရိတ်သိမ်းချိန် နောက်ကျမှုနှင့်အတူ သူတို့ ရမည့် ကျောက်ညီလိုင်၏ အကူအညီများကို စောင့်မျှော်ရန် ဖြစ်သည်။ သို့သော်လည်း ညတာရှည်သည့် အမှောင်ထုက အချိန်နှောင်းကာ ရောက်ရှိခဲ့ပြီး မင်းတုန်းဘုရင်၏ ကြက်တူရွေးများကို ကောင်းကင်ယံတွင် အစောဆုံး မြင်ခဲ့ကြရသည်။ မင်းတုန်းဘုရင်၏ ရှည်လျားသော ညောင်စောင်းကြီးများ၏ နေရာယူမှုနှင့် ကျယ်ပြန့်သော မြေပြင်ကြီးများ၏ ပေါ်ပေါက်လာမှုက မြန်ဆန်လွန်းသောကြောင့် သူတို့တွေ ရွေ့လျားရန် ခက်ခဲသွားသည်။ ဆုံစည်းဖို့ ကြန့်ကြာကာ ဆုံမှတ်ဆီ မရောက်နိုင်တော့။ မြိုရွာတို့၏ လမ်းမများတွင် စက္ကူပန်းများ ဖြန့်ကြဲလို့ စက္ကူပန်းပင်များ အဖြစ် နေထိုင်လိုက်ကြသည်။ ကြွေလွင့်နေသော ကိုယ့်ရွက်ဖတ်များကို ကိုယ်ငေးကြည့်နေရသည့် ဘဝတွင် သူတို့၏ အားလပ်ချိန်ဆိုသည်မှာ လမ်း၌ သွားသောလူတို့ကို ရေတွက်၍ ဂဏန်းသင်္ချာများ တတ်ကျွမ်းအောင်သင်ယူခြင်း ဖြစ်သည်။ မြစ်ကမ်းနားသို့ ရောက်သူများ ကတော့ အခါ အခွင့်သင့်သည်နှင့် သစ်တုံးများအဖြစ် မျော၍ မင်းတုန်းဘုရင်ဆီ စုန်ဆင်းလာကြသည်။ တချို့က ကသာ၏ ပန်သစ် ကျောင်းတိုက်မှ ကျောင်းလှေကားထစ်များ ဖြစ်ခဲ့ကြသည်။ တချို့မှာ ရွှေဘို တောင်ဘက် ဟန်လင်း အသွား လမ်းဘေးက သစ်ခြောက်တုံးများအဖြစ် ကျန်နေရစ်သည်။ အပုံလိုက် အပုံလိုက် သူတို့တွေ ဆယ်ယူ မီးရှို့ခံခဲ့ကြရသည်။ သူကတော့ လှိုင်မြစ် ကမ်းနဖူးက ရန်ကုန်မြို့ပေါ်တွင် ဈေးကွက် ကျွမ်းကျင် မန်နေဂျာအမျိုးသမီး၏ တိုက်ခန်း၌ ဓားရိုးလက်ကိုင် အဖြစ် နေထိုင်ကာ အချိန်တစ်ခုကို စောင့်ဆိုင်းနေခဲ့သည်။ အတူနေရသော ဈေးကွက် အမျိုးသမီး၏ သားသမီးများမှာ ငှက်ပျောသီး နှင့် ထောပတ်သီးကို ရေခဲသေတ္တာထဲ ထည့်တတ်သူများ ဖြစ်ပြီး သူတို့ဘဝကို သူတို့ မေ့နေသော စက်ဆုပ် ရွံ့ရှာဖွယ် လူများ ဖြစ်သည်။ သားဖြစ်သူသည် ညသန်းခေါင် မီးဖိုချောင်တွင် မီးဖိုချောင် ဘေစင်မှ အညှိများကို နမ်း၍ ဘေစင်ကို ပါးအပ်ကာ ဂွေတတ်သူဖြစ်သည်။ ဂွေပုံ ဆန်းကြယ်သော သူ့အဖြစ်ကို ဂွေဆန်းဟု အမည်ပေးထားပြီး မီးဖိုချောင် အမှောင်တွင် အလင်းပြပြဖြင့် ဂွေဆန်းက သစ်သီးများ လှီးလျှင် ဓားသည် လျင်မြန်စွာတုံးသွားခဲ့သည်။

(၂၀၂၀)