ဒီဇာတ်လမ်းမှာ သင်ခန်းစာ မပါပါ - နေမျိုးဆက်လူ

နေမျိုးဆက်လူ

မက္ကဆီကို စာရေးဆရာ Carlos Fuentes က "Julio Cortázar ဟာ လက်တင်အမေရိကရဲ့ ဆိုင်မွန်ဘိုလီဗာ (တော်လှန်ရေးသမား)" တဲ့။ Julio Cortázar ဟာ အာဂျင်တီးနား စာရေးဆရာ ဖြစ်ပြီး လက်တင်အမေရိက ဘွန်းစာပေ လှုပ်ရှားမှုနဲ့ အတော်အတန် ပတ်သက်ခဲ့တဲ့ အကြီးအကျယ်ဆုံး စာရေးဆရာတွေထဲက တစ်ယောက်လည်း ဖြစ်တယ်။ လက်တင်အမေရိက စာရေးဆရာတွေထဲမှာ ဥရောပအဆန်ဆုံး လက်ရာတွေကိုလည်း ရေးထုတ်ခဲ့တယ်။ သူ့ဘဝ အချိန်တော်တော်များများကို ပြင်သစ်နဲ့ အခြားဥရောပနိုင်ငံတွေမှာပဲ ကုန်ဆုံးခဲ့တယ်။ နေမျိုးဆက်လူ ကတော့ Julio Cortázar ရဲ့ Cronopios and Famas စာအုပ်ထဲက STORY WITH NO MORAL ကိုပြန်ထားပါတယ်။



လူတစ်ယောက်က ဟစ်သံတွေနဲ့ စကားလုံးတွေကို ရောင်းတယ်၊ သူ့ရောင်းစျေးနှုန်းနဲ့ ပက်သက်လို့ လူတွေက အငြင်းပွားကြပြီး စျေးလျှော့ပေးဖို့ ပြောနေကြပေမယ့်လည်း သူ့အတွက်ကတော့ အဆင်ပြေလျက်ပါပဲ။ အမြဲတမ်းလိုလိုကို သူက လျှော့ပေးလိုက်တယ်၊ အဲဒီနည်းနဲ့ပဲ သူ့ရဲ့ ဟစ်သံ အများအပြားကို လမ်းဘေး စျေးသည်တွေနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်၊ အိမ်ထောင်က ထားခဲ့တဲ့ ပိုက်ဆံတွေ နှစ်စဉ် ရနေတဲ့ အမျိုးသမီးတွေက သူ့သက်ပြင်းချသံ အချို့ကို ဝယ်နေကျ။ နောက်ပြီး ခြံစည်းရိုး ပိုစတာတွေ၊ နံရံကပ် ဘုတ်ပြားတွေ၊ ဆောင်ပုဒ်တွေ၊ စာခေါင်းတွေ၊ လုပ်ငန်းသုံး ကပ်ပြားတွေ၊ အဟောင်းတန်း ဟာသတွေနဲ့ ပတ်သက်လို့ ရောင်းရတာတွေကတော့ စကားလုံးတွေပေါ့။

အချိန်တစ်ခုတော့ နောက်ဆုံးမှာ ရောက်လာခဲ့ပြီပဲ လို့ အဲဒီလူက သဘောပေါက်သွားပြီး နိုင်ငံ တစ်ခုရဲ့အာဏာရှင် တစ်ယောက်ကို ပရိသတ် တစ်စုနဲ့အတူ သူ ဖိတ်ကြား လိုက်တယ်၊ အာဏာရှင်က သူ့လုပ်ဖော်ကိုင်ဖက်တွေကို နေရာချတယ်၊ ပြီးတော့ သူ့ ဘေးပတ်ပတ်လည် ဝန်းရံထားတာက ဗိုလ်မှူးချုပ်တွေ၊ အတွင်းရေးမှူးတွေရယ်နဲ့၊ ကော်ဖီကလည်း ပါသေး။

“ခင်ဗျားရဲ့နောက်ဆုံး စကားလုံးတွေကို ရောင်းဖို့ ကျွန်တော် လာခဲ့တာ ဖြစ်တယ်” လို့ အဲဒီလူက ပြောတယ်။ “ဒီစကားလုံးတွေက အင်မတန်မှ အရေးကြီးတယ်၊ ဘာလို့လဲဆိုတော့ အခိုက်အတန့် တစ်ခုကို ရောက်လာခဲ့ရင် သူတို့ စကားလုံး ဆိုတာတွေက ခင်ဗျားအတွက်ဆိုပြီး မှန်မှန်ကန်ကန်ကြီး ထွက်လာမှာ မဟုတ်ဘူး၊ တခြားတစ်ဖက်မှာကျတော့လည်း အဲဒီစကားလုံးတွေက အဲဒီ သေရှင်းရင်ရေး အခိုက်အတန့်မှာမှ ခင်ဗျား ပြောလိုက်ဖို့ သင့်တော်နေတဲ့ စကားလုံးတွေ ဖြစ်နေပြန်တယ်၊ ဒါမှပဲ အချိန်တန်လို့ အတိတ်ကို ပြန်လည်ရှုမြင်တဲ့အခါ သမိုင်းဝင် အလှည့်အပြောင်း အလွယ်တကူ ပုံဖော်ခဲ့တယ်လို့လည်း ခင်ဗျား ဖြစ်မှာပေါ့။”

“သူ ပြောနေတာတွေ ငါ့ကို ဘာသာပြန် ပြစမ်းပါ” လို့ အာဏာရှင်က သူ့အင်တာပရက်တာကို အမိန့်ပေးတယ်။

“သူ အာဂျင်တီးနားလိုပဲ ပြောနေတာပါ၊ အရှင်”

“အာဂျင်တီးနား လိုလား။ ဒါဆို ငါက ဘယ်လိုဖြစ်ပြီး နားမလည်တာလဲ”

“ခင်ဗျား ကောင်းကောင်းကြီး နားလည်ပါတယ်” လို့ အဲဒီလူက ပြောလိုက်တယ်။ “ကျနော် ထပ်ပြောမယ်၊ ခင်ဗျားရဲ့ နောက်ဆုံး စကားလုံးတွေကို ခင်ဗျားဆီ ရောင်းဖို့ ကျွန်တော် ရောက်လာတာ ဖြစ်တယ်။”

ဒီလိုမျိုး အခြေအနေတွေနဲ့ ကြုံရင် လုပ်ရမယ်လို့ လေ့ကျင့်ထားတဲ့ အတိုင်းပဲ၊ အာဏာရှင်က ဆတ်ခနဲထ မတ်တပ် ရပ်လိုက်တယ်၊ နောက်ပြီး ဒီကောင်ကို ဖမ်းပြီး ငါတို့ အကြီးပိုင်းတွေပဲ အထူးတလည် သိတဲ့ အထူး အကျဉ်းတိုက်ထဲမှာ ထည့်ထားလိုက် ဆိုပြီး သူ့ရဲ့ တဆတ်ဆတ် တုန်ခါနေတဲ့ အမိန့်နဲ့ ဖိနှိပ်ပစ်လိုက်တယ်။

သူ့ကို ခေါ်ထုတ်သွားတဲ့ အချိန်မှာ “စိတ်မကောင်းစရာပဲ” လို့ အဲဒီလူက ပြောတယ်။ “အဲဒီ အခိုက်အတန့်မျိုး လက်တွေ့ ကြုံလာခဲ့ရရင် ခင်ဗျားရဲ့ နောက်ဆုံးစကားတွေကို ခင်ဗျား ပြောချင်လိမ့်မယ်၊ အဲဒီ စကားလုံးတွေ ထုတ်ပြောခံရဖို့ ဆိုတာဟာ သမိုင်းဝင် အလှည့်အပြောင်းကို ရှောရှောရှူရှူ ဖြစ်စေဖို့အတွက် လိုအပ်ချက် တစ်ခုအနေနဲ့ ရှိနေလိမ့်မယ်၊ တစ်ချိန် ပြန်လည် ရှုမြင်ကြရင်ပေါ့။ ကျွန်တော် ခင်ဗျားကို ရောင်းမယ်ဆိုတာတွေက ခင်ဗျား ကိုယ်တိုင် ထုတ်ပြောချင်တဲ့ စကားလုံးတွေပဲ၊ ဘာ အလိမ်အညာမှ မပါဘူး။ ဒါပေမယ့် ခင်ဗျားက ဒီအရောင်းအဝယ်ကို လက်မခံဘူး ဆိုရင်တော့၊ ကြိုတင်ပြီး ဒီစကားလုံးတွေကို ခင်ဗျား သိနေမှာတော့ မဟုတ်တော့ဘူး၊ နောက်ပြီး သူတို့တွေ ပထမဆုံး အကြိမ်အဖြစ် ပါးစပ်ကနေ လှိမ့်ကာ လှိမ့်ကာ ထွက်လာချင်ပြီ ဆိုတဲ့ အချိန်တစ်ခု ရောက်လာခဲ့မယ် ဆိုရင်တော့၊ အလိုအလျောက်ကိုပဲ ခင်ဗျား သူတို့ကို ထုတ်ပြောလို့ ရနေမှာ မဟုတ်တော့ဘူး။”

“ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့တွေက ငါ ပြောချင်တာတွေ ဖြစ်နေမှတော့ ငါက ဘာကြောင့် ထုတ်မပြောနိုင် ဖြစ်ရမှာလဲ” လို့ အာဏာရှင် ထပ်ပြောတယ်၊ နောက်ကော်ဖီတစ်ခွက်ရှေ့မှာ မတ်တပ် ရပ်လျက်။

“ဘာကြောင့်လဲဆိုတော့၊ ခင်ဗျားကို ခွင့်မပြုမှာက ကြောက်ရွံ့မှုပဲ” အဲဒီလူက ဝမ်းနည်းစွာနဲ့ ပြောတယ်။ “အဲဒီကျရင် ကြိုးကွင်းက ခင်ဗျားလည်ပင်းမှာ ရောက်နေပြီ၊ ခင်ဗျားက ရှပ်အင်္ကျီတော့ ဝတ်ထားပြီး ကြောက်လို့လည်း တုန်နေတဲ့ အပြင်၊ အအေးဒဏ်ကြောင့် သွားတွေပါ ရိုက်နေတယ်၊ ဒီတော့ ခင်ဗျား စကားလေး တစ်လုံးတောင် ပီအောင် ပြောနိုင်မှာ မဟုတ်ဘူး။ ကြိုးပေးသူနဲ့ သူ့လက်ထောက်တွေ၊ ဒီလူကြီးမင်းတွေထဲက အများအပြားလည်း ပါနေမယ်၊ သူတို့ တည်ငြိမ်လေးနက်ပါတယ် ဆိုတာကို ပြတဲ့အနေနဲ့ မိနစ်အနည်းငယ်တော့ ခင်ဗျားကို စောင့်ပေးလိမ့်မယ်၊ ဒါပေမယ့် ခင်ဗျား ပါးစပ်က ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတဲ့ ညည်းတွားနေသံသာ ထွက်လာပြီး၊ အဲဒါကလည်း ချမ်းသာပေးဖို့ အနူးအညွတ် တောင်းဆိုနေသလို ဖြစ်နေမှာ (ဒါကိုတော့ ခင်ဗျား အခက်အခဲ မရှိ ပီပီသသ ပြောနိုင်မှာ သေချာတာပေါ့)၊ ခင်ဗျားကို စိတ်ရှည်ရှည်နဲ့ စောင့်ပေးတာကလည်း ပြီးပြီ ဆိုရင်တော့၊ ခင်ဗျားကို သူတို့ ကြိုးပေး လိုက်တယ်။”

မခံမရပ်နိုင် စိတ်ဆိုမာန်ဆိုးနဲ့၊ အာဏာရှင် ပတ်လည်က သီးသန့် လူအုပ်ထဲမှာ ရောက်နေတဲ့ ဗိုလ်မှူးချုပ်တွေနဲ့ လက်ထောက်တွေက ချက်ချင်းပဲ ပစ်လိုက်ဖို့အတွက် တချက်လောက် အမိန့်ပေးလိုက်ပါတော့လို့ တောင်းဆိုကြတယ်။ ဒါပေမယ့် လူသေလို ဖြူရော်နေပြီ ဖြစ်တဲ့ အာဏာရှင်က၊ တခြားလူတွေ အားလုံးကို တံခါးအပြင် တွန်းထုတ်လိုက်ပြီး၊ သူနဲ့ အဲဒီလူနဲ့ပဲ ကျန်ခဲ့တယ်၊ သူရဲ့ နောက်ဆုံး စကားကို ဝယ်ဖို့။

တချိန်တည်းမှာပဲ သူတို့ကို ဆက်ဆံလိုက်တဲ့ အနေအထားကြောင့် အဆုံးစွန်ထိ အရှက်ခွဲခံလိုက်ရပြီလို့ ခံစားရနေကြရတဲ့ ဗိုလ်မှူးချုပ်တွေနဲ့ အတွေးရေးမှူးတွေဟာ ပုန်ကန်မှု တစ်ခုကို အကွက်ချ စီမံတော့တယ်။ နောက်တနေ့ မနက်ရောက်တော့ သူ့ဥယျာဉ်ထဲက အဆောက်အဦး တစ်ခုမှာ စပျစ်သီးစားနေတုန်း အာဏာရှင်ကို ဖမ်းဆီးထိန်းသိမ်း လိုက်ကြပြီး၊ အဲဒီနေရာမှာပဲ သူ့ကို ပစ်လိုက်ကြတယ်။ ဒါကြောင့်ပဲ သူ့ရဲ့နောက်ဆုံးစကားကို သူ မပြောလိုက်နိုင်ဘူး၊ စားနေတုန်းမလို့။ အဲဒါပြီးတော့ အဲဒီလူကို ရှာဖွေဖို့ သူတို့ စီစဉ်ကြတယ်၊ သမ္မတနန်းတော်ကနေ ပျောက်သွားတဲ့သူပေါ့၊ ဒါပေမယ့် အဲဒီလူကို သူတို့ သိပ်မရှာလိုက်ရပါဘူး၊ စျေးထဲမှာ လမ်းလျှောက်သွားရင်းနဲ့ လူရွှင်တော်တွေကို ထုံးစံအတိုင်း စျေးရောင်းနေတာပေါ့။ သူ့ကို အကာအရံတွေနဲ့ ကားထဲကို ထည့်လိုက်ပြီး ခံတပ်ဆီကို ခေါ်သွားတယ်။ အဲဒီ ခံတပ်မှာပဲ အာဏာရှင်ရဲ့နောက်ဆုံးစကားက ဘာလဲ ဆိုတာ ပြောပြလာအောင် သူ့ကို နှိပ်စက်ကြတယ်။ သူ့ဆီကနေ ထုတ်ဖော် ဝန်ခံချက်ကို ညစ်ထုတ်လို့ မရတဲ့အဆုံးမှာတော့ အဒီလူကို သေတဲ့အထိ ကန်ပြီး သူတို့ သတ်လိုက်ကြတယ်။

သူ့ဆီကနေ လမ်းဘေးဟစ်သံတွေ ဝယ်ဖူးတဲ့ လမ်းဘေးစျေးသည်တွေကတော့ ဟစ်သံတွေကို လမ်းထောင့်တွေမှာ ဆက်ပြီး ကျယ်လောင်သမှု ပြုကြတယ်၊ အဲဒီ ဟစ်သံတွေထဲက တစ်သံကတော့ မကြာခင်မှာပဲ ဗိုလ်မှူးကြီးတွေနဲ့ အတွင်းရေးမှူးတွေကို အပြီးသတ် ချုပ်ငြိမ်းစေမယ့် တန်ပြန် တော်လှန်ရေးအတွက် အလေးအမြတ်ထားရတဲ့ အမိန့်စာ၊ လျှို့ဝှက်စာ ဖြစ်လာခဲ့တယ်။ သူတို့ထဲက တချို့၊ အပြီးသတ် မသေခင် လေးမှာပေါ့၊ မရေရာစွာနဲ့ တွေးမိကြသေးတယ်၊ ဒါကြီး တစ်ခုလုံးဟာ မရေမရာမှုတွေရဲ့ စောက်ကျိုးနဲ အကျိုးဆက်ကြီးပဲ၊ နောက်ပြီး ဒီစကားလုံးတွေနဲ့ ဟစ်သံတွေ ဆိုတာဟာလည်း၊ အတိအကျ ပြောရရင်၊ ရောင်းလို့ပဲ ရပြီး ဝယ်လို့ မရဘူး ဆိုတာမျိုး၊ တစ်စက်မှ အဓိပ္ပါယ် မရှိတဲ့ ပုံပေါက်နေပေမယ့်လည်းလေ။

ဆက်ပြီး သူတို့တွေ တရိရိ ပျက်ကိန်း ဆိုက်ကြတယ်၊ သူတို့အားလုံး လိုလိုပဲ၊ အာဏာရှင်၊ အဲဒီလူ၊ နောက်ပြီး ဗိုလ်မှူးကြီးတွေနဲ့ အတွင်းရေးမှူးတွေ၊ ဒါပေမယ့် ကာလတွေ တစ်ခုပြီး တစ်ခု ပြောင်းလဲသွားလည်း လမ်းထောင့်တွေမှာ ဟစ်သံကိုတော့ ကြားနိုင်တုန်းပဲ။

ဟူလီယိုကော်တာဇား၏ STORY WITH NO MORAL ကိုပြန်သည်။