အမ်ဂျီသာယာရဲ့ စကားပြေ နှစ်ပုဒ်

အမ်ဂျီသာယာ

အမ်ဂျီသာယာ အရေးအသားကတော့ စကားပြေကဗျာ လို့ပြောနိုင်တယ်။ ဘာသာစကား ကြည်လင်ပြီး ရယ်ရွှင်ဖွယ်ရာ ကောင်းသလို စက်ဆုပ်စရာလောကကိုလည်း ဖွင့်ပြထားပါတယ်။ အမ်ဂျီသာယာ အရေးအသားကနေ ကြောက်မက်ဖွယ်ရာ ကမ္ဘာကြီးကို ဖြတ်သန်းရပါမယ်။


အပူဖိစက်

ကလေး မရှိကြသေးတဲ့ လင်မယားမှာ ယောင်္ကျားက အပူဖိစက် ဝယ်လာတယ်။ အပူဖိစက် အပြင် ပရင်တာတစ်လုံးလည်း ပါလာတယ်။ မိန်းမက အတော်လေး ဝမ်းသာနေတယ်။ သူလိုချင်တဲ့ကလေးပုံကို ပရင်တာနဲ့ထုတ်၊ စက်နဲ့ ဖိလိုက်တဲ့အခါ အင်္ကျီထဲကနေ ကလေးဟာ ငိုသံနဲ့ ထွက်လာတယ်။ ကလေးရတော့ လင်မယားတွေ​ ပျော်ကြတာပေါ့။ ဒါပေမယ့် ထွက်လာတဲ့ကလေးကို သူတို့ စိတ်တိုင်းမကျဘူး။ ဒါနဲ့ ထပ်ရိုက်တယ်။ အဆင်မပြေဘူး။ တချို့ကလေးက ဆေးမှိန်တယ်။ တချို့ကလေးက အနားသားတွေ မညီဘူး။ တချို့ကလေးက လိုချင်တဲ့အရောင် မထွက်လာဘူး။ စိတ်တိုင်းကျအောင် ရိုက်ရင်း ရိုက်ရင်းနဲ့ ကလေးတွေ တဖြည်းဖြည်းများလာတယ်။ သူတို့အိမ်နဲ့တောင် မဆံ့ဘူး ဖြစ်လာတယ်။ ငိုသံတွေကလည်း ဆူညံလွန်းတော့ သူတို့ မခံစားနိုင်တော့ဘူး။ ကလေးလည်း မလိုချင်တော့ဘူး။ ကလေးတွေကို လိုက်ထိန်းနေရတာက အလုပ်တစ်ခု ဖြစ်နေတယ်။ ဒီကလေးတွေ အများကြီးကို ဘယ်လိုရှင်းရမလဲ။ တချို့ကို အမှိုက်ပုံမှာ သွားပစ်တယ်။ တချို့ကို နောက်ဖေးမြောင်းထဲ ပစ်လိုက်တယ်။ တချို့ကို မြို့ရဲ့ ကားလမ်းဘေးမှာ ပစ်တယ်။ တချို့ကို ရောင်းစားပစ်လိုက်တယ်။ ဒါပေမယ့် ကလေးတွေက မကုန်နိုင်ဘူး။ နောက်ဆုံးတော့ ကလေးတွေကို ချက်စားဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့ရဲ့ စားရေးသောက်ရေးဟာ အတော် အဆင်ပြေသွားတယ်။ စားစရာမရှိတော့တဲ့အခါ အပူဖိစက်နဲ့ နောက်ထပ်ကလေးတွေထပ်ရိုက်ကြတယ်။

ဖေဖော်ဝါရီ ၇ရက်၊ ၂၀၂၀

အပူဖိစက်= Heat Press

***

သတ်ပုံ

စာလုံးပေါင်းပြီး သတ်ပုံဟာ အရေးကြီးတယ်
ဥပမာ
- အမျိုးသမီးရဲ့ ပါးစပ်ထဲကို ဂေါ်ဖီပန်းပွင့်တွေ ထိုးသိပ်ထည့်၊ ခြေဖဝါးကိုခွဲ စားအုန်းဆီ သုတ်ပြီး၊ လက်ပြန် ကြိုးတုပ် အဝတ်လျှော်စက်ထဲ ထည့်မွှေ့လိုက်တာမျိုး
- အဲဒီကောင်ကို လေးဖက်ထောက်ခိုင်း၊ မျက်နှာကို မိန်းမအတွင်းခံ စွပ်၊ ဖင်ကို ကြာပွတ်နဲ့ ရိုက်ပြီးမှ ကြိုးဆွဲချပေးတာမျိုး
စတဲ့ သတ်ပုံအမှားတွေဟာ စိတ်အနှောင့်အယှက် ဖြစ်စရာပဲ
တကယ်ဆို မွေးလာတဲ့ကလေးကို ရတနာ လို့ ရေးတယ်၊ ရတာနာ လို့ ရေးတယ်၊ အားကိုးရတယ် ရေးတယ်၊ သားဦးအရူး ရေးတယ်
အဲဒီသတ်ပုံအမှန်က ကျေးဇူးဆပ်၊ မဆပ်ကို စလုံးနဲ့စပ်လား ဆလိမ်နဲ့ဆပ်လား သတ်ပုံကျမ်းမှာတိုက်စစ်မှရမယ်
ကျွန်တော်သာဆိုရင်
- ရေတိုင်ကီထဲ ခေါင်းကိုနှစ်၊ ဘောင်းဘီချွတ်၊ လက်ဖဝါးနှစ်ခုကို အပေါက်ဖောက် ကြိုးနဲ့ပူးချည် ခုံပေါ်တက်ခိုင်းပြီး တစ်နှစ်တစ်တန်း အအောင်ပေးတာမျိုး
- ကြိုက်နေတဲ့ ရည်းစားရဲ့ ပါးစပ်ကို အပ်နဲ့ချုပ်၊ မျက်စိကို အဝတ်စည်း၊ သူ့ရဲ့ရည်းစားက ကုန်းပိုးပြီး ကျောင်းကို တစ်ပတ် ပတ်ခိုင်းတာမျိုး
ဒီလိုသတ်ပုံမျိုး ရေးတာက ကျောင်းထုတ် မင်နီတား စာလုံးပေါင်းထက် မှန်တယ်
နောက်ပြီးတော့ အများစု ရေးနေတဲ့ သတ်ပုံတွေက ဆိုးဆိုးဝါးဝါးပဲ
ယောင်္ကျား နဲ့ မိန်းမကို အဝတ်တစ်ခုတည်း ဝတ်ခိုင်း၊ လက်ထိပ်တွေ ခြေထိပ်တွေခတ်၊ သက်သေ မခိုင်လုံပဲ တစ်သက်တစ်ကျွန်း အမိန့်ချလိုက်တာမျိုး ရေးရဲတဲ့ ရှေ့နေတွေရဲ့ စာလုံးပေါင်းကို ကြည့်ရင် သိနိုင်တယ်။

နိုဝင်ဘာ ၃ရက်၊ ၂၀၁၉