တရုတ်ပြည်မှ ထူးဆန်းသော သတ္တဝါကောင်များ - စစ်မင်းခ

စစ်မင်းခ

Yan Ge ရဲ့ Strange Beasts of China စာအုပ်က Sorrowful Beasts ဆိုတဲ့ အပိုင်းကို စစ်မင်းခ ဘာသာပြန်ထားတယ်။ စာရေးဆရာမ ရန်ကော့ဟာ တရုတ်ပြည်၊ စီချွမ်နယ် ဇာတိ ဖြစ်တယ်။ အသက်ဆယ့်ခုနစ်နှစ်အရွယ်မှာ ရန်ရဲ့ ပထမဆုံး ဝတ္ထုတိုကို တရုတ်ပြည်မှာ စတင်ဖော်ပြခံခဲ့ရတယ်။ Comparative literature နဲ့ PhD ရထားတယ်။ တရုတ်လူငယ် စာရေးဆရာများ အသင်း (the China Young Writers Association) ရဲ့ခေါင်းဆောင်လည်း ဖြစ်တယ်။ ပြည်သူ့စာပေမဂ္ဂဇင်းရဲ့ တရုတ်ပြည် အနာဂတ်စာပေ အထင်ကရပုဂ္ဂိုလ် ဖြစ်လာနိုင်သူများ အယောက်နှစ်ဆယ်စာရင်းထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်တယ်။ ဝတ္ထုခြောက်အုပ်အပါအဝင် စာအုပ်ဆယ့်သုံးအုပ် ထုတ်ဝေထားပြီး အခု လက်ရှိ ဒဗ္ဗလင်မြို့မှာ နေထိုင်လျက်ရှိတယ်။


၁။ ဝမ်းနည်းစရာသတ္တဝါကောင်တွေ


ရှုမငြီးမြစ်ဟာ အရှေ့ဘက်ကို ဦးတည်ပြီး ယုံအန်းမြို့ရဲ့ အလယ်ဗဟိုကနေ ဖြတ်ပြီး စီးဆင်းနေတယ်။ လွော်တင့် စီရင်စုကိုရောက်တော့ ကြာ​မြစ်နဲ့ ဒေါင်းမြစ်တို့ အဖြစ် ခွဲဖြာ ထွက်သွားတယ်။ ဝမ်းနည်းစရာ သတ္တဝါကောင်တွေဟာ ဒေါင်းမြစ် တောင်ဘက်ကမ်း၊ မြို့ရဲ့ အရှေ့မြောက်ပိုင်းက အိမ်ရာစီမံကိန်းမှာ နေကြတယ်။

နံရံထူထူကြီးတွေပေါ် ကပ်ရပ် ပေါက်နေတဲ့ နွယ်ပင်တွေနဲ့ အဲဒီ အဆောက်အအုံ အဟောင်းကြီးတွေကို လိယဲ့ အိမ်ရာလို့ လူသိများတယ်။ အစကတော့ ဖင်န်လဲ့ အထည်ချုပ်စက်ရုံ အတွက် အဆောင်ဆိုပြီး ဆောက်ထားတာ။ ဝမ်းနည်းစရာ သတ္တဝါကောင်တွေက ယုံအန်းမြို့ကို တောင်ဘက်ကနေ စရောက်လာပြီး ဒီမှာ အခြေချကတည်းက အဲဒီ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ခဲ့ကြတယ်။

ဝမ်းနည်းစရာ သတ္တဝါကောင်တွေက ပင်ကိုဗီဇအားဖြင့် နူးညံ့ သိမ်မွေ့တယ်။ နောက်ပြီး အအေး နဲ့ အမှောင်ကို သဘောကျတယ်။ ပန်းဂေါ်ဖီ နဲ့ ပဲစိမ်း၊ ဗနီလာရေခဲမုန့် နဲ့ လိမ္မော်သီးပူတင်းကို နှစ်သက်တယ်။ ဘူးခါးသီး၊ ရထားတွေနဲ့ ဂြိုဟ်တုတီဗီတွေကို ကြောက်တယ်။

သူတို့ မျိုးနွယ်မှာ အထီးတွေက အရပ်ရှည်တယ်။ ပါးစပ် အကျယ်ကြီးတွေနဲ့ လက်သေးသေးလေးတွေရှိတယ်။ ဘယ်ဘက် ခြေသလုံး ကြွက်သား အတွင်းဘက် မျက်နှာပြင်မှာ အကြေးခွံတွေ တွေ့ရပြီး ညာဘက်နားရွက်မှာတွဲလျက်သား ဆူးတောင်တွေပါတယ်။ ချက်တစ်ဝိုက်မှာ အရေပြားက အစိမ်းပုပ်ရောင်ရှိတယ်။

အမတွေက လှတယ်။ နီကြင်ကြင် အရေပြားနဲ့ သွယ်လျတဲ့ ပုံပန်းသဏ္ဍာန် ရှိတယ်။ ရှည်ရှယ် သွယ်သွယ် မျက်လုံးတွေရယ်၊ ပုံမှန်ထက် ကြီးတဲ့ နားတွေရယ် ရှိတယ်။ လပြည့်ပြီး သုံးရက်မြောက်နေ့မှာ သူတို့ဟာ လူစကား ပြောတတ်တဲ့ အရည်အသွေး ဆုံးရှုံးပြီး ငှက်တွေလိုအော်နေတတ်တယ်။ ဒီ့အပြင်တော့သူတို့က တခြားပုံမှန်လူတွေလိုပါပဲ။

ဝမ်းနည်းစရာ သတ္တဝါကောင်တွေက ဘယ်တော့မှ မပြုံးဘူး။ ပြုံးလိုက်လို့ ရှိရင်လည်း ဘယ်တော့မှ မရပ်တော့ဘူး။ သူတို့ သေတဲ့အထိပေါ့။ ဒါကြောင့် သူတို့က အဲ့လိုနာမည်တွင်နေတာ။

အနောက်ဘက်ကို ပြန်ရစ်ကြည့်လိုက်။ အထောက်အထား တစ်ခုခု တွေ့ရလောက်တဲ့ အထိ အနောက်ဘက်ကို တော်တော်လေး ပြန်ရစ်ကြည့်လိုက်ရင် သူတို့ရဲ့ ဘိုးဘင်ဘီဘင်တွေကနေ ကဗျာဆရာတစ်ယောက်လောက်အထိ ခြေရာခံမိရင် မိနိုင်လိမ့်မယ်။

ဝမ်းနည်းစရာ သတ္တဝါကောင် အထီးတွေက လက်မှုဆိုင်ရာ ကျွမ်းကျင်တယ်။ ဒါကြောင့် သူတို့မှာ အထည်ရက်တာနဲ့ နိဂုံးသတ်ရတယ်။ အမတွေက ချောတော့ အထည်ဆိုင်တွေမှာ အရောင်းဝန်ထမ်း ဝင်လုပ်ကြတယ်။ ယုံအန်းမြို့က လူတွေဟာ အဲဒီ ဆွဲဆောင်မှုရှိလွန်းတဲ့ သတ္တဝါကောင်တွေကို တစ်ခဏလေးလောက် မြင်ရဖို့အတွက်နဲ့ ဒီယိုယွင်းစုတ်ပြတ်နေတဲ့ စီရင်စုလေးဆီကို တစ်မြို့တစ်နယ်လိုက်ဖြတ်ပြီး အထည်တွေ လာဝယ်ကြတယ်။

ယုံတမ်းစကားတွေ အရတော့ ဝမ်းနည်းစရာ သတ္တဝါကောင်တွေရဲ့ အပြုံးက တအားကို လှပလွန်းတယ်ဆိုပဲ။ ဘယ်သူမဆို မြင်လိုက်ရတာနဲ့ မေ့ပစ်လို့ မရနိုင်တော့ဘူး။ ဒါပေမဲ့ သူတို့ကိုဘယ်လောက်ပဲ ဟာသတွေ သွားပြောပါစေ၊ ပြုံးဖို့မ‌ပြောနဲ့ သူတို့က ရယ်တောင်မရယ်ဘူး။

ဒါက သတ္တဝါကောင် အမတွေရဲ့ ချစ်စရာ ဆွဲဆောင်နိုင်မှုအပေါ် ပိုပြီးတော့တောင် ဆုချချင်စရာ၊ သနားကြင်နာစရာဖြစ်စေသေးတယ်။ နောက်တော့ ယုံအန်းမြို့က သူ​ဌေးကြီးတွေက သူတို့နဲ့ လက်ထပ်ရတာကို ဂုဏ်တစ်ခုလို သဘောထားလာတယ်။ သတ္တဝါကောင် အမတွေက လူတွေနဲ့ မိတ်လိုက်နိုင်ပြီး လူသားပေါက်တွေကို မွေးပေးနိုင်တယ်။ အထီးတွေကတော့ အဲ့လိုမလုပ်နိုင်ဘူး။ ဒါကြောင့် လိယဲ့ အိမ်ရာမှာ ထိတ်လန့်ခြောက်ကပ်နေတဲ့ လူပျိုတွေနဲ့ ပြည့်နှက်နေတယ်။ အဲဒီအချိန်မှာ အမတွေကတော့ တောင်ပိုင်းက ချမ်းသာတဲ့စီရင်စုတွေဆီ၊ ခြေထောက်တွေကို မြေကြီးနဲ့ ထိတယ်ဆိုရုံ ထိပြီး အမြန်ဆုံး ပြောင်းရွှေ့သွားကြတယ်။ သူတို့ရဲ့ မျက်နှာတွေက ရေခဲလိုဖြစ်နေတယ်။

တစ်ခါမှာ၊ မြို့ရဲ့ သတ္တဗေဒ ပညာရှင်တွေက ဒီလိုသာ ဆက်သွားနေရင် ဒီရှားပါးသတ္တဝါကောင်တွေအကုန် သေချာပေါက် မျိုးသုဥ်းကုန်လိမ့်​မယ် ဆိုပြီး သတင်းစာထဲကနေ အုတ်အော်သောင်းတင်း ကန့်ကွက်ကြတယ်။ ဒါကြောင့် ဝမ်းနည်းစရာ သတ္တဝါကောင်တွေဟာ သူတို့ မျိုးတူချင်းပဲ ပြန်ပြီး လက်ထပ်ကြရမယ်လို့ အစိုးရက ဥပဒေတစ်ရပ် ထုတ်ပြန်လိုက်တယ်။ တကယ်လို့ လူတစ်ယောက်နဲ့ အတူနေဖို့ ဆန္ဒရှိရင်၊ အထူး ခွင့်ပြုချက်တစ်ခု လိုအပ်တယ်။ နောက်ပြီးတော့ အဲဒါကို ငါးနှစ်တစ်ကြိမ်ပဲ မဲဆန္ဒခံယူပွဲနဲ့ အတူ အဆို တင်သွင်းနိုင်တယ်။  ရလဒ်အနေနဲ့ သတ္တဝါကောင် ဇနီးသည်ဆိုတာဟာ ပိုလို့တောင် ဂုဏ်ဒြပ်အဆောင်အယောင်လက္ခဏာရပ် တစ်ခုဖြစ်လာပြီး လူ့မလိုင် လူတန်းစားဆီက ရလိုအားတွေ အကြီးအကျယ်များပြားလာတာကြောင့် အစိုးရရဲ့ ဝင်ငွေတွေလည်း မတန်တဆ တိုးပွားလာတယ်။
___

ဘယ်ကျော်ဆိုတဲ့ ပန်းချီဆရာမက ကျမ သူငယ်ချင်း တစ်ယောက်ရဲ့ သူငယ်ချင်းပါ။ သူမနဲ့ သူမရဲ့ ဝမ်းနည်းစရာ သတ္တဝါကောင်တို့ရဲ့ ဇာတ်လမ်းက ကျမတို့ အသိုင်းအဝိုင်းကြားမှာ ပြန့်နေတယ်။ ဒါပေမဲ့ အမှန်ကို သိတဲ့လူ​တော့နည်းတယ်။ တစ်နေ့တော့ ပါတီတစ်ခုမှာ သူ ကျမဆီ ရောက်လာတယ်။ 'နင်က သတ္တဝါကောင်တွေနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေကို အထူးပြုထားတာမလား။ ငါနင့်ကို ဝမ်းနည်းစရာ သတ္တဝါတစ်ကောင်ရဲ့ ဇာတ်လမ်းတစ်ခု ပြောပြာချင်တယ်။ နင်စိတ်ဝင်စားလား'

'အင်း၊ ဒါပေမဲ့ ငါနင့်ကို တစ်ခုခုတော့ ပြန်ပေးမယ်လေ' လို့ ကျမပြန်ပြောလိုက်တယ်။

'ငါဘာမှ မလိုချင်ပါဘူး'

'ဒါပေမဲ့၊ အဲဒါက ငါ့ရဲ့စည်းမျဥ်းပဲ။' လို့ ကျမပြောလိုက်တယ်။ 'ငါနင့်ကို တစ်ခုခုတော့ ပေးမှဖြစ်မယ်'

ကျမ ပြုံးပြပြီး ပြောလိုက်တယ်။ ဒါပေမဲ့ သူမ မျက်နှာကတော့ ဗလာသက်သက်ပဲ။

'ဒါဆိုလည်း ဗနီလာရေခဲမုန့် တစ်ပွဲလောက် စားတာပေါ့'

ကျမ သူ့ကို ဝယ်ကျွေးလိုက်တော့လည်း အားရပါးရစားနေတယ်။

သူမ စကား စပြောတော့ ကျမ ဆေးလိပ် နှစ်လိပ်လောက် သောက်ပြီးနေပြီ။

သူမက ပြောတယ်။ 'ကျမရဲ့ ဝမ်းနည်းစရာ သတ္တဝါ ကောင်လေး လွန်ခဲ့တဲ့အပတ်က ဆုံးသွားတယ်'
___

ဘယ်ကျော်က အဲဒီ သတ္တဝါ​ကောင်အထီးကို ဖင်န်လဲ့ အထည်ချုပ်စက်ရုံ အခြေဆိုးနေတဲ့ ကာလမှာတွေ့ခဲ့တာ။ အဲ့တုန်းက အရောင်းဝန်ထမ်းမတွေ အကုန်လုံး သူဌေးကြီးတွေနဲ့ လက်ထပ်ဖို့ ထွက်ပြေးကုန်ကြတယ်။ ပစ္စည်းတွေ ရောင်းဖို့အတွက် တစ်ယောက်မှတောင် မကျန်ဘူး။ စက်ရုံလုပ်သား တော်တော်များများလည်း  အလုပ်ပြုတ်ကုန်တယ်။ သူမ၊ လင်းပိုင်ဘားမှာ သူနဲ့စဆုံတယ်။ သူက သူမဆီကို လျှောက်လာပြီး ပြောတယ်။ 'ငါ အခုလေးတင် အလုပ်ပြုတ်လာတာ။ ငါ့ကို တစ်ခုခုဝယ်တိုက်ပါလား'

သူမက သူ့ကို မော့ကြည့်လိုက်တယ်။ သူက အရပ်တော်တော်ရှည်တယ်။ မျက်နှာပေးကလည်း ခပ်တည်တည်နဲ့။ သူ့မျက်နှာ အရေပြားက ပြောင်ချောပြီး တောက်ပနေတယ်။ 'ကောင်းပြီလေ' လို့သူမကပြောလိုက်တယ်။ သူတို့ သောက်နေကြတုန်း၊ ဘယ်ကျော်က သူ့နားနောက်ဘက်က တော်တော်လေးလက်ရာမြောက်တဲ့ ဆူးတောင်တစ်ချောင်းကို သတိထားမိလိုက်တယ်။ သူမကပြောလိုက်တယ်။ 'ရှင်က သတ္တဝါတစ်ကောင်ပဲ'။ သူက ပြန်ဖြေတယ်။ 'အင်း၊ ဟုတ်တယ်။ ပြီးတော့ အလုပ်လက်မဲ့'။

အဲဒီညက သူက သူမအိမ်ကို လိုက်လာတယ်။ ပြီးတော့ သူ၊ သူမနဲ့ ယဉ်လာတယ်။ သူနာမည်က တိမ် တဲ့။ သူက ညဘက်အိပ်ရင် တိတ်ဆိတ်နေတာပဲ။ စကားလည်းသိပ်မပြောဘူး။ ရေချိုးရတာကို ကြိုက်တယ်။ ပြီးတော့ တစ်နေ့ကို ဗနီလာရေခဲမုန့်သုံးဘူး ကလွဲလို့ ကျန်တာ ဘာမှမစားဘူး။ တစ်ယောက်ယောက်က တီဗီကို ဖွင့်လိုက်ရင် သူက ကြေကွဲနေတဲ့ အူသံမျိုးနဲ့ အူပြီး သူမျက်လုံးတွေက ဖြတ်ခနဲ နီသွားတတ်တယ်။ သူရဲ့ သတ္တဝါ ပင်ကိုဗီဇကို ပြသနေတာပါပဲ။

ဘယ်ကျော်က ခုဆို တီဗီလုံးဝမကြည့်တော့ဘူး။ သူမ အိမ်ပြန်ရောက်လို့ရှိရင် သူတို့ ဆိုဖာရဲ့ တစ်ဖက်တစ်ချက်ဆီမှာထိုင်ပြီး ကိုယ်စီ စာထိုင်ဖတ်ကြတယ်။ သူက ပျော်နေရင် ကြောင်လို တမြောင်မြောင်ဆွဲအော်တယ်။ ဒါပေမဲ့ သူကဘယ်တော့မှ မပြုံးဘူး။

ညကျရင် သူတို့ အတူတူအိပ်ကြတယ်။ တိမ်က ကိုယ်တုံးလုံးအိပ်တယ်။ သူ့ကိုယ်လုံးကိုယ်ပေါက်က လူယောက်ျားရဲ့ ကိုယ်လိုပဲ။ ချက်နားတစ်ဝိုက်က အရေပြားကတော့ ပင်လယ်လို စိမ်းနေတယ်။ နည်းနည်းတောင် အရည်လဲ့လဲ့လေး ဖြစ်နေသေးတယ်။ အဲဒီ အရေပြားကွက်ကလေးက ဘယ်ကျော့်ကို အမြဲ ဖမ်းစားနိုင်တယ်။ 'အဲဒါက အရမ်းလှတာပဲနော်' လို့သူမက ပြောလေ့ရှိတယ်။

သူမက သူ့ကို ပွတ်သပ်လို့ရှိရင် သူက ကျေနပ်နေတဲ့ ကြောင်တစ်ကောင်လို ဇိမ်ခံတယ်။ ဒါပေမဲ့ သူတို့ ချစ်မှုပြုလို့တော့ မရကြဘူး။ 'နင်က လူဖြစ်နေလို့' လို့ သူကရှင်းပြတယ်။

သူတို့ တစ်ယောက် လက်မောင်းပေါ် တစ်ယောက် အိပ်ကြတယ်။ သတ္တဝါကောင် စုံတွဲတစ်တွဲလိုမျိုး။

အဲ့တုန်းက သိပ်ချစ်စရာကာလမျိုး ဖြစ်ခဲ့တယ်။ သတ္တဝါကောင် အထီးတွေက လူမိန်းကလေး ထက်တောင် ပို အပြုအစု အစောင့်အရှောက်ကောင်းပြီး လုပ်ရည်ကိုင်ရည် ပိုရှိသေးတယ်။ သူက ဘယ်ကျော့်အတွက် ဟင်းတွေချက်ပေးပြီး အဝတ်တွေလည်း လျှော်ပေးတယ်။ အစားအသောက်ကတော့ များသောအားဖြင့် ဟင်းသီးဟင်းရွက်တွေပါပဲ။ ပြီးတော့ အဝတ်လျှော်ရင် အနံ့မွှေး​မွှေးလေး တစ်မျိုး ရတယ်။ ဘယ်ကျော် စားသောက်နေပြီဆို သူက စားပွဲရဲ့ ဟိုဘက်ကနေ ထိုင်ကြည့်နေတယ်။ မျက်နှာ အမူအရာကလည်း နူးညံ့ ကြင်နာနေတာပဲ။ သူမက သူ့ကို သူမယောက်ျားလို့တောင် တွေးတော့မိလုမတတ်ပဲ။

ဒါတွေအားလုံးက လွန်ခဲ့တဲ့ မေမှာ ဖြစ်ပျက်ခဲ့တာ။ ဘယ်ကျော်က တိမ်ရဲ့ ပုံတူ တော်တော်များကိုလည်း ဆွဲဖြစ်ခဲ့တယ်။ ပြီးတော့ အဲဗားဂရင်းန် ပြခန်းမှာ ပန်းချီ ပြပွဲတစ်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တယ်။ ရှည်လျားပြီး ခပ်တောင့်တောင့် ခြေထောက်တွေ၊ ပြားချပ်ချပ် အစိမ်းရောင် ဝမ်းဗိုက်နဲ့ တောက်ပပြီး ဟာတာတာ ဖြစ်နေတဲ့ မျက်လုံးတွေ ရှိတဲ့ ဝမ်းနည်းစရာ သတ္တဝါကောင်တစ်ကောင်က သူမအတွက် မော်ဒယ်လ် လုပ်ပေးနေတာ လူတိုင်းက သိတယ်။ ထိုင်နေနေ၊ ရပ်ပြီးနေနေ၊ သူဟာ တစ်မြို့လုံးက အမျိုးသမီးငယ်တွေအတွက် ချစ်ခြင်းမေတ္တာရဲ့ သရုပ်တစ်ခု ဖြစ်လာခဲ့တယ်။
___

ကျမ အဲဒီပြပွဲကို သွားကြည့်ခဲ့တယ်။ ဘယ်ကျော်နဲ့ ဝမ်းနည်းစရာသတ္တဝါကောင်တို့အကြောင်း ကောလဟလတွေကိုတော့ စပ်စုစိန် ချာလေ ဆီက စကြားရတာ။ 'အဲ့ဘယ်ကျော် ကောင်မလေးက သတ္တဝါကောင်နဲ့အိပ်မှာ လုံးဝ သေချာတယ်' လို့ သူက ပြောတယ်။

'သတ္တဝါကောင် အထီးတွေက လူတွေနဲ့ လုပ်လို့ မရဘူးလေ' လို့ ကျမက ပြောလိုက်တယ်။

ချာလေက လှောင်သလိုလို ရယ်ပြီး ပြောတယ်။ 'နင် အဲဒါကို တကယ် ယုံလို့လား'

ဒါပေမဲ့ ကျမကတော့ သူ့ကို အဖြူထည်သက်သက် သတ္တဝါကောင်လို့ တကယ် ယုံကြည်ပါတယ်။ ဘယ်ကျော်ရဲ့ ပန်းချီကားတစ်ခုထဲမှာ သူဟာ ပြတင်းပေါက်ခုံ တစ်ခုပေါ် ထိုင်နေတယ်။ ဝတ်လစ်စလစ် ဖြစ်နေတော့ သူ့ရဲ့ခြေသလုံးကြွက်သားပေါ်က အကြေးခွံတွေက ပိုပြီး မြင်သာနေတယ်။ သူ့ ကြည့်ရတာ နည်းနည်း ရှက်နေတယ်။ အဲဒါကြောင့်လည်း ပိုလို့ ဆွဲဆောင်မှု ရှိနေတယ်။ လူတိုင်းက သူ့ကို လှလိုက်တာ လှလိုက်တာ လို့ပဲ တွေးကြမှာ။ သူ ပြုံးခဲ့မယ်ဆိုရင်ပေါ့။

ဒါပေမဲ့ သူက ဘယ်တော့မှ မပြုံးဘူး။

သူသာ ပြုံးလိုက်မယ်ဆို သူ သေသွားလိမ့်မယ်။

'သူသေသွားပြီ။' လို့အခု ဘယ်ကျော်က ပြောလာတယ်။ သူ ကျ​မရှေ့မှာ ဝင်ထိုင်ပြီး ရေခဲမုန့်တွေ ပလုတ်ပလောင်း စားနေတယ်။ သူမကို ကြည့်ရတာ တော်တော်ဆိုးနေတယ်။ ပြုံးလည်း မပြုံးဘူး။
___

လပြည့်နေ့ညမှာ ဖီးနစ်ငှက်လို အော်သံရှည်ကြီး တစ်ခု ကြားလိုက်တယ် လို့ ဘယ်ကျော်က ပြောတယ်။ တိမ်ရဲ့  မျက်လုံးတွေ ပြူးကျယ်လာတယ်။ လန့်ဖျပ်ပြီး သူက တံခါးကို ပြေးဖွင့်တယ်။ ကောင်မလေး တစ်ယောက် အပြင်မှာ မတ်တပ်ရပ်နေတယ်။ ကော်ရစ်ဒါပေါ်က အလင်းရောင် မှိန်ဖျဖျလေး အောက်မှာတောင်မှ သူမရဲ့  ရွှန်းစိုနေတဲ့ အလှကို ကောင်းကောင်းကြီး တွေ့နိုင်တယ်။ သူမက စကားမပြောနိုင်ဘူး။ နောက်ထပ် အော်သံကြီးတစ်ခု ထပ်လုပ်ပြီး သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တယ်။

ဘယ်ကျော်က သူမကို ဝင်လာခိုင်းပြီး ဗနီလာရေခဲမုန့် တစ်ပွဲ ကျွေးလိုက်တယ်။ ကောင်မလေးရဲ့ အရေပြားက နီရဲနေတယ်။ သွေးတွေအထဲက ပန်းထွက်လာတော့မယ့်အတိုင်းပဲ။ တိမ်ကပြောတယ်။ 'သူမ နေမကောင်းဘူး'

အဲဒီ သတ္တဝါအမက သူ့ညီမ၊ မိုး လို့ခေါ်တယ်။ တောင်ပိုင်း စီရင်စုက လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်ထားတယ်။ အခု သူမက တိမ့်ကို တွယ်ပြီး ဧည့်ခန်းထဲဝင်လာတယ်။ သူတို့ သူမကို အပြာရောင် ဆိုးဆေးရွက်က ရတဲ့ တင်ချာဆေးရည်ကို တိုက်ပေမဲ့ သူမရဲ့ စူးစူးဝါးဝါးအော်သံ ကတော့ ရပ်မသွားဘူး။ တိမ်က ဘာလုပ်ရမှန်းမသိတော့ လူခင်ပွန်းသည်ကို ဖုန်းဆက်လိုက်တယ်။ ဖြစ်ပျက်နေတာတွေကို ရိပ်ဖမ်းသံဖမ်းလောက်တော့ သိသွားအောင်ပေါ့။ 'သူမက အော်ပဲအော်နေတာ။ သူမ ဘာလိုချင်လို့လဲ ငါလည်းမသိဘူး။ ပြီးတော့ ငါက သတ္တဝါတစ်ကောင်လည်း မဟုတ်ဘူးလေ။'

တိမ်က ဖုန်းချလိုက်ပြီး သူ့ညီမကို ဖက်ထားလိုက်တယ်။ ပြီးတော့ သူမရဲ့ ပါးကို ထပ်ခါထပ်ခါနမ်းတယ်။ သတ္တဝါနှစ်ကောင်လုံး အခုဆို အတူတူအော်နေကြပြီ။ သူတို့ရှေ့က ကုလားထိုင်မှာ ထိုင်ပြီး ဘယ်ကျော်က သူမရဲ့ ရည်းစားဟောင်း ဒေါက်တာ ဖု ကိုဖုန်းဆက်လိုက်တယ်။

ဆရာဝန်က အမြန်ဆုံး ပြေးလာပေးတယ်။ ဘယ်ကျော့် ပြောစကားအရတော့ အရင်ကထက်တောင် ပိုချောလာတယ်ဆိုပဲ။ သူ မြန်မြန်ဆန်ဆန်ပဲ မိုးကို အပူရှိန်နဲ့ သွေးပေါင်ချိန် တိုင်းပေးတယ်။ ပြီးတော့ သူမမှာ ကိုယ်ဝန်ရှိနေပြီလို့ ပြောပြီး ဆေးတစ်လုံးထိုးပေးတယ်။

ဘယ်ကျော်က မိုးရဲ့ ယောက်ျားကို ဖုန်းဆက်လိုက်တော့ သူစကားတောင် မပြောနိုင်လောက်အောင် အကြီးအကျယ် ပျော်နေတယ်။ 'မိုးနတ်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ဝမ် မိသားစုအတွက် ဆက်ခံသူ ရှိလာတော့မယ်' လို့ တကယ့်ကို မျက်ရည်တွေနဲ့၊ ဆို့ဆို့နင့်နင့် ပြောတယ်။ ဘယ်ကျော်က ဒေါသထွက်ပြီး ဖုန်းချလိုက်တယ်။ သူမ သိတာကတော့ အဲဒီနောက် မာစီးဒီးကားတစ်စီး အပြင်မှာ ရောက်လာပြီး ရပ်လိုက်တာပဲ။ သူတို့ မိုးကို နှုတ်ဆက်တော့ သူမက အဆက်မပြတ် အကျယ်ကြီးအော်နေဆဲ။ ဒါပေမဲ့ သူမရဲ့ အရေပြားကတော့ ပုံမှန်အရောင်ကိုပြန်ရလာနေတယ်။

တိမ်က ချွေးတွေ ရွှဲနေပြီး ရေချိုးဖို့ ထွက်သွားတယ်။ ဒေါက်တာဖုက ဧည့်ခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတယ်။ နောက်တော့ ရုတ်တရက် ဘယ်ကျော့်ကို ဖက်လိုက်ပြီး 'ငါ နင့်ကို လွမ်းတယ်ဟာ' လို့ ပြောတယ်။

သူတို့ တစ်ယောက်လက်မောင်း တစ်ယောက်ကြားမှာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားကြတယ်။ ကုန်လွန်ခဲ့တဲ့ နေ့ရက်တွေ အကြောင်း စားမြုံ့ပြန်ကြတယ်။ တစ်ယောက်ကို တစ်ယောက် ထိတွေ့၊ နမ်းရှိုက်ကြတယ်။ သူတို့ အသက်ရှုသံတွေ မြန်နေတယ်။ သူတို့တစ်ယောက်နဲ့ တစ်ယောက် လိမ်ယှက်နေကြတုန်း ရေချိုးခန်းထဲက စင်လာတဲ့ရေတွေဟာ ပင်လယ်ရေလှိူင်းတွေရဲ့ နွေးထွေးတဲ့ ပွေ့ဖက်မှုတစ်ခုလိုပဲ။

နောက်တစ်နေ့ မနက်ရောက်တော့ တိမ် သေသွားတယ်။

ဘယ်ကျော်က ပြောတယ်။ 'သူ ဘယ်တုန်းကမှ မပြုံးတာကို သူ ဘယ်လိုသေသွားလဲမသိဘူး'

'ငါလည်း မသိဘူး' လို့ ကျမက ပြန်ပြောလိုက်တယ်။

ပန်းချီဆရာမက စိတ်မတည်မငြိမ်ဖြစ်နေပုံရတယ်။ အဲဒါက သူမကို ပိုလို့တောင် လှစေသေးတယ်။ 'သူ ဘယ်လိုသေသွားတာလဲ ဆိုတာ ငါသိချင်တယ်။ ငါ သူ့ကို တကယ်ချစ်တာ' လို့ သူမက ပြောတယ်။
___

အဲဒီညက ပါတီက မပြောမဆိုနဲ့ ပြီးသွားတယ်။ ကလပ်ရဲ့ အပြင်ရောက်တော့ ဘယ်ကျော့်ကို တာယာ ဝှီခနဲ၊ ဝှီခနဲ မြည်နေအောင် မိုက်တဲ့ စျေးကြီးကြီး ပြိုင်ကားတစ်စီးနဲ့ လူတစ်ယောက်က တင်မောင်းသွားတယ်။

ကျမဘေးက လူကတော့ သူမကို အမွှမ်းတင်လို့ မဆုံးတော့ဘူး။ 'သူမမှာ ဝမ်းနည်းစရာ သတ္တဝါကောင်တစ်ကောင် ရပြီးကည်းက သူမက လူအသစ် ဖြစ်သွားခဲ့ပြီ။ သူမရဲ့ ပန်းချီကားတွေကလည်း အရင်ကထက်စာရင် အံ့မခန်းပဲ။ ဆိုတော့ သူမလိုပဲ ငါ့အတွက်လည်း တစ်ကောင်လောက်ရရင်ကောင်းမယ်'

သူက ကျမဘက်ကို လှည့်လာတယ်။ 'မင်းက ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွမ်းတယ်မလား။ ငါ့ဖို့ တစ်ကောင်လောက် ရှာပေးစမ်းပါ'

'လူတစ်ယောက်ကို သတ္တဝါကောင် တစ်ကောင်နဲ့ ယဉ်ပါးလာဖို့ ဆိုတာ ကံကြမ္မာနဲ့လည်း ဆိုင်တယ်' လို့ ကျမပြန်ပြောလိုက်တယ်။ 

သူက လက်မခံဘူး။ 'ယုံအန်းမြို့မှာ သတ္တဝါတွေ ဘယ်လောက်များ ရှိလိုက်သလဲလို့။ နောက်ဆုံး ဘယ်သူက ဘယ်သူ့ကို ယဉ်လာအောင် လုပ်မလဲ ဆိုတာတောင် သိတော့မှာ မဟုတ်ဘူး'

ကျမ ရယ်လိုက်တယ်။ 'ရှင် ကြောက်နေရင် ထွက်သွားလေ'

'ဒီကိုရောက်လာတဲ့ ဘယ်သူမဆို ထွက်သွားဖို့ မဖြစ်နိုင်တော့ဘူး' လို့ သူက ပြောတယ်။ 'ဒီမြို့က အကောင်ပလောင်တွေနဲ့ ပြည့်နေတာ။ ညှို့ဓာတ် အပြည့်နဲ့ မှော်ဆန်လွန်းတယ်။ လှည့်လည် သွားလာသူတွေနဲ့ အနုပညာရှင်တွေ အတွက်တော့ ကောင်းကင်ဘုံတမျှပဲ'

ကျမအိမ်ကို ပြန်ရောက်တော့ ဘယ်ကျော့်အကြောင်း တွေးဖြစ်တယ်။ မြောက်ပိုင်းကနေ ဒီမြို့ကို စရောက်လာတော့ သူမက ကျောက်စရစ်ခဲလို ကြမ်းထော်နေပြီး စကားလည်း တော်တော်ဝဲတယ်လို့ ကြားဖူးတယ်။ လူတွေက ကွယ်ရာမှာ သူမကို လှောင်ကြတယ်။ အခု နှစ်ပေါင်းများစွာ ကြာတော့ သူမက သွေးလို နီရဲနေတဲ့ နှုတ်ခမ်းတွေနဲ့ လှပ ကျော့ရှင်းလွန်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေပြီ။ သူမ တစ်ဘဝလုံး မြို့ပေါ်မှာ ကြီးပြင်းခဲ့ရတဲ့ အတိုင်းပဲ။
___

ဝမ်းနည်းစရာ သတ္တဝါကောင်တွေဟာ ဒီမြို့ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ရောက်လာကြပြီး ဘယ်တော့မှ ထွက်မသွားကြတော့ဘူး။ သတ္တဗေဒ ပညာရှင်တွေရဲ့ သေရေးရှင်ရေး သတိပေးချက်တွေ၊ ရေဘေးတွေ၊ မိုးခေါင်၊ ရေကြီးတာတွေ၊ ဆင်းရဲ ခေါင်းပါးမှုတွေ၊ စစ်ပွဲတွေ၊ ဒါမှမဟုတ် စတော့ရှယ်ယာ စျေးကွက်ပျက်တာတွေ၊ ကပ်ရောဂါဘေးတွေ ဘာကိုမှ မမှုဘူး။ ယုံအန်းမြို့မှာပဲ ဘာမှမဖြစ်သလို ဆက်နေနေကြတယ်။ ဘယ်တော့မှ မဖြေရှင်းနိုင်တော့မယ့် ပဟေဠိတစ်ခုလို သူတို့ရဲ့ အကောင် အရေအတွက်ကလည်း တည်တည်ငြိမ်ငြိမ်ပဲ ဆက်ရှိနေတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း၊ ငါးဆယ် ဒါမှမဟုတ် ​ခြောက်ဆယ်လောက်တုန်းက ယုံအန်းမြို့မှာ သတ္တဝါကောင်ပေါင်း မြောက်များစွာ ရှိခဲ့ဖူးတယ်။ လူဆိုတာ သူတို့ထဲက တစ်မျိုးသာ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ စစ်တွေ ဖြစ်ကြတယ်။ အဲဒီ ဆူပူမှုတွေ အလယ်မှာ လူတွေက ဆယ်စုနှစ် တစ်ခုလုံး သတ္တဝါကောင်တွေနဲ့ စစ်တိုက်ကြတယ်။ အဲဒီကာလကို သမိုင်းမှတ်တမ်းတွေ ကနေ ဖျောက်ဖျက်ပစ်ခဲ့ကြတယ်။ ဒါက အရမ်းကြီး ကြာခဲ့သေးတာ မဟုတ်ဘူး။ ဒါပေမဲ့ လူတွေက အဲဒီကိစ္စနဲ့ပတ်သက်ပြီး လိုတာထက်ပိုပြီး မသိကြဘူး၊ ဒါမှမဟုတ်လည်း မသိချင်ယောင်ဆောင်ကြတယ်။ သတ္တဝါကောင် အများစု ပျောက်ကွယ်သွားတယ်။ များသောအားဖြင့် မျိုးသုဉ်းကုန်ကြတယ်။ ဝမ်းနည်းစရာ သတ္တဝါကောင်တွေကတော့ ရှင်ကျန်ရစ်ခဲ့တယ်။ ပြီးတော့ ယုံအန်းမြို့မှာ အကျော်ကြားဆုံး မျိုးစိတ်တစ်ခု ဖြစ်လာတယ်။

ဒါပေမဲ့ ဘယ်လူသားကမှ အဲဒီသတ္တဝါကောင်တွေ ဖြစ်တည်နေမှုကို ဆန်းကြယ်တဲ့ဖြစ်ရပ်တစ်ခုလို အသေအချာနားမလည်နိုင်​ကြဘူး။

ကျမ အွန်လိုင်းကနေ ဝမ်းနည်းစရာသတ္တဝါကောင်တွေ အကြောင်း လိုက်ရှာတယ်။ တိမ်ဘယ်လိုသေသွားလဲဆိုတာ သိလိုသိငြားပေါ့။ ဒါပေမဲ့ အပေါ်က အစအနတွေကလွဲလို့ တခြားဘာမှမတွေ့ဘူး။

'သူ ဘူးခါးသီးတွေ အများကြီးစားမိပြီး သေသွားတာ ဖြစ်ရင်ဖြစ်မှာပေါ့' လို့ ကျမ နောက်လိုက်တယ်။

ယုံအန်းမြို့ရဲ့ အထင်ကရ သတ္တဗေဒ ပညာရှင်ဖြစ်တဲ့ တက္ကသိုလ်ပါမောက္ခတစ်ယောက်ကို ကျမ ဖုန်းခေါ်လိုက်တယ်။ 'ရှင် ဝမ်းနည်းစရာ သတ္တဝါကောင်တွေအကြောင်း သုတေသနလုပ်ဖူးလား။ ပြုံးတာကလွဲလို့ တခြားဘာကများ သူတို့ကို ရုတ်တရက် သေစေနိုင်သေးလဲ ကျမသိချင်လို့ပါ'

သူက ခဏလောက် တိတ်ဆိတ်နေတယ်။ပြီးမှ 'နက်ဖြန် ကော်ဖီ သောက်ရင်း တွေ့ရအောင်လေ။ အဲ့ကျမှ ပြောကြတာပေါ့' လို့ပြန်ပြောတယ်။
___

မနက်ခင်းသတင်းစာထဲက ဖျော်ဖြေရေးကဏ္ဍထဲမှာ ဘယ်ကျော့်အကြောင်း ဇာတ်လမ်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ သူမနဲ့ လူသိများတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ သားဖြစ်သူနဲ့ အတွဲခုတ်နေတာကို နေရာတော်တော်များများမှာ တွေ့မိကြတဲ့ အကြောင်းပါ။ ပြထားတဲ့ ပုံအရတော့ သူတို့ အမိုးပေါ်ဘား (rooftop bar) တစ်ခုမှာ သောက်နေကြတာ။ ကောင်လေးက ငယ်ငယ်ရွယ်ရွယ်၊ တစောက်ကန်း ပုံစံလေး။ ကိုယ့်ကိုယ်ကိုယ် ဘဝင်ခိုက်နေတဲ့ အပြုံးမျိုးနဲ့။ ဘယ်ကျော့်ကိုတော့ ဘေးတိုက်အနေအထားနဲ့တွေ့ရတယ်။ နားရွက်တစ်ဖက်ကနေ တွဲကျနေတဲ့ နားဆွဲက ထင်းနေတာပဲ။ သူမရဲ့ ပုံစံက သိမ်သိမ်မွေ့မွေ့နဲ့ လှနေတယ် ဆိုတာမျိုး။ တည်ငြိမ်ပြီး ညို့မှိုင်းနေတယ်။ လုံးဝ မပြုံးဘူး။

ကျမ လက်ဖက်ရည် တစ်ငုံသောက်လိုက်တယ်။ ပြီးတော့ နောက်တစ်ငုံ။ သူမ သေသွားတဲ့ သတ္တဝါကောင်ကို အခုထိ ချစ်နေတုန်းပဲလားလို့လည်း တွေးနေမိတယ်။

အဲဒီအချိန်၊ ဖုန်းက မြည်လာတယ်။ ဟိုနေ့က ပါမောက္ခ။ 'မင်း ဒီနေ့ သတင်းစာ ဖတ်ပြီးပြီလား။ အမျိုးသမီး ပန်းချီဆရာမရဲ့ ပုံလေ'

'ကျမလည်း အဲ့အကြောင်းပဲ ပြောမလို့။ သေသွားတာ သူမရဲ့ ဝမ်းနည်းစရာ သတ္တဝါကောင်လေ။'

တော်တော်ကြာကြာ တိတ်ဆိတ်သွားတယ်။ 'နားထောင်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မင်း ဟိုရှာဒီရှာ ဝင်မလုပ်တာ ပိုကောင်းမယ်'

'ဘာလို့လဲ' လို့ကျမမေးလိုက်တယ်။ 'အဲဒီ သတ္တဝါကောင် ဘယ်လို သေသွားလဲဆိုတာ ရှင်သိလို့လား'

'သူက သေချင်မှ သေမယ်' နောက်တစ်ခါ ခဏတိတ်သွားတယ်။ 'သူ့ရဲ့ ဝိညာဉ်က ထာဝရ ရှင်ရင်ရှင်နေမှာ'

ကျမ ရယ်လိုက်တယ်။ 'ရှင်က သေသူတို့ရဲ့ မြို့တော်အကြောင်း ပြောနေတာလား'

သေသူတို့ရဲ့ မြို့တော် ဆိုတာက ဒဏ္ဍာရီတစ်ခုကနေ ဆင်းသက်လာတာ။ ယုံအန်းမြို့ရဲ့ အောက်မှာရှိပြီး လူနဲ့ သတ္တဝါကောင်တွေ၊ ကားတွေ လမ်းတွေ၊ ရော့ခ်တီးဝိုင်း အဖွဲ့တွေနဲ့ သူတို့ရဲ့ ပရိတ်သတ်တွေ၊ အကုန် ထာဝရအသက်ရှင်ကြတယ်။ အမေတိုင်းက သူမရဲ့ ကလေးကို ဒီလိုပုံပြောပြီး ခြောက်လှန့်ကြတယ်။ 'အိမ်သာထဲမှာ စာအကြာကြီး ထိုင်မဖတ်ရဘူး။ ဘာလို့ဆို အာရုံတစ်ချက် လွတ်သွားတာနဲ့ ပိုက်လိုင်းတွေ ထဲကနေ ဝိညာဉ်တွေ တက်လာပြီး မင်းတို့ ခန္ဓာကိုယ်ကို ဝင်ပူးသွားလိမ့်မယ်'။ အဲဒီပုံပြင်က ကျမတို့အကုန်လုံးကို အိမ်သာထဲမှာ အီလေး မဆွဲနေအောင် ကောင်းကောင်းခြောက်လှန့်နိုင်တယ်။ ပြီးတော့ ကျမတို့ အသက်ကြီးလာမှသာ ကျမတို့ လူလည်ကျခံလိုက်ရပြီဆိုတာကို သဘောပေါက်လာတာ။

ကျမ နည်းနည်းငယ်သေးတဲ့ အရွယ်တုန်းကဆို အိမ်သာထဲမှာ အကြာကြီး ထိုင်နေခဲ့ဖူးတယ်။ ဟိုငေးသည်ငေးနဲ့ ဝိညာဉ်တစ်ခုကများ ဖြုတ်ခနဲ ပေါ်လာပြီး ကျမနဲ့ လာစကားပြောမလားလို့လေ။ လူဖြစ်ဖြစ်၊ သတ္တဝါကောင်ဖြစ်ဖြစ် အဆင်ပြေပါတယ်။ တစ်ခုခု ပေါ်လာပြီဆိုတာနဲ့ ကျမက အရင်နှုတ်ဆက်လိုက်မှာ။ ကျမက လိမ္မာလိုက်တာဆိုပြီး ဝိညာဉ်က ကျမကို သေချာပေါက် ချစ်မှာပဲ။

ဖုန်းက တကျွီကျွီ မြည်နေတယ်။ လိုင်းအားမကောင်းဘူး။ ပါမောက္ခက ပြောတယ်။ 'ဘာပဲဖြစ်ဖြစ်...ငါပြောချင်တာက...' လိုင်းကျသွားတယ်။
___

တောင်ပိုင်းက လူချမ်းသာ စီရင်စုထဲကို သတ္တဝါကောင်အမ မိုးနဲ့တွေ့ဖို့ ကျမသွားတယ်။ သူမက ဧည့်ခန်းထဲကနေ ကျမကို ရည်ရည်မွန်မွန်ပဲ နှုတ်ဆက်တယ်။ သူမရဲ့ ဗိုက်က မသိမသာလေး ဖောင်းနေပြီ။ 'ကျမ ရှင့်ရဲ့ ဝတ္ထုတွေ ဖတ်ရပါတယ်။ အရမ်းကောင်းတာပဲ'

သူမက ချောကလက်အေး သောက်နေတယ်။ သူမရဲ့ အသားအရည်က ပုလဲလို ပန်းရောင်သန်းပြီး လဲ့နေတယ်။ သူမရဲ့အသံက နူးညံ့ပြီး နွေးထွေးတယ်။ သူမက အခန်းရဲ့ထောင့်မှာ ထိုင်တယ်။ အလင်းကို ရောင်ပြန်ဟပ်ပြီး မျက်လုံးက အနက်ရောင်တောက်နေတယ်။

ကျမ တစ်ခုခုကို စိုးရိမ်နေသလိုပဲ။ 'ကျမ ဒီကို ရှင့်ရဲ့ အစ်ကိုအကြောင်း မေးဖို့ လာခဲ့တာပါ'

မိုးမျက်နှာက ဗလာထည် ကျင်းနေတယ်။ 'အစ်ကို ဟုတ်လား။ ကျမမှာ ဘာအစ်ကိုမှ မရှိပါဘူး။'

ကျမသူ့ကို တအံ့တသြ ပါးစပ်အဟောင်းသားနဲ့ ကြည့်နေတုန်း အပြင်ဘက် အခန်းတွေကနေ လုံခြုံရေးတစ်ယောက် ခပ်သွက်သွက် လမ်းလျှောက်လာတယ်။ 'ဆရာကတော် သိပ်ပြီးနေမကောင်းဘူး အစ်မ။ နောက်နေ့မှ ထပ်လာခဲ့ပါလား' လို့ သူက ပြောတယ်။

သူက အရပ်ရှည်ပြီး မျက်နှာ​သေနဲ့။ ဝမ်းနည်းစရာ သတ္တဝါကောင်တွေလိုမျိုးပဲ။ ဒါပေမဲ့ သူကတော့ လူ။ သူ့ရဲ့ ကြီးမား သန်မာတဲ့ လက်တွေနဲ့ ကျမကို 'ဒီလမ်းပါ' လို့ ညွှန်ပြတယ်။

မိုးက ဆိုဖာပေါ်ကနေ ကျမကို ဟန်ဆောင်မှု ကင်းကင်းနဲ့ ကြည့်နေတယ်။ 'ဘာဖြစ်လို့လဲ' လို့သူမက ပြောတယ်။ သူမရဲ့ နားတွေက ပုံမှန်ထက် ပိုကြီးနေတယ်။ အဲဒါကြောင့် သူမက တိမ်တွေကြားမှာ လွင့်မြောနေတဲ့ ဗုဒ္ဓရုပ်ပွားတော်နဲ့ တူနေတယ်။ 'သူတို့ ဗိုက်ဆာနေတယ်ဆိုရင် အသားဘန်းမုန့်တစ်ခုလောက်ကျွေးလိုက်လေ' လို့ သူမ တပည့်ကို ပြောလိုက်တယ်။ အဲဒါက ရိုင်းတဲ့စကား ဆိုတာတော့ သူမ သိထားမိပုံ မပေါ်ဘူး။

အဲဒီညက လင်းပိုင်ဘားမှာ ကျမ ချာလေကို သူ့ ကောင်မလေးအသစ်နဲ့အတူ ဆုံတယ်။ ကောင်မလေးက ရှက်ကြောက်တတ်တဲ့ပုံပါပဲ။ ကျမတို့ရဲ့ ဘေးမှာ တိတ်တိတ်ဆိတ်ဆိတ် ထိုင်ပြီး လိမ္မော်ရည်ကို စုပ်နေတယ်။

ကျမ သူ့ဆီက စီးကရက် တောင်းသောက်လိုက်တယ်။ ပြီးတော့ ဒီမနက် ဘာဖြစ်ခဲ့တယ်ဆိုတာပါ ပြောပြလိုက်တယ်။ 'အဲ့လိုနှင်ထုတ်ခံရတာ စိတ်တိုစရာ ကောင်းလိုက်တာ' လို့ကျမပြောလိုက်တယ်။

ကျမ ဆေးလိပ်ငွေ့တွေ သူ့ မျက်နှာတည့်တည့်ကို မှုတ်ထုတ်လိုက်တယ်။ သူက မျက်​မှောင်ကျုတ်ပြီး အငွေ့တွေကို ဝှေ့ထုတ်တယ်။ သူက ပြောသေးတယ်။ 'ဒါက နင့်အတွက် အသစ်အဆန်းမှ မဟုတ်တာ။ ဒီလိုဖြစ်မယ်ဆိုတာ နင် မသိဘူးလား။ နင် ဘယ်သူ့ကို အပြစ်သွားတင်လို့မရဘူး။'
___

ကျမတို့ နယ်မြေအစိုးရက ပြည်သူ့လမ်းမပေါ်က အသက်မပါတဲ့ ဂင်တိုတို မီးခိုးရောင် အဆောက်အအုံစု မှာရုံးထိုင်တယ်။ ရှေ့ဝင်ပေါက်မှာ အစောင့်တွေက အမြဲ ခပ်တောင့်တောင့်ကြီး ရပ်နေလေ့ရှိတယ်။ အကြည့်တစ်ချက်ဝင်ရောက်ဖို့တောင် ခဲယဉ်းမယ် ထင်တယ်။ တစ်နေ့နေ့ ကမ္ဘာကြီးဆီကို စာရွက်စာတမ်းတွေ ဘယ်လောက်များ ဝေါခနဲ ဝေါခနဲ ပစ်လွှတ်နေလဲဆိုတာ ဘုရားသခင်ပဲ သိမယ်။ ကမ္ဘာကြီးကို နေ့စဉ်လည်ပတ်စေဖို့၊ ဒါမှမဟုတ် ကြေညာချက်ထုတ်ဖို့၊ ဒါမှမဟုတ်လည်း နေ့တစ်နေ့ ထွက်ပေါ်လာဖို့ပေါ့။

အဲဒီစာရွက်စာတမ်းတွေထဲမှာ ဝမ်းနည်းစရာ သတ္တဝါကောင်တွေနဲ့ လူသားတွေအတွက် ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေလည်း ပါတယ်။ လက်မထပ်ခင်မှာ သတ္တဝါကောင် အမဟာ မေ့ဆေးပေးခံရတယ်။ မဟုတ်ရင်လည်း သူမရဲ့ သတ္တဝါကောင် မှတ်ဉာဏ်ကို ဖျောက်ဖျက်ပစ်ဖို့အတွက် ခွဲစိတ်ခံရတယ်။ ပြီးတော့ သူမရဲ့ သတ္တဝါကောင် ဗီဇကို ချုပ်တည်းဖို့အတွက် လစဉ် ဟော်မုန်းတွေ ထိုးသွင်းခံရတယ်။ ဒါက လူခင်ပွန်း ရှိတဲ့ ဘယ်သတ္တဝါကောင်မဆို အတိတ်မေ့ ရောဂါရှိတယ်လို့ ဆိုလိုတာပါပဲ။ သူတို့ ဘယ်သူလဲဆိုတာ သူတို့မသိတော့ဘူး။ သူတို့ဟာ သတ္တဝါကောင်တွေ ဖြစ်တယ်ဆိုတာတောင် မသိတော့ဘူး။ သူတို့ဟာ ခမ်းနားထည်ဝါတဲ့ ဧည့်ခန်းတွေကနေ သူတို့ ယောက်ျားတွေ အိမ်ပြန်အလာကို စောင့်နေကြတယ်။ ပြီးရင် အဝတ်အစားတွေ ချွတ်ပြီး အိပ်ရာဝင်မယ်။ ဒီလိုနဲ့ လူသားမျိုးနွယ်ကို ဆက်လက်ပြီး တည်တံ့နေစေမယ်။ ဒါပေမဲ့ လပြည့်ညရောက်လာရင်တော့ သူတို့ရဲ့ သတ္တဝါကောင် ဗီဇကို ပြန်လည် ရရှိလာတတ်တယ်။ အဲ့ကျရင် သူတို့ရဲ့ စကားပြောနိုင်စွမ်းလည်း ပျောက်ဆုံးသွားတယ်။ ဆက်ပြီး လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်မှာ ဘာတွေဖြစ်ပျက်ခဲ့တယ် ဆိုတာလည်း မမှတ်မိတော့ဘူး။

ခုတော့ ဟော်မုန်း အသစ်တစ်မျိုးကို ဖန်တီးသွားနိုင်ပုံရတယ်။ အဲဒီဟောမုန်းက သတ္တဝါကောင်တွေကို သူတို့ရဲ့ မူလမျိုးနွယ်နဲ့ ပတ်သက်ပြီး ဘာမဆို လုံးဝ သတိမရနိုင်အောင် လုပ်ပစ်နိုင်တယ်။ လပြည့်ညရောက်လာပြီဆိုရင်တောင် သူတို့ဟာ လူအဖြစ်ပဲ ဆက်လက်ကျန်ရှိတယ်။ သူတို့ရဲ့ တစ်ဘဝလုံးပဲ။ ဒါပေမဲ့ သူတို့ ပြုံးလို့တော့ မရမြဲတိုင်း မရဆဲပဲ။ ရယ်ဖို့ဆို ပြောမနေပါနဲ့တော့။ သူတို့ ရယ်လိုက်ရင်လည်း ရပ်လို့မရတော့အထိပဲ။ အဲ့ဒီနောက်မှာတော့ သူတို့ဟာ သေကြရတယ်။

ကျမ ပါမောက္ခကို ဖုန်းခေါ် ပြီး အဲ့လိုအရာမျိုး တကယ်ပဲရှိသလားလို့ မေးလိုက်တယ်။ သူက ဒေါသတကြီးနဲ့ ပြန်အော်တယ်။ 'မရှိဘူးဆိုရင်၊ အဲဒီဆောင်းပါးကို ဘယ်သူကရေးမလဲဟ၊ အဲဒီအကြောင်းက လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ရေးထားတာမလား။ ငါ မင်းလို အရှုံးသမားမျိုးကို စာသင်ခဲ့ရတာ ယုံတောင်မယုံနိုင်ဘူး။ တကယ်ပဲ ဝတ္ထုရေးဆရာ ဖြစ်နေရတယ်လို့'

ကျမ ဖုန်းကို အမြန်ချလိုက်တယ်။ ပြီးတော့ ဘယ်ကျော့်ကို ဆက်ရအောင် ဖုန်းခွက်ကို ပြန်ကိုင်လိုက်တယ်။ ဒါပေမဲ့ ကိုယ့်ဖာသာကိုယ် ခေါ်ဖို့အင်အားမရှိဘူးဖြစ်နေတယ်။

ယုံအန်းမြို့ရဲ့ ညတွေက ဘယ်မျိုးစိတ်လဲ မသိနိုင်တဲ့ သတ္တဝါကောင်တွေရဲ့ အော်သံတွေနဲ့ ပြည့်နှက်နေတယ်။ ကျမက ဒီမြို့မှာ မွေးတာဆိုတော့ အစောပိုင်းတည်းက ဒီအော်သံတွေနဲ့ အသားကျခဲ့တယ်။ ကျမအမေက ပြောဖူးတယ်။ 'သတ္တဝါကောင်တွေက လူမဟုတ်ဘူးလို့ မပြောနိုင်ဘူး။ လူတွေကလည်း သတ္တဝါကောင် တစ်မျိုးမျိုးမဟုတ်ဘူးဆိုတာ ဘယ်သူကမှ မပြောနိုင်ဘူး'

ဒါပေမဲ့ တကယ်တမ်းမှာတော့ အဲလို မဟုတ်ဘူး။ လူတွေက သတ္တဝါကောင်တွေကို ‌အမြဲ ကြောက်လန့်ကြတယ်။

ကျမဖုန်းကို ပြန်ချထားလိုက်တယ်။ တစ်ယောက်ယောက်က တိတ်တိတ်ကလေး တရှုံ့ရှုံ့ငိုနေတယ်။ တစ်ယောက်ယောက်က ကျမကို တင်းတင်းကျပ်ကျပ်ဖက်ထားပြီး ချုံးပွဲချ ငိုတယ်။ တစ်ယောက်ယောက်က 'ဟယ်လို၊ ဟယ်လို၊ ဟယ်လို' လို့ခေါ်နေတယ်။

ကျမက ပန်းနုဝါ ဗီလာရဲ့ ဆယ့်ခုနစ်ထပ်မြောက်မှာ တစ်ယောက်တည်း နေတယ်။ အဝေးမှာ ရှုမငြီးမြစ်ကို လှမ်းမြင်နေရတယ်။ ကျမရဲ့ တိုက်ခန်းက ကျယ်ဝန်းသလောက် ခြောက်ကပ်ပါတယ်။ ဒါပေမဲ့ ငိုသံကိုတော့ ကြားနေရတုန်းပဲ။ 'တော်ပါတော့' လို့ကျမပြောလိုက်တယ်။

ဒါပေမဲ့ ငိုသံက ဆက်သွားနေတယ်။
___

ပန်းချီဆရာမ ဘယ်ကျော်က နည်းနည်း စိတ်အပြောင်းအလဲ မြန်နေတယ်။ သူမနဲ့ သူမရဲ့ ဝမ်းနည်းစရာ သတ္တဝါကောင်တို့ရဲ့ ဇာတ်လမ်းတွေကို ပြောပြဖို့ ကျမကို ဖုန်းတွေ ထပ်ထပ်ခေါ်နေတယ်။ သူမမှာ ဘယ်သူ့မှ စကားပြောစရာမရှိဘူးဆိုတာ ကျမနားလည်ပါတယ်။ 'ဇာတ်လမ်းတွေအတွက် နင့်ကို ဘာပြန်ပေးရမလဲ'လို့ ကျမ မေးလိုက်တယ်။

သူမက ဘာမှမလိုချင်ဘူး။ သူမမှာ အရာရာ ရှိပြီးနေပြီ။ သူမ ဘာကိုမှထပ်ပြီး မလိုချင်တော့ဘူး။

သူမကို သတင်းစာထဲမှာလည်း မကြာမကြာ တွေ့ရတယ်။ ပန်းချီဆရာမ လှလှလေးမှာ သူမကို ချစ်ပေးမယ့် တစ်ယောက်ယောက်က အမြဲရှိတယ်။ လန်းဆန်း တက်ကြွမှု အပြည့်နဲ့ လူချမ်းသာ ကောင်ကလေးတစ်ယောက်ယောက်ပေါ့။ ဖုန်းပြောတော့ သူမက တရှုံ့ရှုံ့ ငိုတယ်။ 'ငါ ခုတ​လော ခေါင်းတွေ ကိုက်ကိုက်နေတယ်။ ပြီးတော့ စိတ်တွေလည်း အမြဲ ရှုပ်ထွေးနေတယ်။ ငါ ဘယ်သူလဲ ဆိုတာတောင် မသိတော့သလိုမျိုး'

သူမနဲ့ သက်ဆိုင်တဲ့ သူမရဲ့ ဝမ်းနည်းစရာ သတ္တဝါကောင်ကို ရှာမတွေ့နိုင်တော့ဘူးလေ။ သူမက သူ့ကို ယဉ်ပါးလာအောင်လုပ်မယ်။ သူက သူမနဲ့နေမယ်။ များသောအားဖြင့် တိတ်တိတ်ဆိတ်ဆိတ်ပဲ။ ခပ်မှောင်မှောင် စိုထိုင်းထိုင်း နေရာတွေမှာ အောင်းနေမယ်။ ရေခဲမုန့်ကြိုက်တယ်။ သဘောကောင်းတယ်။ ဟာတာတာ မျက်လုံးတွေရှိတယ်။ အဝတ်တွေမပါဘဲ လျှောက်သွားရတာကို ကြိုက်တယ်။ တိုက်ခန်းပေါ်မှာ ကိုယ်လုံးတီးနဲ့ လျှောက်သွားနေတတ်တယ်။ ပြီးတော့ သူမက သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို ပန်းချီရေးမယ်။ သူ့ရဲ့ ဗိုက်သားပေါ်က တဖြည်းဖြည်းပွားလာနေတဲ့ ညှို့ဓာတ်အပြည့်နဲ့ အစိမ်းရောင်အကွက်ကြီးကိုရောပေါ့။

သူ့ကိုယ်က အေးနေတာပဲလို့ သူမက ပြောတယ်။ နွေညတွေဆို သူ့ကိုယ်ပေါ်ကနေ လက်တွေကို မခွာချင်တော့ဘူး။ တစ်ခါတစ်လေ သူက ခပ်တိုးတိုးလေး ညည်းတယ်။ တစ်ခါတစ်လေတော့ စကားပြောတယ်။ ဒါပေမဲ့ သူက ညည်းရတာကို ပိုကြိုက်တယ်။ ဒါပေါ့ သူက သတ္တဝါကောင် တစ်ကောင်ပဲလေ။ သူ့ခြေထောက်က အကြေးခွံတွေကနေ အလင်းရောင် ခပ်တောက်တောက်တွေ ထွက်နေတတ်တယ်။

သူက ပင်ကိုဗီဇအရ မှိုင်းဖျနေတတ်တယ်။ သူဟာ ကဗျာဆရာတစ်ယောက်ကနေ ဆင်းသက်လာတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။

သူမ ပြပွဲလုပ်တဲ့ ပန်းချီပြခန်းကို ကျမတစ်ခေါက် ထပ်သွားဖြစ်တယ်။ ဒါပေမဲ့ တိမ်ရဲ့ ပုံတူပန်းချီကားတွေ အကုန် ရောင်းထွက်သွားပြီ။ ဘယ်သူ ဝယ်သွားတာလဲလို့ ပိုင်ရှင်ကို ကျမ မေးလိုက်တယ်။ သူက အထစ်ထစ်အငေါ့အငေါ့နဲ့ ပြောပြဖို့ ငြင်းနေတယ်။ အဲဒါကြောင့် ချာလေ့နာမည်ကို ကျမ သုံးလိုက်တယ်။

'ဟော့ ပါ' လို့ သူကပြောတယ်။ 'ဟော့ချီ ဆိုတဲ့လူ'

ဟော့ချီ။ ဟော့ချီ။ ကျမ သူ့မျက်နှာကို ခဏလေးနဲ့ သတိရသွားတယ်။ သူ့ကို သတင်းစာထဲမှာ တွေ့ဖူးတယ်။ သူက ဘယ်ကျော့်ရဲ့ ရည်းစား။ ယုံအန်းရဲ့ အထင်ကရ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ကြီးရဲ့ သားလေ။
___

ဟော့ချီက ကျမရဲ့ စာဖတ်ပရိတ်သတ်ဖြစ်လာတယ်။ ကျမ သူ့ရဲ့ ဧရာမဧည့်ခန်းကြီးထဲမှာ ထိုင်ပြီး တောင်ပြာ ကော်ဖီကို လက်တစ်ဖက်က ကိုင်ထားတယ်။ စိတ်ကတော့ နည်းနည်း ဂနာမငြိမ် ဖြစ်နေတယ်။ 'သတ္တဝါကောင် ပန်းချီကားတွေ အကုန် ရှင် ဝယ်လိုက်တာလား' လို့ ကျမမေးလိုက်တယ်။

'အင်း' လို့ သူက ပြန်ဖြေတယ်။ သူ့ရဲ့ ပြုံးနေတဲ့ မျက်နှာပေါ်မှာ ဝေ့လည်ကြောင်ပတ်လုပ်ချင်တဲ့ အရိပ်အယောင်မျိုး မတွေ့ရဘူး။

'ဘာလို့လဲ'

'ကျနော် သူ့ကို ချစ်နေတာ။' လို့ သူက ပြုံးရင်း ပြန်ဖြေတယ်။

'ချစ်နေတာ'

'ဟုတ်တယ်'

ကျမ မေးဖို့ တုံ့ဆိုင်း သွားတယ်။ ပြီးမှ 'ရှင်ပြောချင်တာက သတ္တဝါကောင်ကိုလား' လို့ကျမမေးလိုက်တယ်။ 'ဒါမှမဟုတ် ပန်းချီဆရာမကိုလား'

သူက ပြုံးပဲ ပြုံးနေတယ်။ ဘာမှပြန်မဖြေဘူး။

'သူ သေသွားပြီဆိုတာ ရှင်သိတယ်မလား။' လို့ ကျမ မေးလိုက်တယ်။

'ဘယ်သူလဲ'

'သတ္တဝါကောင်လေ'

'သူ သေသွားတာလား။ မသေပါဘူး။ သူ့ရဲ့ ဝိညာဉ်က မသေနိုင်ဘူး'

'ကျမ ပြောချင်တာက...'

'အဲဒါ အရေးကြီးလို့လား။ ကျနော် ခင်ဗျားရဲ့ နောက်ဝတ္ထုကို မျှော်နေပါတယ်'
___

ဖင်န်လဲ့ အထည်ချုပ်စက်ရုံက ဒေါင်းမြစ်ဖျားပိုင်းနားမှာ ရှိတယ်။ သူက စောင်တွေ၊ အိပ်ရာခင်းတွေ၊ သဘက်တွေ ထုတ်တယ်။ ချုပ်သားကောင်းပြီး ပြည်ပကိုလည်း ပို့တယ်။ သတ္တဝါအထီးတွေက လက်မှုဆိုင်ရာ ကျွမ်းကျင်တော့ ဒီဒေသမှာ သူတို့ပဲ လွှမ်းခြုံထားတယ်။ ဒါကြောင့် ယုံအန်းမြို့ရဲ့ ဈေးကွက်ကိုလည်း သူတို့ပဲ ထိန်းချုပ်ထားနိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ ဘဝတွေကတော့ ခက်ခဲလှတယ်။ ဘာလို့ဆို အစိုးရက သူတို့ကို အခွန်တွေ မတရားကောက်တယ်။ ခေါင်းဆောင်တွေကွယ်ရာမှာ ဘာတွေပြောနေကြလဲဆိုတာကို ချာလေက ကျမကို အမြဲ ပြန်ပြောပြတယ်။ ဝမ်းနည်းစရာ သတ္တဝါကောင်တွေရဲ့ တည်ငြိမ်တဲ့သဘာဝကြောင့်သာ။ မဟုတ်ရင် တော်လှန်ရေးတစ်ခု ဖြစ်ပြီးတာ ကြာလှပြီ လို့သူကပြောတယ်။

လိယဲ့အိမ်ရာရဲ့ အဝင်ဝမှာ ယုံအန်းရဲ့ အကြီးဆုံး ရေခဲမုန့် ထုတ်ဝေရေး စင်တာ ရှိတယ်။ ခပ်ငယ်ငယ် သတ္တဝါကောင် အထီးလေးတွေက အဲဒီမှာ လမ်းသလား နေလေ့ရှိတယ်။ ဆိုင်ဘက်ကိုလည်း ငေးကြည့်နေကြသေးတယ်။ ကျမက သူတို့ထဲက တစ်ယောက်ကို ကတော့ ရေခဲမုန့် တစ်ခု ဝယ်ကျွေးရမလားလို့ မေးလိုက်တယ်။ သူက တော်တော်စားချင်နေတဲ့ပုံနဲ့ ခေါင်းငြိတ်ပြတယ်။ ကျမရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး ရေခဲမုန့်ကို  ကောင်းကောင်းကြီး လျက်နေတယ်။ သူကပြောသေးတယ်။ 'အန်တီက သဘောကောင်းလိုက်တာ'တဲ့။

'အဲ့ဒါဆို အဲဒီအစား မမလို့ခေါ်ပါ့လား'

စိတ်လိုလက်ရပဲ သူကပြောင်းခေါ်ရှာတယ်။ 'မမ' တဲ့။

သူ့အသက် ဘယ်လောက် ရှိပြီလဲလို့ ကျမ မေးလိုက်တယ်။ ငါးနှစ်လို့ သူကပြောတယ်။

ကျမတို့ လိယဲ့အိမ်ရာ အပြင်ဘက်က ပန်းခြံလေးမှာ ထိုင်နေကြတယ်။ နံရံတွေက နွယ်ပင်တွေ ဖုံးနေတယ်။ အဲဒါကြောင့် အဆောက်အအုံကြီးတွေက ဧရာမသစ်ပင်ကြီးတွေနဲ့ တူနေတယ်။ ကောင်းကင်ဘုံက ငှက်တွေ တစ်မေ့တစ်မော ပြောင်းရွှေ့ ပျံသန်းခဲ့ပြီးတဲ့နောက် အဲဒီ အကိုင်းအခက်တွေပေါ်မှာ နားနေ နေကြသလိုမျိုးပဲ။

'ဘာတွေ ငေးနေတာလဲ' လို့ကောင်လေးက မေးတယ်။

'အရမ်းလှလို့ပါ'

သတ္တဝါကောင်လေးက အံ့အားသင့်နေပုံရတယ်။ 'မမ မျက်နှာပေါ်က ဘာခေါ်လဲ'

'အပြုံး' လို့ကျမပြန်ဖြေလိုက်တယ်။

'အပြုံး'

'အင်း ဟုတ်တယ်'

'ကျနော်ကျ ဘာလို့ လုပ်လို့မရတာလဲ'

'မင်းကပြုံးလို့မရဘူး။ ပြုံးလိုက်ရင် မင်းသေသွားလိမ့်မယ်' လို့ ကျမသူ့ကို ပြောလိုက်တယ်။

'သြော်သိပြီ' လို့ သူက ပြန်ပြောတယ် 'စိတ်ဝင်စားစရာ ကောင်းတယ်' သူ့ကြည့်ရတာတော့ သက်တောင့်သက်သာပါပဲ။ အဆင်မပြေတာက ကျမဖြစ်နေတာ။ 'မမတို့က အဲဒါကို အပြုံးလို့ ခေါ်ပေမယ့်၊ ကျနော်တို့ ကျတော့ နာကျင်မှုလို့ ခေါ်တာ။ ကျနော့်အဖေက ပြောဖူးတယ်။ နာကျင်မှုရဲ့ အဆုံးသတ်ကို ရောက်ရင် ကျနော်တို့ သေရလိမ့်မယ်တဲ့'

'ရေခဲမုန့် နောက်တစ်ပွဲ စားဦးမလား' လို့ စကားလမ်းကြောင်း လွှဲရအောင် ကျမ မေးလိုက်တယ်။

'ဟုတ်၊ စားမယ်'တဲ့

ကျမသူ့ကို နောက်တစ်ပွဲ ဝယ်ကျွေးလိုက်တယ်။ သူ့က ဝမ်းသာအားရ လှမ်းယူတယ်။ နောက်တော့ အဝေးကနေအော်သံကြီး တစ်ခုကြားရတယ်။ သဘာဝရဲ့ ဟိန်းသံလိုမျိုးပဲ။

သူက အိမ်ပြန်ရတော့မယ်လို့ ပြောတယ်။ 'တာ့တာနော် မမ။ မမက သဘောကောင်းတယ်။ ကျနော် ကြီးလာရင်  မမကို လက်ထပ်မယ်'

ကျမ ထပ်ပြီး ပြုံးမိတယ်။ 'မင်း ငယ်ပါသေးတယ်။ ပြီးတော့ မင်း မမကို လက်ထပ်လို့မရဘူး။ မမက လူတစ်ယောက်လေ'

'ရပါတယ်။ ကျနော့်အဖေက ရတယ်လို့ ပြောဖူးတယ်။ ဒါပေမဲ့ လက်ထပ်လိုက်ရင်တော့ ရယ်မိလိမ့်မယ်တဲ့'

'ရယ်မိမယ်တဲ့လား'

သူ လှည့်ထွက်သွားတယ်။ သူ့ရဲ့ မည်းမည်းအရိပ်က မှောင်ရီမှိုင်းဖျမှုရဲ့ နတ်ဘုရားတစ်ပါးလိုပဲ။ 'ဟုတ်တယ်၊ မမတို့လို လူတွေကတော့ မင်း သေရလိမ့်မယ်လို့ ပြောလိမ့်မယ်'
___

နောက်တစ်ခေါက် စပ်စုစိန် ချာလေနဲ့ လင်းပိုင်ဘားမှာ ထပ်တွေ့တော့ သူက တခြားကောင်မလေးတစ်ယောက်နဲ့ ဖြစ်နေပြီ။ 'ဘယ်ကျော့်ဆီက ဝမ်းနည်းစရာ သတ္တဝါကောင်ပန်းချီကားတွေ အကုန်ဝယ်သွားတဲ့ ဟော့ချီဆိုတာကို နင်သိလား'

ချာလေက ကျမကို စောင်းကြည့်ပြီး 'သိတာပေါ့။ ဘာတွေ ရေးကြီးခွင်ကျယ် လုပ်နေတာလဲ။ နင် ဘယ်အရာကိုမှ ဖြစ်ဖြစ်မြောက်မြောက် မရှိတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ' လို့ပြောတယ်။

သူက ဆက်ပြောတယ်။ 'သူတို့နှစ်ယောက်ကို ဆုံပေးတာ ငါပဲလေ။ ဟော့ချီက အဲဒီ ပန်းချီကားတွေကို တွေ့ပြီးကတည်းက ဘယ်ကျော်နဲ့ မိတ်ဆက်ပေးဖို့ ငါ့ကို နားပူနားဆာ လာလုပ်နေတာ။ သူမရဲ့ ဖုန်းနံပါတ်ကို ငါပဲပေးလိုက်တာ။'

'နောက်တော့ရော'

'နောက်တော့ ထုံးစံအတိုင်းပေါ့။ ဟော့ချီက ဖုန်းဆက်ပြီး သူတို့နှစ်ယောက် လူချင်းတွေ့ကြမှာပေါ့။ သူက သတ္တဝါကောင်ကို တော်တော်ကြိုက်နေတာ'

'ဘယ်ကျော့်ရဲ့ အကောင်ကိုပဲလား'

'ဟုတ်တယ်။ ဟော့ချီက သူ့ကို ချစ်နေတာလို့ ပြောဖူးတယ်'

အဲဒီညက ဘယ်ကျော် ကျမကို ဖုန်းဆက်တယ်။ သူမနဲ့ ဟော့ချီတို့ အရူးအမူးဖြစ်နေကြပြီး သတ္တဝါကောင်ရဲ့ အကြောင်းကို သူမ လုံးလုံးမေ့သွားပြီတဲ့။ 'ငါကတော့ နင် တိမ့်ကို တော်တော်ချစ်တာလို့ ထင်ထားတာ' လို့ ကျမဒေါသထွက်ထွက်နဲ့ ပြန်ပြောလိုက်တယ်။

သူက အသံတိတ်နေတယ်။ ပြီးမှ မေးတယ်။ 'လူတွေနဲ့ သတ္တဝါကောင်တွေကြားမှာ အချစ်က ဖြစ်နိုင်လို့လား၊ ဟို လူချမ်းသာတွေနဲ့ လက်ထပ်သွားတဲ့ သူတွေကိုတော့ ပြောတာမဟုတ်ဘူး။ သူတို့က ခွဲစိတ်ပြီး သူတို့ကိုယ်သူတို့ လူတွေပါလို့ ယုံကြည်လာအောင် ဟော်မုန်းတွေ သွင်းထားရတာ။ ငါပြောတာက သတ္တဝါအကောင် အဖြစ် ရှိနေဆဲ သူတွေကို ပြောတာ။ သူက လူသားတွေနဲ့ ချစ်နိုင်လား။

'ငါဟော့ချီကို ချစ်တယ်' လို့ ပန်းချီဆရာမက နောက်ဆုံးပြောတယ်။
___

ယုံတမ်းစကားတွေအရတော့ ဝမ်းနည်းစရာ သတ္တဝါကောင်တွေက လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ရှိခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက တရုတ်ပြည် တောင်ပိုင်းမှာရှိတဲ့ ယုံအန်းမြို့ကို သူတို့ရောက်လာကြတယ်။ မြို့က လေးဘက် လေးလံလုံး ဒုက္ခရောက်နေတယ်။ အနောက်ဘက်နဲ့ တောင်ဘက်ကနေ သဲမုန်တိုင်းတွေ တိုက်နေတယ်။ မြောက်ဘက်နဲ့ အရှေ့ဘက်မှာက လေထု စိုထိုင်းဆတွေ များနေတယ်။ အဲ့တော့ သတ္တဝါကောင်တွေက အရှေ့မြောက်ဘက်မှာ အခြေချပြီး တစ်သီးတစ်ခြားနေတဲ့ အသိုင်းအဝိုင်းတစ်ခုလို ဖြစ်လာတယ်။ ဆွဲဆောင်မှုရှိတဲ့ အမတွေကို လေလံပစ်ပြီး လေလံအမြင့်ဆုံးလူနဲ့ လက်ထပ်ပေးတယ်။ အမြတ်တွေကို အစိုးရနဲ့ လေးဆယ်-ခြောက်ဆယ်ဆီ ခွဲယူတယ်။ ကျမတို့ မြို့လေး မိုးမျှော်တိုက်တွေ၊ မိုးပျံလမ်းတွေနဲ့ ဖြစ်လာတော့လည်း သူတို့က အဲဒီ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အိမ်ရာထဲမှာပဲ ဆက်နေတယ်။ ကမ္ဘာကြီးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။ အေးအေးဆေးဆေး နေပြီး ရန်မလိုဘူး။

ကျမ တက္ကသိုလ်တက်နေတုန်းက ပါမောက္ခက ပြောဖူးတယ်။ 'သတ္တဝါကောင် အားလုံးမှာ အရိုင်းစိတ်ရှိတယ်။ သူတို့ အနားမှာရှိရင် သတိသာထားပေတော့။'

ကျမရဲ့နောက်ဆုံး တွေ့ရှိချက်တွေကို ကျမ သူ့ကို ဖုန်းဆက်ပြီး ပြောလိုက်တယ်။ 'ထပ်ပြီး ရှာမနေနဲ့တော့၊ မင်းအတွက် ကောင်းတာ ဘာမှ မရှိဘူး' လို့ သူက လေးလေးနက်နက် ပြန်ပြောတယ်။

'သူဘယ်လို သေသွားလဲ ဆိုတာ သိချင်တာပါ'

ပါမောက္ခက သက်ပြင်းချတယ်။ 'အရင်လို ခေါင်းမာ နေတုန်းပဲလား။ တချို့အရာတွေက မေ့ပစ်သင့်ရင် မေ့ပစ်ရတယ်ကွ'

ဒါပေမဲ့ ကျမ မေ့လို့ မရနိုင်ခဲ့ဘူး။ ကျမ ဘွဲ့ယူမယ့်နေ့ မတိုင်ခင် ညမှာ ပါမောက္ခက ကျမကို သူရဲ့ သတ္တဝါကောင် နမူနာတွေကို ခေါ်ပြတယ်။ ဖန်ပေါင်းချောင်ရှည်တွေ ထဲမှာ ဆေးစိမ်ထားတယ်။ သူတို့ရဲ့ မျက်နှာတွေက လူနဲ့ တူလွန်းတယ်။ ကျမ ဝမ်းနည်းစရာ သတ္တဝါအထီးတစ်ကောင်ကို သတိရမိတယ်။ သူ့ဗိုက်က အစိမ်းရောင်အကွက်ကို ခွဲဖွင့်ခံထားရတယ်။ အထဲမှာ စေ့စေ့စိထားတဲ့ သွားနှစ်တန်းရှိတယ်။ အဲ့ဒီသွားနှစ်တန်းကြားမှာတော့ ဗလာထုသက်သက်။ ပါမောက္ခက ပြောတယ်။ 'အဲဒါက သူ့ရဲ့ တကယ့် ပါးစပ်လေ။ သူ့ရဲ့ သတ္တဝါကောင် ပါးစပ်ပေါ့'

ကျမ မထိန်းနိုင်လောက်အောင် အန်ချင်လာတယ်။ ဓာတ်ခွဲခန်းထဲကနေ ပြေးထွက်လာခဲ့ပြီး ကျမ အဲဒီကို ဘယ်တော့မှ ပြန်မသွားတော့ဘူး။
 
သတ္တဝါကောင်တိုင်းမှာ သတ္တဝါကောင်တွေရဲ့ သဘာဝ ရှိတယ်။ လပြည့်ည ရောက်တိုင်း ကလေးတွေက အိမ်မှာ နေကြရတယ်။

ကျမအမေကလည်း ပြောဖူးတယ်။ 'သတ္တဝါကောင်တွေက လူတွေကို စားချင်နေတာ။ လူတွေက သူတို့ကို စားသလိုမျိုးပဲ'

အပြန်အလှန် ဖျက်ဆီးခြင်းက အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဒါဟာ ဘဝ စက်ဝန်းပဲ။ အမှန်တရားပဲ။

ဒါပေမဲ့ သိပ္ပံပညာရှင်တွေက သူတို့ ဟော်မုန်းအသစ် တစ်ခု ရှာဖွေတွေ့ရှိထားပြီ ဖြစ်ကြောင်း ကြေညာတယ်။ အဲဒီဟော်မုန်းက သတ္တဝါကောင် အမတွေရဲ့ သတ္တဝါကောင် သဘာဝကို လုံးဝ ဖိနှိပ်နိုင်တဲ့ အပြင် လပြည့်ည ရောက်ရင်တောင်မှ ငှက်လို အသံတွေ အော်နေတော့မှာ မဟုတ်ကြောင်း ဆိုတယ်။

သူတို့ စစ်ဆေးစမ်းသပ်မှုတွေ လုပ်ပြတယ်။ ရလဒ်ကတော့ ငြင်းလို့မရအောင် အောင်မြင်တယ်။ ဆေးကို တစ်ပုံတစ်ခေါင်း ထုတ်ပြီး ဈေးကလည်း မတန်တဆများတယ်။ ဒါပေမဲ့ လူချမ်းသာကြီးတွေရဲ့ မိန်းမတွေကတော့ သူတို့မှာ ဝယ်ပေးမယ့်သူက ရှိပြီးသားလေ။ ချာလေက အဲ့တုန်းက တော်တော်နာကြည်းနေတယ်။ 'ဒင်းတို့က ဂေဟစနစ် မျှတမှုကို ဖျက်ဆီးပစ်နေတာ။' လို့ သူက အော်တယ်။ သူ လက်ရှိ နောက်ဆုံးတွဲနေတဲ့ ကောင်မလေးကတော့ သူ့ကို ကြည်ညိုတဲ့ အကြည့်နဲ့ ငေးနေတယ်။

ကျမ စီးကရက်ကို အရှည်ဆွဲပြီး ရှိုက်လိုက်တယ်။ သတ္တဝါကောင်တွေအကုန် ဟော်မုန်းထိုးခံရလို့ သေသွားကြပြီး နောင်နှစ်ပေါင်းများစွာအကြာ ယုံအန်းမြို့မှာ ဘယ်သတ္တဝါကောင်မှ မကျန်တော့ဘူးလို့ တွေးကြည့်ရတာ လွယ်ပါတယ်။ ဒါမှမဟုတ်လည်း လုံးဝ ထိန်းချုပ်နိုင်သွားမယ်ပေါ့။ နေရာတိုင်းမှာ လူသားမျိုးနွယ်နဲ့ ပြည့်နှက်နေမယ်။ မိုးမျှော်တိုက်ကြီးတွေကြား ကူးလူးသွားလာနေမယ်။ ဓာတ်လှေကားတွေထဲ ဝင်လိုက်ထွက်လိုက် လုပ်လို့။ ရည်းစား ထားမယ်။ အိမ်ထောင် ပြုမယ်။ ကလေး မွေးမယ်။ ယောက်ျားလေး ဖြစ်ဖြစ်၊ မိန်းကလေး ဖြစ်ဖြစ် တစ်ယောက် ယူပြီးတာနဲ့ ရပ်လိုက်မယ်။

အဲဒီအချိန်ရောက်လာရင် သေချာပေါက် ဝတ္ထုရေးဆရာတွေ အကုန်လုံး ကွန်ပြူတာ ပရိုဂရမ်မာတွေ ဖြစ်အောင် ဟော်မုန်း သွားသွင်းကြမှာ။ ပြီးတော့ သတ္တဗေဒပညာရှင်တွေလည်း ဘတ်စ်ကား လက်မှတ်ရောင်းသမားတွေ ဖြစ်အောင် ခွဲစိတ်မှုတွေ လုပ်ရင်လုပ်ကြမှာပေါ့။ အားလုံးက သူတို့ရဲ့ အခွံသက်သက်ပဲ ကျန်တော့တဲ့ အိပ်မက်တွေကို စွန့်လွှတ်ကြရလိမ့်မယ်။ ဘာ ဒဏ္ဍာရီ ဇာတ်လမ်းမျိုးမှ မရှိတော့ဘူး။ သတ္တဝါကောင်တွေ၊ သမိုင်းတွေ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေလည်း ရှိတော့မှာ မဟုတ်ဘူး။ အစိုးရကတော့ ပိုက်ဆံတွေ ရိုက်ထုတ်ပြီး တဂျုန်းဂျုန်းဆက်သွားနေမှာပဲ။ ယုံအန်းမြို့က နိုင်ငံတကာ မြို့တော်ကြီး တစ်ခု ဖြစ်လာလိမ့်မယ်။

ဒါကြောင့် အနာဂတ်ရဲ့ သမိုင်းပညာရှင်တွေက ဝမ်းနည်းစရာ သတ္တဝါကောင်အမ မိုးကို ကျေးဇူးတင်ကြသင့်တယ်။ သူ့မှာ ဟော်မုန်းထိုးဆေးနဲ့ ဓာတ်မတည့်တဲ့ရောဂါရှိတယ်။ ထိုးလိုက်ရင် သူ့အရေပြားတွေက နီတောက်တောက် ဖြစ်လာပြီး ငယ်သံပါအောင် အော်တာ မရပ်တော့ဘူး။ ယုံအန်းမြို့ခံ အများစုကတော့ အဲဒီမြင်ကွင်းကို တီဗီကနေ မြင်ကြရတယ်။ မိုးရဲ့ အရေပြားဟာ နီမြန်းလာပြီး အထဲကိုဖောက်ပြီးတောင် မြင်နေရတယ်။ လူသန္ဓေသားလေးကို သူမရဲ့ ဝမ်းဗိုက်အရေပြားထဲကနေ ခပ်ရေးရေးလေးမြင်နေရတယ်။ သူမဟာ လမ်းမတွေပေါ်မှာ လျှောက်ပြေးနေရင်း ဆံပင်တွေကလည်း လေထဲကို ခပ်ကြမ်းကြမ်း လွင့်လို့ နေတယ်။ ရုပ်မြင်သံကြားဌာန ကားက သူမ နောက်ကနေ မောင်းလိုက်နေတယ်။

လူတွေက တထိတ်တလန့်နဲ့ ဒုက္ခ အကြီးအကျယ် ရောက်နေတဲ့ ဝမ်းနည်းစရာ သတ္တဝါတစ်ကောင်ကို မြင်နေကြရတယ်။ သူမက ပြုံးနေတယ်။ ဟိုသတ္တဝါကောင်လေး ကျမကိုပြောသလိုပဲ။ ဝမ်းနည်းစရာ သတ္တဝါကောင်တွေက ပျော်ရွှင်မှုကြောင့် ဘယ်တော့မှ မပြုံးဘူး။ နာကျင်မှု၊ ဝမ်းနည်းမှုကြောင့်သာ သူတို့ ပြုံးကြရတာ။ သူတို့စလိုက်လို့ ရှိရင်လည်း ရပ်လို့မရတော့ဘူး။ သူတို့သေတဲ့အထိပေါ့။

သူမရဲ့ အပြုံးက သိပ်ကိုလှတယ်။ ကျမတောင် သူမအတွက် ငိုမိတဲ့အထိပဲ။ တစ်မြို့လုံးကို ညှို့ယူဖမ်းစားထားနိုင်တယ်။ သူမက ပြေးနေရင်းနဲ့ ငှက်တစ်ကောင်လို အော်တယ်။ အခုဆို ဝမ်းနည်းစရာ သတ္တဝါတစ်ကောင်ရဲ့ အပြုံးကို အသက်ရှင်နေစဉ် မြင်ဖူးပြီးဖြစ်လို့ သက်ကြီးရွယ်အိုတွေက သူတို့ နောင်တမရဘဲ ပျော်ပျော်ကြီးသေနိုင်ပြီလို့ ပြောကြတယ်။

သူမက ရန်ဟော့ လမ်းတစ်လျှောက်လုံး ပြုံးသွားတယ်။ နောက်တော့ အောင်နိုင်မှု ရင်ပြင်က ရှေးခေတ်သူရဲကောင်းတစ်ယောက်ရဲ့ ရုပ်ထုပေါ် တက်သွားတယ်။ သူမရဲ့ သန္ဓေသားလေးက သူမရဲ့ ထွင်းဖောက်မြင်နေရတဲ့ ဝမ်းဗိုက်အရေပြားထဲကနေ ကူကယ်ရာမဲ့ ငေးကြည့်နေတယ်။

သူမက နောက်ဆုံးပိတ် ကွဲအက်အက်အော်သံကြီးကို အော်ချလိုက်တယ်။ သူမရဲ့ အပြုံးက ပန်းနုဝါပွင့်တွေလိုပဲ ဖမ်းစားမှုအပြည့်နဲ့။ အဲ့နားတစ်ဝိုက်မှာ မြင်လိုက်ရသူတွေ ကတော့ သူမကို ကြည့်ရတာ နတ်ဘုရားမတစ်ပါးနဲ့တောင် တူနေသလိုပဲလို့ ပြောကြတယ်။

နောက်တော့ သူမ သေသွားတယ်။ ဝမ်းနည်းစရာ သတ္တဝါကောင်တွေ ပြုံးလိုက်ရင် သူတို့သေကြရတယ်။
___

ဟော်မုန်းအသစ် ထုတ်လုပ်မှုကို ချက်ခြင်း ရပ်ထားလိုက်ရတယ်။ လိယဲ့အိမ်ရာက ဝမ်းနည်းစရာ သတ္တဝါကောင်တွေ ချီတက် ဆန္ဒပြကြတယ်။ ဟိန်းနေအောင် ကြွေးကြော်ပြီး စီတန်း လှည့်လည်ကြတယ်။ လူသားတွေက သူတို့သွားရာလမ်း ကနေ ရှောင်နေကြရတယ်။ မြို့တော်ဝန်က စကားပြောဖို့ ရှေ့ကို ထွက်လာတယ်။ သူက တောင်းပန်စကား ဆိုတယ်။ မိုးအတွက် ဈာပနကိုလည်း စီစဉ်ပေးတယ်။ လူထု အခမ်းအနားတွေထဲ မြင်ဖူးသမျှထဲမှာ အရက်ရောဆုံးပဲလို့ ပြောလို့ရတယ်။

တီဗီမှာတော့ သူမယောက်ျားက ကြေကွဲတကြီး ငိုကြွေးနေတယ်။ သူ့ရဲ့ပုခုံးက မြင့်ချည်နိမ့်ချည် ဖြစ်နေတယ်။ ဝမ်းနည်းစရာ မြင်ကွင်းမျိုးပါပဲ။ ချာလေက ကျမကို စျာပနကို ခေါ်သွားတယ်။ အခမ်းအနားရဲ့ အပြင်ဘက်မှာ ကျမတို့ ဘယ်ကျော်နဲ့ ဟော့ချီတို့နဲ့ တိုးတယ်။

ဘယ်ကျော်က ကျမကို ထူးထူးဆန်းဆန်း ပုံစံမျိုးနဲ့ ကြည့်နေတယ်။ သူမက အရင်ကထက်တောင် ပိုချစ်ဖို့ကောင်းလာသေးတယ်။ ဒါပေမဲ့ တအား နုဖတ်နေတယ်။ မပြုံးမရယ်နဲ့၊ သူမရဲ့ပုံစံက ငူငူငိုင်ငိုင်ဖြစ်ပြီး အားနည်းနေတယ်။ ဟော့ချီက သူမလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားတယ်။

ကျမတို့အားလုံး တိမ့်အကြောင်း တစ်ခွန်းမှ မဟကြဘူး။ ကျမတို့ ထိုင်းထိုင်းမှိုင်းမှိုင်း ခေါင်းတွေညိမ့်ပြီး အထဲကိုဝင်သွားကြတယ်။ ဘယ်ကျော်က မိုးရဲ့ ခန္ဓာကိုယ်ကို ကြည့်ချင်တယ်။ ဟော့ချီက သူမကို နောက်ကနေ ဆွဲထားတယ်။ ဒါပေမဲ့ သူမကပြောတယ်။ 'နောက်ဆုံး တစ်ခေါက်လောက်တော့ ကြည့်သွားချင်လို့ပါ။ ငါသူ့ကို ကောင်းကောင်း ဂရုမစိုက်ခဲ့ရဘူး'

'မသွားပါနဲ့။ နင် ဝမ်းနည်းနေလိမ့်မယ်' လို့ဟော့ချီက ပြောတယ်။

ဒါပေမဲ့ နောက် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူ့မှ တပ်အပ် မပြောနိုင်ဘူး။

ဘယ်ကျော်က အရူးတစ်ယောက်လို ပြေးထွက်သွားပြီး အခေါင်းဖုံးကို တွန်းဖွင့်လိုက်တယ်။ ပြီးတော့ အထဲက အလောင်းကို စိုက်ကြည့်နေတယ်။ သူအလောင်းနဲ့ ထိလုမတတ် တိုးသွားတယ်။ ဒါပေမဲ့ မထိခင်မှာ သူမ ပြုံးလိုက်တယ်။

ရွှန်းစိုနေတဲ့ အပြုံးတစ်ပွင့်။ ရှိနေတဲ့ လူတွေအားလုံးကို ဖမ်းစားပစ်နိုင်တဲ့ အပြုံးမျိုး။ ချာလေက ကျမဘေးမှာရပ်နေတယ်။ ဘာရယ်မဟုတ် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်တယ်။ ယောက်ျားတွေ လုပ်နေကျအရာမျိုးပဲ။ ဘယ်ကျော်က ပြုံးနေတယ်။ ပြီးတော့ သူမ မရပ်တော့ဘူး။ ဟော့ချီက သူမကို ဆောင့်ဆွဲလိုက်တာ ခလုတ်ပါ တိုက်တယ်။ 'နင် ပြုံးလို့မရဘူးလေ' လို့ သူက ခပ်တိုးတိုးပြောတယ်။ 'သူမကသေနေပြီ။ မပြုံးနဲ့တော့'

သူက ငိုတယ်။ သူမက ပြုံးနေတုန်းပဲ။ သူက ပြောတယ်။ 'ငါ နင့်ကို အရမ်းချစ်တယ်။ ငါ့ကို ထားမသွားပါနဲ့ဟာ။ ငါတို့ အခုလို အတူရှိနိုင်တောင် ဘယ်လောက်တောင် ပေးဆပ်ခဲ့လိုက်ရသလဲ။ မပြုံးပါနဲ့တော့ဟာ'

ပြုံးနေရင်းနဲ့ပဲ သူမဆီက လှပတဲ့ ငှက်တေးသံတစ်ခုလို့ အသံလွင်လွင်တစ်ခု ထွက်လာတယ်။ သူမ အသံကို မြှင့်လိုက်တယ်။ လူတွေ အကုန် အံ့အားသင့်ကုန်တယ်။

နောက်တော့ သူမ သေသွားတယ်။

ဒါက ပန်းချီဆရာမ ဘယ်ကျော်ရဲ့ အဆုံးသတ် ဖြစ်ခဲ့တယ်။
___

ယုံအန်းမြို့ရဲ့ လင်းပိုင်ဘားအတွင်းမှာ အမြဲ တစ်ခုမဟုတ်တစ်ခုနဲ့ အလုပ်ရှုပ်နေတဲ့ ချာလေနဲ့ တွေ့နိုင်ပါတယ်။ သူ့ရဲ့ အခု နောက်ဆုံး စပ်စုထားမှု ကတော့ ပန်းချီဆရာမ ဘယ်ကျော်နဲ့ သူမရဲ့ ဝမ်းနည်းစရာသတ္တဝါကောင်တို့ရဲ့ အကြောင်းပါ။

သူ့ပြောပုံအရတော့ အစိုးရက သူမရဲ့ အလောင်းကို ဆေးစစ်ချက်တစ်ခု လုပ်ခဲ့တယ်။ ပြီးတော့ သူမရဲ့ အစိမ်းရောင်ခပ်ဖျော့ဖျော့ ဝမ်းဗိုက်အထဲမှာ မကျိုးသေးတဲ့ သွားတွေ တွေ့ရတယ်လို့ဆိုတယ်။ ပြီးတော့ အစာတစ်ဝက်ပဲ ကြေသေးတဲ့ ဘယ်ကျော့်ရဲ့ ကိုယ်ခန္ဓာကိုလဲ တွေ့ရတယ်။

ပါမောက္ခက ကျမကို ဖုန်းဆက်ပြီး ဆူတယ်။ 'မင်းကို ဆက်မရှာပါနဲ့တော့ ပြောခဲ့သားပဲ။' နောက်တော့ သူက ကျမကို လာတွေ့ရမလားလို့ မေးတယ်။ ဒါပေမဲ့ ကျမ ကတော့ ရပါတယ်လို့ ပြန်ဖြေလိုက်တယ်။

တော်တော်ကြာသွားတော့ ပါတီတစ်ခုမှာ ကျမ ဟော့ချီနဲ့ ဆုံတယ်။ သူက ပိုပြီး အားနည်းလာနေတဲ့ ပုံစံ ပေါက်နေတယ်။ ကျမ လက်ကို ဆွဲပြီး သူက မေးတယ်။ 'ခင်ဗျားက ဝတ္ထုတွေ အများကြီးရေးထားတာဆိုတော့ ပြောပါဦး။ လူတွေနဲ့ ဝမ်းနည်းစရာသတ္တဝါကောင်တွေ တစ်ယောက်ကို တစ်ယောက် ချစ်နိုင်ကြလား။ သူတို့ အတူတူနေနိုင်ကြလား'

ကျမ ရုတ်တရက် ချမ်းစိမ့်လာပြီး ပန်းချီဆရာမ ဘယ်ကျော် မေးဖူးတာကို ရုတ်တရက် သတိရမိတယ်။ ဒါမှမဟုတ် သူမကတော့ ဝမ်းနည်းစရာ သတ္တဝါကောင် တိမ် ဖြစ်ရင်ဖြစ်နေပြီပေါ့။ ကျမကို ဖုန်းထဲကနေ ဝမ်းနည်းနေတဲ့လေသံနဲ့ 'လူနဲ့ သတ္တဝါကောင်တွေ တစ်ယောက်ကိုတစ်ယောက် ချစ်နိုင်ကြလား။ အဲဒါက ဖြစ်ရောဖြစ်နိုင်ကြလားတဲ့လေ။'

'ကျမ ဟော့ချီကို ချစ်တယ်' လို့ သူမက ပြောသေးတယ်။

ဒီဇာတ်လမ်းတစ်ပုဒ်လုံးကို ကျမ သိတယ်လို့ တစ်ခါကတွေးခဲ့ဖူးတယ်။ 'သူမနဲ့ သူ' ဖြစ်ရမယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့ 'သူနဲ့သူ' တို့ရဲ့ ကံဆိုးမိုးမှောင်ကျမှုလို့ ဘယ်သူက တွေးမိမှာလဲ။ သူတို့က သူတို့ အတူတူနေနိုင်ကြမယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ရေထဲက လရဲ့ပုံရိပ်လို၊ မှန်ထဲက ပန်းပွင့်တွေလို ကြာကြာမခံခဲ့ဘူး။ သူမရဲ့ အပြုံးကလည်း အရမ်းကို လှလွန်းတာကြောင့်ပဲ ဒီလိုအဆုံးသတ်ခဲ့ရတယ်။
___

ဝမ်းနည်းစရာသတ္တဝါကောင်တွေဟာ ယုံအန်းမြို့ရဲ့ အရှေ့မြောက်ပိုင်းမှာ နေကြပါတယ်။ သူတို့ရဲ့ သဘာဝအရ သူတို့က အအေးဓာတ်ကို ကြိုက်တယ်။ ရှေးယခင် နှစ်များစွာကတည်းက ဘယ်ကပ်ဘေးဒုက္ခကမှ သူတို့ကို အားနည်းသွားအောင် မလုပ်နိုင်ခဲ့ဘူး။ လပြည့်ညတွေဆို သတ္တဝါကောင်အမတွေက မိတ်လိုက်ဖို့ အော်သံရှည်ကြီးတွေ အော်ကြတယ်။ ပြီးတာနဲ့ အထီးတွေက သူတို့ဆီ အမြန်လာကြတယ်။ သတ္တဝါကောင် အမတွေထက် အထီးတွေက အကောင်ရေ ပိုနည်းတယ်။ ညဘက်တွေမှာ လပြည့်လာပြီဆိုရင် သတ္တဝါ အထီးတစ်ကောင်က လူမိန်းမတစ်ယောက်နဲ့ မိတ်လိုက်လို့ရတယ်။ ပြီးတော့ ခံစားမှု အထွတ်အထိတ်ရောက်တဲ့အချိန်မှာ သူတို့က သူတို့ရဲ့ အစိမ်းရောင် ဝမ်းဗိုက်ပါးစပ်ကြီးကို ဖွင့်ပြီး လူမိန်းမတစ်ယောက်လုံးကို မျိုလိုက်ကြတယ်။ ပြီးတာနဲ့ သူက သူမရဲ့ ပုံစံကို ကူးပြောင်းလိုက်ကြပြီး သူမရဲ့ သိစိတ်ကို တဖြည်းဖြည်းဝါးမျိုတယ်။ နောက်ဆုံးမှာတော့ နောက်ထပ် သတ္တဝါအမသစ်တစ်ကောင် ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ သူတို့မျိုးနွယ်ဟာ တစ်မျိုးဆက်ပြီး တစ်ဆက် ဆက်လက်တည်တံ့နေတယ်။

ဒီသတ္တဝါကောင်တွေက သစ္စာရှိကြတယ်။ တစ်သက်မှာ တစ်ခါသာ မိတ်လိုက်ကြတယ်။ ဒါပေမဲ့ သူတို့က ဘယ်တော့မှ မပြုံးဘူး။ ပြုံးလို့ရှိရင်လည်း သူတို့ သေကြရတယ်။ ဒါကြောင့် သူတို့က အဲဒီလို အမည်တွင်နေတယ်။

ရန်ကော့

兽(shòu)-beasts ဆိုတဲ့ စာလုံးကို မြန်မာလိုတော့ သတ္တဝါကောင်လို့ သုံးထားပါတယ်။ စကားလုံးရဲ့ မူလအစကတော့ အမဲလိုက်ခြင်းကို ဖော်ပြဖို့ သုံးကြတယ်လို့ဆိုပါတယ်။ ကာလရွေ့လျောလာတာနဲ့ အမျှ စာလုံးရဲ့အဓိပ္ပါယ်က သားကောင်၊ ဒါမှမဟုတ် အမဲလိုက်ခံရသည့် အရာဆိုပြီး အဓိပ္ပါယ်ပြောင်းလဲလာခဲ့တယ်။ ယေဘုယျဆန်တဲ့ တိရစ္ဆာန်ဆိုတဲ့ စာလုံးလို မဟုတ်ဘဲ၊ 兽 ဆိုတာက လူသားဆန်မှု ကင်းမဲ့ခြင်းလို့ အဓိပ္ပါယ်ရတယ်။ ရက်စက်ကြမ်းကြုတ်မှုနဲ့ အရိုင်းဆန်မှုတို့လို ဂယက်အနက်အနေနဲ့လည်း သုံးတယ်။