စက္ကူမြေခွေး - ဏေသစ်

ဏေသစ်

ကာလတွေ အလီလီ ဖြတ်သန်းခဲ့ပြီးနောက် မျဉ်းကြောင်းပေါ်က အမှတ်တွေ၊ ကိန်းဂဏန်းတွေ၊ အရေအတွက် တွေဆိုတာ အတိတ်လေ တစ်ချက်အဝှေ့မှာ လွင့်ပျယ် ပျောက်ဆုံးကုန်နိုင်လို့ သိပ်ပြီးအရေးမပါတော့ပေမယ့် အတွေ့အကြုံရဲ့ နှောင်ကြိုးကတော့ သက်တမ်းတို့ကို ကျော်လွန် ရစ်နှောင်နေတုန်းပါပဲ။ ဒီကိစ္စနဲ့ပက်သက်ပြီး စက္ကူမြေခွေးက မေးခွန်းတစ်ချို့ကို ဖြေထားပါတယ်။



“အဲဒီနေ့က သူ့ကို ခေါ်သွားတာကို ကျွန်တော် ပုန်းနေတဲ့ ထောင့်ထဲက မြင်လို့ရသလောက် လှမ်းကြည့်နေ ဖြစ်ခဲ့တယ်။ တခုခု လုပ်ဖို့ နေနေသာသာ အသံတောင် မပြုရဲဘူး။ သူလည်း ကျွန်တော် ကြည့်နေတဲ့ ထောင့်ချိုးဆီ လှမ်းမကြည့်ဖြစ်အောင် ထိန်းချုပ် နေရတယ်လို့ ပုန်းနေရင်းက ကျွန်တော်ခံစားမိနေတယ်” 

ပြောလာတဲ့ စက္ကူမြေခွေးဟာ အသက် ၂၂၃ နှစ်ရှိပြီး ကမ္ဘာ့မြောက်ဖျားက ဂူတစ်ခုမှာ မွေးဖွားခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ အချိန်ခရီးသွားခြင်းကို ငယ်ဘဝထဲက ကျွမ်းကျင်ခဲ့ပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး ခုချိန်ထိ မယ်မယ်ရရ အသုံးမချနိုင်သေးဘူးလို့ သူ့ကိုယ်သူ အမြဲ အထင်သေးနေခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ အင်တာဗျူးခဲ့တဲ့ ကာလအတွင်းမှာ သူ့ ငယ်ဘဝထဲက စိတ်ဒဏ်ရာတွေအကြောင်းကို ပြောလာတတ်ပေမယ့် တခုနဲ့ တခုကြားက အဆက်အစပ်ကို မေ့လျော့သွားတတ်တဲ့ အဖြစ်မျိုးတွေ သူ့မှာ ခဏခဏ ဖြစ်နေတာ တွေ့ခဲ့ရပါတယ်။ အချိန်ခရီး ခဏခဏ သွားခဲ့တဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။ ဒါကြောင့်ပဲ အခုလို ပြန်လည် တင်ပြရာမှာ အလွန်အမင်း မဆီလျော်လှဘူးလို့ ယူဆတဲ့ အရာ တော်တော် များများကို ချန်လှပ်ထားဖို့ ကျွန်တော်တို့ ရွေးချယ်ဖြစ်ခဲ့ပါတယ်။

“သူနဲ့ ကျွန်တော် ပြန်တွေ့တော့ ပင်လယ်ကူး ရွက်သင်္ဘောတစ်ခုအပေါ်မှာ။ ဒါပေမယ့် သူက အရင်အဖြစ်တွေကို မမှတ်မိတော့ဘူး။ ပြောရရင် ကျွန်တော့်ကိုတောင် မမှတ်မိသလိုပဲ။ အစက ပြန်သိကျွမ်းဖို့ ကျွန်တော် ကြိုးစားချင်ပေမယ့် အခြေနေက မပေးတော့ဘူးဗျ။ ကျွန်တော်တို့ နှစ်ယောက်လုံးမှာ ဆက်သွားစရာတွေကလည်း အဲဒီတုန်းက ရှိနေတာကိုး။ အခု ပြန်စဉ်းစားတော့ အကုန်လုံးဟာ ခဏတဖြုတ်အတွင်း ဖြစ်သွားတာပါပဲ။ သူ အစစ်ဆိုတာလည်း သေချာတယ်ဗျ။ ဒီလို ပြောနိုင်တာ ဘာလို့လဲတော့ အခု ကျွန်တော် စဉ်းစားမရတော့ဘူး။ ဆောရီးဗျာ။ ဒါပေမယ့် သေတော့ သေချာတယ် … သူဆိုတာ” မြေခွေးက အခုလို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

စက္ကူမြေခွေးဟာ သတိမေ့တတ်ပေမယ့် အရာရာကို စွဲစွဲလမ်းလမ်း မှတ်သားဖို့ အစဉ်တစိုက် ကြိုးစားလာခဲ့သူ တစ်ယောက် ဖြစ်ဟန်တော့ တူပါတယ်။

“ကျွန်တော့် လက်သန်းအဖျားကလေး ပြတ်နေတာ မြင်လား။ ဒီ ဒဏ်ရာကတော့ အလုပ်သင်ဘဝတုန်းက မတော်တဆ ဖြစ်တာ။ ကြီးကြီးမားမား မဟုတ်ဘူး နေမယ်။ အဲဒီတုန်းက ကျွန်တော့် ရှေ့မှာ သေသွားတဲ့ လူတွေတောင် ရှိတာကိုး။ ဒါပေမယ့် သူတို့လည်း ပြန်ရှင်လာတယ်။ သူတို့ဆိုတာ အကုန်လုံးပဲ ၊ အဲ … အကုန်လုံးပဲ ထင်တယ်။ အခုထိတောင် တချို့လည်း အဲဒီမှာ ရှိနေတုန်းပဲ” မြေခွေးရဲ့ လက်သန်းထိပ်က တိတိလေး ပြတ်နေပါတယ်၊ မြေခွေးက သူ့ လက်သန်းကို သူကြည့်နေပြီး တောက်လျှောက်ပြောဆိုနေပေမယ့် လက်သန်းပြတ်နေရာက တဆင့် အဝေးက အရာတွေကို မြင်နေရတဲ့ ပုံ ပေါက်နေခဲ့ပါတယ်။

မြေခွေးရဲ့  လက်ရှိနေထိုင်တဲ့ အိမ်ကတော့ ခပ်ကျဉ်းကျဉ်းထဲကလို့ ပြောလို့ ရနိုင်ပါတယ်။ အိမ်တခုလုံးကို စက္ကူတွေနဲ့ပဲ ပြုလုပ်ထားပါတယ်။ အသက်ကြီးလာပြီ လို့ သူ့ကိုယ်သူ ယူဆထားတဲ့ စက္ကူမြေခွေးဟာ သူ့ အိမ်ကို မလိုလားအပ်တဲ့ ဧည့်သည်တွေ မလာနိုင်အောင် ခြောက်လှန့်တဲ့ သဘောအနေနဲ့ သစ်သားထောင်ချောက်ကြီး တစ်ခုကို အိမ်ရှေ့ အဝင်ဝမှာ ချိတ်ထားပေမယ့် အဲဒီ ထောင်ချောက်ကို ကြောက်လန့်ပြီး သူကိုယ်တိုင် အပြင်မထွက် ဖြစ်တာက ပိုများပါတယ်။ “တနည်းနည်းနဲ့ အလုပ်ဖြစ်ရင် ပြီးတာပါပဲ” လို့ မြေခွေးက ဆိုပါတယ်။

မြေခွေးရဲ့  အိမ်တံခါး အတွင်းဘက်မှာတော့ တာလီချိုးပြီး မှတ်သားထားတဲ့ အမှတ်အသားခြစ်ရာတွေ ရှိပြီး အရေအတွက်အနေနဲ့ လေးရာကျော် ငါးရာနား ရှိနေမယ်လို့ ခန့်မှန်းရပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး တခုခု ပြောပြဖို့ တောင်းဆိုခဲ့ပေမယ့် စက္ကူမြေခွေးက ယဉ်ယဉ်ကျေးကျေး ငြင်းဆိုခဲ့ပါတယ်။