ကြေကွဲခြင်း လွင်ပြင် - အောင်မြတ်မင်း

 
အလွမ်းအဆွေးပြဇာတ် နှင့် သက်ဆိုင်သော သမိုင်းဆိုင်ရာ နောက်ခံ အချက်အလက် အခြေအနေ အဖြစ်အ ပျက်များ၊ အယူအဆများ၊ လက်ရာများ အကြောင်း ဆွေးနွေးတင်ပြချက်များ ဖြစ်သည်။ အနောက်တိုင်း အသိပညာ ၊ အနုပညာ၊ သမိုင်းတို့ကို အထူးသဖြင့် အခြေခံကာ ရေးသားထားပါသည်။ 

 
လူ့ဘ၀၏ အခြေအနေကို ယေဘုယျ တင်ပြနိုင်စွမ်းရှိသည့် ဝေါဟာရ တစ်ရပ်အဖြစ် ယူဆလျှင် ‘Tragedy’မှာ တစ်လောကလုံး အတွက် ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မည်။ ဝမ်းနည်းပူဆွေးရခြင်း၊ မျှော်လင့်ချက် ပြိုလဲ ပျက်သုန်းရခြင်း၊ ရင်ကွဲပက်လက် နာကျင်ခံစားရခြင်း တို့လို ခံစားမှု၊ ဘ၀အတွေ့အကြုံ၊ စိတ်ကူးအာရုံတို့က မျိုးနွယ်စုတစ်စု၊ ယဉ်ကျေးမှု တစ်ရပ် ထဲမှာသာ ရှိတာမျိုး မဟုတ်ဘဲ လူမှန်လျှင် ကြုံရ ဆုံရ တတ်သော သဘော သဘာ၀များ ဖြစ်သည်။ သို့သော် Hannah Arendt တို့လို ပညာရှင်များက ပြဇာတ်နှင့် အလွမ်းအဆွေးဇာတ် တို့မှာ နိုင်ငံရေးဆိုင်ရာ အင်စတီကျုးရှင်းအဖြစ် ဘ၀ စခဲ့ကြောင်း ယူဆကြသည်။

ရှေးခေတ် ဂရိ လူမှု လူ့အဖွဲ့အစည်းတွင် ‘Tragedy’ မှာ ယနေ့ နားယဉ်နေကျ ‘အလွမ်းအဆွေးဇာတ်’၊ ‘ကြေကွဲဇာတ်’ အဖြစ် အနိဌာရုံတွေ၊ ဆိုးကျိုးတွေ၊ အပျက်အစီးတွေ နှင့် ဇာတ်သိမ်းရသည့် အကြောင်းအရာ၊ အာဘော်၊ အရိပ်အငွေ့တို့ဖြင့် ပုံဖော်ဖန်တီးရသော အနုပညာလက်ရာ တစ်ခု မဟုတ်သေး။ နတ်ဘုရားများကို ပူဇော်ပသကြသည့် ပွဲတော်ကြီးများတွင် ကပြ ဖျော်ဖြေ ပြိုင်ပွဲဝင်ကြသော အနုပညာ ပုံသဏ္ဍာန် တစ်ခုသာ ဖြစ်သည်။ အမြဲတစေ ဝမ်းနည်းစရာ အဆုံးသတ်ဖြင့် ပြီးဆုံးရမည် ဆိုပြီး ဖွင့်ဆိုသတ်မှတ် ထားခြင်း မရှိသလို နားလည်သဘောထားခြင်းမျိုးလည်း မရှိ။ ထို ကဇာတ်၊ ပြဇာတ်များကို မြို့ပြနိုင်ငံတွင် အများပြည်သူလူထုက (ထိုခေတ်က မဲပေးခွင့်ရှိသော ပြည်သူလူထုမှာ ပညာတတ် အမျိုးသားများ၊ လက်ရုံးရည် မြင့်မားသော အမျိုးသားများ၊ နှလုံးရည် ထက်မြက်သော ပညာတတ် အမျိုးသားများ၊ စည်းစိမ်ဥစ္စာ ကြွယ်၀သော အမျိုးသားများကိုသာ ဆိုလိုပါ သည်။ အမျိုးသမီးများ၊ ကျေးကျွန်များ၊ အလုပ်ကြမ်းသမား များမှာ မဲပေးခွင့် မရရှိကြပါ။ ထို့ကြောင့် ဂရိခေတ် ဒီမိုကရေစီသည် ထိုခေတ် ထိုအခါ၏ စရိုက်လက္ခဏာများ၊ ဓလေ့ ထုံးစံများ၊ လူမှုဖွဲ့စည်းပုံများ အပေါ် အခြေခံ ပေါက်ဖွားလာသော ရေပေါ်ဆီ လူ့မလိုင် ဒီမိုကရေစီ သာဖြစ်သည်။) ရွေးချယ်တင်မြောက်ထားသော ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်ဖွဲ့ဖွဲ့က ကမကထ ပြုလုပ် ကြီးမှူး ကွက်ကဲ စီစဉ် ဆောင်ရွက်ပေးသည်။ သရုပ်ဆောင်များ၊ ပွဲကြည့်ဖို့ မတတ်နိုင်သည့် ကျောမွဲများ အတွက် ကုန်ကျစားရိတ်ကို နိုင်ငံရေး အစည်းအရုံးများ၊ ပုဂ္ဂိုလ်များက တာဝန်ယူပြီး ကဇာတ်၊ ပြဇာတ်များ၏ မှတ်တမ်းမှတ်ရာ အားလုံးကိုလည်း သူတို့ပင် သိမ်းဆည်း ထိန်းသိမ်းကြသည်။ ထိုကဇာတ်၊ ပြဇာတ်များ စင်တင် ပြသနေချိန်တွင် တိုင်းရေးပြည်ရေး လူမှုရေး ဘာသာရေး အခြေအနေ အရပ်ရပ်ကို တရားရုံးများ၊ နိုင်ငံရေးခုံရုံး စုဝေးပွဲများမှာ ပြုလုပ်ကြသလို ဝေဖန်ဆန်းစစ်ချက်များကို တင်စား ထုတ်ဖော် သရုပ်ပြ ကြသည်။ ထို့ကြောင့် မြို့ပြတိုင်းပြည် တစ်ခုလုံး ပြဇာတ်ဖြစ်သွားသလိုပဲလို့ နှောင်း လူများက မှတ်ချက်ပြုကြခြင်း ဖြစ်သည်။

ကဇာတ်၊ ပြဇာတ်မှာ ရသအတွေ့အကြုံ နှင့် လူအများ တစ်ပြုံတစ်မကြီး ရင်သပ်ရှုမော ခံစားကြသော ပွဲခင်း ဖြစ်သလို တိုင်းသူပြည်သား အကျင့်စာရိတ္တ မြင့်မားရေးနှင့် နိုင်ငံရေး သဘောထား ခံယူချက်များကို သွန်သင်ရေးများ ပါဝင်သည့် ပညာပေး အသွင်သဏ္ဍာန် တစ်ရပ်လည်း ရှိသည်။ ပါဝင်လှုပ်ရှားသူတွေကို သရုပ်ဆောင်တွေလို သရုပ်ပြ ဟန်ဆောင်စေသည့် နေရာတွင် ပြဇာတ် နှင့် နိုင်ငံရေးတို့မှာ ဆင်တူလမ်းကြောင်း ရှိပုံကို Hannah Arendt က မြင်ခဲ့သည်။ (တစ်ခုပြောစရာရှိတာက Hannah Arendt ဆိုလိုသည့် 'နိုင်ငံရေး' ဆိုသည်မှာ တစ်ခုသော နိုင်ငံရေး ပုံသဏ္ဍာန်တစ်ရပ်သာ ဖြစ်သည်။ နိုင်ငံရေးကို ယေဘုယျ အမြင်ဖြင့် ရှုတ်ချခြင်းက လက်လွတ်စပယ် နိုင်သော လူပြိန်းစရိုက်သာ ဖြစ်သည်။) ၁၈ ရာစု ဂျာမန်စာပေ အထင်ကရ အကျော်အမော်များထဲမှ တစ်ယောက် ဖြစ်သူ Gotthold Lessing ၏ ပြဇာတ်စာပေဆိုင်ရာ သီအိုရီအရ အမျိုးသားရေးကို စုစည်းညီညွတ်စေမည့် နိုင်ငံတော် ပြဇာတ်မျိုး ရှိအပ်ပြီး ပြဇာတ်က ပြည်သူကောင်းကျိုးနှင့် အမျိုးသားရေးလက္ခဏာ ခိုင်မာတည်တံ့ရေးကို မြှင့်တင်ပေးသင့်ကြောင်း ယူဆသည်။ အလွမ်းအဆွေး ပြဇာတ်စာပေသည် တိုင်းရေးပြည်ရေး၊ အာဏာပိုင်တို့ကို အာခံ ပုန်ကန်မှုများ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် သဘောရှိ ရည်မှန်းချက်များ၊ တရားရေး အရှုပ်တော်ပုံများ၊ ဓမ္မတရားများကို ကျုးလွန်ဖောက်ဖျက်ခြင်းများ၊ အချုပ်အချာအာဏာပိုင်စိုးရေး တိုက်ပွဲများ၊ ထိုအရေးအခင်းများ ဗဟိုပြုရာ အထက်တန်းလွှာများ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ရိုက်ခတ်စေမည့် အကျိုးဆက်များ သန္ဓေတည်ရာ ထိုအထက်တန်းလွှာ ပုဂ္ဂိုလ်တို့၏ သေရေးရှင်ရေးများကို ကိုင်တွယ်လေ့ရှိသည်။

ဂရိ ကဇာတ်၊ ပြဇာတ်များသည် လှုမှုအင်စတီကျုးရှင်းများကို ပိုမို ခိုင်မာစေသလို ဝေဖန်ဆန်းစစ်မှုလည်း ပြုသည်။ အနုပညာသည် လူမှုထုံးစံတစ်ရပ် စနစ်တစ်ခုကို ၎င်း၏ ဇာတ်လမ်း၊ အရေးအသား၊ အကြောင်းအရာကနေတဆင့် ထောက်ခံ ပုံဖော် ပေးကောင်းပေးနိုင်သလို ပရိသတ်ကို သူတို့ ရှင်သန်နေထိုင်နေရသည့် ခေတ်၊ စနစ်များ၏ ဆိုးကွက်၊ ညံ့ချက်များမှ အာရုံလွှဲစေပြီး မြွေမသေ တုတ်မကျိုး စိတ်ကူးယဉ်လောကများထဲ ယစ်မူး စေခွင့် လည်း ပေးတတ်သည်။ အရစ္စတိုတယ်၏ ကဗျာကျမ်းအရ ပြဇာတ်ကို မြွေမသေ တုတ်မကျိုး စိတ်ကူးယဉ် တစ်ရပ်အဖြစ် မသတ်မှတ်ထားပေမယ့် လူမှုရေးအရ ဖျက်လိုဖျက်ဆီး ဖြစ်စေနိုင်သည့် သနားစိတ်တို့၊ အကြောက်တရားတို့လို စိတ်ခံစားချက်များဖြင့် ပရိသတ်ကို ဘိန်းကျွေးသလို မှိန်းစေနေသော အနုပညာ ပုံသဏ္ဍာန် တစ်ခု အဖြစ် ရှုမြင်ခဲ့သည်။ တစ်နည်းအားဖြင့် နိုင်ငံရေး ဓာတ်ကြမ်းတိုက် ကုသနည်း (Political Hoempathy) အဖြစ် ပြဇာတ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ အာဏာပိုင်တို့က ကြီးမှူးကျင်းပသော နိုင်ငံရေး ပွဲတော်တစ်ရပ် ဖြစ်ခဲ့ရသည့် ပြဇာတ်မှာ စိတ်ဖောက်ပြန်မှု၊ ကိုယ့်အဖေ ကိုယ့်အမေကို ပြန်သတ်မှု၊ သွေးချင်း ကာမ စပ်ယှက်မှု၊ ကိုယ့်ရင်သွေး ကိုယ်ပြန်သတ်မှု တို့လို ဒဏ္ဍာရီအဖြစ် ဘယ်လိုပဲ လုပ်ယူဖန်တီးထားပါစေ၊ ပုပ်လို့ပေါ်ခဲ့ရသည့် ဂရိယဉ်ကျေးမှု၏ အမှောင်နောက်ခံကားချပ်များကို ပေါ်လွင်အောင်တင်ပြနိုင်ခဲ့သည့်နေရာတွင် အလွန် စိတ်ဝင်စားစရာ ကောင်းသည်။ ပြဇာတ်၏ တစ်ချို့သော ကဏ္ဍများက နိုင်ငံရေးအရ အာခံသော သဘောများ ရှိသဖြင့် အစိုးရ၏ ကြပ်မတ်သော ထိန်းကွပ်မှု လိုအပ်ကြောင်း ပလေတို တင်ပြခဲ့ခြင်းကို အမှတ်ရနိုင်သည်။ မင်းစိုးမျိုးနွယ် တို့၏ အာဏာမှာ မည်မျှ အန္တရာယ်ကြီးပြီး ဆိုးယုတ်နိုင်ကြောင်း၊ ပြဇာတ်က လူထုကို သတိပေးနိုင်သည်။ အမျိုးသားနိုင်ငံတစ်ရပ်ကို ဒဏ္ဍာရီတစ်ပုဒ်အပေါ် အခြေခံပြီး တည်ဆောက်နိုင်အောင် ပြဇာတ်က ထွင်ပေးနိုင်သည်။

ပြဇာတ်၏ နိုင်ငံရေးသဘောမှာ စင်ပေါ်တွင် ဖျော်ဖြေသော ဖြစ်ရပ်များထဲမှာတင် ပြီးဆုံးသွားတာ မဟုတ်။ ဘယ်အရာက ကြေကွဲဖွယ် ဖြစ်သနည်း ဆိုသည့် မေးခွန်းနှင့် ပက်သက်သော တိုက်ပွဲများတွင်လည်း ထို နိုင်ငံရေးသဘောကို တွေ့ရသည်။ ဝေဖန်ရေးဆရာ George Steiner က အလွမ်းအဆွေးပြဇာတ်ကို မော်ဒန် ခေတ်ကို ဝေဖန်မှု အဖြစ် မြင်သည်။ လောကီတန်ဖိုးများ၊ ပွင့်လင်းသောနိုင်ငံရေး၊ ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး ဆက်ဆံပတ်သက်ကြသော လူမှုရေးရာများ၊ စကြ၀ဠာကြီးနှင့် ပက်သက်ပြီး သိမြင် နားလည် လာနိုင်မှုများကို ယုံကြည်သည့် ခေတ်မှာ အလွမ်းအဆွေးပြဇာတ်က မရှင်သန်နိုင်ဘူး၊ သေဆုံးသွားပြီလို့ သူက ဆိုသည်။ အလွမ်းအဆွေး ပြဇာတ်က လက်တွေ့ အသုံးကျမှုဝါဒ၏ ကျင့်ဝတ်၊ သာတူညီမျှ နိုင်ငံရေးတို့နှင့် အံဝင် ခွင်ကျ မဖြစ်နိုင်။ မော်ဒန်ခေတ် အလွမ်းအဆွေး ပြဇာတ်မှာ ပင်ကိုယ်အရ ဖြစ်နေသည့် မင်းစိုးမျိုးနွယ် မဟာ ဆန်သော အနုပညာပုံသဏ္ဍာန်တစ်ရပ်က ပင်ပန်း ငြီးငွေ့စရာကောင်းသော ခေတ်ကြီးထဲ ဟိုးယခင်က စိတ်ပိုင်း ဆိုင်ရာအရ ပိုပြီး လှုပ်ခတ်ကြည်နူး ချီးမြောက်ဖွယ် လူ့အဖွဲ့အစည်း စနစ်တစ်ရပ်၏ အမှတ်တရ ခြေရာများကို ကောက်သင်းကောက်ပြနေတာထက် မပို။ ရုပ်ဝါဒ ခေတ်ကြီးထဲက ရုပ်လွန် အကြွင်းတစ်စသာ ဖြစ်သည်။ မော် ဒန်ခေတ်ကြီးမှာ ဘာသာရေးနေရာတွင် အစားထိုး နေရာယူလာသည့်အရာများထဲ အလွမ်းအဆွေးပြဇာတ်ကို လည်း စာရင်းသွင်းထားနိုင်သည်။ အကြောင်းမှာ အပြစ်ရှိစိတ်၊ မတော်မတည့် မအပ်စပ်သည်များကို ကျူးလွန်ဖောက်ဖျက်မိခြင်း၊ ဒုက္ခတရား၊ ကယ်မြောက်ခံရခြင်း၊ အမွှမ်းတင်ခြင်း တို့လို ကိစ္စရပ်များကို အလွမ်း အဆွေးဇာတ်များတွင် တွေ့ရလေ့ရှိသောကြောင့် ဖြစ်သည်။ ထိုအမြင်ကို အခြေခံကြည့်လျှင် အလွမ်းအဆွေး ပြဇာတ်ဆိုသည်မှာ မော်ဒန်ခေတ်တွင် မရှိသည့်၊ မဖြစ်သည့်၊ အရာအားလုံး လို့ ဆိုနိုင်သည်။ အလွမ်းအဆွေး ပြဇာတ် ဆိုသည်မှာ သာတူညီမျှ မဆန်၊ အီလစ်ဆန်သည်။ သိပ္ပံနည်းမကျ၊ ဘာသာရေးဆန်သည်။ အကြောင်းအကျိုးတိုက်ဆိုင်လို့ ဖြစ်သည်ထက် အကြွင်းမဲ့ဆန်ဆန် ဖြစ်ပျက်သည်။ မိမိကိုယ်ကိုယ် အဆုံးအဖြတ်ပေးခြင်း မရှိ၊ ကံတရား၏ စီမံမှုသာ ရှိသည်။ အလွမ်းအဆွေးပြဇာတ်မှာ အရောင်းဝန်ထမ်းတစ်ယောက် ကိုယ့်ကိုယ်ကို သတ် သေတာမျိုးကို ဇာတ်လမ်းမလုပ်၊ မင်းသားတစ်ပါး သေပွဲဝင်ရခြင်းကိုသာ ဇာတ်လမ်းလုပ်သည်။ မဟာကံဆိုးမှု ကို လူတိုင်း အဆင့်အတန်း မရွေး ကြုံရနိုင်ကြောင်း Arthur Schopenhauer က ထောက်ပြခဲ့ဖူးသည်။ ကံမ ကောင်း အကြောင်းမလှမှုများမှာ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေ အရပ်ရပ်များ သို့မဟုတ် မိစ္ဆာဆန်သော ပုဂ္ဂိုလ် များကြောင့်သာ ဖြစ်ရပျက်ရတာတင် မကဘဲ နိစ္စဓူ၀ လူ့ဘ၀ ကိစ္စ အသေးအဖွဲလေးများကြောင့်လည်း ဖြစ်ပျက် နိုင်ကြောင်း သူက တင်ပြခဲ့သည်။ သို့သော် အလွမ်းအဆွေး ဇာတ်ဆောင်များမှာ မင်းစိုးမျိုးနွယ်များ ဖြစ်ခဲ့ပါက သူတို့၏ ကျရှုံးခန်းများက ပိုပြီး ရင်သပ်ရှုမောဖွယ် ဖြစ်စေနိုင်တာကြောင့် ဇာတ်ဆောင်များကို မင်းစိုးမျိုးနွယ် များ နေရာတွင် ထားလို့ သင့်ကြောင်းလည်း သူက ဆိုခဲ့သည်။ သာမန် လူလတ်တန်းစား မိသားစု ရင်ဆိုင်ကြုံ တွေ့ရသော သောကဗျာပါဒတို့မှာ အထက်တန်းလွှာများ၏ အမြင်တွင် မှုလောက်စရာအနေအထားမျိုးမရှိသော ကြောင့် ဂရုဏာရသကို အပြည့်အ၀မခံစားရနိုင်ဘူးလို့ သူက သုံးသပ်သည်။ သာတူညီမျှရှိသော လူ့လောကကို ရည်မှန်းသူတို့အတွက် ဒုက္ခ နှင့် သောကဗျာပါဒတို့မှာ လူ့အဆင့်အတန်းကို လိုက်ပြီး ပူလောင်မှု ပမာဏကွာခြင်း မရှိသဖြင့် စိတ်ခံစားချက်ကို အနက်ရှိုင်းဆုံး ထိခတ်နိုင်စွမ်းဖြင့်သာ အလွမ်းအဆွေးပြဇာတ်ကို အနက်ဖွင့်တတ်တာကြောင့် Schopenhauer ၏ အဆိုမှာ မော်ဒန်ခေတ်ထဲက ဂန္ဓဝင် အလွမ်းအဆွေးပြဇာတ်၏ အနေအထိုင်ကျပ်မှုကို မြင်သာစေသည်။

သည့်ထက်ပိုပြီး ရှေးရိုးဆန်သော အမြင်အရ အလွမ်းအဆွေး ပြဇာတ်ဆိုသည်မှာ သူဆင်းရဲတို့၏ ကံဆိုး မိုးမှောင်ကျမှု အကြောင်းမဟုတ်၊ ဒဏ္ဍာရီ နှင့် ကံကြမ္မာ၊ ရိုးရာ နှင့် ယဇ်ဓလေ့၊ အကုသိုလ် ကံကြီးထိုက်စေ သော ပြစ်မှုများနှင့် သူရဲကောင်းဆန်သော အပြစ်ပေးဆပ်မှုများ၊ မကောင်းမှုနှင့် ကယ်မြောက်ခြင်း၊ မနာလိုစိတ် ကြီးသော နတ်ဘုရားများနှင့် နာခံလွယ်သော သားကောင်တို့ အကြောင်းလို့ ဆိုကြပြန်သည်။ အလွမ်းအဆွေး ပြဇာတ်က တင်ဆက်သော ဒုက္ခဝေဒနာတို့မှာ စက်ဆုပ်စရာ ကောင်းသလို ကျက်သရေလည်း ရှိပြန်လို့ ပြဇာတ် မှာ လူသတ်ပွဲ ဇာတ်ဝင်ခန်းတွေကို ကပြလေ့ရှိကြသည်။ ဘေးဒုက္ခနှင့် နဖူးတွေ့ဒူးတွေ့ ကြုံမှသာ လူစိတ်က ၎င်း၏ စစ်မှန်သောမြင့်မြတ်မှုကို ထုတ်ဖော် ပြသလေ့ရှိသည်။ အလွမ်းအဆွေးပြဇာတ်က လူ့ဒုက္ခအကြောင်း ချည်း တင်ဆက်တာမဟုတ်သလို လူ့ဒုက္ခ ကင်းလွတ်ရာ အကြောင်းကိုချည်းလည်း တင်ဆက်တာ မဟုတ်ဘဲ George Steiner ပြောသလို ပူဆွေးမှုနှင့် ပီတီသုခကို ပေါင်းစပ်ထားခြင်း၊ လူသား၏ ကျရှုံးခန်းကို ငိုချင်းချပြီး သူ၏ စိတ်ဓာတ် တဖန် ပြန်လည် မြင့်တက်ခန်းကို သောချင်းပင့်ခြင်း တို့လို တူဖြစ်တစ်ခါ ပေဖြစ်တစ်လှည့် ဘ၀ကို ဖော်ကျူးတင်ဆက်ခြင်း ဖြစ်သည်။ စက်ဆုပ်ဖွယ်ရာများကို လက်ခံနိုင်ဖွယ်ဖြစ်စေခြင်းဖြင့် ဝမ်းနည်း ကြေကွဲစရာ ကုန်ကြမ်းများကို ပုံပြောင်းခြင်း၊ အနီးအဝေး ကစားခြင်း၊ သန့်စင်စေခြင်း၊ သိပ်သည်းစေခြင်း တို့လို အနုပညာပုံသဏ္ဍန်များမှာ မရှိမဖြစ် အရေးပါသည်။ အလွမ်းအဆွေးဇာတ်၏ အပြောအဟောကောင်းမွန်ပုံနှင့် ပညာသားပါမှုတို့ကြောင့် ဇာတ်လမ်း၏ မချိမဆန့် ခံစားရစေသော အကြောင်းအရာများကို နှစ်လိုဖွယ် အရသာရှိလာရစေကြောင်းကို David Hume က ‘Of Tragedy’ ထဲတွင် ရေးသား မှတ်ချက် ပြုခဲ့ဖူးသည်။ ထိုနှစ်လိုဖွယ်ရာ အရသာကြောင့် စိတ်ဆင်းရဲစရာအပြည့် လက်တွေ့ဘ၀ မြင်ကွင်းများကို ရှောင်ရှားလိုစိတ်များ ကို လျော့ပါးလာစေပြီး ဒုက္ခသုခ ရင်ဆိုင်ကြုံတွေ့နေရသူများကို အကူအညီပေးဖို့ အားသန်စေသည်။

အလွမ်းအဆွေးပြဇာတ်မှာ အနုပညာပုံသဏ္ဍာန် တစ်ခုဖြစ်သည်။ အရေးအသား၊ စိတ်ကူး၊ တင်ဆက်ပုံ တင်ဆက်နည်း၊ တင်ဆက်ရာနေရာ၊ သရုပ်ဆောင်ပုံ သရုပ်ဆောင်နည်း စသဖြင့် သီးခြား ကိုယ့်နည်းကိုယ်ဟန် ရှိသည့် အနုပညာ ဖန်တီးမှု တစ်ရပ် ဖြစ်သည်။ ထို့အပြင် အလွမ်းအဆွေး ပြဇာတ်တွင် ကိုယ်ပိုင် လောကအမြင် တစ်ရပ်လည်း ရှိသည်။ ဂရိခေတ်တွင် အစပြုခဲ့သော အနုပညာ ဖြစ်တာကြောင့် ဂရိခေတ်၏ အတွေးအခေါ် တို့ လွှမ်းမိုးခဲ့သည်။ ဂရိတို့အတွက် အစစ်အမှန် အရှိတရားနှင့် စကြ၀ဠာကြီးတွင် တိကျ သေချာသော နိယာမများ ရှိပြီး ထိုနိယာမများ လိုက်လျောညီထွေ ချိတ်ဆက် လည်ပတ်နေကြကြောင်း ယုံကြည်ရသည်။ လူသည် လောကသားတစ်ယောက် ဖြစ်လို့ လူ့ကျင့်ဝတ်ဆိုသည်မှာ ထို လောကနိယာမများအတိုင်း လိုက်နာကျင့်သုံး နေထိုင်ခြင်း ဖြစ်လာရသည်။ သဘာ၀လောက အပြင် အ‌ပေါင်းအသင်း အစည်းအရုံးများဖြင့် ရှင်သန်ရသော သတ္တဝါဖြစ်သည့် လူတို့မှာ ဘ၀၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး အစရှိသော လူ့အရေးအရာတို့တွင် နိုင်နင်းအောင် ထိန်းကျောင်း နေထိုင်နိုင်ဖို့ တာဝန်ရှိပြီး ထိုတာဝန်ကို ထမ်းဆောင်ရေးအတွက် အသိမှား၊ အမြင်မှား များ ကို ရှောင်လွှဲ ဖယ်ရှားကာ အသိမှန် အမြင်မှန်ရဖို့ အားထုတ်ရမည် လို့ ဂရိတို့က ယုံကြည်ခဲ့သည်။ ထိုတာဝန်နှင့် တစ်ပါတည်း ယှဉ်တွဲလာသော တားမြစ်ချက် ရှိလာရသည်။ လောက၏ ဟာမိုနီကို ဝင်ရောက် မနှောက်ယှက်ရ ဆိုသော ပညတ်ချက် ဖြစ်သည်။ သို့သော် တာဝန်နှင့် ပန်းတိုင်ကို လျှောက်လှမ်းဖို့ လိုအပ်နေရသည့် လူ့ဘ၀ လက်တွေ့အနေအထားက လူသား၏ မပြည့်မစုံဖြစ်မှုကို သွယ်ဝိုက် ညွှန်ပြနေသည်။ လူကို အတွင်းကနေရော ပြင်ပကပါ ဖျက်ဆီးနေသော အင်အားစုများ ရှိကြောင်း ကောက်ချက်ချလို့ရသည်။ မာန်မာနနှင့် မိုက်မဲမှု အဝိဇ္ဇာ ဖြင့် တုပ်ခတ် ခံထားရသည့် လူသားတို့မှာ ဘ၀နှင့် ကာလ၏ တကွေ့ကွေ့တွင် လောကနိယာမတရား တို့နှင့် ရင်ဆိုင် ကြုံတွေ့လာရသောအခါ မှားယွင်းသော အသိကိုအခြေခံလို့ မှားယွင်းသော ဆုံးဖြတ်ချက်တို့ကို ချမှတ်မိကြပြီး အကျည်းတန်သော၊ ကြေကွဲစရာကောင်းသော၊ ပျက်စီးကိန်းဆိုက်သော အဆုံးသတ်မျိုးကို ကြုံရတော့သည်။ ထို အခြေအနေကို သတိဝင် အသိကပ်စေဖို့ နှိုးဆွ လှုံ့ဆော်ပေးသော သတ္တိမျိုးရှိသော ပြဇာတ်တို့ကို အလွမ်းအဆွေး ပြဇာတ်အဖြစ် သတ်မှတ်လာခဲ့ကြသည်။ ထိုလောကအမြင်မျိုးကို အလွမ်းအဆွေးပြဇာတ်၏ လောကအမြင်အဖြစ် ဖွင့်ဆိုခဲ့ကြသည်။ ချိုးဖောက်လို့ မရသော အရာများကို ချိုးဖောက်ဖို့ ကြိုးပမ်းကြသူများ၏ ဇာတ်သိမ်းမှာ ဘယ်သောအခါမှ ငြိမ့်ညောင်း လှပလိမ့်မည်မဟုတ်။ တစ်နည်းအားဖြင့် ဆိုရလျှင် ဂန္ဓဝင် အလွမ်းအဆွေးပြဇာတ်၏ အူတိုင်မှာ လူသားနှင့် လောကနိယာမတို့ကြားကပဋိပက္ခ အကြောင်း ဖြစ်သည်။ အလွမ်းအဆွေးပြဇာတ်သည် အသိပညာထက် ဝိဇ္ဇာ (Wisdom) ကို အလေးပေးသည်။ ရှင်းလင်းပြတ်သားမှုထက် လျှို့ဝှက်နက်နဲမှုကို မွေ့လျော်သည်။ ခေတ်ကာလ တစ်ရပ်ရပ်မှာ ဖြစ်တတ်ပျက်တတ်သည့် သဘော၊ အရာ၊ တန်ဖိုးများထက် ထာ၀ရ တည်ရှိနေမည့် သဘော၊ အရာ၊ တန်ဖိုးများကို အသားပေးသည်။ သို့သော် တိကျ ရေရာသော အစီအမံနှင့် အထိန်းအကန့်များ ပြုတ်ထွက် ပျောက်ဆုံးသွားသော မော်ဒန်ကာလကြီးသည် မိမိစွမ်းအား၏ အကန့်အသတ် အတိုင်းအတာကို သတိလွတ်မှ ကံဆိုးမိုးမှောင်ကျရမည့် အလွမ်းအဆွေးပြဇာတ်၏ ညာဉ်တို့အတွက် သေစေနိုင်လောက်ကြောင်း Albert Camus က မှတ်ချက်ပြုသည်။ သိပ္ပံ၊ ဆင်ခြင်တုံတရား၊ လောကီဝါဒ နှင့် စက်မှု လောကတို့မှာ အလွမ်းအဆွေးပြဇာတ်တို့၏ ဝိဘာဂများနှင့် ပြဒါးတလမ်း သံတစ်လမ်း ဖြစ်နေကြသည်။ အလွမ်းအဆွေး ပြဇာတ်၏ လောကထဲမှ ဇာတ်ကောင်များမှာ ပြဌာန်းခံရုပ်သေးများ ဖြစ်ကြောင်း မဆိုလို။ သူတို့တွင် လွပ်လပ်မှုရှိသည်။ တစ်စုံတစ်ရာကို မိမိသဘောနှင့်ပြုနိုင်သည်။ သို့သော် ထိုလုပ်ဆောင်ချက်က လောက၏ ဟာမိုနီကို ထိခိုက်စေလျှင်၊ လောကနိယာမမှ သွေဖယ်လျှင် ဆိုးရွားသော အဆုံးသတ်နှင့်သာ ကြုံရမည် ဖြစ်ကြောင်း သတိပေးခံရသည်။ ဆိုလိုသည်မှာ သူတို့၏ လွပ်လပ်မှုက သူတို့၏ ကိုယ်ပိုင် အသိ၊ သတိ၊ ဝိ ဇ္ဇာဖြင့် အသွင်လောက မြူခိုးမြူငွေ့များ ကို လွန်ပြီး လျှို့ဝှက်နက်နဲသော လောကနိယာများကို မြင်အောင် ကြည့်ကာ ထိုလောက နိယာမများအတိုင်း လိုက်လျောညီထွေ လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့သော် ဦးဆောင် ပဲ့ ကိုင်ပေးနိုင်မည့် ဘုရားသခင်၏နာရေး နှင့် အစဖွင့်လာသော မော်ဒန်ကာလကြီးထဲမှာ အလွမ်းအဆွေးပြဇာတ် ၏ ကြေကွဲစရာကောင်းခြင်း ရသ မရှင်သန်နိုင်တော့ကြောင်း George Steiner တို့လို ပညာရှင် တစ်ချို့က ဆို ကြသည်။

တစ်ဖန် အလွမ်းအဆွေးပြဇာတ်၏ လောကအမြင်နှင့် စပ်ဆိုင်သည့် နောက်ထပ် အယူအဆ တစ်ခုမှာ မျှော်လင့်ချက် ကင်းမဲ့ခြင်း ဖြစ်သည်။ အလွမ်းအဆွေး ပြဇာတ်၏ ဇာတ်လမ်းမှာ ကနဦးကတည်းက လောကနိ ယာမနှင့် စကြ၀ဠာ၏ ဟာမိုနီကို ဆန့်ကျင် ဖောက်ဖျက်မည့် ဇာတ်ကောင် (တစ်ဦးချင်း ဖြစ်စေ၊ အုပ်စုလိုက် ဖြစ်စေ) ဖြင့်စတင်ကာ ထိုဇာတ်ကောင်၏ ကံကြမ္မာကို ရတန်သမျှနည်းဖြင့် ရှောင်လွှဲဖို့ လုံးပမ်းရင်း အဆုံးကျ နိဂုံး မလှ ဆိုးရွားစွာ ဇာတ်သိမ်းရတတ်တာကြောင့် ကယ်တင်ခံရခြင်း နှင့် လွတ်မြောက်ခြင်းတို့လို မျှော်လင့်ချက်မျိုးသည် အလွမ်းအဆွေး ပြဇာတ်နှင့် လိုက်ဖက်မှုမရှိ။ ထို့ကြောင့် မျှော်လင့်ချက်နှင့် လွတ်မြောက်ခြင်းကို ဦးတည်ထားသည့် ခရစ်ယာန်ဘာသာနှင့် မာ့စ်ဝါဒတို့မှာ အလွမ်းအဆွေးပြဇာတ်၏ ကြွေလွင့်ရမှုအတွက် လက်သည် ဖြစ်ကြောင်း Steiner က ထောက်ပြဝေဖန်သည်။ တစ်စစီ ကျိုးကျေ ပျက်စီးခဲ့ရသော အရာများကို အကောင်းအတိုင်း ပြန်ဖြစ်စေမည့်၊ ရင်ကွဲပက်လက် ပူဆွေးသူများ ကျေနပ် ဖြေသိမ့်ခွင့်ရမည့်၊ မျက်ရည်စများ စင်ကြယ်နေမည့် ဘုံလောကတို့မှာ အလွမ်းအဆွေး ပြဇာတ်၏ လောကတွင် မရှိ။ လူသားအားလုံး လွတ်မြောက်လို့ သာတူညီမျှ ရှင်သန်ကြရမည့် နောင်လောကတစ်ရပ်ကို မျှော်တွေး တည်ဆောက်ဖို့ ကြိုးပမ်း သည့် မာ့စ်ဝါဒ၏ လက်အောက်တွင် အလွမ်းအဆွေ းပြဇာတ်တို့ ဆက်လက်ရှင်သန်နိုင်မည် မဟုတ်ကြောင်း ဆိုကြသည်။ သို့သော် ထိုအမြင်မျိုးမှာ အလွမ်းအဆွေးပြဇာတ်၏ အနှစ်သာရကို ကျဉ်းမြောင်းသော နယ်နိမိတ်အတွင်း သွပ်သိပ်ထားခြင်း ဖြစ်သည်။ အလွမ်းအဆွေး ပြဇာတ်မှာ အဆုံးသတ်မလှခြင်း သဘောတစ်ခုတည်းဖြင့် တင်ဆက်ရတာမျိုး မဟုတ်။ မိုက်မဲမှု အဝိဇ္ဇာ တောထ ဖုံးပိတ်လျက်ရှိသော အဓမ္မလောကကြီးထဲမှာ သည်းမခံနိုင်လောက်အောင် ကြမ်းကြုတ်လှသော ကြေကွဲစရာ ဖြစ်ရပ်များ အတောမသတ် ရှိနေဦးမည် ဖြစ်သည်။ အလွမ်းအဆွေး ပြဇာတ်က ထိုရသကို ဖမ်းဆုပ်ကိုင်ထားတာ မှန်ပေမယ့် အမြဲတစေ လွတ်လမ်းမရှိ၊ ထွက်ပေါက်မဲ့ အဆုံးသတ်ရသူတို့၏ ငိုမြည်းသံများဖြင့်သာ ပူလောင်နေရမည် လို့ မဆိုလို။ အပြုသဘောဆောင်သော အစိတ်အပိုင်းများကိုလည်း ထည့်သွင်း တင်ဆက်လေ့ ရှိခဲ့ဖူးသည်။ လွတ်မြောက်ရေး ချီတက်ပွဲအတွင်း ကျရှုံး ကြွေလွင့် သွားသူများကို 'ဘုံဘ၀' မှာ ပြန်လည် ရှင်ပြန် ထမြောက်လိမ့်မည် ဖြစ်ကြောင်း မာ့စ်ဝါဒက မဆိုခဲ့။ တရားမျှတသော လောကသစ်၊ ကမ္ဘာသစ်တစ်ရပ်ကို ဖန်တီးဖို့ရာအတွက် ပဋိပက္ခတို့ကို ပိုနေမြဲ ကြားနေမြဲအတိုင်း သဘောထားပြီး ရှောင်လွှဲလို့ မရတာကြောင့် ကြေကွဲစရာ ဖြစ်ရပ်များ ရှိနေဦးမည် ဖြစ်ကြောင်း မာ့စ်ဝါဒက လက်သင့်ခံထားသည်။ လောကနိယာမနှင့် စကြ၀ဠာ၏ အစီအမံတို့ ၊ အထူးသဖြင့် ဘ၀၏ထောက်တိုင် ဘုရားသခင် သေဆုံးမှုကြောင့် ကြုံလိုက်ရသည့် ဘ၀နှင့်လောက အဓိပ္ပါယ် ပျောက်ဆုံးရပုံတို့အတွက် Samuel Beckett တို့လို ဒရာမာ ကဝိတွေ ရှိခဲ့ပြီ။ မာ့စ်ဝါဒကို ယုံကြည်လက်ခံပြီး စိတ်ခံစားချက် အာရုံတို့ကို အမြစ်ကနေ ဆွဲကိုင် ခါရမ်းနိုင်သည့် Bertolt Brecht တို့လို ဒရာမာ ဂုရုတွေလည်း ရှိခဲ့ပြီး ဖြစ်သည်။ လူသား၏ အကုသိုလ်များကြောင့် ဖြစ်စေ၊ အနိုင်ကျင့် ရက်စက် ယုတ်မာ ကောက်ကျစ်သော နတ်ဘုရားကြောင့်များဖြစ်စေ၊ မူလအပြစ်ကြောင့်ဖြစ်စေ အလွမ်းအဆွေး ပြဇာတ်၏ လောကမှာ တရားမျှတမှု၊ ဆုလာဒ်၊ ဘုရားသခင်နှင့် အခြားခြားသော နတ်ကောင်းနတ်မြတ်တို့၏ ကြည့်ရှုစောင့်ရှောက်မှု၊ လျော်ကြေး တို့လို မျှော်လင့်ချက်၏ မျက်နှာစာများ အားလုံး ကင်းပနေသည့် ကျက်တီးမြေလို လောက အဖြစ် George Steiner က ရှုမြင်သည်။ အလွမ်းအဆွေးပြဇာတ်တွင် မိမိတို့ တန်ဖိုးထားသော အဖိုးတန်အရာများ ပျောက်ဆုံး လွင့်ပြယ်သွားရမှုများလည်း အဓိကနေရာက ပါဝင်ပြီး အကြေကွဲရဆုံး ဆိုသည်မှာ တန်ဖိုးထားစရာ တစ်ခုမျှ မရှိတော့၍ ထိုအရာများ ပျောက်ကွယ်သွားသည့်တိုင် ဝမ်းနည်းပူဆွေးခြင်း အလျှဉ်းမရှိတော့သည့် အခြေအနေသာ ဖြစ်ကြောင်း သူက ဆိုသည်။ တစ်နည်းအားဖြင့် ငိုညည်းသံမျှ တစ်ချက် မကြားရတော့သော ဆိတ်သုဉ်းကမ္ဘာကြီးသည် အလွမ်းအဆွေး ပြဇာတ်၏ အန္တိမ လောက ဖြစ်လိမ့်မည်။ မပြစ်မှားအပ်သည်များကို ပြစ်မှား ချိုးဖောက်မိလို့ ဖြစ်စေ၊ မျှော်လင့်ချက် ကင်းမဲ့နေသည်ဖြစ်စေ၊ တန်ဖိုးများ၏ အသက်တာများကြောင့်ဖြစ်စေ အလွမ်းအဆွေး ပြဇာတ်တို့သည် လူ့ဘ၀၊ လူ့လောက၊ သဘာ၀တရား တို့ကြားက အပြန်အလှန် ဆက်သွယ် ရှင်သန်နေခြင်းနှင့် သက်ဆိုင်သည့် အရေးကိစ္စများ အပေါ် အလေးအနက်ထားမှု တစ်ရပ် ပါရှိကြောင်း ယေဘုယျ ကောက်နှုတ်နိုင်သည်။ နိုင်ငံရေးအရ လွတ်မြောက်ခဲ့သည့်တိုင်အောင် လူသားမျိုးနွယ် မျိုးမတုန်းခင်အထိ အနုပညာ ရှိနေလိမ့်မည် ဖြစ်သလို လူ့ဘ၀ လူ့လောက၏ ဆိုးမွေနှင့် ကံမကောင်း အကြောင်းမလှမှုများကို အလေးအနက်ထား  ကိုင်တွယ်သော အနုပညာ ပုံသဏ္ဍာန်တစ်ရပ် ဖြစ်သည့် အလွမ်းအဆွေး ပြဇာတ်လည်း ဆက်လက် ရှင်သန်နေဦးမည် ဖြစ်ကြောင်း ယုံကြည်နိုင်သည်။

အင်္ဂလိပ်စာရေးဆရာ ‘Terry Eagleton’ ၏ စာအုပ် 'Tragedy' မှ ‘Did Tragedy Die?’ အခန်းကို မှီး၍ ရေးသားသည်။