ခြေဖဝါးမှာ စုပ်ခွက်နဲ့လူ - ဇူးမြတ်ထွန်း (z-dayi) [စာအုပ် အညွှန်း]

 ပင်လယ်ထဲက ဘွားကနဲ ထွက်လာတဲ့ ဇူးမြတ်ထွန်း ကဗျာတွေ




ဇူးမြတ်ထွန်း (z-dayi) ရဲ့ "ခြေဖဝါးမှာ စုပ်ခွက်နဲ့လူ" တစ်ကိုယ်တော် ကဗျာစာအုပ်က ဒီဂျစ်တယ် ဗားရှင်းအဖြစ် ထွက်လာပါတယ်။ "ခြေဖဝါးမှာ စုပ်ခွက်နဲ့လူ" စာအုပ်မှာ ကဗျာ စုစုပေါင်း အပုဒ် ၂၀ ပါဝင်တယ်။

ခုစာအုပ်ထဲက ဇူးမြတ်ထွန်း (z-dayi) ကဗျာတွေက သိပ်သည်းတယ်။ စကားပြေကဗျာ (prose poetry) ဘက်လည်း နွယ်တယ်။ ကဗျာအများစု နောက်ခံ ဆက်တင်က ပင်လယ်ကမ်းစပ် မြို့လေးမှာ တည်ထားတယ်။ ကဗျာတွေထဲမှာ မြို့သမိုင်းပုံပြင်၊ သဘာဝရဲ့ အံ့အားသင့်ဖွယ်၊ အစားအသောက် အမျိုးမျိုးနဲ့ မပြည့်ဝတဲ့ ချစ်ခြင်းတွေ လွှမ်းခြုံနေတယ်။ ကဗျာထဲက ဇာတ်ကောင်ဟာ မြို့လေးထဲ အထက်တန်း ကျောင်းတက်နေစဉ် ကြီးကောင်ဝင်လာပြီး အခြားသူတွေနဲ့ နှိုင်းစားရင် သူ့နေ့စဉ်ဘဝ ကွာခြားတာကို သတိပြုမိတယ်။ တစ်ချိန်တည်းမှာပဲ အုပ်ချုပ်သူလူတန်းစားရဲ့ စီးမိုးထားမှု အပေါ် သတိပြုမိလာတယ်။ အဖွင့်ကဗျာ 'ခြေဖမိုးကိစ္စ' မှာ ဇာတ်ကောင်ဟာ ကြီးကောင်ဝင်လာပြီး fetishism ကို ထုတ်ဖော်ထားတယ်။

'AGE NINTH STANDARD' ကဗျာမှာတော့ ကျောင်းတက်တုန်း စွဲလန်းရတဲ့ အမျိုးသမီးတစ်ယောက် မင်္ဂလာဆောင်သွားတဲ့အခါ ထိတ်ထိပ်ပျာပျာ ဖြစ်မှုကို မြင်ရတယ်။ ဇူးမြတ်ထွန်း ကဗျာထဲ ချစ်သူတွေဟာ နှစ်ဦးတည်း တွေ့ဆုံချိန် နည်းပါးလို့လား မသိ၊ မျက်နှာချင်းဆိုင် မနက်စာစားရင်း အဆာပြေဆာရင်း မကျေလည်မှုတွေ ဖော်ထုတ်ကြတယ်။ 'ရှိုက်ကြီးတငင်' နဲ့ 'အိပ်မက်မီနူး' ကဗျာတွေမှာ တွေ့ရတယ်။ 

အတိတ်တွေက အနှောင့်အယှက်ပြုနေတဲ့ အကြောင်းကို 'MNEMOSYNE' ကဗျာမှာလည်း တွေ့နိုင်တယ်။ 'MNEMOSYNE' ဆိုတာ ဂရိဒဏ္ဍာရီလာ မှတ်ဉာဏ်စောင့် နတ်သမီးကို ဆိုလိုတယ်။

ဇူးမြတ်ထွန်း (z-dayi) ကဗျာတွေက စိတ်ဝင်အစားဆုံး အပိုင်းက မြို့ငယ်လေးက ပုံပြင်၊ ရှေးရိုးအစဉ်အဆက် ယဉ်ကျေးမှုနဲ့ ပင်လယ်လှိုင်းအပေါ် ဖော်ပြနိုင်မှုပဲ။ အဲသလို အကြောင်းအရာတွေကို 'ခြေဖဝါးမှာ စုပ်ခွက်နဲ့လူ'၊ 'SEA HUNTER'၊ 'ချစ်သူ အမယ်အို'၊ 'ပိုးတုံးလုံးပါရာဒေါ့' ကဗျာတွေမှာ ကိုင်တွယ်ထားတယ်။

ဇူးမြတ်ထွန်း (z-dayi) "ခြေဖဝါးမှာ စုပ်ခွက်နဲ့လူ" ကဗျာစာအုပ်က စာဖတ်သူတွေကို အခင်းအကျင်းအသစ် တစ်ခုထဲ ဆွဲခေါ်သွားမှာပါ။ 'ခြေဖဝါးမှာ စုပ်ခွက်နဲ့လူ' ကဗျာတစ်ပုဒ်လုံးကို အောက်မှာ ဖော်ပြပေးထားပါတယ်။
***

ခြေဖဝါးမှာ စုပ်ခွက်နဲ့လူ

နှစ်ပေါင်းသုံးထောင်ခန့်အလွန်က။

ဘာနဲ့ဆင်သလဲ ဆိုတော့ အလယ်မှာ တိကျတဲ့ ဝတ်ဆံနဲ့ ပန်းပွင့်လိုမျိုးပေါ့။ အသားတွေဟာ ဘေးပတ်ပတ်လည် ကနေ ရံပြီး ပြင်ညီကို တဂျစ်ဂျစ် ထိုးမိနေပြီ ဖြစ်တဲ့ အဲ့ဒီအရာကို ငုံထားသလို အညောင့် စိုစိုလေး ရှိနေတယ်လို့ ခံစားရတယ်။ မီးဟာ မမွေးဖွားသေးပါ။ မီးကို ကျားကုပ်ကျားခဲ သူလိုက် ဖမ်းဆုပ်ခဲ့တယ်။ အကောင်အထည် မပေါ်သေးတဲ့ မီးကို ပျိုးထောင်ရင်း သူ့အရေပြားမှာ မှဲ့အသစ် ထွက်လာတယ်။ မျိုးရိုးနာမည်ရှေ့မှာ ဘာနဲ့ ချိတ်ဆက်မှည့်ခေါ်ရမလဲ မစဉ်းစားရသေးပေမယ့် အလေးအနက် ပြုလုပ်လျက်ရှိတယ်။ သေနေတဲ့ ခွေးသားပေါက်ကို ကိုက်ချီလာတဲ့ တောခွေးမနဲ့ သူ၏ တခြားသော သားများစွာ ရှိတယ်။ ညီအစ်ကိုရဲ့ ပါးစပ်ထဲက လျှံထွက်နေတဲ့ အစာဟောင်းကို ကိုက်ဖြတ် လုစားရာ သေပြီးသား ခွေးပေါက်ရဲ့ လျှာမှာ ပေါက်ပြဲ စိမ့်ထွက်နေတဲ့ သွေးတို့ လျှံကုန်ကြတယ်။ ထိုကိစ္စဟာ နေရဲ့ စောင်မမှုကြောင့် ပြတ်သားတဲ့ မြင်ကွင်း ဖြစ်တယ်။ သူ့ရဲ့ ရှာဖွေမှုနဲ့ သွေဖယ်နေတဲ့ အချင်းအရာလည်း ဖြစ်သေးတယ်။ ရှုံ့အိတ်ထဲထည့်ပြီး လက်ဆင့်ကမ်းပေးလို့ ရလောက်တဲ့ ပြဒါးချောင်းလို သူမျှော်လင့်တယ်။ မီးကို ဖန်လှောင်ချိုင့်နဲ့ မွေးဖို့၊ လက်ဆောင်မွန် ပို့ဖို့၊ လေဟာနယ်တစ်ခုထဲကို သွပ်သွင်းဖို့ သူ ကြိုးစားခဲ့တယ်။ သူ့ခြေဖဝါးမှာ စုပ်ခွက်ပါတယ်လို့ ပြောတာခံရပြီးတဲ့ နေ့ကစလိုပေါ့။ ပြန်ဆန်းစစ်ကြည့်တော့ .. အမှောင်ထဲမှာ မြေကြီးပေါ်လျှောက်လာရင် စုပ်ခွက်နဲ့ စုပ်ထားရာက ထွက်လာသလို စေးနှဲနှဲ အသံ ကပ်ပါနေတတ်တယ်။ အဓိကက မီးကို ပြုလုပ်နေတဲ့ ပရောဂျက်သာ အောင်မြင်မယ်ဆို သူ့ခြေဖဝါးထဲက စုပ်ခွက်ကို ငုံ့ကြည့်ပြီး သွားတွေ ပါမပါ စစ်ဆေးနိုင်မှာ မို့လို့ဖြစ်ပါတယ်။ မလင်းချင်းမှုထဲသေဆုံးသည်။

နှစ်ပေါင်းငါးထောင်ခန့်ကြာသော်။

ကမ္ဘာ့ရဲ့ ဗဟိုချက်မကနေ ရွှေငါးလတ္တီကျူ ငှက်လောင်ဂျီကျူမှာ ရှိတာပေါ့။ ကိုယ်ထည်ဟာ ပင်လယ်တစ်ပိုင်း
သစ်ပင်တစ်ပိုင်း ဖြစ်တယ်။ အိမ်မွေး တိရိစ္ဆာန်မရှိ။ ပေါင်းကူးငယ်တစ်ခု နဲ့ ကြယ်ကြွေချိန် ရှိတယ်။ ကကြီး ခခွေး မပေါ်ပေါက်သေး။ နနွင်းတက်တွေ အမှုန့် မဖြစ်သေး။ ပန်းသီးပင် မရှိ။ စစ်သား မရှိ။ ဦးတိုက် ကိုးကွယ်စရာ ရိုးရာနတ်ကွန်းတို့ အငွေ့လို ဝဲပြီး ဓလေ့ကို စောင့်နေတယ်။ ထိပ်တုံးအဖြစ် အပေါက် ဖောက်ခံရမယ့် သစ်ပင်ဟာ မဝင်စားသေး။ အဖွားရဲ့ ဇီဇဝါကို ကိုက်ဖြတ်စားသောက်မယ့် ပိုးစိမ်းကောင်ဟာ မျိုးမအောင်သေး။ နျူရိုးဆစ်မရှိ။ ပျားရည် ရတယ်။ အိမ်သာ မရှိ။ တောကြောင် နဲ့ သဲသောင်ပြင်အောက်မှာ မြုပ်နေတဲ့ ခရုမျိုးစိတ်တချို့သာ ပေါကြွယ်ဝတယ်။ လကြတ်တယ်။ ဒီရေတောရဲ့ အမြစ်တွေမှာ ကံဆိုးတဲ့ ပန်းနုရောင် ရေခူကောင်တချို ငြိကျန်နေတဲ့ ပင်လယ်ရေကျချိန် ရှိတယ်။ နေရောင် ရှိတယ်။ ပရလောက မရှိ။ ပုစဉ်းရင်ကွဲတို့ ကြီးစိုးတယ်။ စက္ကူ မရှိ။ နာရီ ဖန်တီးမှုဟာ အဖန်တီး မခံရသေး။ မိုးရွာတယ်။ ဘတ်သီးယဉ်ကျေးမှု မထွန်းကားသေးပါ။

နှစ်ပေါင်းငါးထောင်နောက်ပိုင်းတွင် ။

ငိုသံကို တွေ့ရှိတယ်။ ဒဏ်ရာ ရတယ်။ နိုတိုက်မိခင် ပေါ်ပေါက်တယ်။ မှိုနဲ့ ကော်ဖီစေ့တို့ တွဲဖက်ပြီး လိင်ဆက်ဆံရေးကို ဦးဆွေးဆံမြည့် လက်ဆင့်ကမ်းတယ်။ စပါးပင်ရဲ့ တစ်သျှူးစဟာ ကျေးဇူးကြီးကြောင်း ... ရာဇဝင်လာတယ်။ ပန်းခေါင်းလောင်းတွေ လေမှာရော မြေမှာပါ မြည်တယ်။ အုတ်ဘောင်ခတ်မထားတဲ့ ရေတွင်းတွေ သူတိုကိုယ်သူတို့ တစ်တွင်းပြီး တစ်တွင်း တူးတယ်။ သံချေး အလိမ်းလိမ်းနဲ့ ကားပျက်ကြီးလို ဖားအော်သံတွေ အလေးချိန်စီးတယ်။ အသည်းကွဲရောင် ခေတ်ထတယ်။ ဇာသားဘော်လီ တွင်ကျယ်တယ်။ ကျူးမရှိသေး။ ယင်ကောင်တွေ ကြောင်ရဲ့ အမွှေးအမျှင်ပေါ် စမ်းသပ် နားခိုတယ်။ ကောက်ညှင်းပေါင်းသည် ရှိတယ်။ ပုံပြင်တို့ ပေါကြွယ်ဝတယ်။ မွန်ရိုးဟာ ဖြူမည်းခေတ်ရဲ့ အရောင်အသွေး ဖြစ်တယ်။ မုန်တိုင်းတိုက်တယ်။ ပြဇာတ်ထဲမှာ တော်လှန်ရေးခေါင်းဆောင်တွေ လူစုတယ်။ ဂျင်းဂျာကင်မရှိ။ ပါဝါရိန်းဂျားငါးကောင် ရှိတယ်။ ဆိုလာစနစ် မဖွံဖြိုးသေး။ အရူးရှားပါးတယ်။ အပြိုင်ယူနိဗာ့ဇ်ဟာ စိတ်ဝင်စားဖွယ် မသိုးထမင်းဖြစ်တယ်။ ကမ်းရိုးတန်း နှင်းငွေ့ရိုက်နေတဲ့ မြေသားမှာ ကျူးလစ်လို ဗီဇတို့ ကိုက်ခဲနေမယ့် သန္ဓေသားဟာ မျိုးအောင်တယ်။ လျှာဟာ ခရမ်းရောင်ကပ်(ပ်)ကိတ်ကိုလည်း ဝင်ရိုးသံ ညံအောင် လိုက်ရှာလိမ့်မယ်။ ဘေးသင့်စေမယ့် အနမ်းမျိုးပွင့်ဖို့ ဗျာဒိတ်တော်ရတယ်။ အချစ်ဦးရဲ့ သွားတွေနဲ့ သားရဲတိုင်း ပြန်အကိုက်ခံရမယ့် တဘောင်ကို ဤသူရေးအံ့။ ခြေဖဝါးမှာ စုပ်ခွက်နဲ့လူ ပြန်ဝင်စားတယ်။
***