မြမုံရဲ့ ကဗျာနှစ်ပုဒ်

မြမုံ



| ဦးငွေနိုင်(၁၉၂၀-၂၀၂၀) |

ကြက်ဥတွေ ပေါတဲ့ ခေတ်ကနေ ကြက်ဥတွေက ကြက်ဥတွေ မဟုတ်တော့တဲ့ ခေတ်အထိ နေထိုင်ခဲ့သူ တစ်ဦးဖြစ်တယ်။ မိုးကြိုးသုံးခါပစ်တဲ့ အညာက ရွာမှာ သုံးမွှာပူးရဲ့ အလယ်တစ်ယောက်၊ သုံးမွှာပူး မွေးလို့ ဆိုပြီး မကောင်းဆိုးဝါး ဝင်စားတယ် ဆိုကာ သတ်ပစ်ဖို့ ပြင်ကြ၊ အဲ့ဒီရွာက အဲ့ဒီတုန်းက နတ်ကိုးကွယ်တာ။ ဂျပန်ခေတ်ကို ခုန်အသွား၊ အလိုတော်ရိတွေက သူ့ကိုပါ မချန် မုဒိန်းကျင့်ကြတယ်၊ ရေတွင်းပျက်ကြီးထဲမှာ သူတွေ အများကြီးရှိခဲ့တယ် ။ ရန်ကုန်မှာ နာရီပြင်ဖို့ တစ်နှစ်လုံးမှာ နေ့တိုင်းနီးပါး ဖိနပ်တွေကို လျက်ပြီး ပညာသင်ရ ၊ နာရီလာပြင်တဲ့ ကောင်မလေးဟာ သိပ်ချောတယ် ၊ အဲ့ဒီနေ့ကစပြီး နာရီ မပြင်တော့ဘူး။

ငွေနဲ့ပတ်သတ်တာ ကြွက်တွေ ဖြစ်တယ်၊ ဒီလူလတ်ပိုင်း ဘဲကြီးက ကြွက်နှိမ်နင်းရေး လုပ်ဖို့ ကြမ်းအရင်တိုက်ရပြန်တယ်။ ကာမတဏှာကို မလိုချင်လို့ ဘုရား နေ့တိုင်းရှိခိုးတယ်၊ ဂျပန်ခေတ် ကျော်သွားပြီဆိုတာကို ပြောပြီးပြီလား၊ ဘေးအိမ်က ဒေါ်ပုမ သမီးအကြီးက နေ့တိုင်း သူ့ကို မုဒိန်း လာလာကျင့်တယ်၊ ကိုယ်ဝန် ရသွားတဲ့အထိပဲ။ ကိုယ်ဝန်ကြီးနဲ့ ဆိုတော့ ကြွက်တွေက ပိုများလာတော့မယ် ။ တစ်ပတ်လောက် နေတော့ သူ့ခန္ဓာထဲမှာ အောင်းနေခဲ့တဲ့ အရာတွေ စုပေါင်းပြီး ဂျပန်ဖြစ် ယာမာဟာ ဟော်လို တစ်လုံး ဖွားမြင်တယ်။

ဘဝကို နိုင်ချင်ပါတယ် ၊ ဂီတာသင်တန်း ဖွင့်စားတယ်။ အပိုင်းဆက်တွေက ရန်ကုန်မှာ နာရီ တစ်လုံးပြင်ပြီးတိုင်း သူ့ဖိနပ်သူ လာလျက်ကြတဲ့ လူတွေကို ပါးလှိမ့်ရိုက်ခြင်းပါပဲ။  

၂၀၁၉- သန်စွမ်းဆဲ ကြွက်တွေဟာ အိမ်ရဲ့ တိုင်တွေကြားက ရာတန်တွေ ချီလာကြတယ်၊ ညညဆို သူ့ကို လာလာနမ်းကြတယ်၊ ဟုတ်ကဲ့ ဂျပန်ခေတ်က တကယ် ကျော်ခဲ့ပြီးပါပြီ၊ လွတ်လပ်ရေးက ကြွက်တွေ ပြန်ချီသွားပါပြီတဲ့၊ ကြွက်နှိမ်နင်းအတွက် နာရီတွေကို ရိုက်ခွဲရပါတယ်၊ ရေတွင်းမှာ ပြည့်လာတဲ့ ရေတွေကို ထမ်းပိုး ရောင်းရပါတယ်။ ဒေါ်ပုမ သမီးအကြီး အင်ဂျင်နီယာနဲ့ ယူသွားပါတယ် ။

 ဦးငွေနိုင် (၁၉၂၀-၂၀၂၀)

ကြွက်တွေ တက်ရောက်ကြပါတယ်။
နာရီဆိုင်က ကောင်မလေးတက်ရောက်ပါတယ်။
ဂစ်တာကျိုး တစ်လက်က ထောင့်မှာ အငမ်းမရ ခေါက်ဆွဲ စားနေတာပါ။
ပြီးတော့ ဂျပန်တွေလာတယ်၊ ပြီးတော့ ဒေါ်ပုမက ရုတ်တရက် ထငိုတယ် ။
ကြက်ဥအခွံတွေ မီးရှို့ပြီး လောင်စာအဖြစ် မီးသဂြိုလ် ဖြစ်စေခဲ့၊
ပြာမှုန့်တွေကို ကြွက်တွေအတွက် အာဟာရအဖြစ် ကျွေးမွေးခြင်း အစီအစဉ်၊
ကြွက် နှိမ်နင်းရေး အောင်မြင်ခဲ့ပြီး၊
နှစ်တစ်ရာ စီမံကိန်း
ကြွက်နှိမ်နင်းရေး အောင်မြင်ခဲ့အပြီး။
***

ငါ့အဖေရဲ့ အနံ့ဟာ ငါ့ဆီမှာစရလာတယ်


အိပ်ခန်းထဲကို ပုံမှန်အတိုင်းပဲ ဝင်လာတဲ့အခါ ငါ့အခန်းထဲမှာ ငါ့အနံ့ ကို ငါ မရတော့
ဒီ အနံ့စူးစူး ဟာ စူးစမ်းလို့လွယ်တယ် ဘယ်လို အနံ့မျိုးမို့ ဒီလောက်ရင်းနှီးနေလဲ
ဒီအခန်းထဲမှာ ငါ အချိန်ဖြုန်း ၊ နေထိုင်တာ

မနက် ကိုး ထ သွားတိုက် အပြင်သွား
ည ခြောက် ပြန်ရောက် ရေချိုး ထမင်းစား စကားပြော
ဝရန်တာမှာ ဆေးလိပ်သောက် စာဖတ် ည ဆယ့်နှစ် အိပ်
စုစုပေါင်း ကိုးနာရီ ကနေ ဆယ်နာရီဝန်းကျင်

ဒီရက်ပိုင်း အလုပ်ရတယ်
အလုပ်လုပ်ဖို့ ပြင်ဆင်
အလုပ်သွား
လူတွေနဲ့ဆက်ဆံရ လူများများနဲ့ဆက်ဆံရ
အိမ်ပြန်ရေချိုးထမင်းစား
ပြင်ဆင် အလုပ်အတွက်
အိပ်ပျော်

ဒီအနံ့စူးစူး ဟာ သိပ်မစူးဘူးလို့တွေးနေပေမယ့်
ဟေ့ ဖရက်ရှင်နာဖြန်း ရော့ အမွှေး ဖယောင်းတိုင် ထွန်း
ပေါင်းစုံနေတဲ့ အနံ့ ထဲမှာမှ ဒီအနံ့က
တစ်ခုခု အောက်နေတဲ့ အနံ့ စူးစူးမို့ ရင်းရင်းနှီးနှီး ပေမယ့်
တစ်ခုခု လွဲနေတဲ့ အနံ့ ငါ့
အနံ့ ဖြစ်နိုင်လား

အခန်းထဲကို ငါက လွဲပြီး ဝင်စရာမရှိ
အခန်းထဲက အဝတ်တွေ ငါကလွဲပြီး ဘယ်သူမှမဝတ်
အခန်းထဲက အိပ်ယာ ငါကလွဲပြီး ဘယ်သူမှ မဝတ်
ငါ့ရဲ့ ရေမွှေး ငါ့ရဲ့ ဒီယိုဒေါရန့် ငါကလွဲပြီး
ဘယ်သူမှမသုံး
ငါ့အနံ့ က ငါ့ ရေမွှေးအနံ့ပဲ၊
အခု အနံ့က ဘယ်သူ့အနံ့မို့လို့ ဒီလောက် ရင်းနှီးနေရတာလဲ
ဘယ်သူမှ မဝင်လာမယ့် အခန်းမှာ ငါက လွဲပြီး ဘယ်သူ့အနံ့ရှိဦးမလဲ

ဒါပေမယ့်
ဒီအနံ့ ငါ့အနံ့ မဟုတ်တာ သေချာတယ် ငါ့အနံ့က ဘာအနံ့မျိုးလဲ ငါမသေချာဘူး
ဒီအနံ့ရဲ့အဖြေက ဘယ်သူ့ ၊ဘယ်အရာက နံနေတာလဲ

ကောင်းတဲ့ အနံ့ ဆိုးတဲ့ အနံ့ထက် စူးတဲ့ အနံ့
ဘာအနံ့လဲ
အခန်းထဲက ခဏထွက်ပြီး ဆေးလိပ်သောက်ပြီး ဆေးလိပ်နံ့နဲ့ နှာခေါင်းကို နှစ်မြုပ်ကာ လှည့်စား
ငါ့စိတ်ကို ငါ ပြန်လည် လှည့်စား
ပြီးတော့ အခန်းထဲ ပြန်ဝင် အနံ့ က မပျောက်သေး ပိုသာ စူးလာ
ဒီအနံ့ကို သိတဲ့ အသိက လည်း မပျောက် ပိုသာ သိလာ
ဘယ်အရာတွေက ဆွေးမြည့်ပုပ်ပွနေလဲ ငါပဲ
တစ်ကိုယ်ရေ ထင်ယောင်ထင်မှားဖြစ် မရှိတဲ့ အနံ့တွေ ရနေ ရှိနေတာလား

ဒီအနံ့ကို ငါရင်းရင်းနှီးနှီး သိတယ်
ဒီအနံ့ကို ငါမသိ မမှတ်မိ
ဘာတွေက ဘယ်အနံ့တွေထွက်နေလဲ ငါ့ အနံ့ ကဘယ်လိုမျိုးလဲ
ငါ့အနံ့ကို ငါ သိခဲ့တာလား
ငါ့အနံ့ကို ငါမသိ ငါ မမှတ်မိ။

ညလုံးပေါက် ငါလိုက် အနံ့ခံ ငါ လိုက်ရှာ ဒီအခန်းထဲကို ဘယ်သူဝင်လာ နေထိုင်သလဲ
ဘာအနံ့ကဘာအနံ့လဲ ဒါဘယ်သူ့အခန်းလဲ
ငါမသိ တကယ် မမှတ်မိ
ငါ မမှတ်မိ တကယ် မသိ
တစ်ညလုံးဟာ မွှေနှောက် လှန်လှော ရှုပ်ပွကုန်ပြီ

လေယာဉ် ကော့ပစ် ကြီးဟာ ရုတ်တရက် ပြတင်းပေါက်ကနေ ဝင်ရောက်ထိုးဝင်လာ
အပြင်းဆုံးအနံ့မို့ ပိုပြီး ရှုလိုက်မိသလို ကော့ပစ်တစ်ခုလုံးကို ရှုရှိုက်ပစ် လိုက်တယ်
ကော့ပစ်ဟာ အထိန်းအကွပ်မဲ့ ငါ့ကိုယ်ထဲဝင်ရောက်သွား
ဒီအနံ့ကို ငါသိသလိုလိုပဲ
ငါ ရင်းရင်းနှီးနှီး ဒီအနံ့ ကို
သိပြီ

နောက်ပိုင်း ငါ ဘယ်ကို သွားသွား ဘယ်မှာနေနေ အခန်းတွေ ရုံးတွေ ကောင်မလေးအိမ် ကောင်မလေးကိုယ်ပေါ် ထမင်းဝိုင်းအိမ်သာ လမ်းမပေါ်
နယ်ဝေး မြို့ထဲ ဒီနေရာ ဟိုနေရာ ငါ့အိပ်ယာ ငါ့အင်္ကျီ ငါ့ စားပွဲ ဒီအနံ့ပဲရှိ ဒီအနံ့ပဲရ။

***