ညီပုရဲ့ ကဗျာနှစ်ပုဒ်

 ညီပု



တစ်နေ့တာရဲ့ ယေဘုယျကိစ္စတွေ

ရှင်က အာဂ ယေဘုယျယောက်ျားပဲ
ရှင့်မှာ အရေးပေါ် မှတ်ချက်လည်းမရှိ အထူးတလည် ဆွေးနွေးချက်လည်းမရှိ
ရှင့်ဦးနှောက်က သင်ဖြူးဖျာတစ်ချပ်လို ပြေလျော့

ရှင်က သာမန်အကောင် ယေဘုယျဘဲ ထင်ရှားတဲ့ ဝိသေသ မရှိသူ
သူများတွေ လမ်းဘေးမှတ်တိုင် အသည်းသန် ဖြစ်ချင်နေချိန်မှာ
ရှင် ဘာလုပ်နေလဲ။ သီချင်း နားထောင်။
ဂစ်တာခေါက်။ ဒူးနှံ့။ 

သူများတွေ ခုခံစစ်ဆင်နွှဲနေချိန်မှာ ရှင်ဘာလုပ်နေလဲ
ကြားဖူးနားဝ တော်လှန်ရေးသူရဲကောင်းအကြောင်းပြော။
ဘီယာသောက်။ တရေးတမောအိပ်။ တံစက်မြိတ်က ကျတဲ့ မိုးရေတွေကို လက်နဲ့ခံ။ 

ရှင်ဖတ်ဖူးတဲ့ဟာသတွေကို ရှင် တကယ်ဖြစ်ခဲ့သယောင် အနားကလူ
တွေကို ပြန်ပြောပြီး ပိုပေါ့ပါးချင်ယောင် ပျော်ချင်ယောင်ဆောင်မနေနဲ့ 
ရှင့်အေးဆေးမှုကြီးက
မသိရင် အရမ်းကြီးမား လေးနက်တဲ့ တာဝန်တစ်ရပ်ကို ကျေပွန်အောင် ထမ်းဆောင်ပြီးလို့ စိတ်အေးလက်အေးနားနားနေနေနေတဲ့ပုံ

ရှင့်ရည်းစားက ရှင့်ကို စိတ်နာတယ်လို့ ပြောပြီး ခေါက်ထားလည်း ရှင်က သာမန်ပဲ အရေးပေါ် လုပ်စရာတွေကိုထားပြီး
အခြားအိမ်က ခိုးဝင်လာတဲ့ ကြောင်တစ်ကောင်ကို 
မီးဖိုထဲဝင်မလာအောင် စောင့်ဆိုင်း
ချောင်းမြောင်း မောင်းထုတ်နေစရာလား

ရှင့်မိဘတွေ အသည်းအသန် Covid ဖြစ်နေချိန်မှာတောင် 
ရှင်က ခြေထောက်ထက် အဆမတန်သေးတဲ့ ဖိနပ်တစ်ရံကို စီး
ခြံဝန်းတစ်ခုရဲ့ကွန်ကရစ် ကြမ်းပြင်ပေါ် 
သရက်သီး အမှည့် အကွဲအပြဲတွေကို 
လိုက်လိုက်ကောက်ပြီး ခြင်းကြီးထဲ ထည့်ဖို့ သွားလွှင့်ဖို့ပဲ ရှင်နားလည်တယ်

စိတ်ပျက်စရာ မွှားကောင်တွေ
စိတ်ပျက်စရာ မွှားကောင်တွေ အပြင်
အခြား ​ရှင်နားလည်နိုင်တာ ဘာရှိလဲ။

အမှိုက်သိမ်းလှည်းရဲ့ ခေါင်းလောင်းသံကို အကြာကြီး ထိုင်စောင့်
အသံစကြားတာနဲ့ ဟေး ဟိုမှာ
ဘာထူးခြားဖြစ်စဉ် မရှိတဲ့ နေ့တစ်နေ့ ထပ်ရောက်လာပြန်ပြီလို့
ထအော်မယ်။ အဲ့ဒီနေ့ ညနေမှာတင် ရှင့်ဆိုင်ကယ် ရိုက်အလုခံထားရတာတောင် 
ရှင်ကတော့ ထအော်တာပဲ။

ရှင်ဘယ်လိုလူလဲလို့မေးလိုက်တိုင်း
ငါက တကယ်ဖြစ်နေတာတွေထက် နည်းနည်းလေး ပိုပြောတတ်တဲ့သူပေါ့တဲ့။ ရှင်ဟာ တကယ်လည်း
ကိုယ့် သွေးပေါင်နှုန်းကိုတောင် ပိုပြောတတ်သူပဲ။ 
ယုံကြည်စိတ်ချဖို့ မကောင်းတဲ့လူ။

ရှင်ဟာလေ ရှင့်ဦးခေါင်းကို နူးညံ့ အိစက်သွားအောင် ရိုက်ခံခဲ့ရရင်တောင်
ရှင် အလွန်ဆုံး စိုးရိမ်မှာ ရှင့်မျက်နှာချင်းဆိုင်ကလာတဲ့
အမြင့်ဘောတွေကို ရှင်းမထုတ်ပစ်နိုင်မှာပဲ

ရှင့်လက်သည်းခွံတွေကို ရေနွေးနဲ့စိမ်ပြီး ခွာပစ်လိုက်ကြရင်တောင်
ရှင်ကြောက်တာ ရှင့် right hand technique တွေကိုထိခိုက်မှာပဲ။ ရှင်ဘာကိုလေးလေးနက်နက်တွေးလဲ။
ရှင့် စောက်ဟာသတွေ တော်။
***

စားပွဲခုံရဲ့ လျှို့ဝှက်ချက်

စားပွဲခုံတစ်လုံးဟာ လိုတာထက်ပိုပြီး စကားတွေ စတင် ပြောဆိုလာပြီဆိုရင် အဲ့ဒါ သူ့ခြေထောက်တွေမှာ ပြဿနာ ရှိနေလို့။ သူ့ဆီကနောက်ထပ် ဘာအသံမှ ထပ်မကြားရတော့ဘူး ဆိုရင်တော့ သူ့ကို စားပွဲခုံလို့တောင်ခေါ်လို့မရတော့ဘူး။
အဲ့ဒီ အချိန်မှာပဲ နာမ်တစ်လုံး အနေနဲ့ သူ့လုပ်ငန်းဆောင်တာနဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေအားလုံး လုံးဝ ရပ်ဆိုင်းသွားတော့တယ်။

ဘဝမှာ အနည်းဆုံးတော့ ပြတင်းပေါက်တစ်ခု
ပိုင်ဆိုင်သင့်တယ်။ ဘေးအိမ်ခေါင်မိုးတွေ အပေါ် လျှောက်ပြေးနေတဲ့ ကြွက်တွေကို ညစဉ် ကြည့်ရှု့ဖို့ ပြီးတော့ လုံးဝ မလွတ်မြောက်တော့ဘူးလို့ ယုံမိသွားရင် ထွက်ပြေးဖို့ပေါ့။ ရောင်စုံကြွက်တွေဟာ အရောင်းမှိုင်းအထပ်သားပြား နံရံကြီးထဲက
တစ်ဆင့် ပါးစပ်ထဲဝင်သွား​​​​ပြီး
စကားသံဖြစ် အစိတ်ပိုင်းတွေကို ထိန်းချုပ်လိုက်တယ်။ လည်ပင်းထဲက ကုပ်ခြစ်ပြီး တတ်လာတဲ့စကားလုံးတွေကိုဖျက်ဆီးပစ်တယ်။ အဓိပ္ပာယ် ပြောင်းတယ်။ အထိန်းကွပ်မဲ့အောင် လုပ်တယ်။ မျက်နှာကြက်ဟာ သိပ်မကြာခင် ပျောက်ကွယ်သွားတော့မယ့်
အရာလိုမျိုး တဖြည်းဖြည်း မှုန်ဝါးလာနေသလို တဖြည်းဖြည်း
မှုန်ဝါးလာနေတယ်။

ခရစ်စမတ်နေ့မနက်မှာ ငါ နိုးလာတယ်။ ခြေထောက်တစ်ခုလုံး နှင်းတွေ စိုရွှဲလို့။ နောက်တစ်နေ့ကျတော့ လမ်းမတော်သံစျေးမှာ ငါ့ကောင်မလေးက ရှင် မပြန်သေးဘူးလားလို့ လှမ်းမေးတယ်။ ထိစမ်းဖို့ ကြိုးစားလိုက်စဉ်မှာပဲ
သူမရဲ့အစိတ်အပိုင်းတွေ ငါ့လက်ထဲ အရည်ပျော်ကျလာတယ်။ ဒါက ငါအကြိုက်ဆုံး အကွက်ပဲ။
တဖြည်းဖြည်း အရည် အခြေနေ ဖြစ်လာတဲ့ ကောင်မလေးက ငါ့ရဲ့ အစိုင်ခဲဘဝကို စိတ်လာကောက်တယ်။ ငါ့ကိုမစီးဆင်းချင်တဲ့သူလို့ စွပ်စွဲတယ်။
“ကဲ ဒီတော့ပြော ရှင်က ဘာဖြစ်ချင်နေတာလဲ. . .”
“မသိတော့ဘူးကွာ . . .ဒီထက်ပိုကြီးတာ တစ်ခုခုပေါ့ ”
သူမက ချက်ချင်းပဲ အငွေ့ ဖြစ်သွားတယ်။ ငါ့ကို တော်တော်စိတ်ဆိုးပြီး
တိုက်ခေါင်မိုးတွေ ကျော်တဲ့အထိ အမြင့်ကြီး ပျံတတ်သွားတယ်။
ထိစမ်းမရသူတွေနဲ့ ဘယ်လို စကားပြောရမလဲ ငါမသိဘူး။
ဒါပေမယ့် ငါက မစီးဆင်းချင်တဲ့သူ ဖြစ်ရုံတင် မကပဲ ပျံဖို့ ကြောက်နေတဲ့သူပါ ဖြစ်တယ်ဆိုတာတော့ သူမကို မသိစေချင်ဘူး။
***