ကိုဝှီးရဲ့ ကဗျာသုံးပုဒ်

ကိုဝှီး ကဗျာသုံးပုဒ်က "တောကြီးမျက်မည်းထဲက အနက်ရောင်ဦးထုပ်များ" စာအုပ်ထဲက ကဗျာတွေနဲ့ နည်းနည်း ခြားနားသွားပါပြီ။ ဒေါသ ပြင်းပြင်း၊ အသံ ထင်းထင်းဟန် ကတော့ ပိုမို တိကျလာပါတယ်။ ကိုဝှီးရဲ့ထပ်တလဲလဲ တရစပ် အသံတွေက ကျနော်တို့ ကိုယ်တွင်း ပဋိပက္ခကို သတိပြုမိစေပါတယ်။


သစ်ပင်ဂျွန်နီ

သစ်ရွက်ကနေ အသံထွက်လာတာ သိမ်မွေ့ပါတယ်လို့ ဂျွန်နီဟာရိုးက အင်တာဗျူး တစ်ခုမှာ ပြောသွားတယ်။
လျှာထိပ်ဖျားနဲ့ နှုတ်ခမ်းကနေ ဖြေးဖြေးလေး ထွက်လာတဲ့ လေတွေကနူးညံ့တဲ့ သစ်ရွက်ပေါ်ကို ဖြတ်ပြေးသွားတာတဲ့၊
သေချာတော့ ရှင်းပြဖို့ မလွယ်သေးဘူးလို့ ဆက်ပြောပါသေးတယ်။

(ဂျွန်နီ့အပြော)

ကျနော်က အပင်ကို ကိုးကွယ်သူတစ်ယောက်ပါ။ နောက်ပြီး အပင်တွေနဲ့ လိင် ဆက်ဆံဖော် ဖြစ်ပါသေးတယ်။ တစ်ပင်တည်း ထီးထီးကြီး ရှိနေတဲ့ အပင်က လိင်ဆက်ဆံလို့ အကောင်းဆုံးပဲ ဆိုတာ ကျနော် ဝန်ခံပါတယ်။ 

အကောင်တွေနဲ့ ပတ်သတ်လို့ကတော့ ကျနော် သိပ်မသေချာဘူး။ အနားမှာ သူတို့ ရှိနေတာကိုတော့ ကျနော်ခံစားမိတယ်။ ဒါပေမယ့် ကျနော် သူတို့ကိုမမြင်ဘူး။ ချောင်းမြောင်း စောင့်ကြည့် ခံနေရတယ်လို့လဲ မခံစားမိဘူး။ သေချာတာတစ်ခုက သူတို့အားလုံး ကျနော့် စိတ်ထဲက အကန့်တစ်ခုမှာပဲ နေကြတာပါ။

ကျနော်က အပင်တွေဆီကနေ ပို့ချမှုခံယူသူပါ။ ၇ မီတာ အမြင့်ကနေ အလွတ် ခုန်ဆင်းဖို့ လတ်တလော လေ့ကျင့် နေပါတယ်။  ဒါက ခက်ခဲနေတဲ့ အပိုင်းပါ။ အသေအချာ ပြင်ဆင်ပြီး ခုန်မယ့် ဆဲဆဲမှာပဲ သစ်ရွက် တစ်ရွက် မဟုတ်ဘူး ဆိုတာကို အပြင်းအထန် သတိပေးမှု ခံနေရတယ်။ စိတ်ပျက်စရာ ဝေဝါးမှု တစ်ခုပါပဲ။

ထူးခြားတဲ့ ကိစ္စတစ်ခုဆို ကျနော်ရဲ့ ပြတ်သားမှုကြောင့် သစ်ပင်တစ်ပင်ပါလို့ အခိုင်အမာပြောနေတဲ့ မိန်းကလေးကို နှင်လွှတ်နိုင်ခဲ့တယ်။ သူမရဲ့ သစ်မြစ်တွေလို ဖြစ်နေတဲ့ လက်တွေဟာ လုပ်ကြံထားတာဖြစ်ပြီး အခြေအမြစ် မရှိဘူးဆိုတာ ကျနော် သိနေခဲ့တယ်။ ဒါတောင် သူမကခြေချောင်းတွေကို သစ်မြစ်တွေလို မြေကြီးမှာ တွယ်စိုက်ပြသေးတယ်။ အတော်ပိရိတဲ့ လိမ်လည်ခြင်းကို ကောင်းကောင်း တတ်ကျွမ်းထားသူပဲ။ ရုတ်တရက် လှစ်ဟာပြလိုက်တဲ့ သူမ ခန္ဓာကိုယ်မှာဆို အပွေးတွေ အထပ်ထပ်နဲ့ အကျည်းတန်မှုကို တွေ့မြင် ရတယ်။ သစ်ပင်တွေလို စင်းလုံးချော လှပမှုတွေမှ မရှိပဲ။ ဒါတောင်သူမက နောက်ဆုံးချိန်ထိကိုပဲ သူမရဲ့ ပင်စည်နေရာက အဖုအထစ်တွေကို ကိုင်တွယ်ကြည့်ဖို့ အတင်း ပြောနေသေးတယ်။
***

ဖိုးဖိုးကျောက်တိုင်

ကျနော် ပစ်လိုက်တဲ့ မြားဟာ ဖိုးဖိုးရဲ့ ပြောင်နေတဲ့ နဖူးကို ထိသွားတယ် ထင်လိုက်ပေမယ့် တကယ်က နဖူးမှာ ပြေးနေတဲ့ ဝက်ကို ထိသွားတာ၊ နာကျင်မှုကြောင့် ဝက်ဟာ ဖိုးဖိုးရဲ့ ဆံပင်တွေကြား လျှောက်ပြေးနေတယ်။  ဝက်ရဲ့ တဂွီးဂွီး အော်သံကြောင့် ဖိုးဖိုး ချောင်းဆိုးတယ်။ လည်ချောင်းတစ်လျှောက် တီကောင်တွေ တွားတက်လာပြီး ဆီလို ပျစ်ပျစ်တွေ အန်တယ်။ နောက် ဖိုးဖိုး ဖျားတယ်။ ပြန်ကောင်းလာပြီး နောက်ပိုင်း ဖိုးဖိုးရဲ့ လိင်စိတ်တွေဟာ သူ့အသက် ၃၀အရွယ် ကလို ပြန်သန်မာလာတယ်။ သူ့နဖူးပေါ်က ဝက်ကို သူကိုယ်တိုင် ဖမ်းချုပ်ပြီး လိင်ဆက်ဆံတယ်။ မာကျောနေတဲ့ သူ့လိင်တံဟာ ကြယ်တွေကို တစ်လုံးချင်း ဖြုတ်ချနိုင်လောက်အောင် အားကောင်းနေတော့ သူ့ကိုယ်သူ လန့်လာတယ်။ နေ့ခင်းနေ့လယ် အိပ်နေတုန်း အခြားသူတွေ လာခိုးမှာ သူစိုးရိမ်တယ်။ သေသွားတဲ့ မိန်းမဖြစ်သူသာရှိရင် သိပ်ဝမ်းသာမှာ ဆိုပြီး သူ ဝမ်းနည်းသွားတယ်။ သူသေသွားရင်တောင် သူ့လိင်တံဟာ ဒီအတိုင်းရှိနေဦးမှာလို့ သူတွေးမိတယ်။ ဒီအတွက် သူတခုခု လုပ်ချင်တယ်လို့ ကျနော့်ကိုပြောတယ်။ မြားလုပ်ချင်တဲ့ ကျနော့် အစီအစဉ်ကိုတော့ သူ သဘောမကျဘူး။ မြို့လယ်ကောင်လို နေရာ မြေကွက်လပ်မှာ ပတ်လက်မြုပ်ရင် ဘယ်လိုလဲလို့ သူမေးတယ်။ မြေကြီးပေါ်မှာ ဒေါင်လိုက် ဖိုးဖိုး ဟာကြီး ထွက်နေမှာပေါ့လို့ ကျနော်ပြောတော့ သူကအထိမ်းအမှတ် ကျောက်တိုင်နဲ့ မှားနိုင်တယ် ဆိုပြီး ရီနေသေးတယ်။
***

အစက်တွေဘယ်ကလာတယ်ဆိုတာ ..

ရောင်စုံမှန်ပြောင်း အတွင်းထဲမှာ ကောင်မလေးရှိတယ်။ ပြဿနာက တံခါးအပြင်ဘက်မှာ သူမသိတဲ့လူစိမ်းတွေ ရောက်နေတာပဲ။ သူတို့က ခရစ်စတင်း မင်းက စတော်ဘယ်ရီမလေး ခရစ်စတင်း မင်းက ငှက်ပျောသီးအမျိုးအစားခွဲမလေး မင်းမှာ မှတ်ဉာဏ်တွေ လော့ဖြစ်သွားတဲ့ ရောဂါရှိတယ် ဆိုပြီး လှမ်းအော်ပြောနေတယ်။ 

မှန်ပြောင်းထဲကို သူ ဝင်လိုက်တော့ နင်က ခရမ်းရောင်လိပ်လား ဆိုပြီး ပထမမိန်းမလျာကမေးတယ်။ နောက်မိန်းမလျာကတော့ နင်က အစိတ်စိတ် ပြိုကွဲနေတဲ့ မြေပဲလားလို့ ထပ်မေးတယ်။ ဖွင့်ထားတဲ့ သီချင်းက siouxsie and the banshees ရဲ့အစ္စရေးသီချင်း။ မိုးက မရွာဘူး ဆိုတဲ့နေရာမှာ ဒရမ်သံက ချော်သွားသလိုပဲ။ ဒါပေမယ့် သူက ဘာမှမကြားဘူး။ ပျော်ရွှင်စေတဲ့ တစ်နာရီဆိုတဲ့ စာသားတွေက သူအပေါ် စီးကျနေတာ၊ နောက်ဖရိုဖရဲ ဖြစ်နေတဲ့ ချိုင်းမွှေးတွေကောပဲ။ သူ့ကိုညို့လိုက်တာက မှိုင်တွေကျမှု၊ ပြင်းပြတဲ့ဆန္ဒ ဆိုရင်တော့ စိတ်ကျရောဂါပဲ။ ကောင်မလေးကမိချောင်းမပါ၊ လျှာရှည်တဲ့ လူ့အဖွဲအစည်းအတွင်းကလာတာ၊ ဒါပေမယ့်
ဓာတ်တိုင် နှစ်တိုင်အကျော်လောက်ရောက်တော့ သူ့မှာမျက်လုံးတွေ မရှိတော့ဘူး။

သူ့မှာမျက်လုံးတွေ မရှိတော့ဘူး။ 
သူ့မှာမျက်လုံးတွေ မရှိတော့ဘူးလို့ အော်နေပုံက တကယ့် မျက်လုံးတွေ မရှိတဲ့ လူတစ်ယောက်လိုပဲ။ မျက်ဆံအမဲနေရာမှာ ဖန်လုံးလိုဖြစ်နေတယ်။
အဖြူရောင်အဖတ်လေးတွေ လွင့်နေတယ်။ နောက် ဖန်လုံးအစစ် ကတော့ စားပွဲပေါ်က အမ်ကွန်ပါဘူးရဲ့ သုံးနာရီ ၁၅ မိနစ် နေရာမှာပါ။ ကောင်မလေးက သေချာတော့ မမြင်ရဘူး။ ဒါပေမယ့် လှမ်းယူ နိုင်ခဲ့တယ်။
ပြီးတော့ အထဲက နှစ်ဖက်ထောက်ချွန်ကို ထုတ်လိုက်တယ်။ ပြီးတော့ တစ်လက်မ အစက် စကေးလေးတွေ သူ့ခန္ဓာကိုယ်အနှံ့လိုက်ချလိုက်တယ်။
အနီစက်သေးသေးလေးတွေ ....
***