စာပေ နှင့် ဟာသ - စိုးလူထက်

စိုးလူထက်

ယနေ့ အောက်တိုဘာလ ၁၅ ရက်မှာ အီတလီ စာရေးဆရာ ကယ်ဗီနို မွေးနေ့ ကျရောက်နေပါတယ်။ ကယ်ဗီနိုဟာ ဆန်းကြယ်တဲ့ ပုံပြင်ဆန်ဆန် အရေးအသားတွေကြောင့် နှစ်ဆယ်ရာစုရဲ့ အရေးအကြီးဆုံး အီတလီ စာရေးဆရာ ဖြစ်လာပါတယ်။ သူ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် "Definitions of Territories: Comedy" ဆောင်းပါးကို စိုးလူထက်က ပြန်ထားပါတယ်။

စာပေထဲက “ရယ်မောစရာ” အစိတ်အပိုင်းက ကျွန်တော့်အတွက် တော်တော် အရေးကြီးတယ်။ ဒါပေမယ့် အများစု နှစ်သက်ကြတဲ့ သရော်စာ လုပ်နည်းကိုင်နည်းတော့ မဟုတ်ဘူး။

သရော်စာမှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုက စာရိတ္တပြုပြင်ရေး ဖြစ်ပြီး နောက်အစိတ်အပိုင်း တစ်ခုကတော့ ပြက်ရယ်ပြုတာပါ။ ကျွန်တော့်အတွက် ဒီအစိတ်အပိုင်း နှစ်ခုစလုံး စိမ်းနေဖို့ လိုတယ်။ တခြားသူတွေမှာ အခုလို တစ်စိတ်တစ်ပိုင်း ပါလာတာ ကျွန်တော် မနှစ်သက်ဘူး။ စာရိတ္တပြုပြင်ရေးသမား အဖြစ် ကပြသူတိုင်းဟာ အားလုံးထက် သာတယ်လို့ ထင်ကြတယ်။ ပြက်ရယ်ပြုသူကလည်း ကိုယ့်ကိုယ်ကို အတော်ဆုံး ထင်ကြတယ်။ အနည်းဆုံးတော့ အဲဒီလူတွေအတွက် ကိစ္စတွေဟာ ထင်ထားသလို ရိုးရှင်းတယ်လို့ ယုံကြည်ကြတာပဲ။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် သရော်စာက မေးခွန်းထုတ်တာ၊ စူးစမ်းလေ့လာတဲ့ အမူအကျင့်တွေ ဖယ်ထုတ်ထားတယ်။ အခြားတစ်ဖက်မှာလည်း အကောင်း၊ အဆိုး ဒွန်တွဲနေတဲ့ ကိစ္စကို ဖယ်ထုတ်မထားဘူး။ အကောင်း၊ အဆိုးဒွန်တွဲမှုဟာ ဆွဲဆောင်မှု ရှိသလို နှစ်မြို့စရာ မကောင်းတာနဲ့ ရောထွေးနေတယ်၊ သရော်စာရေးသူတွေဟာ လှောင်ပြောင်သရော်မယ့် အရာအပေါ် ထားရှိတဲ့ ခံစားချက်တွေ ထည့်သွင်းလိုက်ပြီး လက်ရာအပေါ် သက်ဝင်လှုပ်ရှားစေတယ်။ တကယ်လို့များ အကောင်း၊ အဆိုး ဒွန်တွဲမှုက သရော်စာကို စိတ်ပိုင်းဆိုင်ရာ နက်နဲ ကြွယ်ဝမှုဆီ ရောက်အောင် ပို့ပေးနိုင်တယ် ဆိုရင်ပေါ့၊ ဒီဖြစ်စဥ်မှာတော့ သိမ်မွေ့တဲ့ အသိပညာပေးမှု ဖြစ်မလာဘူး။ သရော်စာရေးသူ ကိုယ်တိုင် ညို့ငင်ခံရတဲ့ လောကဆီက ရရှိမယ့် အသိပညာကောင်းကို သူ့မနှစ်မြို့စိတ် ကိုယ်တိုင်က ပိတ်ပင် တားဆီးလိုက်တယ်။ ဒါ့အပြင် သူကိုယ်တိုင် တွန်းကန်နေတဲ့ လောကထဲ လိုလိုလားလား ကိုယ်တိုင် ပါဝင် ပတ်သက်ဖို့ ဖိအားပေးခံရပြန်တယ်။


ကျွန်တော်က ရယ်စရာ၊ မဲ့ရွဲ့စရာ၊ ပုံပန်းမကျတာ၊ ယုတ္တိမရှိ ပြောင်းလဲမှုတွေထဲမှာ ရှာဖွေနေတာက ဆုံးဖြတ်ချက်တိုင်း ကိုယ်စားပြုချက်တိုင်းရဲ့ ဘက်လိုက်မှု၊ ကန့်သတ်မှုတွေကနေ ရုန်းထွက်ဖို့ နည်းလမ်းပါ။ ကိစ္စတစ်ခုကို နည်းလမ်းတစ်ခုထက်ပိုပြီး ရေးသား (ပြောဆို) လို့ရတယ်။ ဘယ်သူပဲဖြစ်ဖြစ် ပြောချင်တဲ့ အရာတစ်ခုကို တိတိကျကျ ပုံဖော်နိုင်ဖို့ နည်းလမ်းတစ်ခု ရှိတယ်၊ အဲဒီအကြောင်းအရာကိုလည်း တခြားနည်းလမ်းတစ်ခုနဲ့ ပြောပြနိုင်တာလည်း အသေအချာပါပဲ။ တစ်ချိန်တည်းမှာပဲ ကမ္ဘာကြီးဟာ ဆန့်ကျင်ဘက်တွေ အပြည့်နဲ့ ကျယ်ပြော၊ ရှုပ်ထွေးတာကိုလည်း ထောက်ပြချင်ပါတယ်။ အာရီယိုစတိုရဲ့ မဲ့ရွဲ့မှု၊ ရှိတ်စပီးယား ဟာသ၊ ဆာဗန်တေး စရိုက်ကြမ်းကြမ်း ဇာတ်ကောင်၊ စတန်းရဲ့ ဟာသဉာဏ် ဒါမှမဟုတ်သေးဘဲ ကွီးနေ၊ ဂျာရီ၊ အက်ဒ်ဝပ် လီယာ၊ လူးဝစ်ကာရိုးတို့ရဲ့ စိတ်ကူးသက်သက် လက်ရာတွေ အားလုံးဟာ ကျွန်တော့်အတွက် တန်ဖိုးရှိတယ်၊ ဘာကြောင့်လဲဆိုတော့ လက်ရာတစ်ခုလုံး ကျယ်ပြောမှု အာရုံကနေ အစွဲကင်းကင်း အရာတစ်ခု ရဖို့ သူတို့က အကူအညီပေးလို့ပါပဲ။

အကြီးမြတ်ဆုံး စာရေးဆရာတွေပဲ အခုလို ရလဒ် ရသလား ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါဟာ စည်းမျဥ်းတစ်ခု ကမ္ဘာကြီးနဲ့ ထူထောင်ထားတဲ့ အထူးသီးသန့် ဆက်ဆံရေး တစ်မျိုးပါ၊ လူ့ယဥ်ကျေးမှုရဲ့ နေ့စဥ်သဘောကို ဖော်ပြနေပြီး စုံလင်ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေအပေါ်လည်း စိမ့်ဝင်နိုင်စွမ်း ရှိတယ်၊ အင်္ဂလိပ် လူ့ယဥ်ကျေးမှုထဲမှာ ဟာသဉာဏ် ဘယ်လောက်တောင် စိမ့်ဝင်နေလဲ ဆိုတာ စဉ်းစားကြည့်လိုက်ပါ။ ဒါတင်မကပဲ ဂရိ၊ လက်တင် အနုပညာ ကမ္ဘာကြီးက မသိတဲ့ အခြေခံအကျဆုံး ရှုထောင့်တွေကြောင့် စာပေဆိုင်ရာ ထေ့လုံးတွေ ကြွယ်ဝ တန်ဖိုးတက်လာဖို့ ဘယ်လောက်တောင် လုပ်ကိုင်ခဲ့သလဲဆိုတာ စဥ်းစားကြည့်လို့ ရတယ်။ ကျွန်တော်က ကမ္ဘာလောကကြီးအပေါ် ဆွတ်ပျံ့လွမ်းဆွေးစရာ အုံ့ပုန်း ခံစားချက်မျိုးထားဖို့ လုံးဝ မရည်ညွှန်းပါဘူး၊ ဟာသဥာဏ်ရှိတဲ့ စာရေးသူတိုင်းအတွက် အရေးပါဆုံး အရည်သွေးကတော့ ကိုယ်ပိုင်ထေ့လုံးထဲ ကိုယ်တိုင် ပါဝင်လိုက်ဖို့ ဆိုတဲ့ အချက်ကို ပြောချင်တာပါ။

ဒါကတော့ သရော်စာနဲ့ ပတ်သက်ပြီး ကျွန်တော့် အယူအဆ လိုလားချက်တွေပါပဲ၊ သရော်စာရေးသူ ကိုင်တွယ်တဲ့ လောကရဲ့အနုတ်သဘောဆောင်တဲ့ ဝင်ရိုးမှာပဲ အကောင်း၊ အဆိုးဒွန်တွဲပြမှု ရှိပေမယ့် သီးသန့်ကိစ္စတစ်ခုတည်းကိုပဲ အာရုံစိုက်တယ်၊ အလိုမတူ ဆန့်ကျင်နေရင်းပဲ စာရေးဆရာဟာ လူသားဆန်မှုကို ဂရုတစိုက် ဖယ်ထုတ်ထားလိုက်တယ်။ ဒါပေမယ့်လည်း ကျွန်တော်က ရည်ရွယ်ချက် အတိအကျ မရှိတဲ့ သရော်စာတွေကို လေးစား ချစ်ခင်ပါတယ်၊ အဲဒီလက်ရာမှာ အသေးအဖွဲကနေ အကျယ်ပြန့်ဆုံးကိစ္စအထိ ပါပြီး လောကတစ်ခုခုကို ကိုယ်စားပြုဖို့ မကြိုးစားဘူး။ သေချာတာက ကျွန်တော် သရော်စာကို လေးစားပါတယ်၊ ကြေကွဲစရာ ဘဝအမြင်အပေါ် အခြေစိုက်ထားတဲ့ ဆွစ်၊ ဂိုဂိုးတို့လို လက်ရာမျိုးက လူသားမျိုးနွယ် ဖြစ်စဥ်တစ်ခုလုံး ပြန်ပြောင်း ပြောပြ၊ ဆက်သွယ်ဖို့ လက်တစ်ကမ်းမှာပဲ ချန်ထားရစ်လိုက်တယ်၊ ဒေါသတကြီး လှောင်ပြောင်မှုကြောင့် အကန့်အသတ်တွေ အဆုံးစွန် ရောက်သွားတိုင်း သေးသိမ်သလိုတော့ ခံစားရတယ်။

အစ်တာလို ကယ်ဗီနိုရဲ့ The Uses of Literature စာအုပ်ထဲက  “Definitions of Territories: Comedy” ဆောင်းပါးကို ပြန်ထားတာဖြစ်တယ်။ ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီလ II Caffe (ရောမ) စာတမ်းဖတ်ပွဲတစ်ခုမှာ “ပုံပန်းမကျနမှု၊ သရော်စာ နဲ့ စာပေ” အကြောင်းအရာနဲ့ ပတ်သက်ပြီး တင်သွင်းခဲ့တဲ့ စာတမ်းလည်း ဖြစ်ပါတယ်။