သာယာမှုများရဲ့ အလွန် - အောင်မြတ်မင်း


Joy Division မှာ ၂၀ရာစုနှစ် နှောင်းပိုင်းစွန်းစတွင် နာမည်ကျော်ခဲ့သော အင်္ဂလိပ် ပို့စ်ပန့်ခ် တီးဝိုင်း ဖြစ်သည်။ နာဇီ စစ်/နိုင် အကျဉ်းစခန်းများတွင် ဖမ်းဆီးခံ ဂျုးအမျိုးသမီးများကို နာဇီစစ်သားများ၏ လိင်ဖျော်ဖြေရာဘ၀ အဖြစ် အသုံးတော်ခံရသည့် ဌာနခွဲများရှိပြီး ထိုဌာနခွဲများကို Joy Division ဟု ဗန်းစကားဖြင့် ခေါ်ဝေါ်ကြ ကြောင်း  'House of Dolls' စာအုပ်ထဲတွင် ဖော်ပြထားသည်။ အဆိုပါ ရည်ညွှန်းချက်ကို ယူပြီး အဖွဲ့နာမည်ပေး ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ဝင်တစ်ချို့က ဖွင့်ဟခဲ့ဖူးသည်။


ကျည်ဖြည့်ထားတဲ့ သေနတ်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး…။


အလောင်းကောင်ရဲ့ အသံလို ဆိုပေါက်နဲ့ ဘယ်ကျသံဟောင်းလောင်း။ လေးပင်တဲ့ ဘေ့စ်လိုင်းတွေ၊ ရစ်သမ် ဦး စားပေး ပုံပျက်ပန်းပျက် ဂစ်တာသံတွေ။ နားထောင်လိုက်တာနဲ့ ဆန်းကြယ်ပြီး အပ တစ်ခုခု မှီတည် ကိန်းဝပ်နေသလို ဂီတကို ခံစားရတယ်။ Joy Division ရဲ့ ဂီတက ကြေကွဲဖွယ် ဖြစ်တယ်။ နာကျင်ရတယ်။ ပြီးတော့ နင့်နင့်နဲနဲ ဝမ်းနည်းစရာ ကောင်းတယ်။ ဒါဟာ သွေးအေးတဲ့ ဥပေက္ခာတရား၊ ဖိအား၊ အမိုက်မှောင်၊ ကပ်ဘေး၊ ကျရှုံးမှု၊ ပြိုလဲမှု စတဲ့ အနှုတ်သဘောဆောင် ပုံရိပ်တွေကို ဖော်ကျုးလေ့ရှိတဲ့ စာသားရှင်နဲ့ ဗိုကယ်သမား Ian Curtis ကြောင့်ဖြစ်တယ်လို့ ထင်ထင်သာသာ ရှိတဲ့ အချက်ကို ထောက်ပြနိုင်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ ဂီတသံစဉ်ပိုင်းကို အများစု ရေးသားခဲ့တဲ့ Bernard Sumner နဲ့ Peter Hook တို့ရဲ့ သမာရိုးကျ မဟုတ်တဲ့ ရစ်သမ်တွေ၊ မယ်လိုဒီတွေ၊ ဒရမ် ရိုက်ခတ်သံတွေကလည်း မေ့လျော့ ထားရမယ့် အစိတ်အပိုင်းတွေ မဟုတ်ပါဘူး။

Joy Division ရဲ့ သီချင်းတွေမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ နိမိတ်ဆိုးတွေ၊ အနာဂတ် ချိတ်ပိတ်ခံထားရတဲ့ လောကအမြင်တွေ၊ သေချာရေရာမှု ပပျောက်နေပုံတွေ၊ မျှော်ငေးကြည့်စရာဆိုလို့ တစတစ မှောင်မိုက်မှိုင်းပျလာတဲ့ ရှေ့ရေးတွေ စတဲ့ အရည်အသွေး၊ အာဘော်၊ ရုပ်လွှာတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ Joy Division ပေါ်ပေါက်လာတဲ့ ကာလက ‌ခေတ်ပြောင်းခေတ်လွဲ ကွေ့ချိုးကြီး တစ်ခုထဲကို အမျှင်မပြတ်သေးတဲ့ အတိတ်တစ္ဆေတွေနဲ့ အတူ ဝင်အံ့ဆဲဆဲ အချိန် အပိုင်းအခြား တစ်ခု ဖြစ်ခဲ့ပါတယ်။ အင်္ဂလန်မှာ မာဂရက်သက်ချာ အာဏာရလာတယ်။ လူမှုဖူလုံရေး စနစ်ကို ထောက်ခံပေးထားတဲ့ အစိုးရယန္တရားတွေကို ယိုင်နဲ့သွားစေမယ့် ရေဂန်နိုမင့် စီးပွားရေးမိုဒယ်ကြီးရဲ့ ဆောင်းရာသီရှည်ကြီးက ဝင်လာတော့မယ်။ စစ်အေးကာလကြီးကလည်း မျက်ကြည်လွှာ အရည်ပျော်ကျစေလောက်တဲ့ အိပ်မက်ဆိုးတွေနဲ့ ဘ၀ပေါင်းများစွာကို မှီဝဲ စားသုံးနေတုန်းပဲ။ ဒီလို တစ်ဖက်မှာ ဝေဝါး ထွေပြားပြီး အုံ့မှိုင်းနေတဲ့ ပစ္စုပ္ပန် ။ တစ်ဖက်မှာတော့ ဗလာ ကတိတွေနဲ့ စီခြယ် အတိ ပြီးတဲ့ အနာဂတ်အတုကြီးက လင်းချင်းတောက်ပလို့။ ဒီလို အခြေအနေတွေက ပေါက်ဖွားစေလိုက်တဲ့ Joy Division ရဲ့ ၊ အထူးသဖြင့် Ian Curtis ရဲ့ အနုပညာ ပုံသဏ္ဍန်မှာ အတိတ်ဆွေး ဝေဒနာ ဆန်နေတာ မဆန်းတော့ပါဘူး။ ဒီလို ခံစားချက်နဲ့ ပက်သက်ပြီး Bernard Sumner က အခုလို ဖွင့်ဟဖူးတယ်။

“ကျုပ်တို့ နေခဲ့တဲ့နေရာမှာ အသိုက်အမြုံဆန်တဲ့ ခံစားချက်ရတယ်။ ကျုပ် ကလေးအရွယ်တုန်းက နွေရာသီအားလပ်ရက်တွေကို မှတ်မိသေးတယ်။ ညဆိုမအိပ်ဘဲ ညဉ့်နက်တဲ့အထိ ဆော့ကြတုန်း။ ည ဆယ့်နှစ်နာရီလောက်အထိ မိန်းမကြီးတွေက စကားဝိုင်းဖွဲ့ ပြောနေကြတုန်း။ ခြောက်ဆယ်ခုနှစ်တွေမှာ မြို့တော်ကောင်စီ တွေက ဒီလိုလူမှုပုံစံက ပုံမုန် မဟုတ်ဘူး၊ ပြောင်းလဲရမယ်ဆို ပြီး ဖြစ်လာကြတာနဲ့တူတယ်။ အဲဒီလို အပြောင်းအလဲတွေထဲမှာ ကျုပ်တို့ရဲ့ ရပ်ကွက်တွေလည်း ပါသွားတယ်။ ကျုပ်တို့တွေ မိုးပျံတိုက်ကြီးတွေကို ပြောင်းကြရတယ်။ အစကတော့ သိပ်ကောင်းတယ်လို့ ထင်တာပေါ့။ အခုတော့ အဲဒါက ငါးပါးမှောက်သွားတာပဲလို့ သဘောပေါက်သွားခဲ့ရတယ်။ ကျုပ်လည်း ဘ၀မှာ အချိုးအကွေ့တွေ အတော်လေး တွေ့ခဲ့ရတယ်။ ဒီတော့ Joy Division ရဲ့ ဂီတက စိတ်ဓာတ်ကျစရာ ကောင်းတယ်လို့ ပြောကြရင် အသက်နှစ်ဆယ့်နှစ်နှစ်လောက်မှာတင် ဆုံးရှုံးမှုတွေ အများကြီး ကျုပ်အနေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ပြောပြချင်ပါတယ်။ ကျုပ် နေခဲ့ဖူးတဲ့နေရာ၊ ကျုပ်ရဲ့ အပျော်ရွှင်ဆုံး အမှတ်တရတွေ ရှိတဲ့နေရာ၊ အားလုံး ပျောက်ဆုံး သွားကြတယ်။ ပြန်ရလိုက်တာ ဆိုလို့ ဓာတု စက်ရုံတွေပဲ ရှိတယ်။ အဲဒီလို အတိတ်က ပျော်ရွှင်မှုတွေကို ဘယ်တော့မှ ပြန်ရတော့မှာ မဟုတ်မှန်း ကျုပ် သဘောပေါက်ခဲ့တယ်။ ဒီတော့ အဲဒီဗလာနတ္တိ ကွက်လပ်တစ်ခု အမြဲတမ်း ရှိနေတာပေါ့။”

Joy Division ရဲ့ ဂီတက လူငယ်ဘ၀ရဲ့ အကောင်းမြင်ဝါဒ သေဆုံးခြင်း အကြောင်းပဲ လို့ Sumner က ရည်ညွှန်းတယ်။ သေကိန်းဆိုက်သွားတဲ့ လူငယ် ယဉ်ကျေးမှု အတွက် တေးသီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ ‘Decades’ရဲ့ စာသားကို နားဆင်ကြည့်တဲ့အခါ “There are the young men, the weight on their shoulders” လို့ ကြားရတယ်။ ‘New Dawn Fades’ နဲ့ “Unknown Pleasures” ဆိုတဲ့ ခေါင်းစီးတွေ ကိုယ်တိုင်က သစ္စာဖောက်ခံလိုက်ရတဲ့ လူငယ်ယဉ်ကျေးမှုကို ဖော်ညွှန်းရာ ရောက်ပါတယ်။ နေမင်း ဆိုတာ အလင်းရောင် ပေးတဲ့အတွက် အလားအလာရှိတဲ့ အနာဂတ်ကို ရောင်နီသစ် ထွန်းလင်းတယ်လို့ ပမာပြုရင် Joy Divisionရဲ့ လောကမှာတော့ အမှောင်ကွယ်နေတဲ့ ကြတ်နေကြီးရဲ့ နှလုံးခုန်သံက အတောမသတ်တော့ဘူး။

ဒီလို နတ္တိကဝါဒထဲ မျောပါ ကူးခတ်တတ်တဲ့ အသွင်လက္ခဏာကို Joy Division ကသာ မူပိုင်ယူထားတာတော့ မဟုတ်ပါဘူး။ ဒီအာဘော်က အဲဒီခေတ်ကာလအတွင်း အင်္ဂလိပ်တီးဝိုင်း တော်တော်များများမှာ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် တခြား တီးဝိုင်းတွေရဲ့ စိတ်ကျဝေဒနာအတွက် အကြောင်းပြချက်တွေ ( လိင်ဆန္ဒ မ ပြည့်၀မှု၊ မူးယစ်ဆေးဝါး၊ အရက်စွဲမှု စသဖြင့်) ရှာပြလို့ရပေမယ့် Joy Division ရဲ့ စိတ်ကျဝေဒနာနဲ့ အဆိုးမြင်ဝါဒ အတွက် အကြောင်းပြချက် မရှိသလိုပါပဲ။ သူတို့ရဲ့ ဂီတက ဘလူးစ်ဂီတရဲ့  အပြာရောင် ဝမ်းနည်းပူဆွေးမှုနဲ့ မက်တယ်ဂီတရဲ့  အနက်ရောင် စိတ်ဝေဒနာတို့ကို ကျော်လွန်ပြီး ဝမ်းမြောက်ခြင်းရော ဝမ်းနည်းခြင်းပါ မရှိတော့တဲ့ လွင်တီးခေါင်ပြင် အရပ်တစ်ပါးဆီ ဆိုက်ရောက်ခဲ့တယ်။ သူတို့ရဲ့ဝေဒနာက လူ့ဘ၀ရဲ့ တစ်စုံတစ်ရာသော အလွဲအချော် တစ်ခုကြောင့် ဖြစ်တည်လာရတဲ့ အကျိုးတရား မဟုတ်တော့ဘဲ ဖြစ်တည်မှု ကိုယ်တိုင်ရဲ့ တိမ်းချော်မှုကို ခါးသီးနေတဲ့ သတ္တဝါတစ်ကောင်ရဲ့  ဝေဒနာ ဖြစ်ပါတယ်။

လိုအင်ဆန္ဒရဲ့ တည်နေရာကို ပြတဲ့ အသံက စောဒကပါ။ ဒါပေမယ့် စောဒက အားလုံးရဲ့ အန္တိမ ပစ်မှတ်က ဖြစ်တည်မှု ကိုယ်တိုင်ပါပဲ။ စောဒကတက်နေသူမှာ ဆန္ဒရဲ့ မြွက်ဟမှု ရှိနေသေးပေမယ့် Joy Division ရဲ့ အသက် မပါတဲ့ အသံထဲမှာ စောဒကရဲ့ ဆူလောင်မှု ကိုတောင် မတွေ့ရဘဲ လူ့လောကရဲ့ အဆိုးကျော့ သံသရာ အတ္ထုပ္ပထ္တိတွေကို အပ တစ်နေရာကနေ မှာတမ်း ခြွေပြနေသံကိုပဲ ကြားရတယ်။ ဒါကြောင့် စိတ်ကျဝေဒနာဆိုတာ Joy Division အတွက် စိတ်ရဲ့ အခြေအနေ တစ်ခုတောင် မဟုတ်တော့ဘူး၊ လောကနဲ့ လူ့ဘ၀ရဲ့ သီအိုရီပဲ လို့ Mark Fisher က သုံးသပ်တယ်။ နိုင်ငံရေးသမားတွေရဲ့ မိုက်ကန်းပြီး လောဘဇောတိုက်မှုတွေ၊ စစ်ပွဲတွေရဲ့ အဓိပ္ပါယ်မဲ့ပြီး ကြမ်းကျော့မှုတွေကို ဘ၀ကိုဆန့်ကျင်တဲ့၊ လူ့လောကကို ဆန့်ကျင်တဲ့ စိတ်ညွှတ်မှုအတွက် သက်သေ အထောက်အထားတွေ အဖြစ် ဖော်ညွှန်းပြတယ်။ စိတ်ကျဝေဒနာက ဘ၀မှာ ကြုံရတဲ့ တစ်စုံတစ်ရာကြောင့် ပူဆွေးနေတာမျိုး မဟုတ်ပါဘူး။ ဖြစ်တည်မှု ကိုယ်တိုင်ကနေ ရုတ်သိမ်းပြီး နှုတ်ထွက်ဖို့ မှိန်းမောနေတဲ့ အသက်မဲ့ စိတ်ထဲက အတိတ်ဆွေးမှုက အချိန်ကာလ အတွင်းက အတိတ်ကို ဆွေးနေတာ မဟုတ်ပါဘူး။ အချိန်ကာလ မတိုင်ခင်၊ မမွေးဖွားခင်၊ အရာအားလုံး မစတင်ခင်တုန်းက ဗလာနယ်ကို ဆွေးနေတာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် Samuel Beckett ရဲ့ စကားပြေ ခေါင်းစဉ်လို “I gave up before birth” ဆိုပြီး ခုခံနေချင်ခဲ့တာပါ။ စိတ်ကျ ဝေဒနာရှင်က ပြင်ပ အရှိလောကနဲ့ တံတိုင်းခြားပြီးနေတယ်။ အဲဒီလောကမှာ ထဲထဲဝင်ဝင် မပါတော့ဘဲ ဆုတ်ခွာသွားတဲ့ အတွက် အဲဒီလောကကြီးရဲ့ ဖြစ်ပျက် အစုံစုံကို ပကတိ အမှန်အတိုင်း မြင်တွေ့နေရတယ်လို့ ထင်တယ်။ မြင်ရတဲ့အတိုင်း မကွယ်မဝှက် အမှန်တရား အကြမ်းထည်ကို တင်ပြနေတာပဲလို့ ကိုယ့်ကိုယ်ကို မြင်တယ်။ ဒါ ကြောင့် သူတို့ရဲ့ အနုပညာ ခံစားနိုင်စွမ်းက ကြမ်းရှပြီး ဗလာဆန်နေတာဖြစ်ပါတယ်။ Beckett ရဲ့ ဆောင်ပုဒ် ‘I must go on’ ဆိုတာ သူတို့အတွက်တော့ အပြုသဘောဆောင်တဲ့ ကျင့်ဝတ်တရား မဟုတ်ဘဲ လူ့ဘ၀ရဲ့ အဆုံး အစွန်သော ထိတ်လန့်စရာအခြေအနေပဲ ဖြစ်ပါတယ်။ သူတို့က လူ့ဘ၀ကို ပျော်ရွှင်ခြင်း ဥယျာဉ်လို့ မမြင်ဘဲ ပုံရိပ်ယောင်တွေနဲ့ မှုန်းခြယ်ခံထားရတဲ့ အပေါ်ယံ အသွင်တု လောကကြီးလို့ မြင်ပြီး အဲဒီ အသွင်လောကကြီးကို ထုတ်လုပ်ပေးနေတဲ့ ယန္တရားတွေကို တူးဆွ ရှာဖွေခဲ့တယ်။ အဲဒီ မြေအောက်လောကကြီးထဲမှာ ရှင်လိုဇောကို လောင်စာဆီ ဖြည့်ပေးနေတဲ့ မသေဆုံးနိုင်တဲ့ ကြောက်မက် ရွံရှာဖွယ် စိတ်စွမ်းအားကိုသာ တွေ့ခဲ့ရတယ်။ ရှောင်လွှဲလို့ မရတဲ့ ဖြစ်ပျက် အစဉ်တရားကြားထဲမှာ ပိတ်မိ တွယ်ညှိပြီး ထိန်းချုပ်လို့ မရနိုင်တဲ့ ဇီ၀အင်အားစုတွေရဲ့ ကြိုးဆွဲမှုအောက်က ရုပ်သေး သားကောင်လို ဘ၀ (Ian Curtis ရဲ့ ဝက်ရူးပြန်ရောဂါနဲ့ စင်ပေါ်က ပုံရိပ်ကို မြင်ယောင် ကြည့်လို့ရပါတယ်။) အတွက် Beckett ရဲ့ ဆောင်ပုဒ်က သေချာပေါက် ထိတ်လန့်စရာကောင်း ပါတယ်။ 

Joy Division ရဲ့ ဂီတကို အရည်အသွေး ဖော်ပြတဲ့နေရာမှာ ‘Ballardian’ ဆိုတဲ့ ဝေါဟာရလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ Ian Curtis ကို လွှမ်းမိုးခဲ့တဲ့ စာရေးဆရာတွေထဲက တစ်ယောက်ဖြစ်တဲ့ J. D. Ballard ကိုရည်ညွှန်းတဲ့ စကားလုံးပါ။ Ballard ရဲ့ ခေတ်လွန် သိပ္ပံ၀တ္ထုတွေထဲက လောကတွေကို မော်ဒန် ဒစ္စတိုးပီး ယားလို့ မှတ်ချက်ပြုထားကြတာ ရှိပါတယ်။ စုတ်ပဲ့ ခြောက်ခမ်းနေတဲ့၊ လူသားဆန်မှုတွေ ဆိတ်သုန်းကုန်တဲ့၊ အမြဲတစေ ခြောက်ခြားတုန်လှုပ်နေရတဲ့၊ နည်းပညာ နဲ့ သဘာ၀ပတ်ဝန်းကျင် လွှမ်းမိုးမှုတွေကြောင့် စိတ္တဗေဒ ပျက်ယွင်းမှုတွေရဲ့ သက်ရောက်မှုတွေကို ခံစားနေရတဲ့ စိတ်ကူးယဉ် လူ့အဖွဲ့အစည်း သို့ အခြေအနေလို့ အနက် ပြန်လို့ရပါတယ်။ ဒီအနက်ပြန်မှုမှာ တစ်ခုပဲ လိုအပ်ချက် ရှိတယ် လို့ထင်ပါတယ်။ ဖော်ပြထားတဲ့ အခြေအနေအားလုံးဟာ ‘စိတ်ကူးယဉ်’ ထားတာမဟုတ်တော့ပါဘူး။ ယနေ့ခေတ်ကာလမှာ လူသားတွေက ကမ္ဘာလုံးဆိုင်ရာ ဒစ္စတိုးပီးယား ထဲမှာ နေထိုင်နေကြရပါပြီ။ အရပ်ရပ် အနယ်နယ်မှာ ဆင်းရဲမွဲတေမှုတွေ၊ ငတ်မွတ် ခေါင်းပါးမှုတွေ၊ လူလူချင်း ညှင်းပန်းနှိပ်စက် အနိုင်ကျင့် အကြမ်းဖက်မှုတွေ၊ လက်နက် နျူကလီးယား စွမ်းအင် နဲ့ နည်းပညာ ပေါက်ကွဲမှုတွေကြောင့် နေ့စဉ်နဲ့ အမျှ စိုးရိမ် ပူပန်နေရမှုတွေ၊ သဘာ၀ ဘေးအန္တရာယ်နဲ့ ကူးစက်ရောဂါ ထူပြောလာမှုတွေနဲ့ ပျက်စီးယိုယွင်းနေကြတယ်။ ‘Decades’ ထဲက စာသားလို လူငယ်တွေက ဆန္ဒ ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ ဝန်ထုပ်ဝန်ပိုးတွေ ကျောမှာ ထမ်းပြီး လူငယ် ယဉ်ကျေးမှုတွေကို ကျောခိုင်း နေကြရတယ်။ စာသင်ကျောင်းတွေ မဖွင့်နိုင် မဆောက်နိုင်တဲ့ နိုင်ငံတော်တွေမှာ လက်နက်ရုံတွေ မှိုလို ပေါက်ပြီး အမြောက်ဆံတွေ သီးပွင့်တယ်။ အနာဂတ်တွေက ရွံနွံဗွက်အိုင်တွေထဲမှာ ကျဆုံးကုန်တယ်။ တောထဲ တောင်ထဲ လမ်းပျောက် ကုန်တယ်။ ကတ္တရာလမ်းတွေပေါ်မှာ ခြေပေါက် ခေါင်းပွင့်တွေ ဖြစ်ကုန်တယ်။ မွန်းကျပ်စွာ ပိတ်လှောင် ခံနေရတယ်။ စွန့်ခွာ ထွက်ပြေးနေရတယ်။ လူငယ် ယဉ်ကျေးမှုတွေက သေပန်းပွင့်သွားပြီလို့ မဆိုနိုင်ရင်တောင် သေအံ့မူးမူး ဖြစ်နေကြပါပြီ။ ဒီလို အချိန်၊ ဒီလိုနေရာမှာ Joy Divisionရဲ့ ဂီတထဲက စိမ့်ပျံ့လာတဲ့ ဆွဲဆောင်ဖွယ် စိတ္တဇ မန္တန်တွေ အောက်မှာ ငြိမ်ဝပ်နေချင်တဲ့အခါ မှားတယ်လို့ ဆိုချင်ကြလိမ့်မယ် မထင်ပါဘူး။ ဒီလိုအချိန်၊ ဒီလို နေရာမှာ လှပသိမ်မွေ့တဲ့ ချစ်ခြင်းတရားကတောင် လူသားတွေကို ခွာပြဲစေနိုင်တယ် မဟုတ်လား။ 

ကိုးကား - “No Longer the Pleasures: Joy Division” by Mark Fisher  

 

Joy Division ရဲ့ 'Unknown Pleasures' စီးရီးကို အောက်ပါလင့်မှာ ဝင်ရောက်နားဆင်နိုင်ပါတယ်။ 

 

 Music Link Here >> UNKNOWN PLEASURES