မြတ်ကျော်ရဲ့ ကဗျာသုံးပုဒ်
ကဗျာဆရာ မြတ်ကျော်၏ ပင်ကိုယ်ရေးကဗျာ သုံးပုဒ် ဖြစ်သည်။
တီဗီမှာ နံပါတ်တွေ ပေါ်ပေါ်လာတယ်
ငါ တီဗီကြည့်နေတုန်း နံပါတ်တစ်ခုပေါ်လာတယ်
ဂဏန်းခြောက်လုံးတွဲ
ဒီနေ့ ရက်စွဲလည်း မဟုတ်ဘူး
ငါ့ မွေးနေ့လည်း မဟုတ်ဘူး
ငါ့လက်ထဲက ပေါင်မုန့်ရဲ့ expired dateကိုတောင်
အမှိုက်ပုံးထဲမှာ ပြန်ရှာပြီး ကြည့်လိုက်သေးတယ်
မဟုတ်ဘူး
တကယ် အနှောင့်အယှက်ပဲ
ငြိမ်ငြိမ်လည်း မနေဘူး
နေရာတွေ ရွေ့ပြီး
မင်းသားကို နမ်းနေတဲ့ မင်းသမီးရဲ့ မျက်လုံးထဲ ဝင်သွားတယ်
မင်းသမီးက ယားတော့ မျက်လုံးကိုပွတ်တယ်
မင်းသားက လေနဲ့ မှုတ်ပေးလိုက်တော့
စစ်ကားထဲ ရောက်သွားတယ်
တိုက်ပွဲမှာ နေ့လားညလား မသိရတဲ့အထဲ
မွေးရပ်ကချစ်သူ ပို့လိုက်တဲ့စာမှာ နံပါတ်တွေ ကွယ်နေတော့
စစ်သားက ငိုရော
ပြီးတော့ စိတ်နာနာနဲ့ စာကို မီးရှို့
နံပါတ်တွေကတော့ အေးဆေးပဲ ဘောလုံးပွဲထဲ ရောက်သွားတယ်
ဂိုးသမားရဲ့ ထောင့်ကျဉ်းထဲ အပြင်းကန်လိုက်တဲ့ ဘောလုံးက
နံပါတ်တွေကို ထိပြီး ပြန်ထွက်လာတယ်
သည်းခံနိုင်စိတ် ကုန်သွားပြီ
ဒါတောင် သူက ဘောလုံးသမား ကျောကုန်းတွေပေါ်
လိုက်တက်နေသေးတယ်
သိန်းဂဏန်းကျောနံပါတ်နဲ့ ဘောလုံးသမားက
ဘယ်လောက် စိတ်ရှုပ်စရာကောင်းလဲ
လက်ထဲက ပေါင်မုန့်နဲ့ တီဗီကို ပစ်ပေါက်လိုက်တယ်
နံပါတ်ကိုထိပြီး ဟင်းချက်ပြိုင်ပွဲထဲ ရောက်သွားရော
ငါတားလို့ မမီလိုက်ခင်မှာပဲ ဒိုင်က ပေါင်မုန့်ကို
ယူမြည်းလိုက်တယ်
ပြီးတော့ ဆဲရော
ဟိုလူကလည်း ဒီပေါင်မုန့်ကို သူမလုပ်ထားကြောင်း အတင်းရှင်းပြ
ဒိုင်ကလည်း သူထွေးထုတ်ထားတဲ့ ပေါင်မုန့်ကို ပြန်ကောက်ပြီး
သုညကြီးပါနေတာကိုပြ
သူမသိဘဲ မြိုချလိုက်လို့ လျှောသွားရင် ဘယ်လိုလုပ်မလဲတဲ့
ငါက ကြားထဲက အားနာ
ငါ ဒါကို အာရုံစိုက်နေတုန်း ဟိုနံပါတ်တွေက လစ်သွားပြီ
ငါ တစ်လိုင်းဝင် တစ်လိုင်းထွက် ပြောင်းပြီးလိုက်ရှာရ
မိုးလေဝသ အမျိုးသမီးကလည်း သူ့မိုးရေချိန်တွေကို
ပြင်သွားလို့ ငိုနေတယ်
စီးပွားရေးလိုင်းမှာလည်း ရွှေဈေးတွေ ဒေါ်လာဈေးတွေကို
စားသွားတယ်
ဘာသာရေးလိုင်းက ဦးဇင်းကတော့ ခွင့်လွှတ်ပါတယ်တဲ့
နောက်ဆုံး သတင်းလိုင်းမှာတွေ့တော့ ဒင်းတို့က
နိုင်ငံ့ခေါင်းဆောင် မိန့်ခွန်းပြောမယ့်နောက် ရောက်နေပြီ
ငါလည်း စိတ်တိုတိုနဲ့ လက်ထဲရှိတဲ့ ရီမုတ်နဲ့ ပေါက်လိုက်တော့
တီဗီကြီးကွဲသွားပြီး
နံပါတ်တွေ ထွက်ကျလာတယ်
ငါ့အမေက နိုင်ငံ့ခေါင်းဆောင်ကို ပေါက်တယ်ထင်ပြီး
ငါ့ကိုဆဲရော
ငါလည်း ဒေါသဖြစ်ဖြစ်နဲ့ ပိုးသတ်ဆေးဗူးယူပြီး ထွက်လာတဲ့
နံပါတ်တွေကို လိုက်ဖြန်းတယ်
ဒီကောင်တွေက ရေချိုးခန်းထဲပြေးရော
ငါလိုက်သွားတော့ ဒင်းတို့က ဘေဇင်က မှန်ထဲဝင်နေတယ်
ငါက ငါ့မျက်နှာပေါ်မှာ ရောက်နေတယ် ထင်လို့ ငါ့ကိုယ်ငါ
ခြင်ဆေးတွေနဲ့ ဖြန်း
ငါ့အမေက ငါရူးသွားပြီ ထင်ပြီး ငါစားနေကျ
ပေါင်မုန့်တွေကြောင့်လို့ စွပ်စွဲ
ပြီးတော့ မီးရှို့ပစ်ဖို့ လုပ်
ငါက နံပါတ်တွေပျောက်သွားလို့ တင်းနေရတဲ့အထဲ
ငါ ကြိုက်တဲ့ ပေါင်မုန့်မီးကင်နံ့ရတော့ မျက်နှာသစ်နေရာကနေ
အမြန်ပြေးလာ
ငါ့အမေက သူ့ကို တစ်ခုခုလုပ်မယ်ထင်ပြီး ရဲစခန်းကို ဖုန်းဆက်
အဲ့မှာ နံပါတ်တွေ သူ့ဖုန်းထဲမှာ ရောက်နေပြီး FMကိုဖုန်းဝင်သွား
"ကျွန်မကို
ကျွန်မသား တစ်ခုခုလုပ်တော့မယ်"လို့ ပြောတာကနေ ပဟေဠိအဖြေမှန်သွားပြီး
တီဗီတစ်လုံး ကံစမ်းမဲပေါက်
အိမ်ကို ပိုပြီးကြီးတဲ့ တီဗီကြီးတစ်လုံး ချက်ချင်းလာပို့
ဖွင့်လိုက်တော့ ပိုကြီးတဲ့ နံပါတ်တွေပေါ်လာ
ပြီးတော့ ငါ့ကို ပိုစိတ်ရှုပ်အောင် နေရာပေါင်းစုံ
လျှောက်ရွေ့ပြ
***
မင်းမိဘတွေက မင်းတက်ချင်တဲ့ တက္ကသိုလ်ကို ပေးမတက်ရင်
၁။ ခေါင်းလျှော်နေတုန်း ဆပ်ပြာမြှုပ်တွေနဲ့ ဆံပင်ကို အလယ်ခွဲပါ။ တံတားပေါ်မှာ ဆန္ဒပြနေတဲ့ အပေါ်ပိုင်းအဝတ်ဗလာ အမျိုးသမီးဝါဒီတစ်ယောက်ဆီက ဖုန်းနံပါတ်တောင်းပါ။
***
Seoul Myanmar လှည်းတန်းဆိုင်ခွဲအတွက် အချစ်ကဗျာ တစ်ပုဒ်(ကိုဆစ်ခ်၊ ကိုလတ်လွန်း၊ ကိုပိုင်ဉာဏ် နှင့် ကိုဏေသစ် သို့)
သင့်ချစ်သူခေါ်လာလို့သာ လိုက်လာရပြီး ဘာစားရမှန်းမသိသော ယောကျ်ားလေးများ ဤအညွန်းကို ဖတ်ရှုပါ။
ခေတ်ပြိုင်ဆိုတာ လေးဆယ့်ငါးမိနစ် တစ်နာရီ စောင့်ဆိုင်းတာ
အချစ်ဆိုတာ တစ်ယောက်မစားတဲ့ အသီးအရွက်ကို တစ်ယောက်က ယူစားပေးတာ
ကဗျာဆိုတာ ပါလာတဲ့ ပိုးကောင်လေးကို တူနဲ့ဆယ်ပြီး တစ်ရှူးစပေါ်တင်တာ
ကျောက်တော်ကြီးဘုရားဆိုတာ အတူသွားတဲ့ ချစ်သူတိုင်းဝေးသွားတာ
မွေးနေ့ကုသိုလ်ဆိုတာ ခြင်းထဲက ပါလာတဲ့ စာကလေးကို စာကလေးသည်ရဲ့ လက်နဲ့အတူ ဆုပ်ကိုင်မိချိန်မှာ မိသားစု အငွေ့အသက်ကို ခံစားမိတာ
ကန်ဘောင်ဆိုတာ ဘယ်နှယောက် အတူစောင့်ကြည့်ကြည့် သက်တံ့ဟာ 2D အဆင့်ပဲ ရှိသေးတာ
သိင်္ဂုတ္တရပန်းခြံဆိုတာ ထီးတွေနဲ့ကွယ်ထားလည်း ရွှေတိဂုံဘုရားကြီးကို မြင်နေရတာ
ရန်ကုန်တိရိစ္ဆာန်ရုံဆိုတာ ထီးနဲ့ ထိုးလို့မရတာ၊ သံတိုင်ကြား လက်မလျှိုရတာ၊ ခြံစည်းရိုး မကျော်ရတာ၊ အပြင်စာ မကျွေးရတာ
နက္ခတ်တာရာ ပြခန်းဆိုတာ လေ့လာရေးခရီးထွက်လာတဲ့ ကလေးတွေ လက်တန်းပေါ်က ဖုန်တွေနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်လိုက်သုတ်တာ
ဒဂုံစင်တာဖီးနစ်ငှက်ကြီးဆိုတာ မှန်ကွဲစပုံထဲကနေ နိုးထလာတာ
သွေးလွန်တုပ်ကွေးဆိုတာ ဂိမ်းဆိုင်က ခြင်ကြားကိုက်လို့ ဖြစ်တာ
ခြံနံပါတ်၄ ဆိုတာ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပြီး အသံမကြားရတာ၊ မမှတ်မိတာ
ဆယ်ကျော်သက်အချစ်ဆိုတာ Junction မော်တင်မှာ ရုပ်ရှင်ကြည့်ရင် မြဲတာ
အင်းစိန်ဆိုတာ ပင့်ကူအိမ်ပုံရှိပြီး ရောက်ဖူးလိမ့်မယ်လို့ မထင်ခဲ့တာ
ဆိုရင်တော့ လူတိုင်းဟာ ကားတံခါးဖွင့်ပြီး အန်လိုက်တဲ့ ခဏကိုပဲ မှတ်မိကြမယ် ထင်တယ်။ ကိုယ်ခံအား မကောင်းတဲ့သူတိုင်း ပျော့ညံ့မှုတွေကို ရန်ကုန်က အန်ခိုင်းမှာ။ ရန်ကုန်ရဲ့ အပြာကားများမှာ လူငယ်တွေ ကျောချင်းကပ် ထိုင်ရတာ။ လုံခြုံရေး ဝန်ထမ်းပေါင်း များစွာလည်း ငါ့ကို တွဲခေါ်ဖူးပါတယ်။ ရုပ်ရှင်ရုံရဲ့ နောက်ဆုံးခုံများမှာလည်း ပိုးဟပ်တွေ နဲ့ထိုင်ရဖူးတယ်။ ရေမကျတဲ့ ခုံကိုလည်း ရွေ့ရဖူးတယ်။ ရွက်လှ လက်ဖက်ရည်ဆိုင်ကို လှည်းတန်းရဲ့ မက္ကဆီကို လို့ ငါခေါ်တယ်။ ငယ်ငယ်က စက်ဘီးနင်းထဖူးတဲ့ လမ်းကြားတိုင်းမှာ အခု ဆေးလိပ်မီး။ ငယ်ငယ်က တတ်ခဲ့တဲ့ သင်တန်းနေရာမှာ အခုစားသောက်ဆိုင်။ ပျော်စရာမြကျွန်းသာရဲ့ သံချေးနံ့ကိုလည်း စီးခဲ့ဖူးပြီ။ ဒဏ်ရာ မြကျွန်းသာရဲ့ မိုးကိုလည်း တစ်ယောက်တည်း ခိုခဲ့ဖူးပြီ။ ဗိုလ်မှူးကြီး မြကျွန်းသာနဲ့ အထက်တန်း ကျောင်းအုပ်ကြီး ဒေါ်စိန်ဂေဟာရဲ့ သမီးကိုလည်း မတန်မရာ နမ်းခဲ့ဖူးပါပြီ။ အကြံပေးချင်တာကတော့ ရေကျော်ပွဲဈေးက ချားတစ်ခုခုမှာ မင်းသဘောကျတဲ့ အရုပ်လေးများတွေ့ရင် ချက်ချင်းသွားပြီး စီးလိုက်ပါ။ မဟုတ်ရင် အသက်တွေ ကြီးမှ ပိုက်ဆံတွေ အများကြီးသုံးပြီး အဲ့ချားအရုပ်လေးကို မင်းမိသားစုက လိုက်ရှာနေရလိမ့်မယ်။ ရန်ကုန်မှာ ရုံတင်ကား ကောင်းလေ ကြွက်ကြီးလေပဲ။ ရန်ကုန်မှာ မင်း သိပ်ချစ်ရသူရဲ့ ထီးကို တစ်စုံတစ်ယောက် မှားပြီး ယူသွားရတဲ့အခါ ရန်ကုန်မှာ မင်းပဲ ဝမ်းနည်းမယ်။
သံသယနဲ့ ခေါက်ဆွဲဖတ်ကို စားတယ်၊
မှတ်ဉာဏ်နဲ့ အရည်ထဲက နောက်ဆုံး အရိုးကို ဆယ်ယူတယ်။
***