စည်သူမိုးရဲ့ ကဗျာ နှစ်ပုဒ်



ငါ့အိမ်ခေါင်မိုးပေါ် ပြုတ်ကျလာတဲ့ ရှုးဖိနပ်‌တွေ


ညကြီးသန်းခေါင်လောက် ငါ့အိပ်ယာထဲမှာ မြင်းဟီသံကို ပီပီသသကြီး ကြားလိုက်ရတယ်။
ဒါနဲ့ပဲ အိမ်ရှေ့ ထွက်ကြည့်တော့ တစ်ယောက်မှတောင် မရှိသေးဘူး။

ငါလည်း ပြန်အိပ်မရတဲ့ အဆုံး TV ဖွင့်ကြည့်နေတော့
နောက်ထပ် တစ်ခေါက် မြည်းဟီသံကြီး ထပ်ကြားရ။
ဒီတစ်ခါ ကြားရတာ က ငါ့ခုတင်အောက် တည့်တည့်မှာ
ငါ အရဲစွန့် ငုံကြည့်လိုက်တော့ မြင်းတစ်ကောင်က ခြေတွေလက်တွေ
တစ်ခုမှ မပါဘဲ ‌ခေါင်း လည်ပင်း နဲ့ ခန္ဓာကိုယ်ပဲ ပါတဲ့ စောက်တလွဲ မြင်းကြီး။

ငါ့ မြင်တော့မှ တစ်ကိုယ်လုံး လှုပ်ရမ်းပြီး ပိုပိုသာသာ ထပ်ထပ်ပြီး ဟီပြလို့
ငါစိတ်သိပ်မရှည်တော့ဘူး ပြီးတော့ တော်တော် ဒေါသ
ဖြစ်မိတယ်။ စောက်မြင်းကလည်း ရုပ် တော်တော်ဆိုးတယ်။
ဒါနဲ့ အဲ့ဒီ စောက်မြင်းကို ပိုက်ပြီး အိမ်ရှေ့လမ်းမပေါ် ထွက်လာ။

လမ်းမပေါ် ရောက်တာနဲ့ မြင်းကို တစ်စောင်းလှဲ ထားလိုက်တယ်။
ပြီးတော့မှ ဆက်ဟီလာထလို့ မရအောင် ငါ့ ညဝတ်အင်္ကျီကို ချွတ်ပြီး ပါးစပ်ထဲ ထိုးထည့် ထားလိုက်တယ်။

ခဏနေ လမ်းမပေါ် အပြိုင်အဆိုင် အသားကုန် မောင်းကြတော့မယ့် ကုန်တင်ကား တစ်စီးစီး ဟာ အဲ့ဒီ စောက်မြင်းကို တက်ကြိတ်သွားမှာပဲလို့ ငါစိတ်ချပြီး အိမ်ပေါ်ရောက်တာနဲ့ တန်းအိပ် ပစ်လိုက်တယ်။
တော်တော် ကြာတော့ တစ်ဝုန်းဝုန်း နဲ့ ခေါင်းမိုးပေါ်က အသံကြားရပြန်ရော
 မိုးလည်း အတန်အသင့် လင်းနေပြီ
ဒီတော့ ငါ ထပ်ထွက် ကြည့်ရပြန်တယ်။ 

ဒီတစ်ခါမှာတော့ ရူးဖိနပ်တွေ တော်တော်များများ ငါ့ အိမ်ခေါင်မိုးပေါ်ကို
ကျလာတာ တစ်ထွေးကြီး မိုးရွာချသလို ကျလာတာ။
ဘာရယ် မဟုတ် တစ်ရံလောက် ယူကြည့်လိုက်တော့
တံဆိပ်က စောနက မြင်းရုပ်ကြီး ငါမှတ်မိတာပေါ့။
ပုံထဲက မြင်းရုပ်က ငါ့ကို စိုက်ကြည့်နေ 
ငါလည်း ပြန်စိုက်ကြည့်နေ 
ခဏနေတော့ ငါ့အိမ်ထဲက မြင်းဟီသံကို ထပ်ကြားရတယ်။
ငါလည်း စိတ်ပျက်လက်ပျက်နဲ့ အိမ်ပေါ် တက်လာခဲ့တယ်။

၈.၄.၂၀၂၀

***

Talking with Microphone


လိပ်ပြာတစ်ကောင်ကို ပိုးတုန်းလုံးဘ၀ကနေစပြီး အတောင်အလက်စုံတဲ့ အထိ စိတ်ရှည်လက်ရှည် မွေးမိတယ်။ အရွယ်လည်းရောက်ရော စကားမပြောတတ်တာနဲ့ စာအုပ် အထူကြီး ကိုင်ပြီး ရိုက်သတ်ပစ်လိုက်တယ်။ အစကတော့ အိမ်မြှောင်တွေကို အစာအဖြစ်နဲ့ ကျွေးအုံးမလို့ပဲ၊ နောက်တော့ ဒီကောင်တွေ ရုပ်ကိုကြည့်ပြီး ရွံလာတာနဲ့ မသဒ္ဒါတော့ဘူး။ ပြဿနာက လပြည့်ညမှာ လမ်းခွေးတွေ အူတာ ကြားရပြီး တစ်ယောက်တည်း မအိပ်ရဲတာကြောင့် စကားပြောတတ်တဲ့ အကောင်တစ်ကောင်ရှာပြီး အဖော်ပြုဖို့ ကြိုးစားနေရတာ။ မနက်မိုးလင်းတော့ အိမ်ကို Packing ပုံးတစ်ပုံးရောက်လာတယ် ။ အထဲမှာ Microphone တစ်လုံး နဲ့ အသံချဲ့စက်တစ်လုံးပါလာတာကိုတွေ့ရတယ် ။ အကုန်တပ်ဆင်ပြီး စမ်းကြည့်တော့ ကိုယ့်အသံကိုယ် ပြန်ကြားနေရတယ်။ နောက်ကနေ တစ်ယောက်ယောက် စကားလိုက်ပြောနေသလိုပေါ့ ။ အတော်လည်း သဘောကျသွားမိတယ် ။ ဒီလိုနဲ့ လမ်းထဲမှာ ခွေးအူသံတွေ ကြားပြီဆိုတာနဲ့ Microphone ကိုဖွင့်ပြီး စကားတွေမနားတမ်းပြောဖြစ်တယ်။ တချို့နေ့တွေဆို မိုးလင်းပေါက်ပဲ။ မောလာပြီဆို ခဏနား ရေမိုးချိုး ထမင်းစား ကော်ဖီတွေဘာတွေဖျော်ပြီး စကားစပြောတော့တာ ။ ဒါကို မကျေနပ်ကြတဲ့ အိမ်နီးချင်းတွေက ရပ်ကွက်ရုံး ကို စာတစ်တန် ပေတစ်တန် ရေးပြီး တိုင်ကြတော့တာပေါ့ ။ အဲ့ဒီတော့ ငါ့အိမ်ကို ရပ်ကွက်ရုံးရဲ့ ဆင့်ခေါ်စာတွေ ရောက်လာရော ငါလည်းပျင်းပျင်းရှိတာနဲ့ပဲ အဲ့ဒီစာတွေကို ဖင်တစ်ပြန် ခေါင်းတစ်ပြန် တစ်လုံးမှမကျန် Microphone နဲ့ ထိုင်ဖတ်နေလိုက်တယ် ။ နောက်နေ့မှာ အုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကပ်လူကြီးတွေ အိမ်ရောက်လာပြီး ငါ့ Microphone နဲ့ အသံချဲ့စက်တွေကို အတင်းဖြုတ်သိမ်းသွားတယ် ။ ရုန်းရင်ကန်ရင်းနဲ့ အများနဲ့တစ်ယောက်ဆိုတော့ ငါလည်း ဘယ်လိုမှ မခုခံနိုင် အလျှော့ပေးလိုက်ရတယ် ။ ညဘက်လည်းရောက်ရော ငါသိပ်အထီးကျန်ပြီး ကြောက်လန့်လာတော့ မတတ်နိုင်တဲ့အဆုံး ညတွင်းချင်း Night Market တစ်ခုကနေ Microphone၊ အသံချဲ့စက် နဲ့ အရိုးရှည် အသွားနှစ်ဖက်ပါ လက်ကိုင်နဲ့ ဓါးရှည်တစ်ချောင်း ရှာဝယ်လာပြီး အိမ်ပြန်ရောက်ရောက်ချင်း မှာပဲ မနက်က အိမ်ကိုလာပြီးအကြမ်းဖက်သွားတဲ့ကောင်တွေနဲ့ အိမ်နီးချင်းကောင်တွေကို အားရပါးရ စဆဲတော့တာ။ သိပ်မကြာလိုက်ဘူး တိုက်လှေကားပေါ် အုပ်စုလိုက်တက်လာပြီး ငါ့ကို အကြမ်းဖက်ဖို့ စကြိုးစားကြတော့တာ ။ ငါကလည်း မနက်ကလို ငြိမ်မခံတော့ဘူး။ နောက်ဖေးနဲ့ တခြားအိမ်တံခါးတွေ ပြူတင်းပေါက်တွေ အလုံပိတ်ထားပြီးပြီ။ အိမ်ရှေ့တံခါးမကြီး တစ်ခုကိုပဲ ဖွင့်ထားတာ ။ ပထမဆုံး အိမ်ပေါ် ပြေးတက်လာတဲ့ လေးငါးယောက်ထဲက တစ်ယောက်ကို ကိုင်ထားတဲ့ ဓါးနဲ့ အားရပါးရပြေးခုတ်ပြလိုက်ရော ။ ဒါနဲ့ပဲ နောက်ကျန်တဲ့ ကောင်တွေအကုန် ဝရုန်းသုန်းကား ပြေးဆင်းသွားကြတယ် ။ လမ်းပေါ်မှာ လူတွေ စုရုံးစုရုံးဖြစ်နေပြီး အားလုံး ငါ့အိမ်ပေါ်ထပ်ကိုမော့ကြည့်ပြီး ထိတ်လန့်စိုးရိမ်နေတဲ့ ပုံစံတွေ ဖြစ်နေကြတယ် ။ အဲ့ကျမှ ငါက လူတွေကို အကြမ်းမဖက်ဖို့ နဲ့ တစ်ပါးသူ အခွင့်အရေးကို မနှောက်ယှက်ဖို့ စတရားဟောတယ် ။ အောက်က ပရိတ်သတ်လည်း ရှိလာပြီဆိုတော့ ငါလည် းပြောရဆိုရတာ အားပါးတရ ရှိလှတယ် ။ အောက်ကလူတွေကို တရားချလိုက် အိမ်ပေါ်တက်လာတဲ့ကောင်ရှိရင် ပြေးခုတ်လိုက်နဲ့ ငါ လှေကားခြေရင်းမှာ အလောင်းတွေပုံလာရော ။ တော်တော်ကြာပြီးတော့ နည်းနည်းစိတ်ရှုပ်စပြုလာတယ် ။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဒီအလောင်းတွေကို ဘယ်အိမ်မြှောင်တွေက ကုန်အောင်စားနိုင်မှာမို့လို့လဲ ... ။

၂၃ ၊ ၆ ၊ ၂၀၂၀။
***