ကြောင်ငယ် နဲ့ နတ်ဆိုး - အောင်မြတ်မင်း

 အောင်မြတ်မင်း

ပုံ - ဂျိမ်းဂျွိက်စ် ကလေးရုပ်ပြ စာအုပ်

ဂျိမ်းဂျွိက်စ်မှာ နှစ်ဆယ်ရာစု စာပေ အထင်ကရတွေ ထဲက တစ်ဦး ဖြစ်တယ် ဆိုတဲ့ အချက်ကို အသေးစိတ် ပြောနေစရာ လိုမယ် မထင်ပါဘူး။ ၁၉၃၆ ခုနှစ်ရဲ့ ဩဂုတ်လ တစ်ရက်မှာ သူက သူ့မြေးဆီကို ကြောင်ရုပ် သကြားလုံးအထုပ်ကြီး တစ်ထုပ် နဲ့အတူ စာတစ်စောင်ကို လက်ဆောင်ပေးခဲ့ပါတယ်။ စာထဲမှာ ပြင်သစ် လူထု ပုံပြင် တစ်ပုဒ်ကို ပြင်ဆင် ရေးသားထားတဲ့ 'ကြောင်ငယ် နဲ့ နတ်ဆိုး' အမည်ရှိ ပုံပြင်တိုလေး တစ်ပုဒ် ပါဝင်ခဲ့ပါတယ်။ ပုံပြင်လေးက တိုပေမယ့် ဂျွိုက်စ်ရဲ့ ထုံးစံအတိုင်း အနက်ဝှက် တစ်ချို့က ဖွင့်ဟ ဝန်ခံဖို့ ဇာတ်လမ်းရဲ့ နောက်ကွယ်မှာ စောင့်မျှော်နေပုံ ရပါတယ်။ နက်ရှိုင်းတဲ့ စာပေ ကဝိတစ်ပါးဆီကနေ အဘိုးတစ်ယောက်ရဲ့ အရိုးရှင်းဆုံး ပေးစာလေးတစ်ပုဒ် ထွက်ပေါ်လာတဲ့ ဖြစ်အင်လေးကို ထူးခြားတယ်လို့ ခံစားရပါတယ်။ ဒီပုံပြင်ကို ၁၉၆၄ခုနှစ်မှာ ကလေးစာပေ ရုပ်ပြစာအုပ် အဖြစ်လည်း ထုတ်ဝေခဲ့ပါတယ်။



စတီဖင်ဂျွိုက်စ် သို့

ဗီလာဆာမာ
၁၀၊ ဩဂုတ်လ ၊ ၁၉၃၆ခုနှစ်

ဖိုးသားကောင်ကြီး စတီဖင်ရေ

    ကျန်ခဲ့တဲ့ ရက်တုန်းက မင်းဆီကို သကြားလုံးတွေ အပြည့်ထည့်ထားတဲ့ ကြောင်လေးတစ်ရုပ် ပို့လိုက်တယ်။ ဒါပေမယ့် ဘိုဂျန်ဆီမြို့က ကြောင်လေးတစ်ကောင် အကြောင်း ပုံပြင်ကိုတော့ မင်း ကြားဖူးသေးမှာ မဟုတ်ဘူး။

    ဘိုဂျန်ဆီမြို့က လိုရေးမြစ် ကမ်းပါးပေါ် မေးတင် တည်နေတဲ့ မြို့ဟောင်းငယ်လေးပါ။ လိုရေးမြစ် ဆိုတာ ပြင်သစ်ပြည်ကြီးရဲ့ အရှည်လျားဆုံး မြစ်ကြီးပေါ့။ ပြင်သစ်ပြည် အနေနဲ့ဆို တော်တော်လည်း ဗျက်ကျယ်တဲ့ မြစ်ကြီးပဲ။ ဘိုဂျန်ဆီ မြို့ဘက်ခြမ်းမှာဆို မြစ်က ကျယ်လွန်းလို့ ဟိုဘက်ကမ်း ကနေ ဒီဘက်ကမ်း ကိုဖြတ်ကူးချင်ရင် ခြေလှမ်းပေါင်း တစ်ထောင်ခရီးလောက် ရှိတယ်။ ရှေးရှေးတုန်းက ဘိုဂျန်ဆီ မြို့သူမြို့သားတွေ ခမျာ တစ်ဖက်ကမ်းကို ကူးချင်ရင် လှေသမ္ဗာန် ငှားကြရတယ်။ တံတားမှ မရှိတာကိုး။ ပြီးတော့ သူတို့ အနေနဲ့ ကိုယ့် ဘာကိုယ် မဆောက်နိုင်သလို ငှားရမ်းပြီး ဆောက်ဖို့ကိုလည်း မတတ်နိုင်ကြဘူး။ ဒီတော့လည်း သူတို့ ဘာများ တတ်နိုင်ရှာမလဲ။

    သတင်းစာ အမြဲတမ်း ဖတ်လေ့ရှိတဲ့ နတ်ဆိုးက သူတို့ရဲ့ စိတ်မကောင်းစရာ သတင်းကို တွေ့သွားတယ်။ ဒီတော့ သူက သားသားနားနား ဖြစ်အောင် ရုပ်ဖျက် ဝတ်စားပြီး မြို့သူကြီးနဲ့ တွေ့ဖို့ မြို့ကို ရောက်လာခဲ့တယ်။ မြို့သူကြီး နာမည်က မွန်စီယာ အယ်ဖရက်ဒ် ဘာနေးတဲ့။ မြို့သူကြီးကလည်း သားသားနားနား ဝတ်စားရတာကို နှစ်သက်တယ်။ သူက ကြက်သွေးရောင် ဝတ်ရုံကြီး ဆင်မြန်းပြီး ဧရာမရွှေဆွဲကြိုးတစ်ကုံးကို ဆွဲထားတတ်တယ်။ ညဘက် ဒူးခေါင်းက ပါးစပ်ထဲ ဝင်ခါနီး အထိ ကွေးနေအောင် အိပ်မောကျနေတဲ့ အချိန်မှာတောင် အဲဒီရွှေဆွဲကြိုးကြီးကို မချွတ်ဘူး တဲ့လေ။


    နတ်ဆိုးက သူ သတင်းစာထဲမှာ ဖတ်ခဲ့ရတာကို မြို့သူကြီးကို ပြောပြတယ်။ ပြီးတော့ ဘိုဂျန်ဆီ မြို့သူမြို့သားတွေ အလိုရှိတိုင်း ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးနိုင်အောင် တံတားတစ်စင်းကို သူက ဖန်တီးပေးနိုင် ကြောင်း ဆိုလိုက်တယ်။ ဒီတံတားကို ရှိရှိသမျှ တံတားတို့လို ကောင်းကောင်းမွန်မွန်နဲ့ ညတွင်းချင်းအပြီး ဆောက်ပေးနိုင်တယ်လို့ နတ်ဆိုးက ပြောပြတယ်။

    ဒီလို တံတား ဆောက်တဲ့အတွက် အခကြေးငွေ ဘယ်လောက်ပေးရမလဲ လို့မြို့သူကြီးက နတ်ဆိုးကို မေးလိုက်တယ်။ ငွေရေးကြေးရေး မလိုပါဘူး၊ သူအလိုရှိတာက အဲဒီတံတားကို ပထမဆုံး ဖြတ်ကူးမယ့်သူကို သူပိုင်ရမယ်ဆိုတဲ့ ကတိကဝတ်ပါပဲ လို့ နတ်ဆိုးက ဖြေတယ်။ ကောင်းပြီ လို့ မြို့သူကြီးက သဘောတူလိုက်တယ်။

    ညရောက်လာတော့ ဘိုဂျန်ဆီ မြို့သူမြို့သားအပေါင်းတို့လည်း အိပ်ယာဝင်ကြပေါ့။ ဒီလိုနဲ့ မနက် ရောက်တော့ မြို့သူမြို့သားတွေက သူတို့ အိမ်ပြတင်းတံခါးတွေ ကနေ တဆင့် မျှော်ကြည့် လိုက်တဲ့အခါ အို ကောင်းလိုက်တဲ့ တံတားကြီးပါလား လို့အော်ဟစ်မိသွားကြတယ်။ ဘာလို့လဲဆိုတော့ ကျယ်ပြောတဲ့မြစ်ကြီးကို ဖြတ်ပြီး ဆင်ထားတဲ့ ကျောက်ဆစ်တံတားကြီး ထည်ထည်ဝါကို တွေ့လိုက်ကြလို့လေ။

    မြို့သူမြို့သားအားလုံးက ပြေးထွက်လာကြပြီး တံတားထိပ်မှာ ရပ်လို့ တစ်ဖက်ခြမ်းကို လှမ်းကြည့်လိုက်ကြတယ်။ အဲဒီတစ်ဖက်ခြမ်းမှာ နတ်ဆိုးက မတ်တပ်ရပ်နေတာ တွေ့သွားကြတယ်။ သူက တံတားပေါ် ပထမဆုံး ဖြတ်ကူးမယ့်သူကို စောင့်နေတာလေ။ ဒါပေမယ့် နတ်ဆိုးကို ကြောက်လို့ ဘယ်သူမှ မကူးရဲကြဘူး တဲ့။ အဲဒီအချိန်မှာ ခရာသံတွေ ကြားလိုက်ရတယ်။ ဒါက မြို့သူမြို့သားအားလုံး တိတ်တိတ်နေကြဖို့ အချက်ပေးသံတွေပေါ့။ ပြီးတော့ မြို့သူကြီးက သူ့ရဲ့ ကြက်သွေးရောင် ဝတ်ရုံကြီး ဝတ်၊ ရွှေဆွဲကြိုးကြီး ဆွဲပြီး ပေါက်ချလာတယ်။ လက်တစ်ဖက်မှာ ရေတစ်ပုံး ဆွဲလာပြီး တခြားလက်တစ်ဖက်နဲ့ ကြောင်ငယ်တစ်ကောင်ကို ပိုက်ပွေ့လာ တယ်။

    မြို့သူကြီးကို မြင်တော့ နတ်ဆိုးက ကနေတာကို ရပ်လိုက်ပြီး သူ့ရဲ့ အဝေးကြည့် မှန်ပြောင်းရှည်ကြီး ထုတ်ကြည့်လိုက်တယ်။ မြို့သူမြို့သားတွေက‌ တစ်ယောက်နဲ့ တစ်ယောက် တီးတိုး စကားဆိုနေကြပြီး ကြောင်ငယ်ကတော့ မြို့သူကြီးကို မော့ကြည့်နေတယ်။ ဘိုဂျန်ဆီမြို့လေးမှာ ကြောင်တစ်ကောင်က မြို့သူကြီးကို မော်ဖူးခွင့် ရှိတယ်လေ။ မြို့သူကြီးကို မော့ကြည့်ရတာ ညောင်းလာတော့ ( ကြောင်တစ်ကောင်တောင်မှ မြို့သူကြီး တစ်ယောက်ကို ကြည့်ရတာ ညောင်းရှာတယ်လေ။) ကြောင်ငယ်က မြို့သူကြီးရဲ့ ရွှေဆွဲကြိုး လေးလေးပင်ပင် ကြီးနဲ့ ဆော့နေတော့တယ်။

    မြို့သူကြီးက တံတားထိပ်ဆီ ရောက်လာချိန်မှာ ယောကျာ်းတိုင်း အသက်အောင့်ပြီး မိန်းမတိုင်း လျှာတောင့်သွားကြတယ်။ မြို့သူကြီးက ကြောင်ငယ်ကို တံတားပေါ် ချလိုက်ပြီး လျှပ်တပြက် ဆိုသလို ရေနဲ့ လောင်းပက်လိုက်ရော။ တစ်ပုံးလုံး ကြောင်ငယ်ပေါ် လောင်းချလိုက်တာတဲ့။

    နတ်ဆိုးနဲ့ ရေပုံးအကြား ဗျာများသွားတဲ့ ကြောင်ငယ်ဟာ နောက်ဆုံးတော့ စိတ်ကို ဒုံးဒုံးချ ပိုင်းဖြတ်လိုက် ပြီး နတ်ဆိုး ရှိရာ နားရွက်တွေ ထောင်နေတဲ့အထိ တက်သုတ်ရိုက် ပြေးသွားတယ်။ နတ်ဆိုးက နတ်ဆိုး လောက်ကို အလွန် ဒေါသူပုန် ထသွားတယ်။ “xxxxxxx……” လို့ သူက တံတားတစ်ဖက်ခြမ်းကနေ လှမ်းအော် ပြောလိုက်တယ်။

    ပြီးတော့ သူက ကြောင်ငယ်ကို ပြောတယ်။ “xxxxxx……”။ အဲဒီနောက် ကြောင်ငယ်ကို ခေါ်ပြီး ထွက်သွားတာပဲတဲ့။

    အဲဒီအချိန်ကစပြီး မြို့သူမြို့သားတွေမှာ “ဘိုဂျန်ဆီမြို့က ကြောင်သူကြောင်သားများ” လို့ အမည်တွင်သွားတယ်တဲ့။

    ဒါပေမယ့် တံတားကြီးကတော့ ရှိနေတုန်းပဲ။ အဲဒီတံတားပေါ်မှာ လမ်းလျှောက်နေတဲ့၊ စက်ဘီးစီးနေတဲ့၊ ဆော့နေတဲ့ ကလေးတွေလည်း ရှိနေကြပါပြီ။

    ပုံပြင်လေးကို မင်း ကြိုက်လိမ့်မယ်လို့ ဖိုးဖိုး မျှော်လင့်ပါတယ်။

ဖိုးဖိုး

စာကြွင်း။ ။ အများအားဖြင့်တော့ နတ်ဆိုးက ‘ဘယ်လ်ဆိုင်ဘက်ဘယ်’ လို့ ခေါ်တဲ့ သူကိုယ်တိုင် တီထွင်ထားတဲ့ သူ့ရဲ့ ကိုယ်ပိုင် ဘာသာစကားနဲ့ပဲ စကားပြောလေ့ ရှိတာပါ။ ဒါပေမယ့် သူ အရမ်း စိတ်ဆိုးနေတဲ့ အချိန်မှာ ဆိုရင်တော့ တော်တော်ဆိုးဆိုး ပြင်သစ်စကားကို ရေရေလည်လည် ပြောနိုင်တယ်။ ဒါပေမယ့် သူ စကားပြောတာကို ကြားဖူးတဲ့သူတွေ ပြောတာတော့ သူက ဒဗ္ဗလင်လေသံ အလွန်ဝဲတာပဲတဲ့။

*** ဘာသာပြန်သူရဲ့မှတ်ချက် - “xxx…” က မူရင်းမှာ နတ်ဆိုးတစ်ယောက် ပြင်သစ်လို ကြိမ်းမောင်းထားတဲ့ ပြောစကားတွေ ဖြစ်လို့ အလွတ် ထားခဲ့တာ ဖြစ်ပါတယ်။