လေဟာနယ်ထဲ ပြန်လည် ဦးညွှတ်ခြင်း - ဆောင်းလူ

ဆောင်းလူ


 
မျက်စိနဲ့ မမြင်နိုင်ဘူး အန္တရာယ်ရှိသော
ငိုညည်းသံတစ်ချက်ကလေးမှ
မင်းဆီကို လာစင်တဲ့ သွေး‌တွေ
မင်းက ထာဝရအကျဉ်းသား အဲ့ဒီစစ်ပွဲတွေကို
မတော်တဆဖြစ်မှုလို့ အပြီးတိုင် ခေါ်ဝေါ်နေတယ်
စင်ရော်ငှက်တွေရဲ့ လက်/ခြေသည်းလို အဆုံးမဲ့
မင်းရဲ့ ရဲစွမ်းသတ္တိက ကြီးကြီးမားမား
အမဲဖျက်‌ပွဲ‌တွေကို ရေထဲ တုံ့နှေးသွား‌စေတယ်

အဲ့ဒီဂြိုလ်ဟာ တောင်သူလယ်သမားတွေ ပြုလုပ်ထားတဲ့
အရာ တစ်ခုခု။ ကျောက်တုံးတွေနဲ့၊
ချစ်ကျွမ်းဝင်ခဲ့တဲ့ မိန်းမတွေနဲ့၊ ပြုလုပ်ထားတဲ့ အရာ
ဘာလို့ဆို မင်းက ကျိုးကြေနေတဲ့ သတ္တုချောင်းတွေ ဖြစ်နေလို့ပဲ
ဘာလို့လဲဆိုတော့ မင်းငိုက်မျည်းနေရာက နိုးလိုက်ရင်
အဲ့ဒီ ဖိနပ် ခွာရာတွေ နှိပ်ထားတဲ့ မြေကြီးအောက်က
ဝပ်ကျင်းထဲကို မင်း ပြန်ရောက်သွားနိုင်မှာမို့လို့ပဲ

ကြီးမားတဲ့ နှာတံတွေ ပတ်ပတ်လည်မှာ မြို့ရဲ့ ‌လောကပါလနတ်ဘုရားတွေ နဲ့
မီးစွဲလောင်နေတဲ့ ခြေရာကိုနင်းသူလို
မတရားမှုကို လုပ်ဆောင်ခဲ့တဲ့ အဲ့ဒီခရီးသွားတွေဟာ
ဒီမြေတွေကို နေ့ဘက်မှာ သူတို့ပိုင်စားတယ်လို့ ထပ်ပြီး တွေး‌ယူ‌နေကြတယ်

ပုံပြောဆရာ၊ နဲ့ စင်ပေါ်က စက္ကူကျားတွေ
နွမ်းဖတ်နေတဲ့ တံခါးဝတစ်လျှောက်လုံး ပြာတွေရွာကျတဲ့ မနက်
ချုံနွယ်ပိတ်‌ပေါင်းတွေဟာ အုပ်ချုပ်ခံသတ္တဝါတွေဆီ ပြန်လာသလို၊ သူ့ရဲ့
နုန်းတွေပေကျံနေတဲ့ လက်နဲ့ မင်းရဲ့စိတ်ကူးဉာဉ်ပေါ်မှာ နောက်ပြီး
မင်းက လေထုရဲ့ သိမ်မွေ့မှုကို ဆက်ပြီး ထိတွေ့နေတုန်းပဲ

တစ်ခါတစ်ရံ အရောက်သွားနိုင်ခဲ့သူတွေရဲ့ ထောင်စုနှစ်
အနည်းငယ်၊ နူးညံ့တဲ့လက်၊ သူ့ရဲ့ ဓာတုဆေး‌တွေ စိုစွတ်နေတဲ့ စစ်သည်တွေ
ကိုယ့်အလင်းကိုယ် ပြန်ပိတ်မိထားတဲ့ မီးတိုင်လိုမျိုး။
မင်းက တစ်ယောက်ယောက်ကို 'ခမ်းနားတဲ့ မှတ်ဉာဏ်တွေအကြောင်း
ငါတွေးမိထားတာတွေရှိတယ်' လို့ ပြောတယ်၊ အမှောင်ထု အတွက်
မျိုးဗီဇပြုပြင်ထားတဲ့ တိမ်အုပ်ခပ်ပါးပါးဟာ ရောက်လာသလိုမျိုး

သင်္ကေတတွေ၊ ဦးရေပြားက‌နေ ပြန်ပေါ်လာတဲ့ အယုံမှား
အစိတ်စိတ်အမြွှာမြွှာ၊ အဲ့ဒီနေ့
သိပ်မကြာတော့ပါဘူး
တွေးဝံ့တာထက် ပိုပြီး ကမ္ဘာအနှံ့အပြား။ နေရာတစ်ခုမှာ ချောက်ကမ်းပါးတစ်ခုကို မျိုချ
တစ်ခြား ဖိနှိပ်ခံ ကြေမွနေတဲ့ ကောက်ပဲသီးနှံတွေကိုရော စောင့်ကြပ်ကြည့်ရှုတယ်

မြေအောက်ကမ္ဘာရဲ့ ဌာနေပုံပြောသူတွေဟာ ဖြစ်ရပ်‌တွေကို
ကြိုတင်သိနေတဲ့ မင်းရဲ့အလိုအလျောက် တုံ့ပြန်မှုတွေပါပဲ
ဒါဖြစ်ရမှာပေါ့၊ သူတို့ လက်တွေကိုယ်တိုင်က သူတို့ကို ဘယ်လို
ညှင်းပန်းမှာလဲ။ ပြီးတော့ ငါတို့ကို တာရှည်မခံတော့တဲ့
ဂြိုလ်‌ကို ပေးတယ်

မင်းတုန်လှုပ်နေတယ် နံရံထူထူထဲထဲ မြေပြင်မှာ
ဘဝရဲ့ ထူးထွေဆန်းပြားမှုတွေအကြောင်း
မင်း နိုးထလိုက်နိုင်ပါတယ်
ယနေ့ခေတ်ဈေးကွက်ရဲ့ ပင်စည်ကြီးတွေ ဟိုးအဆုံးထိ
လေတွေဟာ ဒရောသောပါး တိုက်ချသွားတယ်။        ။