အချစ်ရိုင်း - အောင်မြတ်မင်း

The Wilderness of Love by Arthur Rimbaud ကို ပြန်ဆိုသည်။

Arthur Rimbaud မှာ ဆယ့်ကိုးရာစု ပြင်သစ်လူမျိုး ကဗျာဆရာ ဖြစ်သည်။ ကဗျာများကို အပြင်းအထန်ရေးသားပြီးနောက် အသက် ဆယ့်ကိုးနှစ်အရွယ်တွင် ကဗျာရေးသားခြင်းမှ ရပ်တန့် နှုတ်ထွက်ခဲ့ပြီး ဘိုဟီးမီးယန်း တစ်ယောက် အဖြစ် အသက်ထက်ဆုံး နေထိုင်သွားခဲ့သည်။ သူ​၏ အရေးအသားများက မော်ဒန်စာပေ နှင့် အနုပညာလက်ရာများ အပေါ် လွှမ်းမိုးမှုရှိပြီး ဆာရီရယ်ဝါဒ​၏ ရှေ့ပြေးနိမိတ် ဟူ၍ ဆိုကြသည်။



သေချာပေါက် ဒါဟာ ဟိုတုန်းက ရှုခင်းပဲ။ ကျနော့် မိဘများရဲ့ ဟိုးတုန်းက ကျေးလက်အိမ်ကလေး။ တံခါးဘောင်ပေါ်မှာ မျိုးရိုး အဆောင်အယောင်အဆင်တွေပါတဲ့ ရုရှားကျေးလက် အထည်ကွက်များကို ချိတ်ထားတာ တွေ့ရမယ့် ဟိုတုန်းက အခန်းလေးတောင် ရှိသေးသည်။ ညစာ တည်ခင်းဖို့အတွက် ဖယောင်းတိုင်များ၊ ဝိုင်များ၊ ရှေးဟောင်းမှန်ပုံကွက်များ ရှိတဲ့ အခန်းငယ်လေး ရှိသည်။ စားပွဲခုံကြီးက အလွန်ခန့်ညားသည်။ အစေခံတွေရောပဲ။ ကျနော် မှတ်မိသလောက်ဆိုရင် ဟိုးတုန်းက အစေခံတစ်ချို့ ရှိခဲ့ကြသည်။ ကျနော့် ငယ်သူငယ်ချင်းဟောင်း တစ်ယောက် ရှိသည်။ သူက အခုတော့ လွတ်မြောက်ဖို့ အခွင့်ရလို့ သာသနာ့ဝတ်ရုံကြီးတွေဝတ်ပြီး ဘုန်းတော်ကြီးတစ်ပါး ဖြစ်နေပြီ။ သူ့ရဲ့ စက္ကူဝါကျင်ကပ် ပြတင်းမှန်ကွက်များနဲ့ ခရမ်းရောင်လဲ့နေတဲ့အခန်းကို ကျနော် အမှတ်ရမိသည်။ သူ သိုသိုသိပ်သိပ် စုဆောင်းထားတဲ့ စာအုပ်တိုက်ကလေး ပင်လယ်ထဲမှာ ရွှဲရွှဲစိုသွားတာကိုလည်း ကျနော် မှတ်မိသည်။

ဒီအဆုံးမဲ့ ကျေးလက်အိမ်ကလေးထဲမှာ စွန့်ပစ်ခံထားရတဲ့ ကျနော်ပါ။ မီးဖိုချောင်ထဲ စာဖတ်၊ ဧည့်သည်တွေရှေ့မှာ ကျနော့် အဝတ်အစားပေါ်က ရွံ့တွေကို အခြောက်ခံပြ၊ ထွေရာလေးပါး စကားဝင်ပြော။ နံနက်ခင်း နို့ညစ်တဲ့အခါ ကြားရတဲ့အသံတွေနဲ့ ရှည်လျားလှတဲ့ ညတာတွေကြောင့် သေလောက်အောင် စိတ်သောက ရောက်ရသည်။

အလွန်မှောက်မှိက်နေတဲ့ အခန်းတစ်ခန်းထဲ ကျနော် ရောက်နေသည်။ ဘာများလုပ်နေတာပါလိမ့်။ အစေခံမတစ်ယောက်က ကျနော့်အနား တိုးကပ်လာသည်။ သူမက နည်းနည်းတော့ရိုင်းတယ်လို့ ကျနော်ထင်သည်။ သို့ပေမယ့် လှပြီး ဖော်ပြဖို့ခက်တဲ့ မိခင်ဆန်ဆန် မြင့်မြတ်မှုတစ်မျိုး ရှိသည်။ ပကတိ ကြည်လင်ပြီး အစစရာရာကို သိနေသလို လုံး၀ နှစ်လိုဖွယ် ကောင်းလှသည်။ သူမက ကျနော့် လက်မောင်းကို ဆွဲညစ်လိုက်သည်။

သူမရဲ့မျက်နှာကိုတော့ ကောင်းကောင်း မမှတ်မိတော့ပါဘူး။ သူမရဲ့လက်မောင်းနဲ့ ကျနော့် လက်ချောင်း
များကြား ဆွဲလိမ်ခဲ့မိတဲ့ သူမရဲ့အသားအရည်ဆို ပိုလို့တောင် မမှတ်မိတော့ပါဘူး။ တစ်စုံတစ်ရာကို တဖျတ်ဖျတ် ရိုက်နေတဲ့ လှိုင်းအိကလေးလို ကျနော်ရဲ့ နှုတ်ခမ်းတွေက ဖိကပ်ထားမိတဲ့ သူမရဲ့ နှုတ်ခမ်းတွေကိုလည်း မမှတ်မိတော့ပါဘူး။ ကူရှင်စတွေ၊ ဖျင်စတွေ ထည့်ထားတဲ့ ခြင်းတောင်းတစ်လုံးပေါ် သူမကို ကျနော် ဆွဲလှည့်လိုက်သည်။ ကျနော်ဟာ မှောင်မိုက်နေတဲ့ချောင်ထဲက သူမရဲ့ဇာဖြူအတွင်းခံတွေ မှအပ ကျန်တာ ဘာဆိုဘာမှ မမှတ်မိတော့ဘူး။

အဲဒီနောက်မှာတော့...။ အို စိတ်ပျက်စရာကောင်းလေခြင်း။ ဝိုးတိုးဝါးတား အလင်းရောင်အောက်မှာ နံရံက သစ်ပင်အရိပ်များ ဖြစ်လာသည်။ ပြီးတော့ ညရဲ့အမြတ်တနိုး ၀မ်းနည်းမှုထဲကို ကျနော် ထိုးကျသွားသည်။

***

ဒီတစ်ကြိမ် အလှည့်ကျလာသူကတော့ ကျနော် မြို့ထဲမှာ တွေ့ခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်သည်။ ကျနော် သူမနဲ့ စကားပြောခဲ့ပြီး သူမကလည်း ကျနော့်ကို စကားပြန်ပြောခဲ့သည်။

ကျနော် အခန်းတစ်ခန်းထဲ ရောက်နေသည်။ မှောင်လည်း မှောင်နေသည်။ သူမက ကျနော့်အခန်းမှာ ရောက်နေတယ်လို့ တစ်ယောက်ယောက်က ကျနော့်ကို လာပြောသည်။ ကျနော် သူမကို ကျနော့် အိပ်ယာပေါ်မှာ တွေ့လိုက်ရသည်။ အရာအားလုံး ကျနော့် အပိုင်။ မှောင်လည်း မှောင်နေသည်။ ကျနော် ပျာပျာသလဲ ဖြစ်သွားသည်။ အဓိကအကြောင်းကတော့ ကျနော့် မိဘအိမ် ဖြစ်နေလို့ပင် ဖြစ်သည်။ မချိတင်ကဲ ဝေဒနာဖြင့် ရင်ထဲ တင်းကြပ်နေသည်။ ကျနော့်မှာ စုတ်တီးစုတ် ဖြစ်နေသည်။ ကျနော့်ကို တစ်ကိုယ်လုံး ပုံအပ်ထားတဲ့ လောကပျိုမေ သူမ အနေနဲ့ ကျနော့်ကို အဲဒီအချိန်ကတည်းက ထားသွားသင့်သည်။ အမည်မဖော်နိုင်တဲ့ ဝေဒနာပါလား။ ကျနော့်ကြောင့် သူမ ကုတင် ပေါ်ကနေ တလိမ့်ခေါက်ကွေးကျသွားသည်။ ဝတ်လစ်စလစ်နဲ့ မလုံ့တလုံဖြစ်နေသည်။ ဖော်မပြနိုင်တဲ့ အရူးအမူးစိတ်နဲ့ ကျနော်လည်း သူမနဲ့အတူ လိမ့်ကျကာ အမှောင်ထဲ ကော်ဇောခင်းပေါ်မှာ သူမနဲ့ လုံးထွေးလူးလိမ့် နေမိသည်။ အိမ်မီးများက တစ်ခန်းပြီးတစ်ခန်း တောက်ရဲလာကြသည်။ အဲဒီနောက် အမျိုးသမီးက ပျောက်ကွယ်သွားသည်။ ဘုရားသခင် အလိုရှိတာထက် ပိုပြီး ကျနော် ငိုကျွေးခဲ့ရသည်။

အဆုံးမဲ့ မြို့ကြီးထဲကို ကျနော် ထွက်လာခဲ့သည်။ အို ငတ်မွတ်ခြင်းဝေဒနာပါလား။ ငြီးငွေ့ဖွယ် ညတာထဲ နစ်မျောရင်း ပျော်ရွှင်ခြင်းများလည်း လွင့်ပျယ်ကုန်ကြပြီ။ တစ်လောကလုံးကို တစ်ခါတည်း အပြတ်ဖို့သတ်ပစ်မယ့် ဆီးနှင်းမုန်တိုင်းထန်တဲ့ ဆောင်းညလို ဖြစ်နေသည်။ သူမ ဘယ်မှာလဲလို့ ကျနော် ငိုယို မေးမြန်းပေမယ့် သူငယ်ချင်းများက အယောင်ယောင်အမှားမှားတွေသာ ပြန်ဖြေကြသည်။ ညနေခင်းတိုင်း သူမ ဖြတ်သွားနေကျ ပြတင်းပေါက်တွေရဲ့ရှေ့ကို ကျနော် ရောက်ခဲ့ပါသည်။ အရာရာ ပိတ်ဖုံးနေတဲ့ ဥယျာဉ်ထဲ ကျနော် ပြေးလွှားနေခဲ့မိသည်။ လူတွေက ကျနော့်ကို မောင်းထုတ်ခဲ့ကြသည်။ ဒီလိုဖြစ်ရတာနဲ့ ပက်သက်ပြီး ကျနော် အသည်းခိုက်အောင် ငိုရှိုက်မိသည်။ ဖုန်တွေ ပြည့်နှက်နေတဲ့ နေရာကိုသွားပြီး ပစ္စည်းအဟောင်းအမြင်းပုံပေါ်ထိုင်ကာ အဲဒီညမှာ ကျနော် တစ်ကိုယ်လုံး ရွှဲအောင် ငိုကြွေးပစ်လိုက်သည်။ ကျနော့်ရဲ့ ဗလာမျက်ရည်တွေက ကျနော်ဆီမှာ ရှိနေဆဲဖြစ်သည်။ အမြဲတစေ ရှိသည်။

သူမမှာ ကိုယ့်ဘ၀နဲ့ ကိုယ်ရှိတာကို ကျနော် နားလည်သည်။ ဘ၀မှာ ကောင်းမွန်တဲ့ အချိုးအကွေ့ အလှည့်အပြောင်းဖြစ်ဖို့က ကြယ်တစ်ခါ ပွင့်တာထက် ကြာတယ် ဆိုတာကို ကျနော် နားလည်ပါသည်။ သူမဟာ ဘယ်တုန်းကမှ ပြန်မလာခဲ့ဖူးသလို နောင်လည်း ဘယ်တော့မှ ပြန်လာမှာ မဟုတ်ပါ။ ကျနော့်ရဲ့အခန်းငယ်ကို တစ်ခါအလည်သွားတဲ့ မယ်ချစ်ဖွယ်။ ကျနော် တစ်ခါမှ မထင်မှတ်ဖူးတဲ့အရာ။ အမှန်တိုင်းဆိုရရင် ဒီတစ်ကြိမ်မှာတော့ တစ်လောကလုံးက ကလေးငယ်တွေထက် ပိုပြီး ကျနော် ငိုကြွေးခဲ့ရပါသည်။