ကျောက်တော်ကြီးက မောင်သိပ်ချစ်တဲ့မမ - သူရိန်လူလေး

သေက္ချတောင်နှင့် တူရွန်လာလက်မှ အရေးအသားတစ်ခုဖြစ်သည်။



နို့ရည် နှင့် ရေကို ပေါင်းသလို စိမ့်ဝင်ယိုသွားတဲ့ ချမ်းသာ ဆိုတာမျိုးက သူ့သစ်ပင် နှင့် သူ့ကြား ပျောက်ဆုံးသွားခဲ့သည်။ သစ်ဖုများကို လိုက်လံ ပွတ်သပ်ပေမယ့် ရာသီ ကာမသွေးတို့၏ ပုံမှန် လည်ပတ်မှုက တုံ့ဆိုင်းနေဆဲဖြစ်သည်။ သစ်တောအောက်က နေပြောက်များကြား သူရူးတစ်ယောက်လို လျှောက်သွား ဖြစ်သည်။ အငွေ့ပျံ့သော မြေကြီးများကို တူတူးကြည့်မိသည်။ ကိုက်စားခံရသည့် လီဆူးအဘိုးအိုများ နှင့် ရေတိုက်စားမှု ဇယားများကတော့ အချိန်ပေး ကြည့်ဖို့ လိုပေမယ့် စနစ်တကျ ဆောင်ရွက်ဖို့က သူ့ ဆာလောင်မှုထိ မေ့ပစ်မှ ရမည်ဖြစ်သည်။ အစာရေစာ ပြတ်လပ်မှုမှာ ဧရာဝတီ ကမ်းပါးတစ်လျှောက် သူ ဆောက်လုပ် လှူဒါန်းသော ဘိုးဘွားရိပ်သာတို့၏ ဂိုဒေါင်များတွင်တောင် ပေါ်ပေါက်နေခြင်း ဖြစ်သည်။ သူ့အတွက် စားသုံးမှု အများစုကတော့ လူပဲ ဖြစ်နေသည်မို့ လူတို့က သူ့ကို လိုက်လိုက်ကြည့်သည်။ တကယ် မကြည့်သလိုနှင့် လိုက်လိုက်ကြည့်နေသည့် လူတို့၏ အကြည့်က စိတ်ဆိုးစရာ မဟုတ်ပေမယ့် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသည်။ သူ့ သစ်ပင်ထဲ ခေါင်း ထည့်၍ ရာသီသွေးကို ထုတ်ချိန်မှာတောင် လူတို့၏ အကြည့်က သူ့အပေါ် ရှိနေသည်ဟု ခံစားရခြင်းဖြစ်သည်။ သစ်ခေါင်း ထဲမှ ခေါင်းထုတ်၍ နောက်လှည့်ကြည့် လျှင်လည်း သူ့ကို စောင်းကြည့်စောင်းကြည့် လုပ်၍ မြန်မြန် လျှောက်သွားသော လူများကို တွေ့ရသည်။ ဘေးကို ကြည့်လျှင်လည်း သူ့ဆီမှ မျက်နှာလွှဲကာ ကိုယ့်အပင်ထဲကိုယ် ခေါင်းပြန်ထည့်သွားသည့် လူတို့ကို မြင်ရသည်။ အပင် အောက်ကနေလည်း မော့ကြည့်မော့ကြည့် လုပ်သည်။ တစ်ခုခုနှင့် အပင်ပေါ်က လှမ်းပေါက်လိုက်မှ ကြောက်သလို ထွက်ပြေးကြသည်။

လူတို့ကြောင့်လားဟု သူ မသိပေမယ့် လစ်ရင်လစ်သလို သူ့ပစ္စည်းတွေလည်း ပျောက်ပျောက်လာသည်။ အပင်ပေါ် အိပ်ပျော်သွားလျှင် အပင်အောက် ချွတ်ထားသော သူ့ဖိနပ် ပျောက်သည်။ ချုံထဲဝပ်၍ အရှေ့ကို မဲနေလျှင် အနောက်က ရိုဇမာကြိုးများ ပျောက်သည်။ ချောင်းထဲ ဆင်းရေချိုးလျှင် ကမ်းပေါ်က ဆပ်ပြာကိုယူသွားကြသည်။ ကုန်မာဆိုင်၏ ပစ္စည်းများတွင် ငေးမောစရာများကို ငေးမောပြီး ပြန်အထွက် အဝ၌ ထားခဲ့သော သူ့ရောင်စုံထီးကိုတောင် မချန်ကြ။ သတိလက်လွတ် ဖြစ်မှုများကို ချုပ်ထိန်းသွားမည်ဟု တိုင်တည်ရင်း နေပူပူအောက်၌ လိုက်လိုက်ကြည့်နေသော လူတို့ကို မထင်ရင် မထင်သလို သူက ပိတ်ပိတ်ကန်သည်။ ဒီလိုကန်လျှင် လူတို့က ပြေးသွားကြပေမယ့် အခွင့်အရေး ရရင်ရသလိုတော့ သူ့ကို လိုက်လိုက်ကြည့် နေကြဆဲ ဖြစ်သည်။ သူ့ ပျောက်ဆုံးမှုတွေက ဆိုးဆိုးလာနေဆဲ ဖြစ်သည်။ ကောင်းကင်ကျ မိုးရေနည်းသော ညတို့ရောက်မှ သူတိတ်တဆိတ် ထွက်ဖြစ်လာပြီး သူ့သစ်ပင်၏ အမြင့်ဆုံးဆီသွား၍ သစ်ပင်အောက်ဆီ အကြာကြီး စိုက်ကြည့်မိသည်။ သစ်ပင်သားကို ထိကပ်ကာ မြောက်ဘက်မှ လာသောလေ တို့ကို ရှုကြည့်သည်။ သစ်သား တို့ကို နမ်းရှိုက်သည်။

အခြေအနေတွေက ပိုဆိုး လာနေဆဲ ဖြစ်သည်။ ညဆိုရင် အမှောင်၏ တစ်နေရာဆီ သူ့ ပိုက်ကွန်တို့၊ သူ့ ဓားမတို့အား ဆွဲသွားကြသည်ကို မြင်လိုက်သလို ရှိပေမယ့် သူ ဘာမှမတတ်နိုင် ဖြစ်ရသည်။ အသားများကို တုံး၍ ဟင်းအိုးတည်ပြီး အိမ်ရှေ့ ပြန်အထွက် အိမ်ရှေ့ ခြံစည်းရိုး ပျောက်သွားသည့်ထိ ဖြစ်သည်။ အဆုံး တစ်နေ့၌ မြို့ထဲ လျှောက်သွားပြီး လူတစ်ယောက်နှင့် အိမ်သို့ ပြန်လာရာတွင် အိမ်ရှေ့ မျက်နှာစာနံရံက သူ့အမေကိုပါ သူတို့တွေ ဖြုတ်ယူ သွားခဲ့ကြသည်။ သူ ပြန်အလာကို ကြည့်၍ အော်နေတတ်သည့် သူ့အမေ၏ အော်သံနှင့် အမေ၏ ထိတ်လန့် ပြူးကျယ်နေမိ မျက်လုံးများသည် ပျောက်ဆုံးခဲ့ရသည်။ စိုးထိတ်သော စိတ်ဖြင့် ပါလာသော လူတစ်ယောက်ကို ပစ်ချ၍ သူပြေးပြီး လာကြည့်ပေမယ့် သူချစ်ရသော သူ့သစ်ပင်သည်လည်း နေရာတွင် မရှိတော့။ မြေကြီးတွင် သစ်ငုတ်တိုတို့တောင် မကျန်အောင် သူတို့က နှုတ်ယူဖယ်ရှားလိုက်ကြသည်။ ဖုန်မှုန့်များနှင့် လုံး ထွေးကာ နေရာမှာပင် သူ ငိုကြွေးမိသည်။ သူ့အသံက ကျယ်လောင်သော်လည်း သူ့အသံတို့ ပျောက်ကွယ်အောင် လူတို့ လော်စပီကာဖြင့် ဖွင့်သော သံဃာတော်၏ တရားမှာ

ရူပါယတနံ စက္ခုဝိညာဏဓာတုယော၊
သင်၏ သစ်ပင်အား စနစ်တကျ စိတ်ပိုင်းကာ
ကံသမ္ပယုတ္တကာ နဉ္ဓဓမ္မာနံ၊
ကျောက်တော်ကြီး မည်သော ဘုရား၌
အရမ္မဏပစ္စယေန ပစ္စယော။
လက်ရန်းအဖြစ် တပ်ဆင် လှူဒါန်းခဲ့ပြီး ဖြစ်သည်။

တရား၏ အဆုံးတွင် တရားသား၏ အနက်ကို စိတ်မှာ မှတ်ကာ သစ်ပင် တပ်ဆင် လှူဒါန်းထားရာ ကျောက်တော်ကြီး ဘုရားသို့ သူသွားသည်။ လူတို့အား ရိုက်နှက်ကန်ကြောက်ခြင်း မရှိဘဲ ရင်ပြင်၏ ထောင့်တစ်နေရာတွင် ငြိမ်သက်သည်။ လူအများ အလစ်ရောက်မှ လှိုက်တက်လာသော မျက်ရည်ကို သုတ်ကာ အိတ်ထဲက ကော်ရတ်ရှင်ပန်ကို ထုတ်၍ လက်ရန်းသားတွင် သူက ရေးထိုးခဲ့သည်။

“ကျောက်တော်ကြီးက မောင်သိပ်ချစ်တဲ့ မမ”