ပြုတ်ကျသွားသူ - စိုးလူထက်

စိုးလူထက်

Dino Buzzati ၏ "The Falling Girl" ကို ပြန်ထားသည်။ Dino Buzzati သည် အီတလီ စာရေးဆရာ ဖြစ်ပြီး မြောက်ပိုင်းဒေသ ဗန်နာတိုတွင် မွေးဖွားခဲ့သည်။ ဒုတိကမ္ဘာစစ်ကာလအတွင်း သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ သူ၏ အကျော်ကြားဆုံး ဝတ္ထုမှာ The Tartar Steppe ဖြစ်သည်။ ထို့အပြင် The Bears' Famous Invasion of Sicily ကဲ့သို့ ကလေးစာအုပ်များလည်း ရေးသားခဲ့သည်။



မာတာ အသက် ၁၉နှစ် ရှိပြီ။ သူမဟာ မိုးမျှော်တိုက် ခေါင်မိုးပေါ်က ကြည့်တော့ ညနေခင်းထဲ တောက်ပနေတဲ့ မြို့ကြီး တွေ့တယ်။ သူမ မူးဝေဝေ ဖြစ်သွားတယ်။

မိုးမျှော်တိုက်ဟာ အလှပဆုံး၊ အသန့်စင်ဆုံး ညနေခင်းထဲမှာ ငွေရောက်တောက်ပ၊ မြင့်မားပြီး ကျက်သရေ ရှိနေတယ်။ ဟိုတစ်စ ဒီတစ်စ တိုက်လိုက်တဲ့ လေကြောင့် အံ့အားသင့်ဖွယ် အပြာရောင် ကောင်းကင်နောက်ခံမှာ တိမ်အမျှင် တန်းသွားတယ်။ တစ်ကယ်တော့ မြို့ကြီးဟာ စိတ်ကူးဉာဏ် ကွန့်မြူးဖို့ ဖမ်းစားခြင်း ခံရပြီး မျက်စိ မမြင်သူတွေကို ဖျက်စီးပစ်မယ့် အချိန်ကျရောက်လာတယ်။ ကောင်မလေးဟာ လေထန်တဲ့ အမြင့်တစ်နေရာကနေ လမ်းမတွေကို မြင်ရတယ်။ တိုက်တာတွေရဲ့ထုထည်က ညနေ ဆည်းဆာထဲလူးလွန့်နေတယ်။ လှမ်းမြင်ရတဲ့ အိမ်ဖြူတန်း အဆုံးသတ်သွားတဲ့အခါ ပင်လယ်ပြာကို စမြင် လာရတယ်။ ပင်လယ် ကုန်းရုန်း ထကြွနေဟန်ကို အပေါ်က မြင်ရတယ်။ ညဇာပဝါဟာ အရှေ့ဘက်ကနေ ချီတက်လာတယ်။ မြို့ကြီးဟာ အလင်းရောင် တရွရွလောင်ကျွမ်းနေတဲ့ တပ်မက်ဖွယ် ချောက်ကြီး တစ်ခုပဲ။ မြို့အတွင်းထဲမှာတော့ ဩဇာအာဏာရှိ ယောက်ျား နဲ့ ပိုဩဇာထက်တဲ့ မိန်းမတွေ၊ သားမွေးအင်္ကျီ နဲ့ တယောတွေ၊ မဟူရာ တောက်ပတဲ့ ကားတွေ၊ ညကလပ် နီယွန်ဆိုင်းဘုတ်တွေ၊ ပိန်းပိတ်အောင်မှောင်တဲ့ အိမ်ရဲ့ အဝင်အဝ ခန်းမတွေ၊ ရေပန်းတွေ၊ စိန်တွေ၊ တိတ်ဆိတ်တဲ့ ပန်း‌ခြံဟောင်းတွေ၊ ပါတီ၊ အာသီသ၊ တိတ်တိတ်ပုန်း ဇာတ်လမ်းတွေ ရှိတယ်။ အကြီးမားဆုံးအရာကတော့ သူတို့တွေကို ဝါးမျိုနေတဲ့ ညနေ ဆည်းဆာ မှော်စွမ်းအင်ဟာ ခမ်းနား၊ ကြီးမြတ်တဲ့အိပ်မက်ကို နှိုးဆွနေတယ်။

အဲ့အရာတွေကို မြင်နေရတဲ့ မာတာဟာ လက်တန်းပေါ် စိတ်ပျက်လက်ပျက် မှီထားပြီး လွှတ်ချလိုက်တယ်။ သူမဟာ လေထဲပျံဝဲနေသလို ထင်နေပေမယ့် တစ်ကယ်တော့ ပြုတ်ကျနေတာ။ မိုးမျှော်တိုက်က အလွန်မြင့်နေပြီးအောက်ခြေက လမ်းမနဲ့ကွက်လပ်တွေက တော်တော် လှမ်းနေသေးတယ်။ အောက်ရောက်ဖို့ ဘယ်လောက်ကြာမလဲ ဆိုတာ ဘယ်သူသိမှာလဲ။ ဒါပေမယ့်လည်း ကောင်မလေးကတော့ ဆက်လက် ပြုတ်ကျ နေဆဲပဲ။

အခုလိုအချိန်မှာ ထိပ်ဆုံးထပ်က လသာဆောင်နဲ့ ဟင်းလင်းပြင်မှာ ချမ်းသာ၊ ကြော့ရှင်းသူတွေက ကော့တေးသောက်ပြီး တဝါးဝါးပွဲကျနေမယ်။ သူတို့တွေက လူအုပ်ကြားထဲ ပြန့်ကျဲနေပြီး စကားပြောသံက တေးဂီတသံနဲ့ ရောထွေးနေတယ်။ မာတာက သူတို့ပေါ် မကျော်ခင်မှာ လူတွေက ထွက်ကြည့်ကြတယ်။

ဒီပုံစံပျံသန်းမှုဟာ (မိန်းကလေး အများစု ပျံသန်းတဲ့ ပုံစံပေါ့) မိုးမျှော်တိုက်မှာ တွေ့ရခဲတယ်လို့ မဆိုနိုင်ဘူး။ သူတို့တွေက တိုက်မှာ နေထိုင်သူတွေအတွက် စိတ်ဝင်စားစရာ အာရုံလွှဲမှုပဲ။ ဒီအကြောင်းကြောင့်ပဲ အထပ်မြင့်တိုက်တွေက ဈေး အရမ်းကြီးတယ်။

နေက လုံးလုံး မဝင်သေးဘဲ မာတာရဲ့ သမားရိုးကျ အင်္ကျီအတွက် အလှဆုံး ဖြစ်အောင် ဖန်တီးပေးထားတယ်။ သူမက ဈေးမကြီးဘဲ သိပ်မထည်ဝါတဲ့ နွေရာသီဝတ်စုံ ဝတ်ထားတယ်။ ဒါ့အပြင် ဆည်းဆာရောင်ကလည်းတစ်နည်းတစ်ဖုံ ဂုဏ်တင်ပေးနေပြီး ခေတ်ဆန်အောင် လုပ်ပေးတယ်။ မီလျံနာတွေရဲ့ လေသာဆောင်ကကြီးကျယ်စရာလက်တွေက သူမဆီ ဆန့်တန်းပြီး ပန်းတွေ၊ ကော့တေးတွေအပြိုင်အဆိုင် ကမ်းလှမ်းနေကြတယ်။ “မစ္စတစ်ခုခုသောက်ပါဦးလား… လိပ်ပြာလေးရေ၊ ကိုယ်တို့နဲ့ တစ်မိနစ်လောက် နေပါဦးလား”

သူမ ရယ်သွေးသွမ်းပြီး ပျံဝဲ၊ ပျော်ရွှင်နေပြီး (သူမက ဆက်လက်ပြုတ်ကျ နေတယ်) “တော်ပါပြီ ကျေးဇူးပါပဲ၊ သူငယ်ချင်းတို့ရေ။ ကိုယ် လာလို့မရဘူး။ ကိုယ် အလျင်လိုနေတယ်”

“ဘယ်ကို ဦးတည် သွားနေတာလဲ” သူတို့က သူမကိုမေးတယ်။

“မပြောပါရစေနဲ့ ရှင်” မာတာကပြန်ဖြေပြီးတရင်းတနှီးနှုတ်ဆက်ဖို့ လက်ကိုဝှေ့ရမ်းလိုက်တယ်။

အရပ်ရှည်ရှည် ဆံပင်နက်နက် ထင်ပေါ်တဲ့ လူငယ်တစ်ယောက်က မာတာကို လှမ်းဖမ်းဖို့ လက် ဆန့်ထုတ်လိုက်တယ်။ သူမက သဘောကျ သွားတယ်။ ဒါပေမယ့် မာတာက အလျင်အမြန်ပဲ ကိုယ့်ကိုယ်ကာကွယ်ရင်း “ဘယ်လိုတောင် လက်ရဲဇက်ရဲ နိုင်တာလဲ၊ ကိုယ့်ဆရာ” သူမက သူ့နှာခေါင်းကို အသာပုတ်ဖို့ အချိန်ရလိုက်တယ်။ ရုပ်ရည် ချောမော လှပတဲ့ လူတွေက သူမအပေါ် စိတ်ဝင်စားနေတာကြောင့် မာတာ စိတ်ကျေနပ်မှု ရနေတယ်။ သူမအနေနဲ့ စတိုင်ကျပြီး ဆွဲဆောင်မှု ရှိတယ်လို့ ခံစားရတယ်။ ပန်းတွေ ပြည့်နှက်နေတဲ့ ဟင်းလင်းပြင်မှာ ဝတ်စုံဖြူ စားပွဲထိုးတွေ ပျားပန်းခတ်ပြီး စိတ်လှုပ်ရှားဖွယ် သီချင်းသံကြားထဲ အမျိုးသမီးငယ်လေး ဖြတ်သွားတုန်း (ဒေါင်လိုက်ပုံစံ၊ ထိပ်ဘက်ကနေ အောက်အထိ) မိနစ်အနည်းငယ်လောက် စကားပြောလိုက်သေးတယ်။ တစ်ချို့ လူတွေက သူမကချောမောပြီး၊ တစ်ချို့ကတော့ ရွက်ကြမ်းရေကျိုပဲလို့ ပြောကြတယ်။ လူတိုင်းကတော့ သူမအပေါ် စိတ်ဝင်စား ကြတယ်။

“မင်းမှာ ရှေ့ဆက်လျှောက်ဖို့ အချိန်တွေ ရှိပါသေးတယ်” သူတို့ကသူမကိုပြောတယ်။ “ဘာတွေများ အလျင်လိုနေတာလဲကွယ်။ မင်းအနေနဲ့ အချိန်တိုအတွင်း တစ်ဟုန်ထိုး အလုပ် အများကြီး လုပ်ဖို့ အချိန်ရှိပါသေးတယ်။ ငါတို့နဲ့ ခဏလေး နေပါဦးလား။ မိတ်ဆွေတွေချည်းပဲ ပါတဲ့ ပါတီပွဲလေးပါ။ မင်းအနေနဲ့ ပျော်သွားမှာပါ” သူမက ပြန်ဖြေဖို့  ကြိုးစားပေမယ့် မြေဆွဲအားက အလျင်အမြန်ပဲ ကြမ်းပြင်ဆီ ဆွဲချသွားတယ်။ အောက်ဘက် နှစ်ထပ်၊ သုံးထပ်၊ လေးထပ်အထိရောက်သွားတယ်။ သူမအနေနဲ့ အသက် ၁၉နှစ်အရွယ်မှာ ပျော်ပျော်ကြီး တစ်ဟုန်ထိုး ကျဆင်းနေတယ်။

သူမနဲ့ အောက်ခြေအကြား အကွာအဝေးတစ်ခု ရှိနေပြီး လမ်းမမျက်နှာပြင်က အလွန်ကြီးမား ကျယ်ပြန့်နေတယ်။ သူမပြုတ်ကျနေတာ အချိန်အနည်းငယ် ကြာသွားပေမယ့် လမ်းမဆီရောက်ဖို့ အတော် ကွာလှမ်းသေးတယ်။

အဲ့အချိန်မှာပဲ နေက ပင်လယ်ထဲဝင်သွားပြီ။ အနီရောင် တောက်ပတဲ့ ဟင်းစားမှိုကြီး အဖြစ် ပြောင်းလဲပြီးပျောက်ကွယ်သွားတာ လူတိုင်းမြင်နိုင်တယ်။ ဖြစ်ပေါ်လာတဲ့ ရလဒ်ကတော့ ကောင်မလေးရဲ့ ဝတ်စုံ တောက်ပစေပြီး စွဲမက်စရာ ကြယ်တံခွန် ဖြစ်စေမယ့် တက်ကြွမယ့် အလင်း မထုတ်ပေးနိုင်တော့တာပဲ။

မိုးမျှော်တိုက် ပြတင်းပေါက်နဲ့ ဟင်းလင်းပြင် အားလုံးနီးပါး မီးလင်းလာပြီး အလင်းပြန် မီးရောင်က ပြုတ်ကျသွားတဲ့ သူမအပေါ် အပြည့်အဝ ထွန်းလင်းပေးထားတယ်။

အခုဆိုရင် မာတာဟာ တိုက်ခန်းထဲက ပူပင်ကြောင့်ကြမဲ့ လူတွေကိုမမြင်ရတော့ဘူး။ အချိန်နဲ့အမျှ ရုံးခန်းတွေတွေ့ရပြီး အနက် ဒါမှမဟုတ် အပြာရောင် ခါးစည်းဝတ်ထားတဲ့ဝန်ထမ်းတွေက စားပွဲမှာ အတန်းလိုက် ထိုင်နေကြတယ်။ တစ်ချို့လူတွေက သူမလိုပဲ ငယ်ရွယ်သလို အသက်ကြီးကြီးတွေလည်းပါတယ်။ သူတို့တွေဟာပင်ပန်း နွမ်းနယ် နေကြပြီ။ မကြာခဏဆိုသလိုပဲ သူတို့က လက်နှိပ်စက်နဲ့ အလုပ်တွေက ခွာပြီး မျက်လုံးပင့် တင်ကြည့်တယ်။

သူတို့ဟာ တစ်နည်းအားဖြင့် သူမကို မြင်ပြီး တစ်ချို့ဆို ပြတင်းပေါက်အထိ ပြေးလာကြတယ်။ “မင်း ဘယ်ကိုသွားမလို့လဲ။ ဘာကြောင့် အလျင်လို နေတာလဲ။ မင်း ဘယ်သူလဲ” သူတို့ အော်နေကြတယ်။သူတို့ စကားလုံးတွေထဲမှာ မနာလိုသံ နည်းနည်း စွက်နေတာ သတိထားမိတယ်။

“သူတို့တွေက အောက်မှာ ကျမကို စောင့်နေတယ်” သူမက ဖြေတယ်။ “ကျမ မရပ်နိုင်ဘူး။ တောင်းပန်ပါတယ်” ပြီးတော့ သူမ ထပ်ရယ်လိုက်ပြီး ဇောက်ထိုးမိုးမျှော် ပြုတ်ကျရင်း ဝေခွဲမရ ဖြစ်နေတယ်။ သူမ ရယ်သံဟာ အရင်တစ်ခေါက်ကလို မဟုတ်တော့ဘူး။ ညက တရိပ်ရိပ် ကျဆင်းလာတယ်။ မာတာ အအေးဓာတ်ကို စခံစား မိလာတယ်။

အဲ့အချိန်မှာပဲ အောက်ဘက်မှာ အဆောက်အဦဝင်ပေါက်က မီးရောင်တောက်တောက်ကို မြင်လိုက်ရတယ်။ အနက်ရောင် ခပ်ရှည်ရှည် ကားတွေ ရပ်ထားတယ်။ (ခပ်ဝေးဝေးကနေ ကြည့်ရင် ကားတွေက ပုရွက်ဆိတ် လိုပဲ) အမျိုးသား နဲ့ အမျိုးသမီးတွေ ကားပေါ်က ဆင်းပြီး အထဲဝင်ဖို့ စိတ်စောနေကြတယ်။ သူမအနေနဲ့ လူအုပ်ထဲမှာ အရောင် တလက်လက် ရတနာတွေ မြင်ရတယ်။ ဝင်ပေါက်ဝ အပေါ်မှာ အလံတလူလူ လွှင့်နေတယ်။

သူတို့တွေက ပါတီအကြီးစား ကျင်းပနေတယ်။ မာတာ ကလေးဘဝကတည်းက စိတ်ကူးယဉ်ခဲ့ရတဲ့ ပါတီမျိုးပေါ့။ သူမ ပါတီ မတက်တက်ဖြစ်အောင် ကောင်းကင်ယံက စောင်မ ပေးဦးမှာပဲ။ အောက်ဘက်မှာတော့ သူမဘဝရဲ့ သမိုင်းသစ်၊ အချစ်ဇာတ်လမ်း၊ ကံကြမ္မာ အခွင့်အလမ်းတွေက သူမကို စောင့်ဆိုင်းနေတယ်။ အချိန်မီ ရောက်နိုင်မှာလား။

အခြား မိန်းကလေးတစ်ယောက်က သူမ အထက် မီတာသုံးဆယ်အကွာကနေ ပြုတ်ကျလာတာ နာကျင်စွာ သတိထားမိလိုက်တယ်။ သူမဟာ မာတာထက် ချောမောပြီး ကျက်သရေ ရှိတဲ့ ညနေခင်း ပွဲတက်ဂါဝန် ဝတ်ထားတယ်။ မသိနိုင်တဲ့ အကြောင်းပြချက်နဲ့ သူမဟာ မာတာထက် မြန်မြန် ပြုတ်ကျလာတယ်။ အချိန် ခဏလေး အတွင်းမှာတင် သူမဟာ မာတာကိုကျော်လွန်ပြီး အောက်ခြေမှာ ပျောက်ကွယ်သွားတယ်။ မာတာကတော့ သူမဆီ လှမ်းခေါ်နေတယ်။ သူမဟာ မာတာထက် စောပြီး ပါတီကိုအရင်ရောက်သွားမှာပဲ။ သူမဆီမှာ မာတာ နေရာ အစားဝင်ဖို့ အစီအစဉ်လည်း ရှိနိုင်တယ်။

နောက်တော့ သူတို့ပဲ မဟုတ်တာ မာတာ သတိထားမိတယ်။ မိုးမျှော်တိုက် ဘေးဘက်ခြမ်းတွေမှာ အခြားကောင်မလေးတွေလည်း အောက်ဘက်ဆီ ပြုတ်ကျနေတယ်။ သူတို့ မျက်နှာတွေက ပျံသန်းမှုကြောင့် စိတ်လှုပ်ရှားနေတယ်။ သူတို့လက်တွေ ဝှေ့ရမ်းနေတဲ့ ပုံစံက ကျမတို့ကို ကြည့်ပါဦး၊ ဒီမှာလေ၊ ကျမတို့ကို ဧည့်ခံပါဦး၊ ကမ္ဘာကြီးက ကျမတို့အတွက် မဟုတ်လား ဆိုပြီး ပြောနေသလိုပဲ။

ဒါဟာ ပြိုင်ပွဲတစ်ခုပဲ။ သူမဟာ ခပ်နွမ်းနွမ်း ဝတ်စုံ ဝတ်ထားချိန်မှာ တခြားကောင်မလေးတွေက ဖက်ရှင် အလွန်ကျနတဲ့ မော်ဒယ်တွေလို သပ်သပ်ရပ်ရပ် ဝတ်စား ထားတယ်။ တစ်ချို့ ကောင်မလေးတွေက ဗလာ ပခုံးတစ်ဝိုက် သားမွေးပဝါ ခပ်တင်းတင်း ပတ်ထားကြတယ်။ သူမဟာ ခုန်ချတဲ့ အချိန်မှာ အလွန်သေချာနေခဲ့ပေမယ့်၊ အခုအချိန်မှာ မာတာခန္ဓာကိုယ်ထဲ တသိမ့်သိမ့် တုန်လာတယ်။ အအေးဒဏ် ကြောင့်လည်း ဖြစ်နိုင်တယ်။ အကြောက်တရား ကြောင့်လည်း ဖြစ်နိုင်တယ်။ ပြန်အဖတ်မဆယ်နိုင်ဘဲ အမှား လုပ်မိမယ့် အကြောက်တရားမျိုး။

အခုဆိုရင် ည မိုးချုပ်လာတယ်။ ပြတင်းပေါက်တွေက အမှောင်ထု သိပ်သည်းပြီး ဂီတ ပဲ့တင်ထပ်သံက တစ်ချက် တစ်ချက်မှ ထွက်နေပြီး ရုံးတွေမှာလည်း လူတွေ ရှင်းလင်းနေတယ်။ ငယ်ရွယ်တဲ့ အမျိုးသားတွေလည်း ပြတင်းပေါက်ကနေ လက်ထုတ်ပြီး ထွက်မရပ်ကြတော့ဘူး။ ဘယ်အချိန်တောင် ရှိပြီလဲ။ အောက်ဘက်က အဆောက်အဦ ဝင်ပေါက်က ပိုမို ကြီးမား လာပြီး ဗိသုကာ ဒီဇိုင်း အသေးစိတ်တွေ ခွဲခြားလို့ရပြီ။ အလင်းရောင်က ဆက်လက် လောင်ကျွမ်း နေပေမယ့် ကား အသွားအလာတွေက ရပ်တန့်သွားတယ်။ အချိန်နဲ့အမျှ အဖွဲ့ငယ်လေးတွေဟာ အဓိကခန်းမကနေ ပင်ပန်းတကြီး ဖယ်ခွာထွက်လာကြတယ်။ နောက်တော့ ဝင်ပေါက်ဝ မီးတွေပိတ်သွားတယ်။

မာတာ နှလုံးသားထဲ တင်းကျပ်မှု ခံစားလိုက်ရတယ်။ သူမဟာ ကပွဲဆီ အချိန်မီ မရောက်တော့ပါ။ အပေါ်ဘက်မော့ကြည့်တော့ သူမဟာ မညှာမတာ စွမ်းအင် ပိုင်ဆိုင်ထားတဲ့ မိုးမျှော်တိုက် အထွတ်ကို မြင်ရတယ်။ ညဟာ လုံးလုံး မှောင်တော့မယ်။ ထိပ်ဆုံးအထပ်က ပြတင်းပေါက်အချို့က မီးထွန်းထားတုန်းပဲ။ ထိပ်ဘက်မှာတော့ အရုဏ်ဦး ပထမဆုံးအလင်းက ခပ်ရေးရေး ပျံ့နှံ့လာတယ်။

တိုက်အမြင့် နှစ်ဆယ့်ရှစ်ထပ်က ထမင်းစားခန်းထဲ အသက် လေးဆယ်အရွယ် အမျိုးသားဟာ မနက်ခင်း ကော်ဖီသောက်ပြီး သတင်းစာ ဖတ်နေတယ်။ သူ့ဇနီးကတော့ အခန်း သန့်ရှင်းရေး လုပ်နေတယ်။ ဗီရိုပေါ်က  နာရီကတော့ ၈:၄၅ ညွှန်ပြနေတယ်။ ရုတ်တရက်ပဲ အရိပ်တစ်ခုက ပြတင်းပေါက် ကနေ ဖြတ်သွားတယ်။

“အယ်ဘာတို” ဇနီးက လှမ်းအော်တယ်။ “မြင်လိုက်လား။ အမျိုးသမီး တစ်ယောက် ဖြတ်သွားတာ”

“ဘယ်သူလဲ” မျက်လုံး သတင်းစာက မခွာဘဲ ယောကျာ်းက လှမ်းပြောတယ်။

“အမျိုးသမီးကြီး တစ်ယောက်လေ” ဇနီးကပြောတယ်။ “ခပ်အိုအို အဖွားကြီး။ သူမ ပုံစံက ကြောက်နေသလိုပဲ”

“ဒါတွေပါပဲ” ယောကျာ်းက ရေရွတ်တယ်။ “ဒီလို အထပ်နိမ့်တွေက ပြုတ်ကျတဲ့ အဖွားကြီးတွေပဲ ဖြတ်သွားတာ။ အထပ်တစ်ရာကနေဆို ခပ်ချောချော ကောင်မလေးတွေ မြင်ရမယ်။ အဲဒီ တိုက်ခန်းတွေကလည်း အလကားဈေးကြီးတာ မဟုတ်ဘူး”

“ဘာပဲဖြစ်ဖြစ် အောက်ဘက် အခန်းတွေရဲ့ အားသာချက်က” ဇနီးကို လှမ်းကြည့်ရင်း “သူတို့တွေ မြေကြီးနဲ့ထိမိတဲ့အသံ ကြားနိုင်တာပဲ”

“အခုတော့ မကြားရဘူး” သူက ပြောပြီး ခေါင်းခါ နေတယ်။ မိနစ် အနည်းငယ်လောက် မတ်တတ်ရပ် နားထောင် လိုက်တယ်။ နောက်တော့ ကော်ဖီ တစ်ကျိုက် သောက်လိုက်တယ်။